အခန်း ၇၀၅
Vol. 60 Ch. 705
အခန်း ၇၀၅
အားလုံးသည်လည်း ငြင်းဆန်ခြင်းမရှိပေ။ ထို့နောက် ချန်ရှောင်ဟူ၏ ဦးဆောင်မှုဖြင့် အားလုံးသည် လက်ခုပ်တီးဩဘာပေးကြသည်။
လက်ခုပ်တီးဩဘာပေးခြင်းသည် ချန်ကျဲ့ အစပြုပေးလိုက်သည့် အလေ့အကျင့်လေးတစ်ခုဖြစ်သည်။ ချန်ကျဲ့သည် ပျော်ရွှင်ဝမ်းမြောက်ချိန်နှင့် အောင်ပွဲခံဖို့ထိုက်တန်သည့်ကိစ္စရပ်များ သို့မဟုတ် အခြားသူကို အားပေးလိုသည့်အချိန်မျိုးတွင် လက်ခုပ်တီးရခြင်းကို နှစ်ခြိုက်သည်။
သို့ဖြင့် ရှောင်ဟူတို့သည်လည်း နောက်မှလိုက်လုပ်ရင်း လက်ခုပ်တီးအားပေးရန် သင်ယူခဲ့ကြသည်။
ကျိုးချူမှ စိတ်လှုပ်ရှားလျက် ပြောသည်။
“ကုန်သည်အဖွဲ့ခေါင်းဆောင် ကျွန်တော် ကျွန်တော် အပြင်ခန်းမရဲ့ခန်းမအရှင်သခင်တာဝန်ကို သေချာထမ်းဆောင်ပါ့မယ်လို့ ကတိပေးပါတယ်။ ကျွန်တော့်ကို လက်တွဲခေါ်ပြီး ပျိုးထောင်ပေးခဲ့တဲ့အတွက် ကုန်သည်အဖွဲ့ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်”
ကျိုးချူသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူသည် ငါးဖမ်းကုန်သည်အဖွဲ့၏ ထိပ်တန်းရာထူးတစ်နေရာကို ရရှိလိမ့်မည်ဖြစ်ကြောင်း သိနေခဲ့သည့်တိုင် ခန်းမအရှင်သခင်အဖြစ် ရာထူးချီးမြှင့်ခံရခြင်းသည်တော့ အများကြီး ခုန်ပေါက်တိုးတက်သွားခြင်း ဖြစ်ပေသည်။ ယခုအချိန်မှစ၍ သူသည် ခင်ပွန်းသည်တစ်ယောက်သာမက အိမ်ထောင်စု၏ ရိုသေလေးစားခံရသူတစ်ယောက် ဖြစ်လာပေတော့မည်။
သူနှင့် ချန်ကျိုစစ်တို့ အရင်က ဖန်းရှစ်ကျုံးနှင့် ကုချင်းဖုန်းတို့ကဲ့သို့ ပုဂ္ဂိုလ်ကြီးများမှ စင်မြင့်အထက်တွင် နေရာယူကာ လူအများ၏လေးစားခံရသည့် မြင်ကွင်းကို ငေးမျှော်ကြည့်ခဲ့ရချိန်များကို သူမှတ်မိနေသေးသည်။
တစ်နှစ်ကျော်မျှသော အချိန်လေးအတွင်း၌ သူသည်လည်း မွေးစားအဖေကဲ့သို့ ခန်းမအရှင်သခင်တစ်ယောက်ဖြစ်လာခဲ့ပြီး ကျိုစစ်သည်လည်း ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့လေပြီ။ လွန်ခဲ့သည့်တစ်နှစ်က သူသည်လည်း နောက်တစ်နှစ်ကြာလျှင် ခန်းမအရှင်သခင်တစ်ယောက်ဖြစ်လာလိမ့်မည်ဟု ပြောပါက မည်သူမျှ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုတွင် အိပ်မက်များသည် လက်တွေ့ဖြစ်လာခဲ့လေပြီ။
