← Chapters

အခန်း ၇၀၃

Vol. 60 Ch. 703

အခန်း ၇၀၃

Vol. 60 Ch. 703

အခန်း ၇၀၃

အရမ်းကြီး လောဘမရှိပါကလည်း အဖွဲ့သားအသစ်အဖြစ်မှ အထူးအဖွဲ့သားအဆင့်၊ ထို့နောက် လက်ရွေးစင်အဖွဲ့သားအဆင့်သို့ အဖွဲ့သားသက်တမ်းအလိုက် တဖြည်းဖြည်းချင်း တိုးတက်နိုင်ပေသည်။

မိမိသည် တိုးတက်လိုစိတ်ပြင်းပြသူဖြစ်ပါက အကျိုးဆောင်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်ပြီး ရာထူးအဆင့်ကို အမြန်တက်လှမ်းနိုင်သည်။ ထို့ပြင် အမှတ်များစုဆောင်းပြီး သိုင်းကျမ်းများနှင့် လဲလှယ်ယူကာ ပိုမိုအင်အားကြီးမားလာပြီး ဝင်ငွေလည်း ပိုမိုများပြားလာနိုင်ကာ ပိုမိုကောင်းမွန်သည့် အကျိုးခံစားခွင့်များကိုလည်း ခံစားနိုင်သည်။၏

ဤသို့ပွင့်လင်းမြင်သာသည့် စနစ်အောက်၌ တိုးတက်လိုစိတ်ပြင်းပြကြလိမ့်မည် မဟုတ်ပါလော။

ထို့ပြင် မိသားစုဝင်များသည်လည်း အကျိုးခံစားခွင့်ရှိပေသည်။ မိမိသာ တရားဝင်အဖွဲ့သားတစ်ဦးဖြစ်လာပါက မိသားစုဝင်တစ်ဦးမှာ ဆိုင်များတွင် သင့်တော်သည့် အလုပ်တစ်နေရာကို ရှာဖွေလုပ်ကိုင်နိုင်သည်။

ဤအချက်သည် အဖွဲ့သားများ၏ နေ့စဉ်ဘဝနေထိုင်မှုအတွက် ဖိအားများကို လျော့ကျစေပေသည်။

ထို့ပြင် ကလေးများအတွက်လည်း အခမဲ့ကျောင်းတက်ခွင့်၊ အရွယ်ရောက်လာပါက အလုပ်အကိုင်အာမခံချက်ရှိခြင်းနှင့် ခေါင်းဆောင်၏ တိုက်ရိုက်တပည့်များဖြစ်လာပြီး တောက်ပသည့်အနာဂတ်ကို ရရှိနိုင်ခြင်း စသည့် အကျိုးခံစားခွင့်များရှိသည်။ ဤသို့မျှော်လင့်ချက်အပြည့်အနာဂတ် တည်ရှိနေလေရာ မည်သူကများ ချန်ကျဲ့ကို သစ္စာဖောက်လိုပါမည်နည်း။

ဤလုပ်ဆောင်ချက်များဖြင့် ချန်ကျဲ့၏ အခြေခံအုတ်မြစ်ကို ခိုင်မာတောင့်တင်းစေခဲ့ပြီဟု သတ်မှတ်နိုင်ပေသည်။

ချန်ကျဲ့သည် ကုန်သည်အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးလွှဲပြောင်းယူသည်မှာ မကြာသေးသော်လည်း သူ၏ဂုဏ်သတင်းသည် အရင်ခေါင်းဆောင်ဟောင်းများထက် အများကြီး သာလွန်ပေသည်။

လူတို့သည် မိမိ၏အကျိုးအမြတ်ကို ဘယ်သောအခါမှ မျက်ကွယ်မပြုကြပေ။ လူတိုင်းသည် အကျိုးအမြတ်ကို ရှာဖွေကာ အန္တရာယ်ကို ရှောင်ရှားကြသည်။ ချန်ကျဲ့သည် အဖွဲ့သားများကို အကျိုးအမြတ်များဖြင့် ချည်နှောင်ထားခဲ့ကာ သူ့အား သစ္စာဖောက်လိုပါက ရင်းနှီးရမည့်ပမာဏကို အလွန်တရာမြင့်မားအောင် မြှင့်တင်ထားခဲ့သည်။ ဤနည်းဖြင့် အဖွဲ့သားများအားလုံးကို သူ့လူများအဖြစ် သိမ်းသွင်းနိုင်ပေမည်။

