အခန်း ၂၀၃
Vol. 21 Ch. 203
အခန်း (၂၀၃) - သား နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး
"ဟာ..."
တိနွီဖုန့် အလွန်တရာ အံ့အားသင့်သွားလေသည်။
သူမသည် ရွှေမွေးဟူကို အံ့သြတကြီး ကြည့်လိုက်ရင်း မေးလိုက်၏။
"ဘယ်တိရစ္ဆာန်ကများ ရွှေမွေးဟူကို အနိုင်ကျင့်ရက်တာလဲ…”
“ ဒါပေမဲ့... ငါတို့ရဲ့ ဟူက အထီးမဟုတ်ဘူးလား.. ဒါက..."
သူမကိုယ်သူမ ရှုတောင်ဂိုဏ်းတွင် သာမန်မဟုတ်သော အရူးအနှမ်းဆုံးစာရင်းဝင်ဟု အမြဲမှတ်ယူထားသော်လည်း ယခုကိစ္စကမူ သူမ၏ ခံယူချက်ကိုပင် ရိုက်ခတ်သွားစေလောက်အောင် အလွန်အမင်း လွန်ကျူးလွန်းနေသည်ဟု ခံစားလိုက်ရသည်။
"အဲဒီလို အနိုင်ကျင့်ခံရတာ မဟုတ်ဘူးဗျ…"
ချူလျန်က ကပျာကယာ ရှင်းပြလိုက်သည်။
"လွန်ခဲ့တဲ့ရက်က အဂ္ဂိရတ်အကြီးအကဲရဲ့ မြစ်လေးကလေ..."
ထို့နောက် သူသည် ရွှေမွေးဟူအား ချန်လင်းထုံက ခဲဖြင့်ပေါက်ခဲ့ပုံ လျိုချင်းက ကြာပွတ်ဖြင့် ရိုက်နှက်ခဲ့ပုံနှင့် နောက်ပိုင်းတွင် အဂ္ဂိရတ်ခန်းမဆောင်မှ တပည့်များက အိမ်တိုင်ရာရောက် ကလဲ့စားချေရန် လာရောက်ခဲ့သော်လည်း ထျန်းကန်းဂိုဏ်းမှ စီနီယာအကြီးအကဲကျန်း ရှိနေခဲ့သောကြောင့်သာ ဘေးမှ ကင်းလွတ်ခဲ့ရပုံ စသည့် ကြုံတွေ့ခဲ့ရသော မတရားခံရမှု အဖြစ်အပျက်များအားလုံးကို တစ်ခုမကျန် ပြောပြလိုက်လေ၏။
"အကယ်၍ စီနီယာအကြီးအကဲကျန်းသာ ဝင်မကူညီခဲ့ဘူးဆိုရင်လေ... ဆရာ... တပည့်က ဆရာ့ကို ပြန်တွေ့နိုင်ပါ့မလားတောင် မသိတော့ပါဘူးဗျာ…"
ခံစားချက်အပြည့်ဖြင့် ပြောဆိုနေစဉ် ချူလျန်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပေသည်။
"သောက်ကျိုးနည်း..."
အကြောင်းစုံကို နားထောင်ပြီးသွားသောအခါ တိနွီဖုန့်သည် ဒေါသကြောင့် ဆံပင်များပင် ထောင်ထသွားတော့သည်။
"အဲဒီ အဖိုးကြီးက အရမ်းဆိုးတဲ့ မြစ်တစ်ယောက် မွေးထားတယ်လို့ အရင်က ကြားဖူးတယ်… သူ့ကို သေချာ စည်းကမ်းမသင်ပေးရင် အနာဂတ်မှာ ရှုတောင်ဂိုဏ်းရဲ့ အကြီးမားဆုံးဘေးဒုက္ခ ဆိုတဲ့ နာမည်က သူ့အတွက် ဖြစ်မသွားနိုင်ဘူးလား…"
'ဆရာ့ရဲ့ ဒေါသက ဂုဏ်ပုဒ်ကို အလုခံရမယ့် အန္တရာယ်ကြောင့် ဖြစ်ပေါ်လာတာလား…'
ချူလျန်က စိတ်ထဲမှ တီးတိုးရေရွတ်လိုက်ပြီးနောက် မေးလိုက်၏။
"ဆရာ... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲဟင်.."
