အခန်း ၇၀၇
Vol. 60 Ch. 707
အခန်း ၇၀၇
ယွီမန်အာမှ ပြောသည်။
“အလုပ်ကိစ္စက အရေးကြီးပါတယ် သခင်ကြီး”
ပါးထန်သည် ယွီမန်အာ၏တင်ပါးကို ခပ်ဆတ်ဆတ်တချက်ရိုက်ကာ လက်ကို တွန့်ဆုတ်စွာဖြင့် လွှတ်ပေးလိုက်ပြီး မျက်နှာသုန်မှုန်နေသည့် နန်ပါးထျန်းကို လှည့်ကြည့်လာသည်။
“အဲဒီတော့ မင်းက နန်ပါးထျန်းပေါ့”
“ဆရာတူအစ်ကို ပြည်နယ်မြို့စောင့်တပ်မှူးကို အမြန်လာနှုတ်ဆက်လေ”
ယွီမန်အာမှ ပြောသည်။ ထိုအခါ နန်ပါးထျန်းသည် အရိုအသေပြုချင်စိတ်မရှိပါဘဲ ရှေ့တိုးရပ်လိုက်သည်။ ဤလူသည် သူ၏ဆရာတူညီမလေးကို ကစားစရာတစ်ခုသဖွယ် ဆက်ဆံသူ မဟုတ်ပါလော။
နန်ပါးထျန်းသည် ပါးထန်အား အချစ်ပြိုင်ဘက်အဖြစ် သတ်မှတ်လိုက်ပြီးနောက် ရန်သူအဖြစ် သဘောထားတော့သည်။
သို့သော် ပါးထန်သည် ပြည်နယ်မြို့စောင့်တပ်မှူးဖြစ်ရာ သူ့အတွက် အရှက်ရသည်ဟု ခံစားရသော်ငြား ရွေးချယ်စရာမရှိဘဲ ဦးညွှတ်ရလေသည်။
“ပြည်နယ်မြို့စောင့်တပ်မှူးကို ဂါရဝပြုပါတယ်”
ပါးထန် လက်ဝှေ့ယမ်းလိုက်ပြီး ပြောသည်။
“ထုံးတမ်းစဉ်လာတွေ မလိုဘူး။ မင်းက မန်အာရဲ့ ဆရာတူအစ်ကိုဆိုမှတော့ ငါ့ရဲ့ညီအစ်ကိုပဲပေါ့။ ဒါပေမဲ့ ငါ မန်အာဆီက ကြားတာ မင်းရဲ့ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကို တခြားသူသိမ်းပိုက်သွားပြီဆို။ ဘယ်လိုဖြစ်တာလဲ”
နန်ပါးထျန်းမှ သုန်မှုန်စွာဖြင့် ပြန်ဖြေသည်။
“ကျားတစ်ကောင်ကို ပျိုးထောင်မိတော့ ဘေးဒုက္ခကို ဆောင်ကြဉ်းလာတာပါပဲ။ ကျွန်တော့်ရဲ့လက်အောက်ငယ်သားက ပုန်ကန်သွားတာပါ။ တစ်ခဏလောက် သတိမမူမိချိန်မှာ ဆိုးယုတ်သူရဲ့ထောင်ချောက်ထဲ ကျသွားပြီးနောက်တော့ စီရင်စုအုပ်ချုပ်ရေးမှူးက ကျွန်တော့်ကို မိန်ဂိုဏ်းနဲ့ပူးပေါင်းတယ်လို့ စွပ်စွဲပြီး စီရင်စုတစ်ခုလုံး လိုက်လံဖမ်းဆီးခဲ့ပါတယ်”
“မိန်ဂိုဏ်းနဲ့ပူးပေါင်းတယ်လို့ စွပ်စွဲတာပေါ့လေ။ အဲဒါက အတော်ကြီးလေးတဲ့ စွဲချက်ပဲ”
ပါးထန်မှ ပြောသည်။ ထို့နောက် ဆက်ပြောသည်။
“ရပြီ၊ ငါနားလည်ပြီ။ မျန့်ရွှေမြို့ထဲ ဝင်ကြတာပေါ့”
“ပြည်နယ်မြို့စောင့်တပ်မှူး ကျွန်တော်က ဝရမ်းထုတ်ခံထားရတဲ့ ရာဇဝတ်သားပါ”
နန်ပါးထျန်း၏ ထိုစကားတွင် ပါးထန်မှ ပြန်ပြောသည်။
