အခန်း ၇၀၄
Vol. 60 Ch. 704
အခန်း ၇၀၄
မိသားစုဝင်အားလုံး ပျော်ရွှင်နေကြသည်။ ထိုစဉ် ဇနီးဖြစ်သူမှ ပြောသည်။
“ယောကျ်ား ကျွန်မ ရှင့်ကို တစ်ခုလောက်မေးလို့ရမလား”
ခင်ပွန်းဖြစ်သူသည် သေရည်တစ်ငုံသောက်လိုက်ပြီး ပြောသည်။
“ပြောလေ”
“ဒီနေ့ ကျွန်မ လမ်းထဲကလူတွေနဲ့ စကားပြောတုန်းက တစ်ယောက်က ပြောတယ် နန်ပါးထျန်း မသေသေးဘူးတဲ့။ ရှင်ပြောကြည့်.. နန်ပါးထျန်းပြန်လာပြီး ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကို ပြန်လာလုလောက်လား”
“နန်ပါးထျန်းပြန်ရောက်လာရင်တော့ ကျွန်မတို့မိသားစုတွေ ပြန်ပြီး ပင်ပန်းဆင်းရဲကြရဦးမှာပဲ”
ဇနီးဖြစ်သူသည် စိုးရိမ်ပူပန်စွာ မျက်မှောင်ကြုတ်လျက် ပြောသည်။ ထိုအခါ ခင်ပွန်းဖြစ်သူသည် စားပွဲကို လက်ဖြင့်ရိုက်လိုက်ရင်း ပြော၏။
“သူပြန်လာရဲလား”
“ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာက ခေါင်းဆောင်ချန်အပိုင်ပဲ။ ခေါင်းဆောင်ချန်ရဲ့နေရာကို လုရဲတဲ့သူဘယ်သူဖြစ်ဖြစ် ငါ အဲဒီလူကို အသေတိုက်ခိုက်ပစ်မယ်။ ငါတို့ကို ကောင်းမွန်တဲ့ဘဝမှာ နေခွင့်မပြုရင် ငါ အဲဒီလူကို အသက်နဲ့ရင်းပြီး တိုက်ခိုက်ပစ်မယ်”
“ငါတို့ရဲ့ကောင်းမွန်တဲ့နေ့ရက်တွေက အခုမှ ရောက်လာတုန်းရှိသေးတာကို ငါ ဘယ်သူ့ကိုမှ နှောင့်ယှက်ခွင့်မပြုနိုင်ဘူး”
ခင်ပွန်းသည်ဖြစ်သူသည် ခါးကိုမတ်မတ်ထားလိုက်ရင်း ဒေါသမာန်ဖြင့် ပြောဆိုသည်။
ထိုအခါ ဇနီးဖြစ်သူမှ ပြောသည်။
“ယောကျ်ား ရှင်ရူးသွားပြီလား။ နန်ပါးထျန်းက သိုင်းပညာအရမ်းတော်တယ် မဟုတ်ဘူးလား။ အစောင့်အရှောက်ကြီး၁၃ဦးထဲမှာတောင် အတော်ဆုံးလေ။ ရှင့်ရဲ့သာမညောင်ညသိုင်းပညာလောက်လေးနဲ့ ရှင်က ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံမလို့လား”
ခင်ပွန်းဖြစ်သူမှ ပြောသည်။
“ဒါဆိုလည်း သေလိုက်တာပေါ့။ အရင်လို ခက်ခဲပင်ပန်းတဲ့ဘဝမှာ ရှင်သန်ရမှာထက် ငါသေပဲသေလိုက်တော့မယ်။ ကုန်သည်အဖွဲ့အတွက် တိုက်ပွဲဝင်ရင်း သေသွားခဲ့ရင် သူရဲကောင်းဂုဏ်ပုဒ်ကို ရနိုင်သေးတယ်။ ပြီးတော့ အမှတ်လည်း များများရလိမ့်မယ်။ အဲဒီအမှတ်တွေကို ငါတို့သားလေး အမွေဆက်ခံပါစေပေါ့။ အဲဒီအမှတ်တွေနဲ့ဆို အဆင့်မြင့်သိုင်းကျမ်းနဲ့ဆေးလုံးတွေကို လဲယူလို့ရလိမ့်မယ်။ သူ့အနာဂတ်က သေချာပေါက် တောက်ပနေတော့မှာ”
“ပြီးတော့ ကုန်သည်အဖွဲ့ခေါင်းဆောင်ချန်က သူရဲကောင်းတွေရဲ့သားသမီးတွေကို အလေးပေးတယ်တဲ့။ ငါသူရဲကောင်းဂုဏ်ပုဒ်ရသွားရင် ငါ့သားက ဦးစီးမှူးတောင် ဖြစ်ရင်ဖြစ်လာနိုင်တယ်။ ငါ့ရဲ့သေဆုံးခြင်းက ငါ့သားအတွက် တောက်ပတဲ့အနာဂတ်ကို အာမခံချက်ပေးနိုင်မှာဆိုတော့ တန်ပါတယ်”
