အခန်း ၂၀၄
Vol. 21 Ch. 204
အခန်း (၂၀၄) - တရားမျှတမှု
"လင်းထုံလေး..."
အဂ္ဂိရတ်အကြီးအကဲသည် ချန်လင်းထုံကို အမြန်ဆွဲဖက်ကာ ကာကွယ်လိုက်ပြီး တိနွီဖုန့်၏ဖိအားကို ခုခံနိုင်ရန် သူ၏ခန္ဓာကိုယ်ထဲသို့ အစစ်အမှန်စွမ်းအင် အနည်းငယ် သွင်းပေးလိုက်သည်။
အမှန်တကယ် ထိခိုက်ဒဏ်ရာရမှုထက် တိနွီဖုန့် ပေးစွမ်းနိုင်သောအရာမှာ စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ပေသည်။
ဤကိစ္စသည် သေးငယ်သလို ကြီးမားသွားနိုင်သည်။
အသေးအဖွဲအဖြစ် သတ်မှတ်လျှင် ခြောက်ခြားဖွယ် အိပ်မက်ဆိုးမက်ပြီး မေ့ပျောက်သွားနိုင်သော်လည်း ကြီးကြီးမားမား ဖြစ်သွားပါက နောင်တစ်ချိန် သူ၏တာအိုလုံးသားကိုပင် သက်ရောက်မှုရှိသွားနိုင်သည်။
သူ၏မြစ်ဖြစ်သူ ထိခိုက်ခံလိုက်ရသည်ကို မြင်သောအခါ အဂ္ဂိရတ်အကြီးအကဲသည် ဒေါသကို မထိန်းနိုင်တော့ချေ။
သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဆေးဖိုကို မှောက်ချလိုက်ရာ ချန်လင်းထုံတစ်ကိုယ်လုံးကို လွှမ်းခြုံသွားစေသည့် ခုနစ်ရောင်ခြယ်အလင်းတန်းများ ပန်းထွက်လာလေ၏။
ထို့နောက် တိနွီဖုန့်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။
"မင်း တိုက်ချင်တယ်ဆိုရင် ငါ့နောက်ကို လိုက်ခဲ့..."
သူသည် သတိတရားရှိနေသေးပြီး ကောင်းကင်တက်လှမ်းတောင်ထွတ်ကဲ့သို့ အရေးကြီးသောနေရာတွင် တိုက်ခိုက်၍မဖြစ်ကြောင်း သိပေသည်။
တိနွီဖုန့်၏စိတ်ထဲတွင် ချက်ချင်းပင် တိုက်ခိုက်လိုစိတ်များ ထကြွလာလေသည်။
"ကောင်းပြီလေ အဘိုးကြီးရဲ့... ကျုပ်လည်း ခင်ဗျားနဲ့ မတိုက်ရတာ ကြာပြီ... ခင်ဗျားကို သင်ခန်းစာကောင်းကောင်း ပေးချင်နေတာနဲ့ အတော်ပဲ..."
သို့သော်လည်း သူတို့နှစ်ဦး၏တိုက်ပွဲမှာ စတင်ခွင့်မရလိုက်ချေ။
သူတို့နှစ်ဦး၏အရှိန်အဝါများ ပထမဆုံးအကြိမ် ထိတွေ့မိသည့်အခိုက် အာကာသခွင်နှစ်ခု တိုက်မိသကဲ့သို့ပင် ကောင်းကင်တက်လှမ်းတောင်ထွတ်တစ်ခုလုံးကို ထိတ်လန့်ဖွယ်ကမောက်ကမ လှိုင်းလုံးကြီးများ ရိုက်ခတ်သွားစေလေသည်။
ထိုအခိုက်တွင် အသံအချို့ ချက်ချင်းထွက်ပေါ်လာ၏။
"အဘိုးကြီးချန်း... မင်း ဘာလုပ်နေတာလဲ..."