“ဟား စီရင်စုအုပ်ချုပ်ရေးမှူးလေးတစ်ယောက်က မိန်ဂိုဏ်းနဲ့ပူးပေါင်းတယ်ဆိုတာ ဘယ်လိုမျိုးလဲ ဘယ်လိုလုပ်သိမှာလဲ။ ငါက မင်းကို အပြစ်ကင်းတယ်ပြောရင် မင်းက အပြစ်ကင်းတာပဲ။ ငါနဲ့အတူ မြို့ထဲလိုက်ခဲ့။ မင်းရဲ့ကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကို ပြန်ယူရအောင်”
“အာ ပြည်နယ်မြို့စောင့်တပ်မှူးကို ကျေးဇူးတင်ပါတယ်”
ထိုစကားတွင် နန်ပါးထျန်းသည် စိတ်လှုပ်ရှားတက်ကြွသွားခဲ့သည်။ ပါးထန်မှ အရေးမထားဟန်ဖြင့် ပြော၏။
“ကျေးဇူးတင်ဖို့မလိုပါဘူး။ မင်းက မန်အာရဲ့အစ်ကိုပဲ။ မင်းကိုကူညီတာက မန်အာကို ကူညီတာပဲပေါ့၊ မဟုတ်ဘူးလား မန်အာ”
“သခင်ကြီးပြောတဲ့အတိုင်းပါပဲ”
ယွီမန်အာမှ တက်ကြွစွာ ပြုံးရယ်လျက် ပြောသည်။
ထိုအခါ နန်ပါးထျန်းလည်း ပြုံးနိုင်ရန် ကြိုးပမ်းလိုက်ရသည်။ သို့သော် ငိုသည်ထက်ပင် ပိုဆိုးရွားသည့် ရှုံ့မဲ့မဲ့မျက်နှာအမူအရာသာ ဖြစ်သွားရလေသည်။
ထို့နောက် ပါးထန်သည် ယွီမန်အာဘက်သို့ ပြန်လှည့်သွားပြီး မေးသည်။
“မန်အာ ဆေးဘုရင်ရတနာအကြောာင်း စုံစမ်းတာ အခြေအနေဘယ်လိုရှိလဲ”
ယွီမန်အာမှ ပြန်ပြောသည်။
“သခင်ကြီး စုံစမ်းတာ ပြီးသလောက်ရှိပါပြီ။ လဝက်မကျော်ခင်မှာ ရတနာသိုက် ထွက်ပေါ်လာမယ်လို့ ခန့်မှန်းရပါတယ်”
ထိုအခါ ပါးထန်မှ ပြောသည်။
“ကောင်းတယ်။ ဒီရတနာက အရမ်းအရေးကြီးတယ်။ အဲဒီက ဆေးတွေကိုရယူနိုင်ရင် လူကြီးမင်းက ငါတို့ကို ဆုလာဘ်ချီးမြှင့်နိုင်တယ်။ ရာထူးတောင် တိုးနိုင်ခြေရှိတယ်။ အဲဒါကြောင့် ဒီကိစ္စမှာ ဘာအမှားအယွင်းမှ ရှိလို့မဖြစ်ဘူး”
“စိတ်ချပါ သခင်ကြီး။ ဒီကိစ္စအတွက် ကျွန်မရော ကျွန်မရဲ့ဆရာတူအစ်ကိုရော ရှိနေတာမို့ သေချာပေါက် ရတနာတွေကို ယူနိုင်မှာပါ။ ဆရာတူအစ်ကိုက ရေခဲစိတ်စွမ်းအင်သိုင်းကို ကျင့်ကြံတာပါ။ ကျွန်မရဲ့သိုင်းပညာနဲ့ ပေါင်းလိုက်ရင် သေချာပေါက် ရေခဲခန်းမရဲ့တံခါးကို ဖွင့်နိုင်ပြီး အထဲက ဆေးတွေကို ယူနိုင်မှာ သေချာပါတယ်”
ထိုအခါ ပါးထန်မှ ပြောသည်။
“ဟား ကောင်းတယ် ကောင်းတယ်”
ယခုတော့ အရင်ဆုံး မျန့်ရွှေမြို့ထဲသို့ ပြန်သွားပြီး ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်နေရာကို ပြန်ယူရပေမည်။
ထိုစဉ် နန်ပါးထျန်းမှ ပြောသည်။
“သခင်ကြီး ယဲ့လုဖုန်းကို ဘယ်လိုလုပ်မလဲ…”
