← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅) - ယနေ့ ရာသီဥတုက သာယာလှပေသည် (၁)

လျိုချင်း နိုးလာသည့်အချိန်တွင် မိမိသည် အဂ္ဂိရတ်ခန်းမ၏ကုတင်တစ်ခုပေါ်၌ လဲကျနေသည်ကို တွေ့လိုက်ရ၏။ ဘေးကုတင်တွင်မူ လုရွှင် ရှိနေသည်။

သူက ဝေဝေဝါးဝါးဖြင့် မေးလိုက်၏။

"ဘာဖြစ်သွားတာလဲ…"

လုရွှင်က သူ့ကို ပြန်လည်အမှတ်ရစေရန် ပြောပြလိုက်သည်။

"တိနွီဖုန့်က အဂ္ဂိရတ်ခန်းမကိုလာပြီး ပြဿနာလာရှာတာလေ… ငါတို့နှစ်ယောက် အပြင်ထွက်တဲ့အချိန်နဲ့ ကွက်တိတိုးပြီး ငါတို့ကို တိုက်ခိုက်လိုက်တာ”

“မင်းမမှတ်မိတော့ဘူးလား.. တစ်ယောက်ကိုတစ်ချက်စီပဲ"

လျိုချင်းသည် တစ်ချက်တုန်လှုပ်သွားပြီး စုတ်ပြတ်သတ်နေသောပုံရိပ်အချို့ကို ရုတ်တရက်ပြန်လည်အမှတ်ရလာ၏။

တိနွီဖုန့်၏ကန်ချက်က လျင်မြန်လွန်းပြီး ပြင်းထန်လွန်းသဖြင့် သူသည် တစ်ဖက်လူ၏ရုပ်ရည်ကိုပင် သေချာမမြင်လိုက်ရဘဲ သတိလစ်သွားခဲ့ခြင်းပင်။

ခေတ္တမျှကြာသော် သူက ထပ်မံမေးလိုက်ပြန်သည်။

"အဲ့တိနွီဖုန့် ငါတို့ကိုလာပြီး ရိုက်နှက်သွားတာဆိုတော့ ဆရာက ဒီအတိုင်းလွှတ်ထားမှာ မဟုတ်ဘူးမလား…”

“နောက်ဆုံး ဘာဖြစ်သွားလဲ…"

လုရွှင်က ပြန်ပြောလိုက်၏။

"ကိစ္စက ပြီးသွားပြီ…”

“ဆရာ့ဘက်က ဝိညာဉ်အဆင့်တိုးဆေးလုံးတစ်လုံး လျော်ကြေးပေးလိုက်လို့ တိနွီဖုန့်က ငါတို့ကို ခွင့်လွှတ်ပေးလိုက်ပြီ…"

လျိုချင်းသည် ကြောင်အသွား၏။

'ငါ အခုမှ နိုးလာလို့ ဉာဏ်ရည်တွေ ထိုင်းမှိုင်းနေတာလား... ဒီစကားက ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ...'

လုရွှင်က သူ့ကို အများကြီးရှင်းမပြတော့ဘဲ မတ်တတ်ရပ်ကာ ပြောလိုက်သည်။

"မင်း အရင်ဆုံး ကောင်းကောင်းအနားယူနေလိုက်ဦး…”

“ငါ အိမ်သာသွားလိုက်ဦးမယ်.. ပြန်လာမှ အကျိုးအကြောင်း အသေးစိတ် ပြောပြမယ်"

လျိုချင်းသည် စီနီယာဖြစ်သော်လည်း လုရွှင်၏ကျင့်ကြံဆင့်က သူ့ထက် ပိုမြင့်မားသဖြင့် ရရှိထားသောဒဏ်ရာမှာ ပိုမိုသက်သာပေသည်။

လုရွှင်သည် အခန်းထဲမှထွက်လာပြီး ဘေးဘီဝဲယာကို ကြည့်လိုက်၏။

သူသည် အဂ္ဂိရတ်ခန်းမထဲမှ ထွက်ခွာလာပြီး တိတ်ဆိတ်ခြောက်ကပ်သောတောင်ထွတ်တစ်ခု၏ နောက်ဘက်တောင်ကုန်းဆီသို့ ပျံသန်းသွားကာ လုံခြုံသောနေရာတစ်ခုတွင် တင်ပလ္လင်ခွေထိုင်လိုက်သည်။

ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ပုံရိပ်ယောင်တစ်ခု ထွက်ခွာသွား၏။