"ကောင်းကင်တက်လှမ်းတောင်ထွတ်မှာ ဘယ်လိုဖြစ်ပြီး တိုက်ခိုက်နေကြတာလဲ..."
"မင်းတို့နှစ်ယောက် ချက်ချင်း ရပ်လိုက်စမ်း..."
မည်သည့်နေရာမှ ရောက်လာသည်မသိဘဲ အခင်းဖြစ်ပွားရာနေရာသို့ လူရိပ်သုံးခု ရုတ်တရက်ရောက်ရှိလာ၏။
ပထမဆုံးလူမှာ ပွပွယောင်းယောင်း ဝတ်စုံဖြူကို ဝတ်ဆင်ထားသော အသက်ကြီးပိုင်းအမျိုးသားတစ်ဦး ဖြစ်ပေသည်။
သူ၏ပါးသိုင်းမွေးများမှာ ဖြူဖွေးနေသော်လည်း ဆံပင်များမှာ နက်မှောင်ကာ ခန္ဓာကိုယ်ကလည်း သန်မာထွားကျိုင်းလှ၏။
သို့သော်လည်း သူ၏ညာဘက်မျက်လုံးမှာ ပြာလဲ့လဲ့ရွှေရောင် တောက်ပနေပြီး မျက်လုံးနှင့်မတူဘဲ ကျောက်မျက်ရတနာတစ်လုံးကို မြှုပ်နှံထားသကဲ့သို့ ဖြစ်နေသည်။
ဘယ်ဘက်လက်မောင်းမှာမူ ဥက္ကာခဲသံမဏိဖြင့် သွန်းလုပ်ထားသကဲ့သို့ မည်းနက်နေ၏။
သူ၏ခန္ဓာကိုယ်တွင် အစိပ်စိပ်အမွှာမွှာ ဖြစ်နေသော အစိတ်အပိုင်းအချို့ကို နောက်ပိုင်းမှ ပြန်လည်စုစည်းဖာထေးထားသကဲ့သို့ ထူးဆန်းစွာ တွေ့မြင်ရပေသည်။
သူကား ဓားလက်ဆင့်ကမ်းအကြီးအကဲပင် ဖြစ်၏။
ချူလျန်သည် သူ့ကို တစ်ကြိမ်မြင်ဖူးသဖြင့် ဝမ်ယွဲ့လုံ၏ဆရာဖြစ်ကြောင်း မှတ်မိလိုက်လေသည်။
ဒုတိယလူမှာ ပညာတတ်အရှိန်အဝါများ လွှမ်းခြုံထားသော အလတ်ပိုင်းအရွယ် စာပေသမားတစ်ဦးဖြစ်၏။
သူသည် ဝတ်စုံရှည်ကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ယဉ်ကျေးသိမ်မွေ့ကာ မျက်နှာတွင် အပြုံးတစ်ခုကို ဆင်မြန်းထားလေသည်။
သူသည် တိနွီဖုန့်နှင့် အဂ္ဂိရတ်အကြီးအကဲကြားတွင် ရပ်လိုက်ရာ ရေစီးသန်လှသော မြစ်အလယ်ရှိ ကျောက်ဆောင်ကြီးတစ်ခုကဲ့သို့ သူတို့နှစ်ဦး၏အရှိန်အဝါ တိုက်ခိုက်မှုကို သက်သောင့်သက်သာဖြင့် တားဆီးပေးလိုက်၏။
သူသည် တရားစောင့်ရှောက်ရေးအကြီးအကဲ ဖြစ်ပေလိမ့်မည်။
ချူလျန်သည် သူ့ကို တစ်ခါမျှမမြင်ဖူးသော်လည်း တည်ရှိနေသော အခြေအနေနှင့် ရာထူးအဆင့်အတန်းအရ ခန့်မှန်းမိလိုက်ခြင်းပင်။
တတိယလူမှာမူ အရပ်ရှည်ရှည်နှင့် ဆံပင်ကို ဦးခေါင်းနောက်တွင် စု၍ စည်းနှောင်ထားသော ဝတ်စုံနက်ဝတ်ထားသည့် သက်ကြီးအမျိုးသမီးတစ်ဦး ဖြစ်ပေသည်။