ခင်ပွန်းဖြစ်သူသည် ကြောက်ရွံ့မှုကင်းမဲ့စွာ ပြောသည်။ သူ၏မျက်လုံးများတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေခဲ့၏။
“နောက်ဆုံးတော့ ခက်ခက်ခဲခဲနဲ့ လူသားတစ်ယောက်လို ရှင်သန်ခွင့်ရခဲ့တာကို နန်ပါးထျန်းဖြစ်ဖြစ် ခွေးကောင်ထျန်းဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကို လာလုရဲလို့ကတော့ ငါအသက်ရင်းပြီး တိုက်ခိုက်မှာပဲ”
အဖွဲ့သားများ၏ အသက်ရင်းတိုက်ခိုက်လိုသည့်ဆန္ဒများသည် ချန်ကျဲ့အပေါ် သစ္စာစောင့်သိမှုကြောင့် မဟုတ်ပါဘဲ သူတို့၏ လှပသည့်ဘဝများအတွက် ဖြစ်ကြသည်။ သူတို့သည် နောက်ဆုံးတွင်တော့ ကောင်းမွန်သည့်ဘဝတွင် နေထိုင်နိုင်ပြီဖြစ်ရာ သူတို့၏ဘဝများကို ဆင်းရဲနွမ်းပါးမှုထဲ ပြန်ဆွဲချဖို့ရာ မည်သူ့ကိုမျှ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ သူတို့၏ လှပသည့်ဘဝများကို ဖျက်လိုဖျက်ဆီးလုပ်ရဲသူသည် သူတို့၏အမျက်ဒေါသနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ဤသည်မှာ သူတို့၏ အရိုးရှင်းဆုံးသော အတွေးအခေါ်ဖြစ်ပြီး ငါးဖမ်းကုန်သည်အဖွဲ့သားအားလုံး၏ လက်ရှိအတွေးအခေါ်ဖြစ်ပေသည်။
ဤအချိန်၌ မည်သူမည်ဝါဖြစ်စေ ချန်ကျိုစစ်ကို ဆန့်ကျင်သူများကို သူတို့ဆန့်ကျင်မည်ဖြစ်သည်။ အကြောင်းမှာ ချန်ကျိုစစ်သည် သူတို့၏ လှပသည့်ဘဝများအတွက် မျှော်လင့်ချက်ဖြစ်ပြီး သူတို့၏မိသားစုဝင်အားလုံး၏ မျှော်လင့်ချက်ကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။
ထိုမျှော်လင့်ချက်အတွက် အသက်ကိုပင် ရင်းနှီးနိုင်သည်။
ဤသည်မှာ စနစ်၏ ကြောက်မက်ဖွယ်ကောင်းခြင်းတစ်မျိုး ဖြစ်သည်။ ချန်ကျဲ့သည် ငါးဖမ်းကုန်သည်အဖွဲ့တစ်ခုလုံးအပေါ် အကျိုးအမြတ်များကို ရင်းနှီးလိုက်သည့်အတွက် ကုန်သည်အဖွဲ့များသည် သူ့အပေါ် အလွန်တရာ သစ္စာစောင့်သိလာခဲ့ကြသည်။
နန်ပါးထျန်းဖြစ်စေ၊ ယဲ့လုဖုန်းဖြစ်စေ ဂရုမစိုက်ပေ။ ချန်ကျိုစစ်ကို ဆန့်ကျင်ပါက ငါးဖမ်းကုန်သည်အဖွဲ့တစ်ခုလုံးသည် အသေအကြေတိုက်ပွဲဝင်လိမ့်မည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်၌ ချန်ကျဲ့၏ အခြေခံအုတ်မြစ်ခိုင်မာစွာတည်ဆောက်ခြင်းအစီအစဉ်ကြီး ပြီးမြောက်သွားခဲ့လေပြီ။