ကောင်းကင်နှင့်မြေကမ္ဘာအနှံ့ လှည့်လည်ခြင်း။

စောစောက သူသည် ဝိညာဉ်အာရုံထဲ၌ ပြင်းထန်သောဆင့်ခေါ်မှုကို ခံစားလိုက်ရသည်။ သူ၏ဝိညာဉ်အာရုံထဲသို့ တိုက်ရိုက်ဆင့်ခေါ်နိုင်သူမှာ တစ်ယောက်တည်းသာ ရှိပေသည်။

"ခေါင်းဆောင်…"

သူ၏ဝိညာဉ်ပုံရိပ်ယောင်သည် တိတ်ဆိတ်ငြိမ်သက်သောအခန်းထဲတွင် ပေါ်လာခဲ့၏။

ပုံမှန်အားဖြင့် မှောင်မိုက်နေတတ်သောထိုအခန်းထဲတွင် ယခုအခါ ဖယောင်းတိုင်မီးများ ထွန်းညှိထားပြီး အခန်းထဲ၌ လူတစ်ဦး ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုသူသည် ဝတ်စုံဖြူဝတ်ဆင်ထားသော ယဉ်ကျေးသိမ်မွေ့သည့်အမျိုးသား လုချန်ချိုဖြစ်ပေသည်။

လုရွှင်တို့ကဲ့သို့သောသူများအတွက် လုချန်ချိုသည် ငယ်စဉ်ကတည်းက မွေးစားကာ စွမ်းအားများကို သင်ကြားပေးခဲ့သော မွေးစားဖခင်သဖွယ်ဖြစ်၏။

ဤလျှို့ဝှက်အဖွဲ့အစည်းကိုလည်း လုချန်ချိုက ကိုယ်တိုင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရှုတောင်ဂိုဏ်းကို ပျက်စီးစေရန် ရည်ရွယ်ကာ ပေါ်ပေါက်လာခဲ့ခြင်းပင်။

လုချန်ချိုနှင့် ရှုတောင်ဂိုဏ်းတို့အကြား ကြီးမားသောအငြိုးအတေးရှိသည်ကိုသာ သူတို့သိကြသော်လည်း အသေးစိတ်အကြောင်းရင်းကိုမူ လုချန်ချိုက တစ်ခါမျှ ရှင်းလင်းစွာ ပြောပြခဲ့ခြင်းမရှိချေ။

လုရွှင် ရောက်ရှိလာသည်ကို တွေ့သောအခါ ဘေးနားရှိ ဝတ်စုံနက်ဝတ်အမျိုးသားက ဦးစွာ ပြောလိုက်သည်။

"ဘာလို့ ဒီလောက် နှေးနေရတာလဲ.. ခေါင်းဆောင် မင်းကို ဆင့်ခေါ်နေတာ ကြာလှပြီ"

လုရွှင်က ပြန်ပြောလိုက်၏။

"ကျွန်တော် ရှုတောင်ပေါ်မှာ ပြဿနာတချို့နဲ့ ကြုံလိုက်ရလို့ပါ”

“ကျွန်တော်... ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလို့ လှုပ်ရှားရတာ သိပ်မလွယ်ကူလို့ပါ.."

လုချန်ချိုက မျက်လုံးပင့်ကြည့်ကာ မေးလိုက်သည်။

"ဟင်... ပြဿနာ ဟုတ်လား"

လုရွှင်က အလျင်အမြန်ရှင်းပြလိုက်၏။

"ကျွန်တော်တို့ရဲ့ အစီအစဉ်နဲ့တော့ မဆိုင်ပါဘူး..."

သို့သော် ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက် သူက ထပ်မံပြောလိုက်ပြန်သည်။

"လုံးဝမဆိုင်ဘူးလို့တော့ ပြောလို့မရပါဘူး”

“အကယ်၍ ဓားနှစ်လက်သမားသာ အဲဒီ ချူလျန်ကို သတ်နိုင်ခဲ့ရင် ဒီလိုကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး..."

