အခန်း ၂၀၁
Vol. 21 Ch. 201
အခန်း (၂၀၁) - ဆရာ... အခုမှပဲ ပြန်လာတော့တယ် (၁)
ကျန်းကျွီချွဲ၏သရုပ်မှန်ကို သိရှိသွားပြီးနောက် လျိုချင်နှင့် လုရွှင်တို့၏ ခေါင်းထဲတွင် ခုခံလိုသည့် အတွေးမရှိတော့ဘဲ ထွက်ပြေးရန်သာ ပထမဆုံး တွေးလိုက်မိကြ၏။
သူတို့နှစ်ဦးလုံးသည် ဆဋ္ဌမအဆင့် အစောပိုင်း ကျင့်ကြံခြင်းအဆင့်တွင် ရှိနေကြပြီး ကျန်းကျွီချွဲသည်လည်း ဆဋ္ဌမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသည်။
နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရမည်ဆိုလျှင် ကွာဟချက်က ထိုမျှလောက် ကြီးမားနေမည်ဟု မထင်ရပေ။
သို့သော် တတိယအဆင့်နှင့် ဆဋ္ဌမအဆင့်တို့သည် ကျင့်ကြံခြင်းလမ်းစဉ်၏ ကြီးမားသော အတားအဆီး ခြေလှမ်းများ ဖြစ်ကြသည်။
ထို့ပြင် အဆင့်ပိုမြင့်လာလေလေ တူညီသော အဆင့်များကြားတွင်ပင် ကွာဟချက်က ပိုမို ကြီးမားလာလေလေ ဖြစ်၏။
အချို့သော ဆဋ္ဌမအဆင့် ကျင့်ကြံသူများကြားရှိ ကွာဟချက်သည် လူနှင့် ခွေးကြားက ကွာဟချက်ထက်ပင် ပိုကြီးမားနေတတ်သေးသည်။
ကျန်းကျွီချွဲနှင့် သူတို့နှစ်ဦးကြားရှိ အခြေအနေကလည်း ထိုအတိုင်းပင်။
ထို့ကြောင့် ထိုလူနှစ်ဦးသည် လှည့်ထွက်ကာ တိမ်တိုက်များကြားမှနေ၍ ကောင်းကင်ထက်သို့ ပျံတက်သွားကြပြီး မြေပြင်ပေါ်ရှိ ချန်လင်းထုံကိုပင် ဂရုမစိုက်နိုင်ကြတော့ချေ။
မည်သို့ဆိုစေ ကျန်းကျွီချွဲသည် ကျော်ကြားသော နာမည်ရှိသူ ဖြစ်ရာ ကလေးငယ်တစ်ယောက်ကို ရိုက်နှက်မည် မဟုတ်သော်လည်း သူတို့နှစ်ဦးကိုမူ ချမ်းသာပေးမည်ဟု မသေချာပေ။
ထိုလူနှစ်ဦးသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် နားလည်မှု ရှိနေကြသေး၏။
သူတို့သည် မတူညီသော ဦးတည်ချက် နှစ်ခုဆီသို့ ခွဲ၍ ထွက်ပြေးရန်ပင် သတိရနေကြသေးသည်။
သို့သော် ထွက်ပြေးရန် ဆိုသည်က ထိုမျှလောက် လွယ်ကူနေမည် မဟုတ်ပေ။
ကျန်းကျွီချွဲသည် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်သည်နှင့် လှုပ်ရှားသွားသည့် အရိပ်အယောင်မျှပင် မမြင်ရဘဲ လျိုချင်၏ ခေါင်းပေါ် လေဟာနယ်၌ ပေါ်လာလေသည်။
သူ၏ ရုပ်ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာသော အရှိန်အဟုန်သည် မြေချုံ့သိုင်း အင်မော်တယ်မန္တန်၏ အရှိန်ကိုပင် မှီလုနီးပါး ဖြစ်နေ၏။
အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
မျက်နှာကို မော့လျက် ပျံသန်းနေသော လျိုချင်၏ မျက်စိရှေ့တွင် ညီညာသော ပုံစံရှိသည့် ဖိနပ်အောက်ခံတစ်ဖက် ရုတ်တရက် ပေါ်လာတော့သည်။
ဘန်း...