သူမ၏မျက်နှာမှာ ရေခဲပြင်ကဲ့သို့ အေးစက်နေပြီး အသားအရေမှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော်လည်း မျက်လုံးနှစ်လုံးကမူ တောက်လောင်နေသော မီးရှူးတိုင်ကဲ့သို့ စူးရှလှ၏။
သူမကား စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ ဖြစ်ပေသည်။
သူမသည် တောင်စောင့်အကြီးအကဲကြီး လေးဦးအနက် တပည့်များကြားတွင် တည်ရှိမှု အထင်ရှားဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး ရှုတောင်ဂိုဏ်း၏တစ်နေရာရာတွင် မကြာခဏ ပေါ်လာတတ်ကာ ဂိုဏ်းစည်းကမ်း ချိုးဖောက်သော တပည့်များကို အပြစ်ပေးလေ့ရှိသည်။
သူမသည် အမြဲတမ်း သွေးအေးပြီး ကရုဏာကင်းမဲ့သဖြင့် ရှုတောင်ဂိုဏ်းတပည့်များ အကြောက်ရွံ့ဆုံး ပုဂ္ဂိုလ်ဆိုလျှင်လည်း မမှားပေ။
ယခင်က တိနွီဖုန့်သည် ရှုတောင်တွင် မည်မျှပင် ပြဿနာရှာခဲ့ပါစေ အသေးအဖွဲများသာ ဖြစ်သဖြင့် အကြီးအကဲများက ဝင်မစွက်ဖက်ခဲ့ကြချေ။
သို့သော်လည်း ယနေ့တွင် သတ္တမအဆင့် ပညာရှင်နှစ်ဦး တိုက်ခိုက်ရန် ပြင်ဆင်နေသဖြင့် အခြေအနေမှာ အလွန်ကြီးမားသွားပြီ ဖြစ်၏။
ထိပ်တိုက်တွေ့မှု ဖြစ်ပွားသည်နှင့် ကျန်ရှိသော တောင်စောင့်အကြီးအကဲ သုံးဦးလုံး ချက်ချင်းရောက်ရှိလာကြခြင်းပင်။
"အဘိုးကြီးချန်း... မင်း ဘာဖြစ်လို့ သူနဲ့ တိုက်ခိုက်နေရတာလဲ..."
ဓားလက်ဆင့်ကမ်းအကြီးအကဲသည် အဂ္ဂိရတ်အကြီးအကဲကို ကြည့်ကာ နားမလည်နိုင်စွာ မေးလိုက်၏။
"သူက လင်းထုံလေးကို လက်ရဲဇက်ရဲ လုပ်နေတာလေ... ဒါကို ငါဘယ်လိုလုပ် သည်းခံနိုင်မှာလဲ..."
အဂ္ဂိရတ်အကြီးအကဲက လေသံမာမာဖြင့် ပြန်လည်ပြောဆိုလိုက်၏။
"အဘိုးကြီး... ရှင် သူတစ်ပါးကို သက်သက်မဲ့ လာပြီး စွပ်စွဲမနေနဲ့... အဲ့ဒီကလေးဆိုးက မကောင်းတာတွေ လုပ်ထားလို့ ကျွန်မက လာမေးတာပဲ ရှိသေးတယ်…”
“ဘာလဲ... ရှုတောင်မှာ တောင်စောင့်အကြီးအကဲ ရာထူးရှိရုံနဲ့ ကိုယ့်အိမ်က ကလေးတွေကို မကောင်းမှု အကုန်လုံး လုပ်ခွင့်ပေးထားတာလား..."