"ဘယ်လိုလုပ်ရမလဲ ဟုတ်လား.."
တိနွီဖုန့်က သူ့ကို ထူးဆန်းသကဲ့သို့ ကြည့်လိုက်သည်။
"မင်းက ငါနဲ့ အလုပ်တွဲလုပ်တာ ပထမဆုံးအကြိမ်မှ မဟုတ်တာ…”
“ လုပ်ရိုးလုပ်စဉ်တွေကို မရင်းနှီးသေးဘူးလား…"
"ဒါပေမဲ့ သူက အဂ္ဂိရတ်အကြီးအကဲနော်.."
ချူလျန်က ပြောလိုက်၏။
တိနွီဖုန့်က လက်ကာပြလိုက်သည်။
"ဆရာက မင်းအတွက် တရားမျှတမှု ရှာပေးနိုင်မလား ဆိုတာကိုသာ စောင့်ကြည့်နေလိုက်စမ်းပါ…"
...
"ဆရာ... ကျွန်တော်တို့အတွက် တရားမျှတမှု ရှာပေးရပါမယ်နော်.."
အဂ္ဂိရတ်ခန်းမဆောင် တတိယထပ်ရှိ အစည်းအဝေးခန်းမအတွင်း၌ လျိုချင်းနှင့် လုရွှင်တို့သည် ဒူးထောက်ကာ အော်ဟစ်ငိုယိုနေကြသည်။
သူတို့သည် မကြာသေးမီကမှ ကျန်းကျွီးချွဲ၏ ရက်ရက်စက်စက် ရိုက်နှက်မှုကို ခံခဲ့ရပြီးနောက် အဂ္ဂိရတ်အကြီးအကဲရှေ့သို့ ဆွဲခေါ်ခံရကာ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခံခဲ့ရသည်။
ရရှိခဲ့သော ဒဏ်ရာများက မပြင်းထန်လှသော်လည်း သတင်းများသာ ပြန့်နှံ့သွားပါက သူတို့၏ ဂုဏ်သိက္ခာနှင့် မျက်နှာသည် ပြင်းထန်စွာ ထိခိုက်ရတော့မည်ဖြစ်ရာ စိတ်ထဲတွင် အလွန်ပင် ခံပြင်းနေကြပေသည်။
ချန်လင်းထုံကလည်း အဂ္ဂိရတ်အကြီးအကဲ၏ ခြေထောက်ကို ဖက်ကာ အသံကုန် အော်ဟစ်ငိုယိုနေလေ၏။
"ဘိုးဘိုးကြီး... သားအရမ်းနာတာပဲ…”
“ အဲဒီ ချူလျန်က သားကို ဘယ်လောက်တောင် အနိုင်ကျင့်ခဲ့လဲဆိုတာ ဘိုးဘိုးကြီးမှ မသိတာ..”
“ သူက ဝိညာဉ်သားရဲကို ခိုင်းပြီး သားကို ကောင်းကင်ပေါ်ရောက်အောင် ရိုက်ခိုင်းတာ... အဲဒါ နှစ်ခါတောင်မှနော်..."
