← Chapters

အခန်း ၇၀၆

Vol. 60 Ch. 706

အခန်း ၇၀၆

Vol. 60 Ch. 706

အခန်း ၇၀၆

မျန့်ရွှေစီရင်စုအပြင်ဘက် တောအုပ်ငယ်တစ်ခုအတွင်းရှိ သက်ကယ်မိုးတဲလေးတွင်…

နန်ပါးထျန်းသည် ပြောင်းဆန်မုန့်‌ပြားတစ်ချပ်ကို ကိုင်လျက် ဆေးအိုးထဲ ထည့်ကျိုထားသည့် ဟင်းသီးဟင်းရွက်များကို ခပ်ယူနေသည်။ သူ၏ပုံစံမှာ ညစ်ပတ်ပေရေလျက် သနားစဖွယ်ကောင်းလှသည်။

၇ရက်၊ ၇ရက်တိတိ.. ဤ၇ရက်တာအား သူမည်သို့ဖြတ်သန်းခဲ့ရသည်ကို မည်သူမျှ သိလိမ့်မည် မဟုတ်ပေ။

သူ၏အခြေအနေမှာ သူတောင်းစားထက်ပင် ပိုဆိုးရွားနေသေးသည်။ ဒဏ်ရာများ မပျောက်ကင်းသေးသောကြောင့် တဲမှ အဝေးကြီးသို့ လျှောက်မသွားရဲသေးပေ။ သို့ဖြင့် ပြောင်းဆန်မုန့်ပြားနှင့် တောဟင်းရွက်များကိုသာ နေ့တိုင်းစားသောက်‌နေခဲ့ရသည်။

တစ်ချိန်က လူတိုင်းရိုသေလေးစားရသည့် ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက်သည် ယခုတွင် သူတောင်းစားအလား ဖြစ်နေရလေသည်။

နန်ပါးထျန်းသည် လက်ထဲမှ ပြောင်းဆန်မုန့်ပြားကို တစ်ကိုက်ကိုက်လိုက်ပြီးနောက် တဲနံရံကို အပေါက်တစ်ပေါက်ဖောက်ကာ တောအုပ်ထဲကို ချောင်းကြည့်သည်။ ဒီနေ့သည် ၇ရက်မြောက်နေ့ဖြစ်ပြီး ချန်ကျိုစစ်၏ ရာထူးဆက်ခံပွဲအခမ်းအနား ကျင်းပမည့်နေ့ဖြစ်သောကြောင့် သူ၏ဆရာတူညီမလေးသည် မကြာမီ ရောက်လာတော့ပေမည်။

သူ့ဘက်မှ တန်ပြန်တိုက်ခိုက်လိုပါလျှင် ဒီနေ့သည် အသင့်တော်ဆုံးနေ့ဖြစ်သည်။

သူတွေးနေစဉ် တောအုပ်ဘက်မှ ဖုန်လုံးကြီးများ လိမ့်တက်လာသည်ကို မြင်လိုက်ရရာ နန်ပါးထျန်း မျက်မှောင်ကြုတ်ကာ ထရပ်လိုက်သည်။

ပြောင်းဆန်မုန့်ပြားကို ပါးစပ်တွင် ကိုက်ထားလိုက်ရင်း မျက်လုံးအစုံမှာ နိုးနိုးကြားကြား သတိကပ်ထားလျက် သို့သော် သူ၏အင်အားသည် အနည်းငယ် ပြန်ကောင်းမွန်လာပြီဖြစ်သောကြောင့် အရမ်းကြီး စိုးရိမ်ထိတ်လန့်ခြင်းတော့ မဖြစ်ချေ။ သူ၏ သိဒ္ဓိစွမ်းအင်လုံးနှင့်သွေးကြောများ အက်ကွဲသွားသော်ငြား စွမ်းအင်ပြောင်းလဲခြင်းအဆင့်စွမ်းအင်ကိုတော့ ထုတ်လွှတ်နိုင်ပါသေးသည်။

အရင်ကနှင့် နှိုင်းစာလျှင် ကွာခြားချက်ရှိသော်ငြား ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်တော့ လုံလောက်သေးပါသည်။

တောအုပ်ထဲမှ မြင်းများ ‌အပြေးနှင်လာနေသည်ကို နန်ပါးထျန်း မြင်လိုက်ရသည်။ ထိုအထဲတွင် စွဲမက်ဖွယ်သော ဝတ်စားဆင်ယင်ပုံဖြင့် အလွန်တရာလှပသည့် အမျိုးသမီးတစ်ဦးသည် အနီဖျော့ရောင်မြင်းတစ်ကောင်ကို စီးနှင်လာလေသည်။ နန်ပါးထျန်း စိတ်အေးသွား၏။ သူ၏ဆရာတူညီမလေး ပြန်လာလေပြီ။