နောက်တစ်စက္ကန့်တွင် ထိုဖိနပ်အောက်ခံသည် သူ၏ မျက်နှာပေါ်သို့ အရှိန်ပြင်းစွာ ဖိချခံလိုက်ရလေသည်။
ဝုန်း...
လျိုချင်၏ ခန္ဓာကိုယ်သည် ပျံတက်လာစဉ်က အရှိန်ထက်ပင် ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် မြေပြင်ပေါ်သို့ ကျဆင်းသွားကာ တောင်ကုန်းပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားပြီး ဖုန်မှုန့်များပင် ထသွားစေသည်။
ထိုနောက်တွင်တော့ ကျန်းကျွီချွဲ၏ ခန္ဓာကိုယ်က ထပ်မံ၍ လှုပ်ရှားသွားပြန်၏။
အခြားတစ်ဖက်ရှိ လုရွှင်သည်လည်း အလွန် လျင်မြန်ကာ ငွေဓားတောင်ထွတ်၏ လေပိုင်နက်နယ်မြေမှ ထွက်ခွာသွားပြီ ဖြစ်သည်။
သို့သော် ဓားလွယ်ထားသော အဘိုးအို၏ အရိပ်တစ်ချက် လှုပ်ရှားမှုက သူ၏ ကြိုးစားအားထုတ်မှု အားလုံးကို ချေဖျက်ပစ်ရန် လုံလောက်နေခဲ့လေပြီ။
ဖောင်း...
ကြီးမားသော လက်တစ်ဖက်က လုရွှင်၏ ခြေမျက်စိကို လှမ်းဆွဲလိုက်ရာ လေထဲတွင် ရှိနေသော အဖြူရောင်ဝတ်စုံနှင့် အမျိုးသားသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဆွဲချခံလိုက်ရတော့သည်။
ဝုန်း...
သူသည်လည်း လျိုချင်၏ ဘေးနားသို့ ရိုက်ချခံလိုက်ရ၏။
ထိုလူနှစ်ယောက်စလုံးသည် တွင်းတစ်တွင်းတည်းထဲတွင် ပြုတ်ကျသွားကြလေသည်။
ကျန်းကျွီချွဲ၏ လုပ်ဆောင်မှုသည် အလွန် ပေါ့ပါးလွယ်ကူလှပြီး သာမန် လှုပ်ရှားမှုလေး နှစ်ခုမျှသာ လုပ်လိုက်သကဲ့သို့ ရှိသည်။
သို့သော် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရသော ကျင့်ကြံသူ နှစ်ဦးမှာမူ ချက်ချင်း ပြန်မထနိုင်ကြတော့ချေ။
အချိန်အတော်ကြာအောင် အသက်ရှူမှားသွားပြီးနောက်မှသာ ကုန်းရုန်းထရန် ကြိုးစားလာကြတော့သည်။
အဘိုးအိုသည် ဓားကြီးကို လွှဲရမ်းလိုက်ကာ မြေပြင်ပေါ်သို့ ထပ်မံ ဆင်းသက်လာခဲ့သည်။
သူ၏ တိုက်ခိုက်မှုတွင်လည်း အကန့်အသတ် ရှိပေသည်။
ဤရှုတောင်တပည့် နှစ်ဦးကို အသေခုတ်သတ်မည် မဟုတ်ဘဲ တံခါးရွက်အရွယ် ဓားကြီး၏ ကျောဘက်ကို အသုံးပြုကာ ပြင်းထန်စွာ ရိုက်ချလိုက်ခြင်းသာ ဖြစ်၏။
ဘန်း... ဘန်း...