အဂ္ဂိရတ်အကြီးအကဲသည် ခန်းမဆောင်အတွင်း ထိုင်နေရင်း မျက်နှာထားမှာ ရေခဲကဲ့သို့ အေးစက်နေလေသည်။
သူ့လို အဆင့်အတန်းမျိုးရှိသည့်လူကို ကျန်းကျွီးချွဲက မျက်နှာတစ်စက်လေးမှ မထောက်ထားဘဲ တပည့်များနှင့် မြစ်ဖြစ်သူကို ဤနေရာအထိ တိုက်ရိုက်ဆွဲခေါ်လာကာ သူ၏ မျက်နှာရှေ့တွင်ပင် သင်ခန်းစာပေးရန် ဖိအားပေးခဲ့ပြီး မဆုံးမရမချင်း ပြန်မထွက်သွားခဲ့ပေ။
ထို့ကြောင့် သူသည် အလွန်အမင်း ဒေါသထွက်နေမိသည်မှာ သဘာဝပင်။
သို့ရာတွင် သူ တတ်နိုင်သည်ကလည်း ဘာမှမရှိချေ။ ပထမအချက်အနေဖြင့် ကျန်းကျွီးချွဲ၏ နောက်ခံက ထျန်းကန်းဂိုဏ်းဖြစ်သည်။
ထျန်းကန်းဂိုဏ်းသည်လည်း 'မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်း' ထဲတွင် ပါဝင်ပြီး 'ကမ္ဘာမြေ ရတနာတစ်သောင်း မှတ်တမ်း' ၌ အဆင့်(၇)ရှိသော ရွှမ်ဟွမ်စစ်ဝတ်တန်ဆာကို ပိုင်ဆိုင်ထားကာ ရှုတောင်ဂိုဏ်းထက်ပင် ပို၍ အင်အားကြီးမားပေသည်။
ဒုတိယအချက်မှာ တစ်ဖက်လူက အမှန်တကယ်ပင် အကြောင်းပြချက် ခိုင်လုံနေခြင်းဖြစ်သည်။
သူ၏ ကိုယ်ပိုင်မြစ်ဖြစ်သူက ဆိုးသွမ်းနေခြင်းနှင့် သူ၏ တပည့်များက တစ်ဖက်လူ၏ တံခါးဝအထိ သွားရောက်ရန်စရာတွင် ဖမ်းမိခံရခြင်းတို့သည် ငြင်းဆို၍မရသော အမှန်တရားများပင်။
သူကိုယ်တိုင်က ဝိညာဉ်သားရဲကို နှစ်ချက်ခန့် ပေါက်မိရုံမျှဖြင့် ကြီးကျယ်သောကိစ္စဟု မထင်မှတ်သော်လည်း ပြဿနာ၏ အစအဖြစ် တစ်ဖက်လူက အပြစ်ရှာ ဖမ်းဆုပ်ထားသောကြောင့် သူသည် ခေါင်းမာမာဖြင့် ငြင်းဆန်နိုင်စွမ်း မရှိခဲ့ပေ။
ထို့ကြောင့် သူသည် ကျန်းကျွီးချွဲ၏ မျက်နှာရှေ့တွင် မျိုးဆက်သစ်လူငယ်များအား ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းပြလိုက်ရပြီး ဤအရေးကြီးပုဂ္ဂိုလ်ကို မြန်မြန်ဆန်ဆန် ထွက်သွားစေရန် ပြုလုပ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ချေ။
ထို့နောက်မှသာ တံခါးပိတ်၍ ဆက်လက်ဆွေးနွေးရတော့သည်။