ယွီမန်အာသည် တဲအိမ်ရှေ့သို့ရောက်သောအခါ မြင်းပေါ်မှ ဆင်းလိုက်သည်။ သူမသည် သေချာသပ်ရပ်စွာ ချုပ်လုပ်ထားသည့် ဝတ်စုံနှင့် မျက်နှာချေကို တစ်မူထူးခြားသည့်ပုံစံဖြင့် လိမ်းခြယ်ထားခဲ့ရာ ဤ၇ရက်အတွင်း ကောင်းမွန်စွာ နေထိုင်ခဲ့ရကြောင်း သိသာထင်ရှားလှသည်။

တဲအိမ်သို့ရောက်ပြီး စုတ်ပြတ်ပေရေနေသည့် နန်ပါးထျန်းကို မြင်သောအခါ ယွီမန်အာသည် သူမ၏နှာခေါင်းထိပ်ဖျားကို လက်ဖြင့်ပွတ်သပ်လိုက်၏။

သူမ လက်ဝှေ့ယမ်းလိုက်ရာ လက်အောက်ငယ်သားနှစ်ဦးသည် နန်ပါးထျန်းအနီးသို့ လျှောက်လာသည်။ သူမ၏လက်အောက်ငယ်သားနှစ်ဦးစလုံးမှာ သန်မာပြီး ရုပ်ရည်ချောမောသည့် လူငယ်သိုင်းပညာရှင်များ ဖြစ်လေသည်။ တစ်ဦးသည် အဝတ်အစားများနှင့် ဆေးကြောသန့်စင်ရန်အသုံးပြုရသည့် ပစ္စည်းများကို ကိုင်ဆောင်လာကာ ကျန်တစ်ဦးသည် စက္ကူအိတ်ဖြင့် ထုပ်ပိုးထားသည့် ကြက်ကင်အထုပ်ကို သယ်လာသည်။

“ဆရာတူအစ်ကို ဘယ်လိုလုပ်ပြီး ဒီလိုပုံစံဖြစ်နေရတာလဲ။ လုံးဝ ညစ်ပတ်ပေရေနေရောပဲ”

ယွီမန်အာသည် နန်ပါးထျန်းကို ခေါင်းအစခြေအဆုံးကြည့်လျက် စိတ်ပျက်ဟန်သော အကြည့်များဖြင့် ပြောသည်။

နန်ပါးထျန်းမှ စိတ်ညစ်ညူးစွာဖြင့် ပြောသည်။

“ဆရာတူညီမလေး အစ်ကိုက ဒီတဲထဲကနေ ၇ရက်တောင် ဘယ်မှမသွားခဲ့ရဘူးလေ”

“ဟုတ်ပါပြီ ဟုတ်ပါပြီ။ အစ်ကို ဒုက္ခခံနေရတာကို ကျွန်မသိပါတယ်။ ဆရာတူအစ်ကို့အတွက် ကြက်ကင်ယူလာတယ်။ အမြန်စားလိုက်။ စားပြီးရင် ရေချိုးသန့်စင်ပြီး အဝတ်အစားတွေ လဲလိုက်။ ပြည်နယ်မြို့စောင့်တပ်မှူးရောက်နေပြီ။ အစ်ကို ကျွန်မနဲ့အတူ ပြည်နယ်မြို့စောင့်တပ်မှူးကို ခဏလိုက်တွေ့ရမယ်”

“ပြည်နယ်မြို့စောင့်တပ်မှူးရောက်နေပြီလား။ ကောင်းတယ်”

ပြည်နယ်မြို့စောင့်တပ်မှူးရောက်နေသည့်သတင်းကို ကြားသည်နှင့် နန်ပါးထျန်းမှာ မျက်နှာတောက်ပသွား၏။ ‌သူ့အနေဖြင့် ပြန်လည်ရပ်တည်နိုင်မည့်အခွင့်အရေးမှာ ပြည်နယ်မြို့စောင့်တပ်မှူးအပေါ်တွင် မူတည်နေပေသည်။