အမှန်တကယ်ပင် အိပ်မက်တစ်ခုအလား ခံစားရပါ၏။ ချန်ကျဲ့မှ ပြောသည်။
“ကဲ လောင်ကျိုး မင်းသေချာလုပ်တာကောင်းလိမ့်မယ်နော်။ ငါက မူလငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ကို မင်းလက်ထဲ ပုံအပ်ထားမှာ။ မင်းရဲ့အပြင်ခန်းမက ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်ပဲ”
“ကုန်သည်အဖွဲ့ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်”
ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီးနောက် စစ်ရှီးဘက်သို့လှည့်၍ ပြောသည်။
“နောက်တစ်ခုက အတွင်းခန်းမအကြောင်း ပြောကြတာပေါ့။ အတွင်းခန်းမက အရင်းအမြစ်တွေ ခွဲဝေပေးခြင်း၊ သတင်းအချက်အလက်တွေနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုလိုမျိုး အတွင်းရေးအလုပ်တာဝန်တွေကို တာဝန်ယူရမယ်။ လက်အောက်ခံအဖွဲ့သားကတော့ တရားဝင်အဖွဲ့သားငါးရာရှိလိမ့်မယ်။ ခန်းမအရှင်သခင်ကတော့ စစ်ရှီးပါပဲ”
စစ်ရှီးသည် အံ့ဩမင်သက်သွား၏။ အနည်းငယ် မယုံကြည်နိုင်ဟန်လည်း ထင်ဟပ်နေသည်။ ခြုံငုံလိုက်လျှင် သူသည် အရင်က ဖုန်းရွှမ်လက်အောက်ခံအဖြစ်မှ ဘက်ပြောင်းလဲခဲ့သူတစ်ဦး မဟုတ်ပါလော။
သို့တိုင် ခေါင်းဆောင်ချန်သည် သူ့အား လူအင်အားငါးရာရှိသည့် အတွင်းခန်းမကို စီမံအုပ်ချုပ်ရန်ဟူသည့် အရေးကြီးတာဝန်ကို ယုံကြည်စွာ အပ်နှံလာခဲ့ပြီး ခန်းမအရှင်သခင်ဟူသည့် အဆင့်အတန်းကို ပေးအပ်လာခဲ့သည်။ ဤသည်မှာ သူ့အပေါ်က ယုံကြည်မှုကို ပြသနေပေသည်။
ချန်ကျဲ့ စစ်ရှီးကိုကြည့်လျက် ပြောသည်။
“စစ်ရှီး…”
ဘေးရှိ ရှောင်ဟူသည်လည်း စစ်ရှီးကို တံတောင်ဖြင့်တို့ထိ၍ အခြေအနေကို ပြန်လည်တုံ့ပြန်ပါရန် သတိပေးလေသည်။
“စစ်ရှီး…”
စစ်ရှီးသည် ချက်ချင်းထရပ်ကာ အရိုအသေပြု၏။ ချန်ကျဲ့ရယ်မောလိုက်ပြီး ပြောသည်။
“မင်းဘာလို့ အတွင်းခန်းမအရှင်သခင်ရာထူးကို လက်မခံသေးတာလဲ”
ထိုအခါ ခုနကမှ ပြန်ထိုင်သွားသည့် ကျိုးချူမှ ပြောသည်။
“ဟားဟား စစ်ရှီးတော့ ပျော်လွန်းလို့ ဆွံ့အသွားပြီထင်ပါရဲ့”
“ဟားဟား..”
