← Chapters

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း ၂၀၂

Vol. 21 Ch. 202

အခန်း (၂၀၂) - ဆရာ... အခုမှပဲ ပြန်လာတော့တယ် (၂)

သိုင်းပညာရှင်များသည် အဝေးပစ် တိုက်ခိုက်မှုအပိုင်းတွင် အနည်းငယ် အားနည်းချက် ရှိသောကြောင့် အချို့သော သိုင်းပညာရှင်များသည် ထိုအားနည်းချက်ကို ကာကွယ်ရန် လျှို့ဝှက်လက်နက်များကို အသုံးပြုလေ့ရှိကြသည်။

သူတို့၏ လက်ထဲမှ ပစ်လွှတ်လိုက်သော လျှို့ဝှက်လက်နက်များ၏ အရှိန်အဟုန်မှာ အလွန်တရာ မြန်ဆန်လှ၏။

ယင်းနှင့် နှိုင်းယှဉ်လျှင် ကျင့်ကြံသူများ၏ ပစ္စည်းများကို ထိန်းချုပ်သည့် အင်မော်တယ်မန္တန်မှာ အားပါမှုပိုင်းတွင် အတော်လေး လျော့နည်းနေပေသည်။

ထို့နောက် ယွင်ကျောက်ရှန်းက ချူလျန်အား လျှို့ဝှက်လက်နက် နည်းစနစ်များကို ရှင်းပြသင်ကြားပေးခဲ့ပြီး အဓိကအားဖြင့် "အား" နှင့် "ချီ" တို့ကို အသုံးပြုပုံ ဖြစ်သည်။

ချူလျန်သည် ယခင်က သစ်ရွက်ပျံ ဓားသွား၏ ပျံသန်းမှု လမ်းကြောင်းကို လေ့လာခဲ့ဖူးသဖြင့် အတွေ့အကြုံ အနည်းငယ် ရှိနေခဲ့ကာ အလွန် လျင်မြန်စွာ သင်ယူနိုင်ခဲ့လေသည်။

နာရီဝက်ပင် မပြည့်မီ အချိန်အတွင်း သူသည် ပေတစ်ရာအတွင်း လိုရာကို ချိန်ရွယ်ပစ်ခတ်နိုင်သည့် အဆင့်အထိ လေ့ကျင့်နိုင်ခဲ့လေပြီ။

လျှို့ဝှက်လက်နက် ပစ်လွှတ်ခြင်းသည် ရိုးရှင်းသော ပစ္စည်းထိန်းချုပ်မှုနှင့် နှိုင်းယှဉ်ပါက တိကျမှုအပိုင်းတွင် အတော်လေး ကွာခြားသော်လည်း အားပါမှုပိုင်းတွင် အဆပေါင်းများစွာ ပိုကြီးမားပေသည်။

အကယ်၍ လုံးဝ တိကျအောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် အတော်လေးကို ကြောက်မက်ဖွယ် ကောင်းနေမည် ဖြစ်၏။

နောင်တွင် သူ၏ အုတ်ခဲတိုက်ခိုက်ရေးသိုင်းထဲ၌ ပျံသန်းနေသော အုတ်ခဲ၏ သိုင်းကွက်တစ်ခုကို တရားဝင် ထည့်သွင်းနိုင်တော့မည် ဖြစ်သည်။

ယွင်ကျောက်ရှန်းသည် ကြည့်ရင်းဖြင့် မနေနိုင်ဘဲ ချီးကျူးလိုက်သည်။

"အစ်ကိုချူ... ခင်ဗျားမှာ တကယ်ပဲ သိုင်းပညာ ပါရမီရှိတာပဲ…”

“ အကယ်လို့ နောင်တစ်ချိန်မှာ ခင်ဗျားက ချီသန့်စင်ခြင်း လမ်းစဉ်မှာ ဆဋ္ဌမအဆင့်ကို မကျော်ဖြတ်နိုင်ရင် ကျွန်တော်တို့ ထျန်းကန်းဂိုဏ်းကို ပြောင်းလာခဲ့လိုက်ပါ…”