ချန်ကျဲ့သည် အောင်မြင်မှုကြီးများ ရယူနိုင်ရန် ရည်ရွယ်ထားသူဖြစ်၏။ မျက်မမြင်လူကြီးယွမ်စန်းကျား၏စကားများက မှန်သည်၊မှားသည် သူမသိသော်ငြား ချန်ကျဲ့သည် စိတ်ရင်းအမှန်ဖြင့် သခင်ကြီးကျိုဝူအလား ဖြစ်မြောက်လိုခြင်းဖြစ်သည်။

ချန်ကျဲ့သည် ‘မင်းညီမင်းသားများနှင့် စစ်သူကြီးများဟူသည် ဇာတ်မြစ်ကို ကြိုတင်ဆုံးဖြတ်ထားခြင်း မဟုတ်”ဟူသည့် ဆိုရိုးစကားကို ယုံကြည်သူဖြစ်သည်။ အခြားသူများမှ အမြင့်နေရာတွင် ထိုင်နိုင်ပါလျှင် သူကရော ဘာလို့များ မထိုင်နိုင်ရမည်နည်း။ တစ်နေ့နေ့မှာ ငါဟာလည်း လူအများကြီးရဲ့အထက်မှာ ထိုင်နိုင်တဲ့ သခင်ကြီးကျိုဝူဖြစ်လာလိမ့်မယ်။

ထို့ကြောင့် ချန်ကျဲ့သည် အစီအစဉ်များအားလုံးကို သပ်သပ်ရပ်ရပ် စီစဉ်ထားခဲ့ပြီး ခရိုင်မင်းသမီးကိုလည်း ဘာမှ ဖုံးကွယ်မထားခဲ့ပေ။

ချန်ကျဲ့၏ ပြုပြင်ဖွဲ့စည်းမှုလုပ်ဆောင်ချက်များကို မြင်တွေ့ပြီးနောက်၌ ခရိုင်မင်းသမီး၏ မျက်လုံးအကြည့်များမှာ ကြယ်စင်အလား တောက်ပနေခဲ့သည်။ သူမ၏ဖခင်သာ ဤသို့ပြုပြင်ဖွဲ့စည်းမှုနည်းလမ်းများကို ကျင့်သုံးနိုင်ပါက သူတို့၏အုပ်ချုပ်မှုစနစ်သည်လည်း ပို၍ တည်ငြိမ်သွားပေမည်။

ချန်ကျဲ့၏စည်းမျဉ်းဥပဒေများသည် ငါးဖမ်းကုန်သည်အဖွဲ့များ၏ ရည်မှန်းချက်များကို ထွန်းလင်းတောက်လောင်စေခဲ့၏။ ယခုအချိန်တွင် တစ်ယောက်ယောက်မှ ချန်ကျိုစစ်သည် ကုန်သည်အဖွဲ့ခေါင်းဆောင်မလုပ်သင့်တော့ဟု ပြောလာခဲ့ပါက ပထဆုံးဆန့်ကျင်သူများမှာ အဖွဲ့သားများဖြစ်ကြလိမ့်မည်။

အကြောင်းမှာ အဖွဲ့သားများသည် သူတို့၏မျှော်လင့်ချက်နှင့် ဘဝတစ်ခုလုံးကို ချန်ကျဲ့ထံ ပုံအပ်ရင်းနှီးလိုက်ပြီး ဖြစ်သောကြောင့်ပင်။

ကျားဖြူခန်းမသင်တန်းကျောင်းသည် လေးရက်မြောက်နေ့တွင် ကျောင်းသားလက်ခံမှု အပြီးသတ်ခဲ့သည်။ ပထမနေ့ သင်ကြားမှုအပြီး၌ ကလေးများသည် ကျောင်းစာအုပ်များကို အိမ်သယ်သွားကြရသည်။

အိမ်ပြန်ရောက်သော် သူတို့၏ကုန်သည်အဖွဲ့သားအဖေများသည် သူတို့ကို စောင့်ဆိုင်းနေကြသည်။

ထို့နောက် အဖေများမှ မေးမြန်းသည်။

“ဒီနေ့ဘာသင်ခဲ့ရလဲ”

ကလေးများမှ ပြန်ဖြေသည်။

“သခင်မစူးက ကျောင်းသားစည်းကမ်းတွေကို အရင်ပြောပြတယ်။ ပြီးတော့ ဆရာက စာသုံးလုံးကျမ်းသင်ပေးတယ်။ သိုင်းဆရာက မြင်းကိုယ်နေဟန်ထားကို သင်ပေးတယ်”

အဖေဖြစ်သူနှင့် တစ်နေ့တာသင်ခဲ့ရသည့် သင်ခန်းစာများကို ပြောပြပြီးနောက် အဖေဖြစ်သူတို့မှာ ခံစားချက်များ လှိုက်တက်ကြလျက် ပြောသည်။