နောက်တစ်ဆင့်မှာ အရည်အချင်းရှိသူများကို အဆက်မပြတ် ဆွဲဆောင်ရယူပြီး လေ့ကျင့်ပျိုးထောင်ပေးရန်ဖြစ်သည်။ ယခု ငါးဖမ်းကုန်သည်အဖွဲ့ကြီးတစ်ခုလုံးမှာ ဆီကောင်းကောင်းထည့်ပေးထားသည့် စက်ယန္တရားကြီးအလား အဆင်ပြေချောမွေ့စွာ လည်ပတ်နေခဲ့ကာ မည်သူမျှ ရပ်တန့်၍ မရနိုင်ချေ။
ချန်ကျဲ့၏အခြေခံအုတ်မြစ် ကြီးမားခိုင်မာလာခြင်းနှင့်အတူ ယခုတွင် လူအင်အားနှစ်ထောင်ကျော်သည် ချန်ကျဲ့ကို ထောက်ခံ၍ ကုန်သည်အဖွဲ့ရာထူးကို ထောက်ပံ့ပေးထားလေပြီ။ အနာဂတ်တွင် လူအင်အားနှစ်သောင်း၊ နှစ်သိန်း၊ နှစ်သန်းအထိ သူ့အား ထောက်ခံလာပေလိမ့်မည်။
ချန်ကျဲ့သည် စနစ်ကို အရူးတစ်ပိုင်း ဆက်လက်ရေးဆွဲနေခဲ့ကာ ကျောက်ယာသည် ချန်ကျဲ့ကို စောင့်ကြည့်နေခဲ့သည်။ ချန်ကျဲ့သည် မည်မျှအရည်အချင်းရှိကြောင်းကို သူမ အပြည့်အဝ နားလည်၏။
ကျောက်ယာသည် ချန်ကျဲ့၏စည်းမျဉ်းဥပဒေအားလုံးကို အသေးစိတ်လေ့လာကြည့်ရှုခဲ့ချိန်တွင် ချန်ကျဲ့သည် ပထမဆုံးသော ကုန်သည်အဖွဲ့အစည်းအဝေးကြီးကို ပြုလုပ်ခဲ့သည်။
မနက်ဖြန်တွင် ကုန်သည်အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးဆက်ခံပွဲအခမ်းအနားဖြစ်၏။ သို့သော် ထိုမတိုင်ခင်၌ ချန်ကျဲ့သည် ရာထူးအဆင့်မြင့်မားသူများ၏ သဘောတူညီမှုကို များများရယူထားလိုသည်။ ထိုနည်းဖြင့် ငါးဖမ်းကုန်သည်အဖွဲ့၏ တိုးတက်ပြောင်းလဲမှုကို ပြီးပြည့်စုံစေလိုသည်။
“ကုန်သည်အဖွဲ့ခေါင်းဆောင်”
“ကုန်သည်အဖွဲ့ခေါင်းဆောင်”
ကျားဖြူခန်းမ အစည်းအဝေးခန်း၌ ငါးဖမ်းကုန်သည်အဖွဲ့၏ ဦးစီးမှူးအားလုံး စုဝေးရောက်ရှိနေကြသည်။ ချန်ကျဲ့ ရာထူးမဆက်ခံမီ နောက်ဆုံးကျင်းပသည့် ဤအစည်းအဝေးကြီးကို တက်ရောက်ခြင်းသည် သူတို့အနေဖြင့် မကြာမီ ရာထူးတိုးတော့မည်ဟု အဓိပ္ပာယ်ရပေသည်။
ချန်ကျဲ့ အစည်းအဝေးခန်းမထဲ ဝင်လာသည်နှင့် ဦးစီးမှူးအားလုံးသည် မတ်တပ်ထရပ်ကြကာ ချန်ကျဲ့အား ရိုသေလေးစားစွာ ကြည့်လာကြသည်။
ချန်ကျဲ့ အခန်းထဲဝင်လာပြီးနောက် ထိပ်ဆုံးနေရာတွင် အမြန်နေရာယူလိုက်သည်။
အစည်းအဝေးခန်းမမှာ လူပြည့်ကျပ်နေခဲ့၏။ ရှောင်ဟူသည် ချန်ကျဲ့၏ဘယ်ဘက်တွင် နေရာယူကာ ကျိုးချူသည် သူ၏ညာဘက်တွင် နေရာယူသည်။ သူတို့နှစ်ဦးစလုံးသည် ယခုတွင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်များ ဖြစ်ကြသည်။
ရှောင်ဟူ၏ဘေးတွင် စစ်ရှီးနေရာယူပြီး ထို့နောက်ခုံတွင် ချန်ကုံနှင့် ချန်ကျူးတို့ မျက်နှာချင်းဆိုင် နေရာယူကြသည်။
ထိုနောက်ခုံများတွင်တော့ ဦးစီးမှူးများ နေရာယူကြပြီး စုစုပေါင်း လူသုံးဆယ်ကျော်ခန့်ရှိပေသည်။