တိနွီဖုန့်က အသံကျယ်ကျယ်ဖြင့် ပြန်လည်တုံ့ပြန်လိုက်လေသည်။
ဤစကားကြောင့် ကျန်ရှိသော တောင်စောင့်အကြီးအကဲ သုံးဦး၏မျက်နှာများမှာ အနည်းငယ် ပျက်ယွင်းသွားကြတော့သည်။
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက အေးစက်သော လေသံဖြင့် ပြောလိုက်၏။
"မင်း စကားကို လျှောက်မပြောနဲ့... ငါတို့က အမှားအမှန်ကို မခွဲခြားနိုင်တဲ့သူတွေ မဟုတ်ဘူး…”
“မင်းမှာ တကယ်ပဲ မကျေနပ်ချက် ရှိတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြနိုင်တယ်..."
တိနွီဖုန့်သည် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲကို ကြည့်ကာ နှုတ်ခမ်းကို အသာမဲ့လိုက်၏။
ငယ်စဉ်ကတည်းက ရှုတောင်တွင် သူမအကြောက်ရွံ့ဆုံး သို့မဟုတ် အလေးထားရဆုံး ပုဂ္ဂိုလ်ဟူ၍ ရှိခဲ့လျှင် ထိုသူမှာ စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲပင် ဖြစ်ပေလိမ့်မည်။
သူမက ချူလျန်ကို အသာအယာ ပုတ်လိုက်ပြီး တီးတိုးလေး ပြောလိုက်၏။
"အကြောင်းပြချက် ပေးရမယ့်အချိန် ရောက်ပြီ..."
ယခင်က ဤကဲ့သို့သော အခြေအနေမျိုးတွင် တိနွီဖုန့်သာ အမြဲ အရေးနိမ့်ခဲ့ရသော်လည်း ဤတပည့်ကို ရရှိပြီးနောက်ပိုင်းတွင်မူ သူမသည် အကြောင်းပြချက်များဖြင့် အနိုင်ယူရသည့် အရသာကို တဖြည်းဖြည်း သဘောကျလာခဲ့လေသည်။
ချူလျန်သည် တောင်စောင့်အကြီးအကဲကြီး လေးဦးကို လှမ်းကြည့်လိုက်ရာ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်ခြင်း မရှိဟုပြောလျှင် လိမ်ရာကျပေလိမ့်မည်။
သို့သော်လည်း သူ၏မျက်နှာထက်တွင်မူ ကြောက်ရွံ့ရိုကျိုးသည့် အမူအရာ လုံးဝ မရှိဘဲ တည်ငြိမ်စွာဖြင့်ပင် အားလုံးကို ဦးညွှတ်ဂါရဝပြုလိုက်၏။
ချူလျန်သည် စတင်၍ ရှင်းပြလိုက်၏။
"အကြီးအကဲတို့ခင်ဗျား... အစပိုင်းမှာတော့ ဒါက ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး..."
ထို့နောက် ချူလျန်သည် ချန်လင်းထုံက ဝိညာဉ်သားရဲကို တိုက်ခိုက်ခဲ့ပုံနှင့် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို တစ်ခေါက် ပြန်လည်ရှင်းပြလိုက်ပြီးမှ ဆက်ပြောလိုက်၏။
"အဂ္ဂိရတ်အကြီးအကဲကလည်း ဒီကိစ္စတွေကို ကြိုတင်မသိရှိထားဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်…”
“သူ့အောက်က တပည့်တွေကသာ အရှိန်အဝါကို အလွဲသုံးစားလုပ်ပြီး လူမိုက်ဆန်ဆန် ပြုမူခဲ့ကြတာပါ…”
“အဂ္ဂိရတ်အကြီးအကဲသာ ဒီအကြောင်းကို သိခဲ့ရင် ဒီလို အမှားအမှန် မခွဲခြားဘဲ နေမှာမဟုတ်ပါဘူး... ဟုတ်ပါရဲ့လားခင်ဗျ..."