ပါးထန်မှ ပြုံးလိုက်ပြီး ပြောသည်။
“ဘာမှစိတ်မပူနဲ့၊ ငါရှိနေတာပဲ။ ယဲ့လုဖုန်းဆိုတာ ငါ့အတွက်တော့ အဆင့်၇ စီရင်စုအုပ်ချုပ်ရေးမှူးလေးတစ်ယောက်ပဲ။ ဘာမှမျက်လုံးထဲထည့်စရာမလိုဘူး။ ငါ ဒီနေ့ မင်းကို ရာထူးပြန်ရအောင် သေချာပေါက် ကူညီပေးမယ်”
ထို့နောက် ပါးထန်မှ လက်ဝှေ့ယမ်းလိုက်ရာ အစောင့်တပ်သားတစ်ဦး အနားရောက်လာသည်။ ပါးထန်မှ ပြောသည်။
“ရထားလုံးယူလာခဲ့”
ခဏကြာပြီးနောက် မြင်းလေးကောင်ဆွဲသည့် မြင်းရထားလုံးကြီးတစ်စင်း ရောက်လာသည်။ လူတစ်ယောက် လဲလျောင်းရန် လုံလောက်သည်အထိ ကြီးမားသော ရထားလုံးကြီးဖြစ်သည်။ ပါးထန်သည် ယွီမန်အာသို့ လက်လှမ်းလိုက်ပြီး ပြောသည်။
“မန်အာ ငါနဲ့အတူ ရထားလုံးပေါ် လိုက်ခဲ့ပါ”
ယွီမန်အာသည် မျက်နှာနီမြန်းသွား၏။
“သခင်ကြီး ဘာလို့ အလျင်လိုနေတာပါလဲ…”
ပါးထန်နှင့် ယွီမန်အာသည် နန်ပါးထျန်းရှေ့တွင်ပင် ရထားလုံးထဲသို့ ဝင်သွားပြီး လိုက်ကာစများကို ဆွဲပိတ်လိုက်ကြသည်။ ရထားလုံးထဲမှ အမိန့်စကားသံ ထွက်ပေါ်လာ၏။
“မြို့ထဲကိုသွားမယ်”
တပ်သားမှ ချက်ချင်း အော်ပြောသည်။
“မြို့ထဲကိုသွားမယ်”
အားလုံးသည် မြို့ထဲသို့ ဦးတည်ခရီးနှင်ခဲ့ကြသည်။ နန်ပါးထျန်းသည် အမျိုးသမီး၏ ရယ်သံနှင့် အမျိုးသား၏ ရဲတင်းလွန်းသည့်အသံများ ထွက်ပေါ်နေသည့် ရထားလုံးကို တစ်ချိန်လုံး ကြည့်နေခဲ့သည်။ တခဏအကြာတွင် အမျိုးသမီး၏ ရမ္မက်ကြွနေသည့် အသံများကလွင့်ပျံလာလေ၏။
နန်ပါးထျန်းသည် နေရာတွင်ပင် အချိန်အတော်ကြာ တောင့်တောင့်ကြီး ရပ်နေမိခဲ့သည်။ စိတ်ထဲတွင် ဒေါသူပုန်ထနေပြီး ဒေါသကို ဖွင့်ထုတ်လိုက်ချင်သော်ငြား ပတ်ပတ်လည်ရှိ တပ်သားများနှင့် မြို့ဂိတ်တံခါးရှိရာသို့ လှမ်းမျှော်ကြည့်လိုက်ပြီးနောက်တွင် အံတင်းတင်းကြိတ်၍ အမျက်ဒေါသများကို မျိုချထားရန်သာ တတ်နိုင်ခဲ့သည်။
အချိန်အတော်ကြာပြီးနောက်မှ ခပ်ဖျော့ဖျော့ ကြိမ်းမောင်းမိလေသည်။
“ချန်ကျိုစစ် ဒါတွေအားလုံး မင်းကြောင့်ပဲ။ ငါ မင်းကို ကျာပွတ်နဲ့ အကြိမ်ထောင်ချီရိုက်ပြီး အရေဆုတ်ပစ်မယ်”
တကယ်လည်း သူ၏ဒေါသကို ချန်ကျဲ့ထံတွင်သာ ပုံချနိုင်ပါ၏။ ပြည်နယ်မြို့စောင့်တပ်မှူးနှင့် သူ၏ဆရာတူညီမလေးတို့အတွက်မူ သူ့အနေဖြင့် ဖောက်ပြန်ခံရသည့် ငတုံးတစ်ယောက်ကဲ့သို့ သူ၏ခံစားချက်များကို ဖိနှိပ်ထားရန်သာ တတ်နိုင်ပေသည်။