ထို အသုံးမကျသော တပည့်နှစ်ယောက် မည်သို့ပင် အော်ဟစ်ငိုယိုနေပါစေ သူ လုံးဝ ဂရုစိုက်မည်မဟုတ်သော်လည်း မြစ်လေး ငိုယိုနေသည်ကို မြင်သောအခါတွင်မူ သူသည် စိတ်မကောင်းဖြစ်ရသည်ကို ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။
သူ၏ မြေးနှင့် မြေးချွေးမတို့ နှစ်ဦးလုံးသည် ရှုတောင်ဂိုဏ်းအတွက် အသက်ပေးလှူသွားခဲ့ကြပြီးနောက် ချန်လင်းထုံဟူသော သွေးသားတစ်ဆက်တည်းသာ ကျန်ရစ်ခဲ့သည်။
ဤကလေးငယ်လေးသည် အလွန်အမင်း ထက်မြက်သွက်လက်ကာ အမြဲတစေ သူ၏ နှလုံးသည်းပွတ်လေးသဖွယ် ဖြစ်နေခဲ့၏။
ငယ်စဉ်ကတည်းက လက်ဖျားနှင့်ပင် မတို့ရက်အောင် ယုယထားရသော မိမိ၏ ကလေးငယ်လေးသည် အပြင်ဘက်တွင် ဤမျှ ရက်ရက်စက်စက် အရိုက်ခံခဲ့ရသည်ဖြစ်ရာ အဂ္ဂိရတ်အကြီးအကဲသည် သဘာဝကျစွာပင် ဒေါသထွက်မိလေသည်။
သို့သော် ထိုချူလျန်သည် တိနွီဖုန့်၏ တပည့်ဖြစ်နေသည်ကို တွေးမိသောအခါ ဤကိစ္စမှာ အနည်းငယ် ခေါင်းခဲစရာ ဖြစ်လာပေသည်။
ထိုမိန်းမက သူ့ကို မျက်နှာတစ်စက်လေးမှ ထောက်ထားပေးမည် မဟုတ်ပေ။
"တော်တော့.. မငိုကြနဲ့တော့"
အဂ္ဂိရတ်အကြီးအကဲက ရုတ်တရက် အော်ဟစ်လိုက်သည်။
တပည့်နှစ်ယောက်မှာ ချက်ချင်း အသံတိတ်သွားကြပြီး ဆက်၍ မငိုရဲတော့ချေ။
ချန်လင်းထုံလည်း အနည်းငယ် ကြောင်အသွား၏။
အဂ္ဂိရတ်အကြီးအကဲက ဆိုးသွမ်းနေသော ထိုကလေးငယ်၏ ခေါင်းလေးကို ချက်ချင်း ဖက်ထားလိုက်ပြီး ပြောလိုက်သည်။
"ထုံလေးလည်း မငိုနဲ့တော့နော်… ဘိုးဘိုးကြီးက သားကို လုံးဝ အနိုင်ကျင့်မခံစေရဘူး…"
"ဒါဆို ဘိုးဘိုးကြီးက သားကိုယ်စား သူ့ကို ပြန်ရိုက်ပေးမှာလား.."
ချန်လင်းထုံက ချက်ချင်း မေးလိုက်သည်။
"ဒါက..."
အဂ္ဂိရတ်အကြီးအကဲက အနည်းငယ် တွေဝေသွားပြီးနောက် ပြန်ဖြေလိုက်၏။
"ဘိုးဘိုးကြီးက လူကြီးဆိုတော့ သူ့ကို ကိုယ်ထိလက်ရောက် လုပ်လို့မကောင်းဘူးလေ…”
“ သူ့ဆရာ ပြန်လာတဲ့အထိ စောင့်ပြီးရင် ဘိုးဘိုးကြီးက သားကိုခေါ်ပြီး တရားမျှတမှုသွားတောင်းပေးမယ်…”
“ သူ့ကို မဖြစ်မနေ တောင်းပန်ခိုင်းမယ်လေ... ဟုတ်ပြီလား..."
"တောင်းပန်ရုံလေးပဲလား.. အနည်းဆုံးတော့ သူ့ကို သစ်ပင်ပေါ် ချိတ်ဆွဲခံရတဲ့အထိ ပြန်ရိုက်ရမှာပေါ့... အဲဒါတောင်မှ နှစ်ကြိမ်တောင်မှနော်.."