"ဒါ့အပြင် ဒီကိစ္စကို စီနီယာကျန်းကျွီးချွဲလည်း သိသွားခဲ့ပါပြီ…”
“အကယ်၍ ကောင်းကောင်းမွန်မွန် မဖြေရှင်းနိုင်ဘဲ အပြင်ကို ပျံ့နှံ့သွားခဲ့ရင် ကျွန်တော်တို့ ရှုတောင်ဂိုဏ်းရဲ့ ဂုဏ်သတင်းအတွက် မကောင်းပါဘူး…”
“ဒါကြောင့် အကြီးအကဲတို့အနေနဲ့ ကျွန်တော်တို့ တပည့်တွေအတွက် တရားမျှတအောင် ဆုံးဖြတ်ပေးဖို့ တောင်းဆိုချင်ပါတယ်..."
သူ ပြောပြီးသွားသောအခါ လူတိုင်း၏အကြည့်က အဂ္ဂိရတ်အကြီးအကဲထံသို့ ရောက်ရှိသွားကြ၏။
အဂ္ဂိရတ်အကြီးအကဲ၏မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားပြီး ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်မှ ပြောလိုက်၏။
"ဒီကိစ္စတွေကို ငါ အခုမှ သိရတာပါ... ကျန်းကျွီးချွဲက ငါ့ရဲ့ တပည့်တွေကို ဆုံးမပြီးသွားပြီဖြစ်သလို ငါကိုယ်တိုင်လည်း သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ပြင်ဆင်နေတာ…”
“ဒါအကြွေးကျေသွားပြီလို့ ယူဆလို့ရတယ်... ငါ အပြစ်ပေးဖို့ ပြင်နေတုန်းပဲ ရှိသေးတယ်…”
“ဒီမိန်းမက ရုတ်တရက်ကြီး ဝင်လာတာ ပြီးတော့ အဓမ္မစော်ကားပြီး ငါ့တပည့်တွေကိုပါ ဒဏ်ရာရအောင် ထပ်ရိုက်သွားတယ်..."
သူက ထိုနေရာကို လက်ညှိုးညွှန်ပြလိုက်ရာ လျိုချင်းနှင့် လုရွှင်တို့နှစ်ဦးမှာ နံရံပေါ်တွင် ချိတ်ဆွဲခံထားရဆဲ ဖြစ်သဖြင့် ပြကွက်တစ်ခုကဲ့သို့ ဖြစ်နေပေတော့သည်။
"ကျန်းကျွီးချွဲ လူရိုက်တာကို ကျုပ်မှ မမြင်ရတာ... ကျုပ်ကိုယ်တိုင် လက်တစ်ခါ မလှုပ်ရရင် ဘယ်လိုလုပ်ပြီး အကြွေးကျေတယ်လို့ ပြောလို့ရမှာလဲ..."
တိနွီဖုန့်မှ အကြောင်းပြချက် ခိုင်လုံစွာဖြင့် ပြန်လည်ပြောဆိုလိုက်၏။
တရားစောင့်ရှောက်ရေးအကြီးအကဲသည် လက်ကို အသာအယာ ဝှေ့ယမ်းကာ ဝင်ပြောလိုက်၏။
"ကဲ... တော်ကြပါတော့..."
"ဒီလိုဆိုရင်တော့ ဒါ နားလည်မှုလွဲတာတစ်ခုပဲ ဖြစ်လိမ့်မယ်... အဂ္ဂိရတ်အကြီးအကဲကလည်း အမှားလုပ်မိတဲ့ တပည့်တွေကို အပြစ်ပေးဖို့ ပြင်ဆင်နေတာဆိုတော့ အကာအကွယ်ပေးဖို့ ရည်ရွယ်ချက် မရှိတာ ထင်ရှားပါတယ်…”
“တိနွီဖုန့်ကလည်း စိုးရိမ်စိတ် လွန်ကဲသွားတာပဲ... အခုတော့ နှစ်ဖက်လုံး ဘယ်သူမှ နစ်နာမှု မရှိတော့ဘူးဆိုတော့ ဒေါသမီးတွေကို ငြိမ်းသတ်လိုက်ကြတာ ပိုကောင်းမယ်..."