“ ခင်ဗျားမှာ သိုင်းလမ်းစဉ်ကို ဝင်ရောက်နိုင်တဲ့ အလားအလာ အပြည့်အဝ ရှိတယ်…"

"ဟားဟား... အစ်ကိုယွင်က မြှောက်ပြောနေပါပြီ"

ချူလျန်က နှိမ့်ချစွာ ပြုံးရင်း ပြောလိုက်၏။

တစ်နေ့နေ့တွင် သိုင်းလမ်းစဉ်ကို ပြောင်းလဲကျင့်ကြံရမည် ဆိုလျှင်ပင် သူသည် ထျန်းကန်းဂိုဏ်းသို့ ဝင်ရောက်ရန် စဉ်းစားမည် မဟုတ်ချေ... သူတို့၏ ပင်ကိုယ်စရိုက်များက သိပ်ပြီး ကိုက်ညီမှု မရှိလှဟုသာ ပြောရမည် ဖြစ်သည်။

"အစ်ကိုယွင်က ဒီတစ်ခေါက် အကြီးအကဲကျန်းကို ရှင်းပြပေးတဲ့အပြင် လျှို့ဝှက်လက်နက် နည်းစနစ်တွေကိုပါ အပင်ပန်းခံ သင်ပေးသေးတယ်ဆိုတော့ ကျေးဇူးအများကြီး တင်ပါတယ်…”

“ ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတော့ပါဘူးဗျာ"

ချူလျန်က ရင်ထဲမှလှိုက်လှဲစွာ ပြောလိုက်သည်။

ယွင်ကျောက်ရှန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏。

"ဟေ့... ကျွန်တော်တို့က သူငယ်ချင်းတွေပဲလေ… ပြီးတော့ ခင်ဗျား ကိုယ်တိုင်က ဖြောင့်ဖြောင့်မတ်မတ် မနေဘူးဆိုရင် ကျွန်တော်ကလည်း ရှင်းပြပေးလို့ ရမှာမဟုတ်ဘူး”

“ အရင်တစ်ခေါက်ကလည်း ခင်ဗျား ကျွန်တော့်ကို အကူအညီ အများကြီး ပေးခဲ့သေးတာပဲ…”

“ နတ်ဆိုးမျိုးနွယ်စုရဲ့ တမန်တော်ကို သတ်ဖြတ်နိုင်ခဲ့တဲ့ ကိစ္စကြောင့် ဂိုဏ်းထဲမှာ ကျွန်တော့်ရဲ့ အဆင့်အတန်းက ထပ်ပြီး တက်လာခဲ့တယ်ဗျ"

"အခု ကျွန်တော်တို့ အဓိကတပည့် လေးယောက်ထဲမှာ ဂိုဏ်းတူအစ်ကိုကြီးကလွဲရင် ကျွန်တော့်ရှေ့မှာ ဘယ်သူမှ မရှိတော့ဘူး…"

ယွင်ကျောက်ရှန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရင်း ဆက်ပြောလိုက်သည်။

"ပြီးတော့ ကျွန်တော့် ဂိုဏ်းတူအစ်ကိုကြီးရဲ့ ဉာဏ်ပညာက ကျွန်တော့်ထက် အများကြီး နိမ့်ကျနေတော့ ထျန်းကန်းဂိုဏ်းမှာ ကျွန်တော့်ရဲ့ အနာဂတ်က အတော်လေးကို တောက်ပနေပါတယ်…"

သူပြောသော ဂိုဏ်းတူအစ်ကိုကြီး ဆိုသည်မှာ ယခုမျိုးဆက်ရှိ အဓိကတပည့် လေးဦးထဲတွင် အကျော်ကြားဆုံး ဖြစ်သော ရန်ဟုန်တောင်းပင် ဖြစ်သည်။

ထိုလူနှစ်ဦးနှင့် လီဖူကျန့် ပြီးလျှင် လှံလေ့ကျင့်သူ တစ်ဦးတို့ ပေါင်းလိုက်ပါက ထျန်းကန်းဂိုဏ်း၏ အနာဂတ်ပင် ဖြစ်တော့၏။