ချန်လင်းထုံသည် နှုတ်ခမ်းလေးကို ဆူလိုက်ရင်း ထပ်မံ၍ ငိုယိုတော့မည့်ဟန် ပြင်လိုက်ပြန်သည်။
အဂ္ဂိရတ်အကြီးအကဲလည်း အနည်းငယ် သက်ပြင်းချမိသွားသည်။
သူ၏ ရာထူးနှင့် အဆင့်အတန်းအရ မျိုးဆက်သစ်လူငယ်များကို ကိုယ်ထိလက်ရောက် ဆုံးမရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။
ထိုအချိန်တွင် လုရွှင်က မတ်တတ်ရပ်ကာ ပြောလိုက်၏။
"ဆရာ... ဒီကိစ္စကို ကျွန်တော်တို့ ညီအစ်ကိုတွေပဲ ဖြေရှင်းပါရစေ… ဒီတစ်ကြိမ်မှာ ကျွန်တော်တို့က ဆရာ့မျက်နှာကို အိုးမဲသုတ်ခဲ့မိတဲ့အတွက် အပြစ်ကို ချေဖျက်ဖို့ အခွင့်အရေးတစ်ခုလောက် လိုချင်ပါတယ်…”
“ တပည့်တွေကြားက ကိစ္စကို ကျွန်တော်တို့ဘာသာ ဖြေရှင်းဖို့ပဲ ခွင့်ပြုပေးပါဗျာ…"
သူသည် ဆရာဖြစ်သူ၏ အဆင့်အတန်းအရ အချို့သော ကိစ္စများကို ပြုလုပ်ရန် မသင့်တော်ကြောင်း ရိပ်စားမိသဖြင့် ဆရာ့ကို ကူညီဖြေရှင်းပေးရန် ကိုယ်တိုင် ဦးဆောင်တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အဂ္ဂိရတ်အကြီးအကဲက သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ဟစ်အော်လိုက်သည်။
"မင်းတို့နှစ်ယောက် အရင်ထွက်သွားကြစမ်း…"
လေသံက မကောင်းသော်လည်း ဤသည်မှာ ရှင်းလင်းစွာပင် တိတ်တဆိတ် ခွင့်ပြုလိုက်ခြင်း ဖြစ်ပေသည်။
လုရွှင်လည်း လျိုချင်းကို ကပျာကယာ ဆွဲကာ ခန်းမဆောင်ထဲမှ ထွက်လာခဲ့လေ၏။
...
နောက်တစ်စက္ကန့်တွင် အဂ္ဂိရတ်အကြီးအကဲ၏ မျက်နှာအမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားသည်။
သူသည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး မြစ်ငယ်လေးကို သူ၏ နောက်ကျောတွင် ကွယ်ထားလိုက်လေသည်။
ဝုန်း... ဝုန်း...
ကျယ်လောင်သော အသံနှစ်သံ ထွက်ပေါ်လာသည်။
တံခါးဝမှ ယခုလေးတင် ထွက်သွားသော လျိုချင်းမှာ မိုးကြိုးပစ်ချလိုက်သည့် အဟုန်ကဲ့သို့ အလျင်အမြန် ပြန်လွင့်စင်လာပြီး နံရံပေါ်သို့ ပြင်းထန်စွာ ဝင်တိုက်မိသွားသည်။
ကျယ်လောင်သော အသံနှင့်အတူ ခန်းမဆောင်၏ နံရံတစ်ခုလုံး အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားကာ သူ၏ တစ်ကိုယ်လုံးမှာ ကွေးကောက်နေသော ပုစွန်ဆိတ်လေးတစ်ကောင်နှယ် နံရံထဲတွင် ညပ်နေတော့သည်။
သူသည် သတိလစ်သွားပြီဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