နံရံပေါ်တွင် ပန်းချီကားတစ်ချပ်ကဲ့သို့ ချိတ်ဆွဲခံထားရသော လုရွှင်သည် ဤစကားကို ကြားလိုက်ရချိန်တွင် မျက်ရည်ပင် ဝဲသွားတော့၏။
'ဘယ်သူမှ မနစ်နာဘူး ဟုတ်လား...'
'ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်နဲ့ ကလေးတစ်ယောက်ပါ ပေါင်းပြီး လူတစ်ကိုယ်ကို နှစ်ခါစီ အရိုက်ခံထားရတာလေ…’
‘သူတို့ ငွေဓားတောင်ထွတ်ဘက်ကတော့ ရွှေမွေးဟူတစ်ကောင်ပဲ ထိခိုက်ဒဏ်ရာရတာ... "လူသား" ချင်း ယှဉ်မယ်ဆိုရင် ကျွန်တော်တို့ဘက်က အကြီးအကျယ် နစ်နာဆုံးရှုံးခဲ့တာ ထင်ရှားနေတာပဲကို...'
"ဘယ်သူမှ မနစ်နာဘူး ဟုတ်လား..."
တိနွီဖုန့်ကလည်း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။
"သူတို့ အရိုက်ခံရတာက ထိုက်တန်လို့ပဲ... ကျုပ်ရဲ့ ချစ်စရာကောင်းတဲ့ ရွှေမွေးဟူလေးကတော့ လမ်းလျှောက်နေရင်း သက်သက်မဲ့ အရိုက်ခံလိုက်ရတာ…”
“ဒီလို မထိုက်တန်တဲ့ ဘေးဒုက္ခအတွက် ဘယ်သူက လျော်ကြေးပေးမှာလဲ... သူ့ရဲ့ စိတ်ထဲမှာ အရိပ်မည်းကြီး ကျန်ရစ်ခဲ့ပြီး ငွေဓားတောင်ထွတ်မှာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားတယ်…”
“ဘာမှလည်း မစားမသောက်သလို အပြင်လည်း မထွက်ရဲတော့ဘူး... ဒီလို ရေရှည်ထိခိုက်ဒဏ်ရာရမှုအတွက် ဘယ်သူ လျော်ကြေးပေးမှာလဲ..."
"မင်းက တကယ်ပဲ အလျော့မပေးချင်ဘူးပေါ့... လင်းထုံလေး ဒဏ်ရာရသွားတာကို ငါ မင်းနဲ့ မရှင်းရသေးဘူး..."
အဂ္ဂိရတ်အကြီးအကဲက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
"သူ ဒဏ်ရာရတာက ခံထိုက်လို့ပဲ..."
တိနွီဖုန့်က မျက်လုံးကို စောင်းကြည့်ကာ ပြန်ပြောလိုက်၏။
"သူ ဘာဖြစ်လို့ အရိုက်ခံရတာလဲဆိုတာ ခင်ဗျား သိလား... အားလုံးက ခင်ဗျားကြောင့်ပဲ…”
“ခင်ဗျားလို လူယုတ်မာအိုကြီးသာ နေရာတကာ အလိုလိုက်အကြိုက်ဆောင်ပြီး ပျက်စီးအောင် မမွေးမြူခဲ့ရင် သူ ဒီလို လူဆိုးပေါက်စလေး ဖြစ်လာပါ့မလား…”
“ရှုတောင်ပေါ်မှာ သူ့ကို ဆုံးမတာက သူ့ကို ကာကွယ်ပေးတာပဲ... ဒါမှ သူက သင်ခန်းစာရမှာ…”
“နောင်တစ်ချိန် အပြင်လောကကို ရောက်တဲ့အခါ အပြင်လူတွေအားလုံးက သူ့ရဲ့ အဘိုးကြီးတွေ မဟုတ်ဘူးဆိုတာ သူ သိသွားအောင်လို့လေ..."