ထိုသို့အတွေးဖြင့် နန်ပါးထျန်းသည် ကြက်ကင်ကို အားရပါးရ စားတော့သည်။ အရသာရှိလှသော အသား၏အရသာကို လျှာဖျားထက် ခံစားလိုက်ရသည်တွင် နန်ပါးထျန်းမှာ မျက်ရည်ဝဲမိလုမတတ်ပင်။

ဆရာတူညီမလေးက ငါ့ကိုဂရုစိုက်သေးတာပဲ။ မဟုတ်ရင် ငါ့အတွက် ကြက်ကင်ယူလာပေးဖို့ သတိရပါ့မလား။

“ဟင်.. ဘာလို့ ကြက်ကင်မှာ တောင်ပံတွေ မရှိနေတာလဲ”

နန်ပါးထျန်းသည် လက်ထဲတွင် ကြက်ကင်ကို ကိုင်ရင်း တောင်ပံများ ဘယ်ရောက်သွားသနည်းဟု စဉ်းစားနေသည်။ ထိုစဉ် ယွီမန်အာမှ စိတ်ပျက်ဟန်သောအသံဖြင့် ပြောသည်။

“မြန်မြန်သာ စားစမ်းပါ”

“အင်းပါ ဆရာတူညီမလေး။ အစ်ကို မင်းရဲ့အလုပ်ကို မနှောင့်နှေးစေရပါဘူး”

ထိုအခါ ယွီမန်အာသည် နန်ပါးထျန်းကို တစ်ချက်ပင် မကြည့်တော့ဘဲ အနီးအနားရှိ တောအုပ်တစ်နေရာတွင် အနားယူရန် ထွက်သွားခဲ့သည်။ သူမ နန်ပါးထျန်းအတွက် ကြက်ကင်ယူလာပေးရသည့် အကြောင်းအရင်းမှာ ရိုးရှင်းပါ၏။ ထိုကြက်ကင်သည် စားကြွင်းစားကျန်များဖြစ်သောကြောင့်ပင်။

ယွီမန်အာသည် ကြက်ကင်ကို နှစ်ခြိုက်သော်ငြား ကြက်တောင်ပံကိုသာ နှစ်ခြိုက်ခြင်းဖြစ်သည်။ ဒီမနက်တွင် သူမသည် ကြက်ကင်သုံးကောင်ဝယ်ယူခဲ့ပြီး ကြက်တောင်ပံများကိုသာ စားပစ်ခဲ့သည်။ ကြက်တောင်ပံမရှိတော့သည့် ဤကြက်ကင်များကို ခွေးကျွေးခြင်းနှင့် လွှင့်ပစ်ခြင်းအစား သူမ၏ဆရာတူအစ်ကိုမှာ ပိုလိုအပ်နေလိမ့်မည်ဟု တွေးမိသဖြင့် ယူလာခဲ့ခြင်းဖြစ်သည်။

နန်ပါးထျန်းသည်လည်း အမှန်တကယ်ပင် လိုအပ်နေခဲ့ပါ၏။ သူသည် အငမ်းမရစားသောက်ခဲ့သည်မှာ ဖြစ်နိုင်ပါက အရိုးပါ မျိုချပစ်ချင်သည်အထိပင်။

ဗိုက်ဖြည့်ပြီးနောက် နန်ပါးထျန်းသည် ရေကြည်သည့် မြစ်နေရာကိုရှာ၍ ရေချိုးသန့်စင်ကာ အဝတ်အစားများ လဲဝတ်လိုက်သည်။

“ဆရာတူညီမလေး”

ရေချိုးသန့်စင်ပြီး အဝတ်လဲလိုက်ရသဖြင့် နန်ပါးထျန်းသည် မိမိကိုယ်ကိုယ် အသစ်ပြန်လည်မွေးဖွားလာသည့်အလား ခံစားလိုက်ရကာ ယွီမန်အာကို ပြုံးလျက် ကြည့်လိုက်သည်။

ယွီမန်အာမှ ပြောသည်။

“မြင်းပေါ်တက်။ ပြည်နယ်မြို့စောင့်တပ်မှူး မကြာခင်ရောက်လာတော့မှာ။ ကျွန်မတို့ သွားကြိုရမယ်”

ထိုအခါ နန်ပါးထျန်းမှ ပြောသည်။

“အို ကောင်းပြီ”