"ဒါဆို အရမ်းကောင်းတာပေါ့…"

ချူလျန်က ချီးကျူးလိုက်လေသည်။

အစကတော့ ယွင်ကျောက်ရှန်းက သူ၏ ဂိုဏ်းထဲတွင် ဉာဏ်ပညာ အထက်မြက်ဆုံး ဖြစ်သည်ဟု ပြောခဲ့ချိန်က သူ ကြွားလုံးထုတ်နေသည်ဟုသာ ထင်ခဲ့မိသည်။

သို့သော် လီဖူကျန့်ကို မြင်တွေ့ပြီးနောက်တွင်မူ ချူလျန်သည် ထိုသို့ ဖြစ်နိုင်ခြေ မရှိခြင်း မဟုတ်ဟု ရုတ်တရက် တွေးလိုက်မိတော့၏။

အချိန်အနည်းငယ် ကြာပြီးနောက် ကျန်းကျွီချွဲသည် လီဖူကျန့်ကို ခေါ်ကာ ပြန်ရောက်လာလေသည်။

သူက အဂ္ဂိရတ်အကြီးအကဲနှင့် စကားပြောပြီးပြီ ဖြစ်ကြောင်း အဂ္ဂိရတ်အကြီးအကဲက နောင်တွင် သူ၏ တပည့်များနှင့် မြေးဖြစ်သူကို သေချာ ကြပ်မတ်မည်ဟု ကတိပေးခဲ့သဖြင့် သူက လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောပြလေသည်။

ချူလျန်သည်လည်း ထပ်မံ၍ ကျေးဇူးတင်စကား ဆိုလိုက်၏။

ကိစ္စများ ပြီးစီးသွားပြီ ဖြစ်သဖြင့် ကျန်းကျွီချွဲသည် မျိုးဆက်သစ် လူငယ်နှစ်ဦးကို ခေါ်ကာ ထျန်းကန်းဂိုဏ်းသို့ ပြန်သွားတော့သည်။

မထွက်ခွာမီ ယွင်ကျောက်ရှန်းသည် ရှုတောင်ထိပ်သီးအစည်းအဝေး ကျင်းပချိန်တွင် လာရောက် ကြည့်ရှုမည်ဟု ချူလျန်နှင့် ချိန်းဆိုခဲ့လေသည်။

...

သူတို့ကို လိုက်ပို့ပြီးနောက် ငွေဓားတောင်ထွတ်သည် ချက်ချင်းပင် တိတ်ဆိတ်သွားတော့၏။

ဤကိစ္စသည် အဂ္ဂိရတ်အကြီးအကဲထံ ရောက်ရှိသွားပြီ ဖြစ်သဖြင့် တစ်စုံတစ်ယောက်က လာရောက် ကလဲ့စားချေမည်ကို ချူလျန် စိုးရိမ်မနေတော့ချေ။

အကြောင်းမှာ အဂ္ဂိရတ်အကြီးအကဲက လာရောက် ကလဲ့စားချေလိုလျှင်ပင် သူ၏ဆရာ ပြန်လာမည့် အချိန်ကို စောင့်ဆိုင်းမည်မှာ သေချာပြီး သူကဲ့သို့သော တပည့်ငယ်လေး တစ်ဦးကို အခက်တွေ့အောင် လုပ်မည် မဟုတ်သောကြောင့်ပင်။

ထိုသို့ တွေးနေစဉ်မှာပင် အနောက်တောင်ဘက်မှ မီးရောင်တန်းတစ်ခုသည် ဤနေရာဆီသို့ တိုက်ရိုက် ပျံသန်းလာသည်ကို မြင်လိုက်ရသည်။

ချူလျန်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ချက်ချင်း လက်ဝှေ့ယမ်းကာ ရွှေမွေးဟူကို လှမ်းခေါ်လိုက်၏။

"ဒီကို လာခဲ့…"

ရွှေမွေးဟူ၏ ဒဏ်ရာများသည် တစ်ရက်မျှသာ ကြာသေးသော်လည်း အတော်လေး သက်သာနေပြီ ဖြစ်ကာ ပတ်တီးများပင် ဖြုတ်ထားပြီး ဖြစ်သည်။

ယခုအခါ ချူလျန်က မျက်စိလျင်လက်မြန်စွာဖြင့် ၎င်း၏ ခေါင်းကြီးပေါ်သို့ ပတ်တီးများကို အမြန် ပြန်စီးပေးလိုက်လေသည်။

ဝုန်း...

ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာ၏။

ဤကဲ့သို့ လောလောလောလော ဖြစ်နေသော အနေအထားသည် တိနွီဖုန့် အိမ်ပြန်ရောက်လာခြင်းပင် ဖြစ်တော့သည်။

သူမ၏ မျက်နှာအမူအရာက သိပ်တော့ ပျော်ရွှင်နေပုံ မပေါ်ချေ။

ရှုတောင်မှ စွမ်းအားကြီးမားသူ သုံးဦးသည် မကောင်းဆိုးဝါး တောင်တန်းသို့ အလျင်အမြန် သွားရောက်ခဲ့ကြပြီး ထိုနေရာရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများသည် အရပ်လေးမျက်နှာသို့ ထွက်ပြေးသွားကြကာ ပတ်ဝန်းကျင် တစ်ခုလုံး အကြီးအကျယ် ဖျက်ဆီးခံထားရသည်ကို တွေ့ရှိခဲ့ကြရသည်။

ရှုတောင်သာမက အခြားသော အင်မော်တယ် ဂိုဏ်းများကလည်း သတိထားမိခဲ့ကြပြီး လာရောက် စစ်ဆေးသူများပင် ရှိနေခဲ့လေပြီ။

ဤအရာအားလုံး ဖြစ်ပေါ်လာရသည့် အကြောင်းရင်းမှာ ပြီးခဲ့သည့်ရက်က သားရဲကြီး ထောင်ဝူ ထွက်ပေါ်လာခဲ့ခြင်းကြောင့်ပင်။

ထိုမကောင်းဆိုးဝါး တောင်တန်း၏ အနက်ရှိုင်းဆုံး နေရာတွင် တောင်ထဲရှိ သားရဲများအားလုံးကို ဖိနှိပ်ထားသော သားရဲဘုရင်ကြီးမှာ ဒဏ္ဍာရီထဲမှ ထောင်ဝူ ဖြစ်သည်။

မကြာသေးမီက ထောင်ဝူသည် မကောင်းဆိုးဝါး တောင်တန်းမှ ထွက်ခွာသွားခဲ့ပြီး မည်သည့်နေရာသို့ သွားသည်မှာ ပဟေဠိ တစ်ခု ဖြစ်နေခဲ့၏။

စုံစမ်းတွေ့ရှိရသော ဤရလဒ်သည် သိပ်ကောင်းလှသည်ဟု မဆိုသာချေ။

စွမ်းအားကြီးမားသူ သုံးဦးသည် ထိုနေရာတွင် ပြန့်ကျဲနေသော သားရဲများကို နှစ်ရက်တိုင်တိုင် ကူညီရှင်းလင်းပေးခဲ့ရသဖြင့် အလွန် အလုပ်များနေခဲ့ကြပြီး တိနွီဖုန့်၏ စိတ်အခြေအနေမှာ သဘာဝကျစွာပင် သာမန်မျှသာ ဖြစ်နေတော့သည်။

ငွေဓားတောင်ထွတ်သို့ ပြန်ရောက်ရောက်ချင်းပင် ခေါင်းတွင် ပတ်တီးစီးထားသော ရွှေမွေးဟူကို ခေါ်ကာ မတရားခံထားရသည့် မျက်နှာအမူအရာဖြင့် လျှောက်လာသော ချူလျန်ကို မြင်လိုက်ရလေသည်။

တိနွီဖုန့်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"ဘာဖြစ်လာတာလဲ…"

"ဆရာ... အခုမှပဲ ပြန်လာတော့တယ်..."

ချူလျန်က သနားစဖွယ် အသံဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့အိမ်က ရွှေမွေးဟူ အနိုင်ကျင့်ခံလိုက်ရပြီ…"

All Chapters