“သားလေး မင်းက အရမ်းကံကောင်းတာ။ မင်း သေချာပေါက် ကြိုးစားရမယ်နော် နားလည်လား”

“အဖေတို့မိသားစုကို စိတ်မပျက်ရစေနဲ့။ နောင်ကို အဖေတို့မိသားစုရဲ့ လူနေမှုအဆင့်အတန်းမြင့်လာဖို့က မင်းအပေါ် မူတည်သွားပြီ။ ဒီအခွင့်အရေးမျိုးက အဖေတို့ ရှစ်ဘဝလောက်ဆုတောင်းရင်တောင် မရနိုင်တဲ့ ကောင်းချီးပဲကွ”

“ကျောင်းမှာ သေချာကြိုးစားလေ့လာနော် နားလည်လား”

“ဟုတ်ကဲ့ပါ အဖေ”

ကလေးသည် သိတတ်လိမ္မာစွာ ခေါင်းညိတ်သည်။ ထိုအချိန်၌ အိမ်ထောင်ရှင်မသည် ညစာစားပွဲပြင်ထား၏။

“ဒီနေ့ အဖေတို့ အရင်က စားဖို့မတတ်နိုင်ခဲ့တဲ့ ဆန်အရောချက်ကို စားနိုင်ပြီ”

သူတို့ ဤသို့စားသောက်နိုင်ခြင်းမှာ ငါးဖမ်းကုန်သည်အဖွဲ့မှ လူမှုဖူလုံရေးထောက်ပံ့မှုကြောင့် ဖြစ်ပေသည်။

ခင်ပွန်းသည်မှ ကလေးကို ဆုံးမသွန်သင်နေသည်ကို ကြားသောအခါ ဇနီးဖြစ်သူမှ ပြောသည်။

“ယောကျ်ား ရှင် ကုန်သည်အဖွဲ့မှာ အလုပ်ကြိုးစားလုပ်နော်။ ရှင်က အခု တရားဝင်အဖွဲ့သားဖြစ်နေပြီ။ ရှင်သာ စိတ်အားထက်သန်ပြီး ကြိုးစားနေမယ်ဆိုရင် ကျွန်မတို့ရဲ့လစာက ငွေတစ်တုံးနဲ့ငွေနှစ်စ ဖြစ်သွားတော့မှာ။ ကျွန်မလည်း အပ်ချုပ်ဆိုင်မှာ အလုပ်သွားလုပ်နိုင်တော့ တစ်လကို ငွေ၇စ၊၈စလောက်တော့ ရှာနိုင်လိမ့်မယ်။ တစ်လကို ငွေနှစ်တုံးလောက်ရှာနိုင်ရင် ကျွန်မတို့ဘဝတွေ တိုးတက်လာတော့မှာပါ”

“နောက်ကျ ရှင် အမှတ်တွေလည်း စုထား။ ကျွန်မတို့သားလေး နည်းနည်းအသက်ကြီးလာတဲ့အခါကျ သားလေးအတွက် သိုင်းကျမ်းကောင်းကောင်းလေးနဲ့ လဲပေးလို့ရတာပေါ့။ ကျွန်မတို့သားလေးသာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တို့၊ နွဲ့ပျောင်းအရွတ်အဆင့်တို့ရှိတဲ့ သိုင်းပညာရှင်ကြီးဖြစ်သွားရင် ဦးစီးမှူးရာထူးအထိ ရနိုင်တယ်။ အဲဒီအခါကျ ကျွန်မတို့ဘဝတွေတော့ တကယ်ကြီးကောင်းစားပြီပဲ”

ထိုအခါ အဖေဖြစ်သူမှ ခေါင်းညိတ်သည်။

“ဟုတ်တယ်။ ငါတစ်ခါမှ ဘဝမှာ ဒီလိုနေ့မျိုး ရောက်လာမယ်လို့ မတွေးခဲ့ဖူးဘူး။ ဒီရက်တွေမှာ ငါတို့မှာ အနာဂတ်ရှိလာသလို ခံစားရတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါတို့ဘာလို့များ ဒီလိုဘဝမျိုးမှာ မနေနိုင်ခဲ့ကြတာလဲနော်”

ဇနီးဖြစ်သူမှ ပြန်ပြောသည်။

“ရှင်မသိတာလည်းမဟုတ်ဘဲနဲ့။ အရင်နှစ်တွေတုန်းက ကုန်သည်အဖွဲ့ခေါင်းဆောင်ချန် မဟုတ်ခဲ့လို့ပေါ့။ ကျွန်မအတွေးကတော့ ငါးဖမ်းကုန်သည်အဖွဲ့ကို အစောကြီးကတည်းက ကုန်သည်အဖွဲ့ခေါင်းဆောင်ချန် အုပ်ချုပ်ခဲ့သင့်တာ။ ကျွန်မတို့ အရင်က နေခဲ့ရတဲ့ဘဝတွေကို ကြည့်စမ်းပါဦး”