သို့ဖြင့် သူတို့သည် မျန့်ရွှေမြို့အပြင်ဘက်ရှိ တရားဝင်လမ်းမဆီသို့ မြင်းဖြင့် ထွက်ခွာလာခဲ့ကြသည်။ နာရီဝက်ခန့်ကြာမြင့်ပြီးနောက်၌ လူနှစ်ရာခန့်သော လူတန်းကြီး လမ်းမတစ်လျှောက် ချီတက်လာသည်အား မြင်တွေ့လိုက်ရသည်။ ဦးဆောင်လာသူမှာ ထွားကြိုင်းသန်မာသည့် မြင်းကို စီးနှင်လာကာ မျက်နှာထားတင်းတင်းနှင့် မျက်ခုံးနှစ်ခုကြားတွင် မှဲ့နက်ကြီးရှိသည့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ဦး ဖြစ်သည်။

ထိုလူသည် ဒေါသထွက်မနေသည့်တိုင် မျက်နှာအမူအရာ ခက်ထန်တင်းမာလေသည်။

ထိုလူကြီးသည် ဟွမ်ကျိုးပြည်နယ်မြို့စောင့်တပ်မှူး ပါးထန်ဖြစ်ပေသည်။

“ပြည်နယ်မြို့စောင့်တပ်မှူး”

လူတန်းရှည်ကြီးကို မြင်သည်နှင့် ယွီမန်အာသည် နန်ပါးထျန်းနှင့် အခြားသူများကို ဦးဆောင်ကာ ကျယ်လောင်စွာ နှုတ်ဆက်သည်။

ပြည်နယ်မြို့စောင့်တပ်မှူးပါးထန်သည် ယွီမန်အာကို မြင်လျှင် လက်ဝှေ့ယမ်းလိုက်ရာ သူ့နောက်မှ လူတန်းရှည်ကြီးသည် ရပ်တန့်သွား၏။ ပါးထန် မြင်းပေါ်မှ ဆင်းလိုက်သည်။ ယွီမန်အာတို့အုပ်စုလည်း မြင်းပေါ်မှ ဆင်းပြီး ပါးထန်ဆီသို့ လျှောက်သွားသည်။

ပါးထန်မှ လက်နှစ်ဖက်ကို ဆန့်ထုတ်ဖြန့်ကားပေးရာ ယွီမန်အာသည် ပါးထန်၏ရင်ခွင်ထဲ ပြေးဝင်သည်။

ဘေးမှကြည့်နေသည့် နန်ပါးထျန်းသည် ထိုမြင်ကွင်းကိုမြင်သော် မျက်မှောင်ကြုတ်သွားပြီး ဘာကြောင့် ဤသို့ဖြစ်ရသနည်းဟု တွေးနေခဲ့သည်။

သို့တိုင် သူသည် သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။

“ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး။ ဒီလိုပွေ့ဖက်တာက မုလန်လူမျိုးတွေရဲ့ နှုတ်ဆက်နည်းတစ်မျိုးဖြစ်ပါလိမ့်မယ်။ အင်း ဒီလိုက ကျိုးကြောင်းဆီလျော်တယ်”

ပါးထန်သည် ယွီမန်အာကို ရင်ခွင်ထဲ ပွေ့ဖက်ပြီးနောက်တွင်လည်း အလုံးစုံ မလွှတ်ပေးသေးဘဲ သူမ၏ခါးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ထား၏။

နန်ပါးထျန်း လက်သီးဆုပ်လိုက်သည်။

“ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး။ တိုက်ဆိုင်တာပါ တိုက်ဆိုင်တာပါ”

သို့သော် နောက်ထပ်အပြုအမူမှာ နန်ပါးထျန်းအတွက် ပို၍သည်းမခံနိုင်စရာဖြစ်ခဲ့သည်။ ပါးထန်၏လက်သည် ယွီမန်အာ၏တင်ပါးဆီသို့ ရောက်သွားပြီးနောက် ပွတ်သပ်နေလေသည်။

နန်ပါးထျန်း၏ မိမိကိုယ်ကိုယ် နှစ်သိမ့်စကားများသည် သူ့စိတ်ထဲ၌ ကွဲကြေသွားရလေသည်။

ငါ့ရဲ့ဆရာတူညီမလေးက…

ပါးထန်၏ အပြုအမူများ ပို၍ ရဲတင်းလာသည်တွင် ယွီမန်အာမှ တားလိုက်သည်။

“သခင်ကြီး ကျွန်မရဲ့ဆရာတူအစ်ကိုရှိနေတယ်လေ။ ကျွန်မ မိတ်ဆက်ပေးပါရစေ”

ပါးထန် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“မန်အာ ကိုယ် မင်းကို မတွေ့ရတာ လဝက်လောက်တောင် ရှိတော့မှာကို မင်း… မင်းက…”

All Chapters