"ခင်ဗျားသာ သူ့ကို ကောင်းကောင်းမွန်မွန် မဆုံးမသေးဘူးဆိုရင် နောက်ခါကျရင် ရိုက်ရုံနဲ့တင် ပြီးမှာမဟုတ်ဘူး..."
တိနွီဖုန့်သည် စကားပြောရင်း လှည့်ကြည့်လိုက်ရာ ချန်လင်းထုံအပေါ်သို့ အကြည့်တစ်ချက် ရောက်ရှိသွားလေ၏။
ဤအကြည့်တွင် မည်သည့်ဖိအားမျှ ပါဝင်ခြင်းမရှိဘဲ ရိုးရိုးရှင်းရှင်း ကြည့်လိုက်ရုံသာ ဖြစ်၏။
သို့သော် ချန်လင်းထုံ၏စိတ်ထဲရှိ ကြောက်ရွံ့မှုများမှာ ရုတ်တရက် ထပ်မံထကြွလာပြန်လေသည်။
ဤဆိုးသွမ်းသော ကလေးငယ်သည် သူ၏ရှေ့တွင်ရှိသော အမျိုးသမီးက သူ့ကို အချိန်မရွေး သတ်ပစ်နိုင်သည်ဟု အမှန်တကယ် ခံစားလိုက်ရသဖြင့် သူ၏နုနယ်သော နှလုံးသားထဲတွင် အရိပ်မည်းကြီး ဖုံးလွှမ်းသွားကာ ငိုပင်မငိုနိုင်တော့ဘဲ မျက်စိပြူးကာ သတိလစ်လဲကျသွားတော့၏။
အဂ္ဂိရတ်အကြီးအကဲသည် သူ၏မြစ်ကို ချက်ချင်းပင် ထိန်းပွေ့လိုက်ပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာရထားခြင်းမရှိဘဲ အလွန်အမင်း ကြောက်လန့်သွားခြင်းကြောင့်သာ ဖြစ်ကြောင်း သိရှိလိုက်ရသဖြင့် သူ့ကို ချက်ချင်းပြန်မနှိုးတော့ချေ။
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ခေါင်းညိတ်ကာ ပြောလိုက်၏။
"မင်း ဒီမြစ်လေးကို အလိုလိုက်လွန်းတာတော့ အမှန်ပဲ... သူ ဒီနှစ်တွေအတွင်း ရှုတောင်မှာ ပြဿနာတွေ အများကြီး ရှာခဲ့တာကိုလည်း မင်း သိပြီးသား ဖြစ်မှာပါ..."
"ကလေးတွေကို ကောင်းကောင်း ဆုံးမသင့်တယ်... မဟုတ်ရင် ကောင်းမွန်တဲ့ ပျိုးပင်လေးတစ်ခု နောင်တစ်ချိန်မှာ လမ်းမှား ရောက်သွားလိမ့်မယ်..."
ဓားလက်ဆင့်ကမ်းအကြီးအကဲကလည်း ဝင်ရောက်ပြောဆိုလိုက်၏။
အဂ္ဂိရတ်အကြီးအကဲသည် ကလေးကို အလွန်အမင်း အလိုလိုက်တတ်ကြောင်း ရှုတောင်ပေါ်ရှိ လူတိုင်းနီးပါး သိရှိကြသော်လည်း သူ၏ ရာထူးအဆင့်အတန်းကြောင့်သာ ကိစ္စအသေးအဖွဲများကို မည်သူမျှ ဝင်မစွက်ဖက်ခဲ့ကြခြင်း ဖြစ်ပေသည်။
ယခုအခါ ငွေဓားတောင်ထွတ်မှ လူမိုက်မနှင့် တိုးမိသွားသဖြင့် ကိစ္စများမှာ အကြီးအကျယ် ဖြစ်ပျက်သွားခဲ့ရာ မသိချင်ယောင်ဆောင်နေ၍ မရတော့ချေ။
အဂ္ဂိရတ်အကြီးအကဲသည် မိမိဘက်မှ မတရားသဖြင့် ပြုမူခဲ့သည်ကို သိရှိသဖြင့် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်၏။
"ကောင်းပြီ..."