အဂ္ဂိရတ်ခန်းမဆောင်၏ နံရံများသာ အလွန်ခိုင်ခံ့သော ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း မရှိခဲ့ပါက သူသည် ယခုအချိန်တွင် နံရံများစွာကို ဖောက်ထွက်သွားပြီး အပြင်ဘက် တောင်ထွတ်ပေါ်သို့ လွင့်စင်သွားလောက်ပြီ ဖြစ်သည်။
ဆက်တိုက်ဆိုသလိုပင် လုရွှင်ကလည်း လျိုချင်း၏ ကိုယ်ပေါ်သို့ ထပ်မံ ဝင်တိုက်မိသွားရာ သူတို့နှစ်ဦးစလုံး နံရံအတွင်း၌ ကြက်ခြေခတ်ပုံစံ ညပ်နေကြလေ၏။
သို့သော် လျိုချင်းက အောက်မှ ခံနေသောကြောင့် သူ ခံရသော ဒဏ်မှာ အနည်းငယ် သက်သာသွားပုံရပြီး သတိလစ်သွားခြင်းမရှိဘဲ မျက်လုံးကို အနည်းငယ် ဖွင့်ကြည့်နိုင်စွမ်း ရှိနေသေးသည်။
အရပ်ရှည်ရှည်နှင့် ပြည့်ဖြိုးသော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အမျိုးသမီးတစ်ဦးသည် မီးတောက်ကဲ့သို့ နီရဲနေသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ဘေးခွဲထားသော ဂါဝန်အောက်မှ ဖြူဖွေးနေသော ခြေတံအလှကို လှုပ်ခါပြရင်း ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာသည်ကို သူ မြင်လိုက်ရ၏။
သူမ၏ နောက်တွင်မူ ခြေလှမ်းကျဲလေးများဖြင့် လိုက်ပါလာသော ပိုးသားဝတ်စုံနှင့် လူငယ်လေးတစ်ဦးရှိနေပြီး သူ၏ မျက်နှာပေါ်တွင် မည်သူ့ကိုမျှ အန္တရာယ်မပြုတတ်သည့် အပြစ်ကင်းစင်သော အပြုံးတစ်ခုကို ဆင်မြန်းထားလေသည်။
ချူလျန်ပင်…။
သူ့ကို မြင်လိုက်ရသောအခါ လုရွှင်တစ်ယောက် ရင်ဘတ်ထဲမှ သွေးများ ပွက်ပွက်ဆူလာသကဲ့သို့ ခံစားလိုက်ရသည်။
ဤလူက သေချာပေါက် ကပ်ဆိုးကြယ်တစ်ပွင့်ပင် ဖြစ်သည်။ သူ့ကို စတင်တွေ့ဆုံခဲ့ချိန်မှစ၍ မိမိ၏ ကိစ္စရပ်များအားလုံး အဆင်မပြေဖြစ်ခဲ့ရသည်။
တိတ်တဆိတ် ကြံစည်ထားသော အစီအစဉ်များ အကြိမ်ကြိမ် ကျရှုံးခဲ့ရသည်သာမက ယခုဆိုလျှင် အားလုံး၏ ရှေ့မှောက်၌ပင် တစ်နေ့တည်းအတွင်း ရိုက်နှက်မှုကို နှစ်ကြိမ်တိုင်တိုင် ခံလိုက်ရပြီဖြစ်သည်။
"တိနွီဖုန့်..."
အဂ္ဂိရတ်အကြီးအကဲသည် ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ဟစ်အော်လိုက်သည်။
"မင်း ငါ့ရဲ့ အဂ္ဂိရတ်ခန်းမဆောင်အထိလာပြီး ငါ့တပည့်တွေကို ရိုက်ရဲတယ်ပေါ့လေ.."
"အမှိုက်ကောင်တစ်ကောင်ကို ရိုက်တာပဲ ရိုက်လိုက်တာပေါ့... ဘာဖြစ်လို့လဲ.."
တိနွီဖုန့်က ပျင်းရိပျင်းတွဲ လေသံဖြင့် ပြန်ဖြေလိုက်၏။
"မင်း ပြဿနာရှာချင်နေတာလား.."