ဓားကြီးဖြင့်နှစ်ချက် အချခံရပြီးနောက် အဂ္ဂိရတ်ခန်းမဆောင်မှ တပည့်နှစ်ဦးလုံး မြေပြင်ပေါ်သို့ ထပ်မံ မှောက်ကျသွားကြပြန်သည်။
လုရွှင်က ပို၍ ပါးနပ်ပေသည်။ သူသည် ဤတစ်ကြိမ် မှောက်ကျသွားပြီးနောက် ထပ်မံ မထတော့ဘဲ ငြိမ်နေလိုက်တော့၏။
လျိုချင်ကမူ အနည်းငယ် တုံးအလှရာ ထရန် ရုန်းကန်နေဆဲ ဖြစ်သဖြင့် ဝုန်းခနဲ မြည်သံနှင့်အတူ နောက်ထပ် ဓားတစ်ချက် အချခံလိုက်ရပြန်လေသည်။
ကျန်းကျွီချွဲသည် အစအဆုံး မည်သည့် သိုင်းပညာစွမ်းရည်ကိုမျှ အသုံးပြုခဲ့ပုံ မပေါ်ဘဲ နက်နဲသော အင်မော်တယ် မန္တန်များကိုလည်း မသုံးခဲ့ချေ။
အလွန်စစ်မှန်သော အရှိန်အဟုန်နှင့် ခွန်အားကိုသာ အသုံးပြုကာ အရာအားလုံးကို အနိုင်ယူသွားခြင်း ဖြစ်၏။
တူညီသော ဆဋ္ဌမအဆင့် ဖြစ်သည့် ရှုတောင်တပည့် နှစ်ဦးသည် သူ၏ လက်အောက်တွင် ကစားစရာ အရုပ်များပမာ ဖြစ်နေကာ ထောင်းချေခံရပြီး ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။
"အာဏာကို အသုံးပြုပြီး သူတစ်ပါးကို အနိုင်ကျင့်တယ်…”
“အားနည်းတဲ့သူကို အနိုင်ကျင့်တယ် ဒီလို နာမည်ကြီး ဖြောင့်မတ်တဲ့ ဂိုဏ်းက မိစ္ဆာလမ်းစဉ်နဲ့ ဘာကွာတော့မှာလဲ…"
ကျန်းကျွီချွဲက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"မင်းတို့ရဲ့ ဆရာက ဘယ်သူလဲ ကျုပ် သူ့ကို သွားပြီး သေသေချာချာ စကားပြောကြည့်ရဦးမယ်…"
ထိုသို့ ပြောနေစဉ်မှာပင် တံခါးရွက်အရွယ် ဓားကြီးက နှစ်ချက်မျှ လွှဲရမ်းသွားပြန်၏။
ဘန်း... ဘန်း...
"ဟုတ်... ဟုတ်ကဲ့ပါ အကြီးအကဲ ကျွန်တော်တို့ မှားမှန်း သိပါပြီ…"
"အကြီးအကဲ... မရိုက်ပါနဲ့တော့…"
ထိုလူနှစ်ဦးသည် အော်ဟစ်ကာ တောင်းပန်နေကြတော့သည်။
ယခုအချိန်တွင် ကျန်းကျွီချွဲက သူတို့၏ဆရာကို ရှာချင်နေသည်သာမက သူတို့ကိုယ်တိုင်ကလည်း သူတို့၏ဆရာ မြန်မြန်ပေါ်လာပြီး ဤဒုက္ခတွင်းထဲမှ ကယ်တင်ပေးရန် ဆုတောင်းနေမိကြလေပြီ။
တစ်ချိန်တည်းမှာပင် ချန်လင်းထုံသည်လည်း တိတ်ဆိတ်စွာ နောက်သို့ ဆုတ်ခွာသွား၏။
လစ်ပြေးရန် ကြံစည်နေခြင်းပင်။