ကျိုးချူ၏ထိုစကားကြောင့် နေရာရှိလူအားလုံး စိတ်လက်ပေါ့ပါးစွာ ရယ်မောကြကုန်သည်။
ထို့နောက် စစ်ရှီးသည် အနည်းငယ် စိတ်လှုပ်ရှားတုန်ယင်လျက် ပြောသည်။
“ခေါင်းဆောင် ကျွန်တော်က… အရင်က…”
ချန်ကျဲ့ စစ်ရှီးကို သေချာကြည့်လိုက်ပြီး ပြောသည်။
“အတိတ်အကြောင်းတွေ မပြောကြရအောင်။ ငါ မင်းလက်ထဲ အတွင်းခန်းမကို အပ်နှံတယ်ဆိုတာက မင်းရဲ့စွမ်းဆောင်ရည်နဲ့ အကျင့်စရိုက်ကို ယုံကြည်လို့ပဲ။ အတိတ်က အကြောင်းအရာတွေကိုတော့ အတိတ်မှာထားခဲ့ရအောင်ပါ။ အခု အားလုံးပဲ စစ်ရှီးကို အားပေးလိုက်ကြပါဦး”
ထိုအခါ ရှောင်ဟူသည် ရှေ့ဆုံးမှ ဦးဆောင်၍ လက်ခုပ်တီးတော့သည်။
ဖြန်း ဖြန်း ဖြန်း…
အားလုံး လက်ခုပ်တီးဩဘာပေးကြသည်။ နေရာရှိလူအုပ်ကြီး၏ ထိုသို့အပြုအမူကို မြင်သောအခါ စစ်ရှီးမှာ စိတ်ခံစားချက်ပြင်းထန်လာကာ မျက်ရည်ဝဲမိသည်အထိပင်။
စစ်ရှီးသည် အနည်းငယ်သော ငိုရှိုက်သံဖြင့် ပြော၏။
“ကုန်သည်အဖွဲ့ခေါင်းဆောင် ကျွန်တော်…”
ချန်ကျဲ့မှ ပြောသည်။
“မင်းအခု တခြားဘာမှပြောဖို့မလိုဘူး။ ‘ဟုတ်ကဲ့ပါ ခေါင်းဆောင်၊ စစ်ရှီး အမိန့်ကိုနာခံပါတယ်’ပဲ ပြောဖို့လိုတယ်”
စစ်ရှီးသည် မျက်ရည်များကို သုတ်လိုက်ပြီး ပြောသည်။
“ဟုတ်ကဲ့ပါ ခေါင်းဆောင်။ ဒီငယ်သား အမိန့်ကိုနာခံပါတယ်”
ထိုအခါ ချန်ကျဲ့ ပြုံးလိုက်သည်။
“ကောင်းတယ်။ အတွင်းခန်းမနဲ့ အပြင်ခန်းမကိစ္စကို ပြောပြီးပြီဆိုတော့ ကျားဖြူတပ်ဖွဲ့ရဲ့စီမံခန့်ခွဲမှုအကြောင်း ပြောကြတာပေါ့”
“ကျားဖြူတပ်ဖွဲ့ကို လူအင်အားငါးရာအထိ တိုးမြှင့်မယ်။ တပ်ဖွဲ့ခေါင်းဆောင်ကတော့ ချန်ရှောင်ဟူဖြစ်ပြီး လက်ထောက်တပ်ဖွဲ့ခေါင်းဆောင်ကတော့ ချန်ဝမ်ကို ခန့်အပ်လိုက်တယ်”
ထိုအခါ ရှောင်ဟူသည် ချက်ချင်း မတ်တပ်ထရပ်သည်။ ချန်ကုံလည်း မတ်တပ်ထရပ်သည်။
ချန်ကုံ၏အမည်သည် ချန်ကျဲ့၏အမြင်တွင် ထင်ပေါ်မှုမရှိဘဲ ဆွဲဆောင်မှုမရှိသဖြင့် ချန်ကျဲ့သည် ချန်ကုံကို ချန်ဝမ်ဟု နာမည်ပြောင်းပေးခဲ့သည်။
သူတို့နှစ်ဦးသည် မတ်တပ်ရပ်လိုက်ကြပြီး ရှောင်ဟူသည် လူအုပ်ကြီးထံ ခေါင်းညိတ်နှုတ်ဆက်ကာ ချန်ဝမ်သည် လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။