သို့သော် ယွီမန်အာ၏ အပြုအမူများသည် ဟွမ်ဝမ်အာကို သတိရစေခဲ့သည်။ နန်ပါးထျန်းသည် စိတ်ထဲ၌ ပါးထန်နှင့် ချန်ကျဲ့၏ပုံရိပ်ကို ပေါင်းစည်းနေမိလေသည်။
နန်ပါးထျန်း အလွန်စက်ဆုပ်ရွံရှာသည့် ဤအမျိုးသားနှစ်ဦးသည် သူချစ်ရသူများကို လုယူသွားခဲ့သည်။
“ငါ ငါ သေချာပေါက် မင်းကို အပိုင်းပိုင်းစုတ်ဖြဲပစ်မယ်”
…
မျန့်ရွှေမြို့ အနောက်ပိုင်းမြို့၌
လမ်း၁၂လမ်းဖြင့် ဖွဲ့စည်းထားသည့် အနောက်မြို့တစ်ခုလုံးမှာ အောင်မြင်မှု၊ပျော်ရွှင်မှုတို့ကို ကိုယ်စားပြုသည့် အနီရောင်ပိုးသားများဖြင့် အလှဆင်ထားရာ ပွဲတော်နေ့ရက်ကဲ့သို့သော ခံစားချက်ကို အပြည့်အဝ ရရှိနေစေသည်။
ရာထူးဆက်ခံပွဲကျင်းပမည့် အဓိကနေရာမှာ ဟင်းသီးဟင်းရွက်ဈေးလမ်းမကြီး၏ ခြံဝင်းကျယ်ကြီးတွင် ဖြစ်သည်။ ဤနေရာသည် ပုံမှန်အားဖြင့် ဟင်းသီးဟင်းရွက်ရောင်းချသည့် ပျံကျဈေးသည်များနှင့် စည်ကားသည့်နေရာဖြစ်သည်။ သို့သော် ဒီနေ့တွင် သူတို့ကို ဆိုင်ဖွင့်ခွင့်မပြုထားပေ။ ဆိုင်မဖွင့်ရသော်လည်း ထိုဈေးသည်များအတွက် မနစ်နာပါချေ။ အဘယ်ကြောင့်ဆိုသော် ကျားဖြူခန်းမသည် သူတို့၏ကုန်ပစ္စည်းအားလုံးကို ဝယ်ယူလိုက်သောကြောင့်ဖြစ်သည်။
ငါးဖမ်းကုန်သည်အဖွဲ့သည် ပွဲတော်ကျင်းပရန် ပြင်ဆင်နေသောကြောင့် ဝယ်ယူသည့်ပမာဏမှာ တစ်ရက်စာမျှသာ မဟုတ်ပါဘဲ လဝက်စာခန့်ဖြစ်သည်။
ခြံဝင်းကျယ်ကြီး၏အလယ်တွင် စင်မြင့်တစ်ခုတည်ဆောက်ထားပြီး ပတ်ပတ်လည်တွင် သစ်သားခြံစည်းရိုးခတ်ထားသည်။ ခြံစည်းရိုး၏အစွန်းဖျား၌ အိုးကြီး၅၀ရှိသည်။ ထိုနေရာတွင် စားဖိုမှူးအယောက်၅၀သည် လက်ထောက်၆ယောက်နှင့်အတူ ပွဲတော်အတွက် ချက်ပြုတ်နေကြသည်။
ထို့ပြင် ခြံဝင်းကျယ်ကြီးကို ကျားဖြူတပ်ဖွဲ့မှ စောင့်ကြပ်နေကြသည်။
ရှောင်ဟူသည် ကျားဖြူတပ်ဖွဲ့၏ လက်ရွေးစင်တပ်သား၅၀၀ကို ဦးဆောင်ပြီး ပွဲတော်လုံခြုံစေရန် စောင့်ကြပ်သည်။ ကျိုးချူသည် အပြင်ခန်းမအဖွဲ့သားတစ်ထောင်ဖြင့် ပွဲတော်အတွက် အပိုဝန်ထမ်းများကို ထောက်ပံ့ပေးသည်။
စစ်ရှီးသည် စာရင်းအင်းပိုင်းတွင် တာဝန်ယူရသည်။ သို့ဖြင့် ပွဲတော်မှာ အသေးစိတ် အစီအစဉ်ကျနေတော့သည်။