သို့သော် ထိုနှလုံးနာစရာ ချူလျန်က ရုတ်တရက် ပေါ်လာကာ သူ၏ လမ်းကို ပိတ်ရပ်လိုက်တော့သည်။
ချန်လင်းထုံက သူ့ကို ကြောက်ရွံ့စွာ စိုက်ကြည့်လိုက်ပြီးနောက် အော်ပြောလိုက်၏။
"မင်း... မင်း ဘာလုပ်မလို့လဲ… ငါ့ဘိုးဘေးက အဂ္ဂိရတ်အကြီးအကဲနော်... ငါ... ငါက ကလေးပဲ ရှိသေးတယ်…”
“မင်း ငါ့ကို ရိုက်လို့ မရဘူး…"
"ကျုပ်က သဘာဝကျကျပဲ မင်းကို မရိုက်ပါဘူး…"
ချူလျန်က ပြုံးကာ ပြောလိုက်ပြီး တစ်ချိန်တည်းမှာပင် လက်ဖျောက်တစ်ချက်ကို ညင်သာစွာ တီးလိုက်သည်။
"ဒါပေမဲ့ မင်းက ကျုပ်ရဲ့ ငွေဓားတောင်ထွတ်ကို ကျူးကျော်လာတာဆိုတော့ ကျုပ်တို့အိမ်က တံခါးစောင့်ဟောက်က ကလေးလေးတွေကို မသိတတ်ဘူးနော်…"
ဖြောင်း...
ရွှေမွေးဟူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက ဘေးတစ်ဖက်မှ ခုန်ထွက်လာပြီး လက်သည်းတစ်ဖက်ကို မြှောက်ကာ ရိုက်ချလိုက်တော့သည်။
ဘန်း...
ဆိုးသွမ်းသော ကလေးငယ်သည် "အား..." ဟူသော အော်ဟစ်သံနှင့်အတူ အမြင့်သို့ မြောက်တက်သွားကာ ပေပေါင်းများစွာ အကွာသို့ ပြုတ်ကျသွားလေသည်။
ချူလျန်သည် လက်ကို နဖူးပေါ်တင်ကာ အဝေးသို့ လှမ်းကြည့်လိုက်၏။
"အမြင့်တော့ ရောက်သားပဲ ဒါပေမဲ့ ပိုင်ဇယ်လေးနဲ့ ယှဉ်ရင်တော့ နည်းနည်းလေး လိုသေးတယ် နောက်တစ်ကြိမ် ကြိုးစားကြည့်ဦးပေါ့…"
...
အချိန်အနည်းငယ် ကြာပြီးနောက် ကျန်းကျွီချွဲသည် သတိလစ်နေသော အဂ္ဂိရတ်ခန်းမဆောင်မှ တပည့်နှစ်ဦးကို ဆွဲမကာ အင်မော်တယ် တက်လှမ်းတောင်ထွတ်ဆီသို့ တိုက်ရိုက် ထွက်ခွာသွားလေသည်။
သူသည် ထိုတပည့်နှစ်ဦးကို အဂ္ဂိရတ်အကြီးအကဲရှေ့သို့ ခေါ်ဆောင်သွားပြီး မည်ကဲ့သို့ ဆုံးမပညာပေးမည်ကို သွားကြည့်မည် ဖြစ်သည်။
ဤနေရာက ရှုတောင်၏ ပိုင်နက်ဖြစ်နေပြီး သူ၏ အဆင့်အတန်းကလည်း အဂ္ဂိရတ်အကြီးအကဲထက် အနည်းငယ် နိမ့်ကျနေသော်လည်း ကိစ္စမရှိပေ။
သိုင်းသူရဲကောင်းကျန်းသည် ဤနှစ်များတစ်လျှောက် သိုင်းလောကတွင် လျှောက်လှမ်းရာ၌ အကြောင်းပြချက် ခိုင်လုံမှုအပေါ် မှီခိုကာ တစ်ကမ္ဘာလုံးကို အနိုင်ယူလာခဲ့ခြင်း ဖြစ်၏။