“ရှေ့လျှောက်ကို အားလုံးပဲ ကျွန်တော့်ကို ကူညီထောက်ပံ့ပေးကြပါဦး”
အားလုံးခေါင်းညိတ်တုံ့ပြန်ကြသည်။
ထိုအခိုက်အတန့်၌ ချန်ဝမ်သည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူ့တွင် ဤသို့နေ့ရက်မျိုး ရှိလာလိမ့်မည်ဟု မည်သူကများ ထင်ထားပါအံ့နည်း။ သူသည် တစ်ချိန်က မာလျို့နှင့်အတူ ခေါင်းဆောင်ချန်ကို မကောင်းကြံစည်ခဲ့ဖူးသည်။ သို့သော် ခေါင်းဆောင်ချန်သည် အငြိုးအတေးမထားသည့်အပြင် ယခုတွင် သူ့အပေါ် ယုံကြည်လေသည်။ ပြန်တွေးကြည့်လိုက်သော် သူ့ကိုယ်သူ အလွန်မိုက်မဲသည်ဟု ချန်ဝမ် ခံစားလိုက်ရသည်။
အားလုံးကို အရိုအသေပြုပြီးနောက် ချန်ဝမ်သည် ချန်ကျဲ့ကို သေချာဦးညွှတ်အရိုအသေပြုကာ ကျေးဇူးတင်ကြောင်း စိတ်ရင်းအမှန်ဖြင့် ထုတ်ဖော်ပြသခဲ့သည်။
ချန်ဝမ်၏ထိုသို့အပြုအမူကို မြင်သောအခါ ချန်ကျဲ့မှ ပြောသည်။
“ကဲ အားလုံးပဲ လက်ခုပ်တီးဩဘာပေးလိုက်ကြပါဦး”
ဖြန်း ဖြန်း ဖြန်း…
ချန်ဝမ် ပြန်ထိုင်လိုက်သည်။
“နောက်တစ်ခုကတော့ အရန်တပ်ဖွဲ့အကြောင်း ပြောကြတာပေါ့။ အရန်တပ်ဖွဲ့မှာ အဖွဲ့သားတစ်ထောင့်ငါးရာပါဝင်ပြီး သူတို့က အရင်ကျားဖြူခန်းမအဖွဲ့သားတွေရဲ့ အင်အားဖြည့်စွက်မှုပဲ။ ကျားဖြူခန်းမကို တိုးချဲ့သည်ဖြစ်စေ၊ မတိုးချဲ့သည်ဖြစ်စေ အရန်တပ်ဖွဲ့ထားရှိဖို့လိုအပ်တယ်။ ဒါပေမဲ့ အရန်တပ်ဖွဲ့ဝင်တွေက ပရမ်းပတာဖြစ်နေလို့မရဘူး။ ကောင်းကောင်း စီမံခန့်ခွဲထားဖို့လိုအပ်တယ်။ အဲဒါကြောင့် အရန်တပ်ဖွဲ့ခေါင်းဆောင်ရာထူးကိုလည်း ထားရှိမှာဖြစ်တယ်။ အရန်တပ်ဖွဲ့ခေါင်းဆောင်ရာထူးဟာ ခန်းမအရှင်သခင်ထက် တစ်ဆင့်နိမ့်တဲ့ရာထူးဖြစ်ပြီး လက်ထောက်အဆင့်လို့ သတ်မှတ်နိုင်တယ်။ အရန်တပ်ဖွဲ့ခေါင်းဆောင်ရာထူးကိုတော့ ချန်ဟန်ကို ခန့်အပ်လိုက်တယ်”
ချန်ဟန်သည် ချန်ကျူးဖြစ်သည်။
ချန်ကျူးဟူသည့်အမည်သည် ချန်ကုံကဲ့သို့ပင် သက်တော်စောင့်၁၂ဦးတပ်ဖွဲ့ဝင်အဖြစ်သာ အသုံးပြုရ အဆင်ပြေသည်။ ဤသို့ရာထူးတာဝန်မျိုးကို ထမ်းဆောင်ရချိန်၌ အသုံးပြုရန် အဆင်မပြေပေ။ ထို့ကြောင့် ချန်ကျဲ့သည် ချန်ဟန်ဟု နာမည်ပြောင်းပေးခဲ့သည်။