“နေ့တိုင်း အိမ်မှာ ပြောင်းဆန်နဲ့ ဖွဲနုကြမ်းကို ရောစားနေရတာ။ တစ်နှစ်ပတ်လုံးနေလို့ အသားတစ်ကြိမ်လေးတောင် မစားနိုင်ဘူး။ သားလေးဆိုတာလည်း အိမ်မှာလျှောက်ကစားနေဖို့ပဲ လွှတ်ထားရတာ။ အဲဒီနေ့ရက်တွေက လုံးဝ အနာဂတ်မဲ့နေခဲ့တာပဲ”

“အခု ကျွန်မတို့ကိုကြည့်ပါဦး။ ဆန်အရောကို စားနိုင်နေပြီ။ အသားလည်း နည်းနည်းစားနိုင်ပြီး သောက်စရာလေးတောင် ရှိလာသေးတယ်။ သားလေးမှာလည်း အလားအလာကောင်းတဲ့ အနာဂတ်ရှိနေပြီ။ အခု ကျွန်မအပြင်ထွက်လို့ ကျွန်မက ငါးဖမ်းကုန်သည်အဖွဲ့သားရဲ့ဇနီးပါလို့ ပြောလိုက်ရင် လူတွေဘယ်လောက်တောင် အားကျနေကြတယ်ထင်လဲ။ အရင်က ကျွန်မတို့ကို အထင်သေးခဲ့တဲ့သူတွေဆိုလည်း အခုဆို ကျွန်မတို့ကိုမြင်ရင် ပြုံးနေကြရောပဲ”

ထိုအခါ အဖေဖြစ်သူ၏မျက်နှာထက်တွင်လည်း အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။

“ဟုတ်တယ်။ ငါတို့ ကုန်သည်အဖွဲ့ခေါင်းဆောင်ချန်ကို ကျေးဇူးတင်ရမယ်။ ကုန်သည်အဖွဲ့ခေါင်းဆောင်ချန်ကြောင့်သာ မဟုတ်ခဲ့ရင် ငါတို့ဘဝတွေက ခွေးလိုဖြတ်သန်းနေကြရဦးမှာ”

ထိုသို့ပြောလျက် သူသည် ထမင်းစားပွဲထက်ရှိ အသားဟင်းပန်းကန်နှင့် အသီးအရွက်ဟင်းလျာတို့ကို အဖုံးဖွင့်လိုက်သည်။ သွားရည်ကျလောက်စရာ ထမင်းဝိုင်းလေးပင်။ သူသည် သားဖြစ်သူ၏ပန်းကန်ထဲသို့ အသားဖတ်ကြီးကြီးကို ကောက်ယူ၍ ထည့်ပေးလိုက်သည်။

အသားဖတ်ကိုမြင်သည်နှင့် သားဖြစ်သူသည် ပါးစပ်တစ်ဝိုက် ဆီများ ပေကျံသည်အထိ အားရပါးရ စတင်စားသောက်တော့သည်။

“ကျေးဇူးတင်ပါတယ် အဖေ”

“လူရှုပ်ကလေး ဖြည်းဖြည်းစားဦး”

ထို့နောက် ဇနီးဖြစ်သူကို သူခေါင်းမော့ကြည့်လိုက်သည်။ ဇနီးဖြစ်သူ၏ ဆံထုံးတွင် ဆံထိုးအသစ်လေး ပန်ထား၏။

သူ၏မျက်နှာထက် ပီတိအပြုံးတို့ ထင်ဟပ်နေခဲ့သည်။

ခင်ပွန်းကောင်းတစ်ယောက်က သားသမီးနဲ့ဇနီးကို ကောင်းမွန်တဲ့ဘဝမှာ နေထိုင်နိုင်အောင် စွမ်းဆောင်ပေးနိုင်သင့်တယ်။ အဲဒီတော့မှ ခင်ပွန်းကောင်းတစ်ယောက်ပဲ။

ထိုသို့အတွေးဖြင့် သူသည် သေရည်တစ်ခွက် ငှဲ့ထည့်လိုက်သည်။ ထိုအခါ ဇနီးဖြစ်သူသည် မြေပဲကြော်ပန်းကန်လုံးလေးကို တိုးတိတ်တိတ် ယူလာပေး၏။

“ယောကျ်ား ရှင်သေရည်နဲ့သောက်ဖို့ မြေပဲကြော်ရှိတယ်”

သူပြုံးလိုက်သည်။

“ကျေးဇူးတင်ပါတယ် မိန်းမ”

All Chapters