"ကလေးကို ငါ နောင်ကျရင် ကောင်းကောင်း ဆုံးမမယ်... တပည့်တွေကိုလည်း ငါကိုယ်တိုင် ထပ်ပြီး အပြစ်ပေးမယ်…”
“လူကိုလည်း မင်းတို့ ရိုက်ပြီးပြီဆိုတော့ ဒီနေ့ကိစ္စကို ဒီတင်ပဲ ဖြတ်ကြရအောင်..."
ယနေ့တွင် သူ၏ မျက်နှာမှာ အကြီးအကျယ် ပျက်စီးသွားခဲ့သဖြင့် ဤအငြင်းပွားမှုကို အမြန်ဆုံး အဆုံးသတ်ချင်နေပြီ ဖြစ်၏။
"ခင်ဗျား ကျုပ်စကားကို သေချာမကြားလိုက်ဘူး ထင်တယ်..."
တိနွီဖုန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
"သူတို့ကို ရိုက်တာက ဒေါသဖြေရုံသက်သက်ပဲ... ကျုပ်အတွက် ဘာအကျိုးအမြတ်မှ မရှိဘူး…”
“ကျုပ်ရဲ့ ဝိညာဉ်သားရဲ ထိခိုက်ခံလိုက်ရတဲ့အတွက် ဘယ်လို လျော်ကြေးပေးမှာလဲ... ဆေးဖိုးဝါးခတော့ ခင်ဗျားတို့ ပေးရမှာပေါ့..."
ချူလျန်က ဘေးမှနေ၍ တီးတိုး ဖြည့်စွက်ပြောလိုက်၏။
"ပြီးတော့ စိတ်ပိုင်းဆိုင်ရာ နစ်နာကြေးလည်း ရှိပါသေးတယ်..."
'လျော်ကြေးပါ ထပ်တောင်းနေသေးတယ် ဟုတ်လား...'
အဂ္ဂိရတ်အကြီးအကဲသည် တိနွီဖုန့်ကို စိုက်ကြည့်ရင်း အကြောင်းပြချက် ခိုင်လုံကာ အလျှော့မပေးတတ်သော အခြေအနေဟူသည် မည်သို့ရှိကြောင်းကို ကောင်းကောင်းကြီး နားလည်သွားတော့၏။
စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ဝင်ရောက်ပြောဆိုလိုက်ပြီးနောက် ဤရန်ပွဲကို ပြေငြိမ်းစေရန် အဂ္ဂိရတ်အကြီးအကဲဘက်သို့ လှည့်ကြည့်လိုက်၏။
"တိနွီဖုန့်... မင်းလည်း လူကို အလွန်အကျွံ အကျပ်မကိုင်ပါနဲ့..."
"မင်းရဲ့ မြစ်နဲ့ တပည့်တွေမှာ အမှားရှိတာမို့ တခြားလူကို လျော်ကြေးပေးသင့်တာတော့ အမှန်ပဲ…”
“ထိခိုက်ဒဏ်ရာရသွားတာ ဝိညာဉ်သားရဲ ဖြစ်နေတော့ မင်းရဲ့ လက်ကျန် ဝိညာဉ်အဆင့်တိုးဆေးလုံး တစ်လုံး ထုတ်ပေးလိုက်တာကော ဘယ်လိုလဲ..."
အို...
ချူလျန်သည် ဤစကားကို ကြားသောအခါ အနည်းငယ် အံ့ဩသွားမိ၏။
'ဒီစည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက ငါတို့လူလို ဖြစ်နေပါလား...'
တိနွီဖုန့်က လက်မထောင်ပြကာ ချီးကျူးလိုက်၏။
"ဒေါ်လေးထျန်း..."
"တရားမျှတပါပေတယ်..."