ချန်ဟန်သည် မတ်တပ်ထရပ်ကာ လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။
“ကျေးဇူးပြုပြီး ရှေ့လျှောက်စောင့်ရှောက်ကူညီပေးကြပါဦး”
ဖြန်း ဖြန်း ဖြန်း…
လက်ခုပ်သံများထွက်ပေါ်လာခဲ့ပြီးနောက် ချန်ကျဲ့မှ ပြောသည်။
“ပြီးတော့ ကျွန်တော်တို့ ငါးဖမ်းကုန်သည်အဖွဲ့မှာ ဌာနခွဲ၇ခုရှိပါတယ်။ အဲဒါကြောင့် အဲဒီအတွက် ဌာနစိတ်တစ်ခုအဖြစ် သတ်မှတ်ပြီး ဝူကျုံးက ဦးစီးမှူးအဖြစ် တာဝန်ယူပါမယ်။ ဦးလေးဝူကျုံးက ကျွန်တော့်ကို တိုက်ရိုက်အစီရင်ခံမှာဖြစ်ပြီး ခန်းမအရှင်သခင်တစ်ယောက်ရဲ့ အကျိုးခံစားခွင့်တွေကို ခံစားခွင့်ရမှာ ဖြစ်ပါတယ်”
ထိုအခါ အားလုံးသည် လူအုပ်ထဲ ထိုင်နေသည့် ဝူကျုံးကို လှည့်ကြည့်လိုက်ကြသည်။
ဌာနခွဲလေးတစ်ခုရဲ့ဦးစီးမှူးအဖြစ် ဝူကျုံးသည် အစည်းအဝေးများကို တက်ခွင့်မရှိပေ။ သို့သော် ချန်ကျဲ့အတွက်မူ ဦးလေးဝူကျုံးဖြစ်လေရာ အစည်းအဝေးတက်ရောက်ရန် စီစဉ်ခံရလေသည်။
ချန်ကျဲ့ မတ်တပ်ရပ်လိုက်ပြီး ပြောသည်။
“ဦးလေးဝူကျုံး ဂုဏ်ပြုပါတယ်”
ဝူကျုံးသည် ချန်ကျဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
“ကျိုစစ် မဟုတ်ဘူး ကုန်သည်အဖွဲ့ခေါင်းဆောင် ကျွန်တော်က တာဝန်အတွက် အရည်အချင်းမပြည့်မီမှာ စိုးမိပါတယ်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဦးလေးကျုံး ဦးလေး ဌာနခွဲဦးစီးမှူးလုပ်လာတာ နှစ်တွေအများကြီးကြာခဲ့ပြီလေ။ ဒီတာဝန်ကို ဦးလေး သေချာပေါက် လုပ်နိုင်ပါတယ်။ ဦးလေး ကျွန်တော့်ကို ကူညီပါဗျ”
ဝူကျုံးမှ ပြောသည်။
“ဒါဆိုလည်း ကောင်းပြီ။ အကယ်၍ ကျွန်တော် ကောင်းကောင်းမလုပ်နိုင်ခဲ့ရင် ကုန်သည်အဖွဲ့ခေါင်းဆောင် ကျွန်တော့်ကို ရာထူးက ထုတ်ပယ်ပေးပါ။ ကျွန်တော့်ကြောင့် အရေးကြီးကိစ္စတွေကို မနှောင့်နှေးပါစေနဲ့”
ချန်ကျဲ့ ရယ်လိုက်သည်။
“ဦးလေးကျုံး ဘာမှမစိုးရိမ်ပါနဲ့ဗျာ”
ထိုသို့စကားအပြန်အလှန်ပြောဆိုပြီးနောက် ချန်ကျဲ့သည် လက်ခုပ်တီးအားပေးစေကာ ဆက်ပြောသည်။
“နောက်တစ်ခုကတော့ ဆေးဝါးဌာန၊ လက်မှုပညာဌာန၊ ကုန်သွယ်ဌာနနဲ့ ပညာရေးဌာနတွေလိုမျိုး ကုန်သည်အဖွဲ့အတွင်းရာထူးတွေကို ဖွဲ့စည်းဖို့အတွက် ဆွေးနွေးကြဖို့ပါ”