ထို့နောက် ချန်ကျဲ့မှ ပြောသည်။
“အင်း အားလုံးပဲ.. ကျွန်တော် အားလုံးကို ဒီလို အရေးတကြီး အစည်းအဝေးခေါ်လိုက်ရတဲ့အကြောင်းအရင်းကိုတော့ အားလုံးလည်း သိထားကြလောက်ပါပြီ။ ဟုတ်ပါတယ်။ အားလုံးနဲ့ထိုက်တန်တဲ့ ဆုလာဘ်တွေ ချီးမြှင့်ပေးပြီး အကျိုးခံစားခွင့်တွေ တိုးမြှင့်ပေးဖို့ပါပဲ”
ထိုအခါ လူအုပ်ကြီးဆီမှ အားပေးသံများ ထွက်ပေါ်လာသည်။
ချန်ကျဲ့မှ ဆက်ပြောသည်။
“အားလုံးကို ဆုလာဘ်တွေ မချီးမြှင့်ခင်မှာ ကျွန်တော် အရင်ဆုံး စကားနည်းနည်းပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ လတ်တလော ပြင်ဆင်မွမ်းမံမှုအပြီးမှာ ငါးဖမ်းကုန်သည်အဖွဲ့က လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာခဲ့ပါပြီ။ လက်ရှိ ငါးဖမ်းကုန်သည်အဖွဲ့မှာ အဖွဲ့သားနှစ်ထောင်နဲ့ အရန်အဖွဲ့သား ငါးရာရှိပါတယ်”
“အဲဒီအဖွဲ့သားတွေအပြင် စီမံအုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ အခြားအလုပ်တာဝန်အမျိးမျိုးအတွက် နောက်ထပ် အဖွဲ့သားအချို့ကိုလည်း ထပ်ပေါင်းခန့်အပ်ထားပါတယ်”
“လက်ရှိက နန်ပါးထျန်းခေတ်တုန်းကထက် အများကြီးပိုတိုးတက်လာတယ်လို့ ပြောနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့အားလုံး အတူတူပူးပေါင်းလုပ်ဆောင်ကြပြီး ငါးဖမ်းကုန်သည်အဖွဲ့ကြီးကို နောက်တစ်ဆင့်ပိုတိုးတက်အောင် ကောင်းကောင်းစီမံအုပ်ချုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ အခု ဆုလာဘ်နဲ့ရာထူးတွေကို အတိအကျ ကြေညာပေးပါမယ်”
“အရင်က ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဖွဲ့စည်းပုံကို အားလုံးပြန်လည်ပြင်ဆင်ထားတာဖြစ်တဲ့အတွက် အခုအချိန်က စပြီးတော့ အတွင်းခန်းမနဲ့ အပြင်ခန်းမဆိုပြီး ခန်းမနှစ်ခုသာ ထားရှိတော့မှာ ဖြစ်ပါတယ်။ အရင်က ကျားဖြူခန်းမနဲ့ လင်းယုန်ခန်းမတွေကတော့ ဆက်မတည်ရှိတော့ပါဘူး”
“အပြင်ခန်းမအတွက် စီမံခန့်ခွဲမှုအကြောင်းကို အရင်ပြောကြတာပေါ့။ အပြင်ခန်းမမှာ အဖွဲ့သားတစ်ထောင်ရှိမှာဖြစ်ပြီး မြို့ထဲက လမ်း၁၂လမ်းရဲ့ အမိန့်တည်မြဲမှုနဲ့ ဥပဒေထိန်းသိမ်းရေးကို အဓိက တာဝန်ယူရမှာပါ။ အပြင်ခန်းမရဲ့ ခေါင်းဆောင်ကတော့ ကျိုးချူပါ”
ချန်ကျဲ့သည် ထိုသို့ပြောရင်း ကျိုးချူကို ကြည့်လိုက်သည်။ ကျိုးချူသည် စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ချက်ချင်းထရပ်လိုက်ပြီး ပြောသည်။
“ဟုတ်ကဲ့ပါ ကုန်သည်အဖွဲ့ခေါင်းဆောင်”