အဂ္ဂိရတ်အကြီးအကဲ၏ ဆံပင်နှင့် မုတ်ဆိတ်များမှာ လေထဲတွင် လွင့်ခါသွားပြီး လက်ကိုမြှောက်ကာ မီးဖိုတစ်ခုကို ဆင့်ခေါ်လိုက်သည်။
သူ၏ အရှိန်အဝါမှာ အလွန်တရာ ကြီးမားနေပြီး စကားတစ်ခွန်း မှားယွင်းသွားသည်နှင့် တစ်ပြိုင်နက် တိုက်ခိုက်တော့မည့်ဟန် ရှိနေလေသည်။
"နေဦးလေ…"
တိနွီဖုန့်က ရုတ်တရက် လက်ကာပြလိုက်သည်။
"ငါက ရှင်နဲ့ လာရန်ဖြစ်တာ မဟုတ်ပါဘူး… ငါ့တပည့်နဲ့ ငါတို့ရဲ့ ရွှေမွေးဟူလေး အနိုင်ကျင့်ခံရတယ်လို့ ကြားလို့ တရားမျှတမှု လာတောင်းတာ…"
"ငါ့တပည့်တွေက ခုလေးတင် ကျန်းကျွီးချွဲဆီကနေ အရိုက်ခံထားရတာနော်… မင်းရဲ့ တပည့်က အနိုင်ကျင့်ခံရတယ်လို့ မင်း ပြောထွက်သေးတယ်ပေါ့…"
ဆေးမီးဖိုအကြီးအကဲက ဒေါသတကြီး ပြောလိုက်သည်။
သူ့ဘက်၌ အနစ်နာခံထားရပြီး မည်သို့ ကလဲ့စားချေရမည်ကို တွေးတောနေချိန်တွင် သူမက အိမ်တိုင်ရာရောက် ပြဿနာလာရှာသေးသည်ပေါ့လေ။
တကယ်ကို အနိုင်ကျင့်လွန်းအားကြီးနေပြီ။
"ကျန်းကျွီးချွဲ ရိုက်တာ ငါ တိနွီဖုန့်နဲ့ ဘာဆိုင်လို့လဲ.."
တိနွီဖုန့်က ထူးဆန်းသကဲ့သို့ မျက်နှာထားဖြင့် ပြောလိုက်၏။
"ငါကိုယ်တိုင် ရိုက်တာလောက်ကော နာလို့လား.."
စကားပြောနေစဉ်မှာပင် သူမ၏ အကြည့်က အောက်ဘက်သို့ ရောက်သွားပြီး အဂ္ဂိရတ်အကြီးအကဲ နောက်ကျောတွင် ကွယ်နေလျက်ကမှ ခေါင်းပြူထွက်လာသည့် ချန်လင်းထုံလေးကို ကြည့်ကာ ရုတ်တရက် ပြုံးလိုက်လေသည်။
"ငါတို့ရဲ့ ဟူလေးကို ခဲနဲ့ပေါက်တာ မင်းပေါ့လေ…"
ထိုအပြုံးနှင့်အတူ မူလက ပျင်းရိပျင်းတွဲဖြစ်နေသော သူမ၏ မျက်လုံးများထဲမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်တစ်ချက် ရုတ်ခြည်း တောက်ပလာခဲ့၏။
အား...
ချန်လင်းထုံလေး မွေးဖွားလာခဲ့ပြီးနောက် ငရဲဘုံသို့ ကျဆင်းသွားရသကဲ့သို့ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသော ခံစားချက်မျိုးကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်း ဖြစ်ကောင်းဖြစ်ပေမည်။
သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ကြောင်အသွားပြီး မျက်နှာတစ်ပြင်လုံး ဖြူလျော်သွားတော့သည်။
ကြောက်လန့်လွန်း၍ အရူးတစ်ယောက်လိုပင် ဖြစ်သွားခဲ့၏။
ခေတ္တအကြာမှသာ သူ သတိပြန်ဝင်လာပြီး ကြောက်လန့်တကြားဖြင့် ပါးစပ်ကို ဟကာ အော်ဟစ်ငိုယိုလိုက်တော့သည်။
"သား... သား မှားသွားပါတယ် သား နောက်တစ်ခါ ဝိညာဉ်သားရဲကို ခဲနဲ့ မပေါက်ရဲတော့ပါဘူး..."
"ဘိုးဘိုးကြီး... သားကို ကယ်ပါဦး.."
"ဝါး..."