“အခု ဆေးဝါးဌာနကို သမားတော်လျိုက ဦးစီးပါမယ်”
ထိုအခါ အားလုံးသည် မျန့်ရွှေ၏နံပါတ်တစ်သမားတော် လျိုယီးရှိုကို ကြည့်လိုက်ကြသည်။ လျိုယီးရှိုသည်လည်း မတ်တပ်ထရပ်၍ လူအုပ်ကြီးကို ခေါင်းညိတ်နှုတ်ဆက်သည်။ ထိုအခါ လက်ခုပ်တီးသံတစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်။
ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ဟောင်း ကျရှုံးသွားပြီးနောက် ချန်ကျဲ့သည် လျိုယီးရှိုကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ခဲ့သည်။ ကနဦးတွင် လျိုယီးရှိုသည် လက်မခံပေ။ သူ၏ဆေးပညာအရည်အချင်းအရ သူ့အတွက် ရွေးချယ်စရာ မနည်းပါးပေ။ သို့သော် သမားတော်ပိုင်နှင့် စကားပြောပြီးနောက်တွင် လျိုယီးရှိုသည် ဆေးဝါးဌာနကို ဦးစီးပေးရန် သဘောတူခဲ့သည်။
ထို့နောက် လက်မှုပညာဌာနကို ဦးစီးမည့်သူမှာ ထောင်ကွမ်းယိဖြစ်သည်။
ထောင်ကွမ်းယိသည် ချန်ကျဲ့တန်ဖိုးထားရသူများထဲမှ တစ်ယောက်ဖြစ်သည်။ ဤလူသည် သမိုင်းမှတ်တမ်းထဲမှ ပျံသန်းခြင်းကို ပထမဆုံးလေ့လာခဲ့သည့် ဝမ်ဟူဖြစ်နိုင်၏။ သူ၏အရည်အချင်းကိုမူ မေးခွန်းထုတ်ရန် မလိုအပ်ပေ။
ထို့ကြောင့် ထောင်ကွမ်းယိကို လက်မှုပညာဌာနအား ဦးစီးရန် တာဝန်ပေးခဲ့သည်။
ထို့နောက် ပညာရေးဌာနအတွက်မူ စူးယွင်ကျင်းကို ဦးစီးစေသည်။
သို့ဖြစ်ရာ ကျန်ရှိသည့် တစ်ခုတည်းသောနေရာမှာ ကုန်သွယ်ရေးဌာနအတွက် ဖြစ်သည်။ ထိုနေရာအတွက်မူ ချန်ကျဲ့သည် သင့်တော်မည့်လူကို ရှာဖွေနေဆဲဖြစ်၏။
သို့ဖြင့် အစည်းအဝေးကြီး ပြီးဆုံးသွားပြီး ငါးဖမ်းကုန်သည်အဖွဲ့၏ စည်းဘောင်များကို သေချာစေ့စပ်စွာ ဖွဲ့စည်းပြီးသွားခဲ့သည်။ လက်ရှိအခိုက်အတန့်၏ ငါးဖမ်းကုန်သည်အဖွဲ့ကို အရည်အချင်းရှိသူများ၊ အားမာန်တက်ကြွသူများနှင့် ပွင့်လန်းနေသည့် အဖွဲ့အစည်းအဖြစ် ညွှန်းဆိုနိုင်ပေလိမ့်မည်။
ဤလူများကို အခြေခံအုတ်မြစ်အဖြစ် တည်ဆောက်ပါလျှင် မနက်ဖြန်ကျင်းပမည့် ရာထူးဆက်ခံပွဲအတွက် လုံခြုံစိတ်ချနိုင်ပြီဖြစ်၏။ ယခုတွင် နန်ပါးထျန်းရောက်လာမည်ကို စောင့်ဆိုင်းရန်သာ လိုအပ်တော့ပေသည်….