လီဖူကျန့်က သူ၏ဆရာနောက်သို့ လိုက်သွားကာ အားဖြည့်ပေးခဲ့ပြီး ယွင်ကျောက်ရှန်းကမူ ငွေဓားတောင်ထွတ်တွင် ကျန်ရစ်ခဲ့ကာ ချူလျန်နှင့်အတူ အချိန်အနည်းငယ် နေခဲ့လေသည်။
"အစ်ကိုချူ... ပြီးခဲ့တဲ့တစ်ခေါက် ထျန်းကန်းဂိုဏ်းကို ပြန်ရောက်ပြီးတဲ့နောက် ခင်ဗျားရဲ့ အဲဒီ 'အုတ်ခဲတိုက်ခိုက်ရေးသိုင်း' ကို ကျွန်တော် ထပ်ပြီး စဉ်းစားကြည့်တော့ နည်းလမ်းအသစ်တစ်ခုကို တွေးမိသွားတယ်…"
သူက ပြောလိုက်သည်။
"အိုး... အစ်ကိုယွင် ပြောကြည့်ပါဦး…"
ချူလျန်က ချက်ချင်းပင် ပြောလိုက်၏။
ယွင်ကျောက်ရှန်းက အလေးအနက် ခွဲခြမ်းစိတ်ဖြာကာ ပြောလိုက်သည်။
"အုတ်ခဲဆိုတဲ့ လက်နက်က အဓိက အားသာချက် နှစ်ခုရှိတယ်… ပထမတစ်ချက်က နေရာတိုင်းမှာ အလွယ်တကူ ရနိုင်တာပဲ၊ ဒါပေမဲ့ ဒါက ခင်ဗျားအတွက် သိပ်တော့ အသုံးမဝင်ဘူး…”
“ ဒုတိယတစ်ချက်ကတော့ အရွယ်အစား သေးငယ်ပြီး တိုက်ခိုက်တဲ့နေရာမှာ လျှို့ဝှက်ထားလို့ ရတာကြောင့် သတိထားမိဖို့ မလွယ်ကူတာပဲ…"
ချူလျန်က ခေါင်းညိတ်လိုက်လေသည်။
အနီးကပ် တိုက်ခိုက်ရေးနှင့် ပတ်သက်လာလျှင် ယွင်ကျောက်ရှန်းက ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပေသည်။
သူသည် ထိုအချက်ကို အကြိမ်ရေများစွာ အသုံးချကာ ရန်သူ၏ အာရုံစိုက်မှုကို အနည်းငယ် ပြောင်းလဲသွားစေပြီးနောက် မိစ္ဆာဖော်ရွှေအုတ်ခဲကို အသုံးပြုကာ ရုတ်တရက် တိုက်ခိုက်လေ့ရှိ၏။
"ဒါကြောင့် အနီးကပ် အုတ်ခဲတိုက်ခိုက်ရေးသိုင်းအပြင် ဒါကို လျှို့ဝှက်လက်နက်အဖြစ်လည်း သုံးလို့ရမယ်လို့ ထင်တယ်…"
ယွင်ကျောက်ရှန်းက ဆက်ပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားကို ဒီလို အလေးချိန်စီးတဲ့ လျှို့ဝှက်လက်နက် ပစ်လွှတ်တဲ့ နည်းစနစ်တချို့ သင်ပေးလို့ရတယ်…"
"ဒါဆို အရမ်းကောင်းတာပေါ့…"
ချူလျန်က ပြုံးကာ ပြောလိုက်၏။
ဤအဆင့်ရှိ သိုင်းပညာရှင်များအတွက် လျှို့ဝှက်လက်နက်ဆိုသည်မှာ အကြမ်းပတမ်း ခွန်အားကို အသုံးပြု၍ ပစ်ပေါက်လိုက်ရုံမျှသာ မဟုတ်ဘဲ အလွန် နက်နဲလှသော အတွင်းအား အသုံးပြုမှု နည်းစနစ်များ ပါဝင်နေပေသည်။