ပြောပြီးနောက် သူသည် တိုက်ပွဲအစီအစဉ်များကို အကျဉ်းချုံး၍ ရှင်းပြလိုက်၏။

ချူလျန်ကို လုပ်ကြံရန် ပျက်ကွက်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ မူလက မည်သူက တာဝန်ပိုယူရမည်ကို ငြင်းခုံနေကြခြင်းဖြစ်သော်လည်း ဓားနှစ်လက်သမားသေဆုံးသွားသောကြောင့် ထိုပြဿနာမှာ အလွယ်တကူပင် ပြေလည်သွားခဲ့၏။

သေဆုံးသွားသူအပေါ်သို့သာ အပြစ်အားလုံးကို ပုံချလိုက်ရုံပင်။ အားလုံးမှာ ဓားနှစ်လက်သမားတစ်ဦးတည်း၏ မစွမ်းဆောင်နိုင်မှုကြောင့်သာဖြစ်ပေသည်။

လုချန်ချိုသည် နားထောင်ပြီးနောက် ခေတ္တမျှစဉ်းစားကာ ပြောလိုက်၏။

"ဒီလို ကိစ္စအသေးအမွှားလေးကြောင့်လား… မင်း နောက်နောင် သူမကို သွားမရန်စနဲ့တော့”

“ချူလျန်ကို လုပ်ကြံမယ့်ကိစ္စကိုလည်း ခဏရွှေ့ထားလိုက်ဦး…"

လုရွှင်သည် အံ့အားသင့်သွား၏။

"ဗျာ..."

အမြဲတမ်း ရက်စက်ပြတ်သားလှသောခေါင်းဆောင်က ဤကဲ့သို့သောစကားမျိုး ပြောလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဓားနှစ်လက်သမားသေဆုံးပြီးနောက် ခေါင်းဆောင်သည် ပြင်းထန်သောကလဲ့စားချေမှုအစီအစဉ်ကို စတင်လိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်းပင်။

လုချန်ချိုက ပြောလိုက်သည်။

"ဒီတစ်ခါ မင်းကို ခေါ်လိုက်တာက အသိပေးချင်လို့ပဲ…”

“ငါ အကုသိုလ်တောင်တန်းထဲကနေ ထောင်ဝူကို ဆွဲထုတ်လာခဲ့ပြီ.. အစီအစဉ်အားလုံး အဆင်ပြေချောမွေ့တယ်…အချိန်အခါကောင်းကို စောင့်ပြီး စတင်လိုက်ရုံပဲ”

“ဒီအတောအတွင်း မင်း ရှုတောင်ပေါ်မှာ ငြိမ်ငြိမ်လေးပဲနေ… ပြဿနာအသစ်တွေ ထပ်မရှာနဲ့တော့”

“တိနွီဖုန့်လို အရူးမမျိုးကို သွားမရှုပ်နဲ့ မဟုတ်ရင် မင်း ဘယ်အချိန်မှာ ဘယ်လို သေသွားမလဲတောင် သိလိုက်ရမှာ မဟုတ်ဘူး"

လုရွှင်သည် တစ်ခုခုကို ပြန်လည်ဖြေရှင်းရန် နှုတ်ခမ်းလှုပ်ရှားလိုက်သော်လည်း မည်သို့ စတင်ရမည်ကို မသိတော့ချေ။

တိနွီဖုန့်သည် ရက်စက်ကြမ်းကြုတ်ကြောင်း သူ သိထားသော်လည်း ဤမျှအထိ ကြမ်းတမ်းလိမ့်မည်ဟု မထင်ထားခဲ့မိပေ။

ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက် သူက ပြောလိုက်၏။

"ဒီလက်အောက်ငယ်သား မှတ်သားထားပါ့မယ်…"

လုချန်ချိုက ဆက်ပြောလိုက်၏။

"မင်း ရှုတောင်ပေါ်မှာ နေလာတာ ဒီလောက်ကြာပြီပဲ… ဘယ်သူ့ကို ရန်စလို့ရပြီး ဘယ်သူ့ကို မစသင့်ဘူးလဲဆိုတာ မင်း ကောင်းကောင်းသိထားသင့်တယ်"

လုရွှင်က လေသံပျော့ပျော့ဖြင့် ပြန်ပြောလိုက်သည်။

"ဒီနှစ်တွေမှာ သူမရဲ့ နာမည်ဆိုးကို ကြားဖူးရုံပဲ ရှိတာ.. ဒါက သူမနဲ့ ပထမဆုံးအကြိမ် ပတ်သက်ဖူးတာပါ..."

လုချန်ချိုက လေးနက်သောလေသံဖြင့် ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် နောက်နောင် မင်း မှတ်ထား.. ရှုတောင်ပေါ်မှာ လုံးဝကို အရူးလို့ သတ်မှတ်လို့ရတဲ့ လူနှစ်ယောက်ပဲ ရှိတယ်… သူတို့နဲ့ ဝေးဝေးနေ…"

လုရွှင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ရှုတောင်ရဲ့ကပ်ဘေးဆိုးဖြစ်တဲ့ တိနွီဖုန့်အပြင် နောက်ထပ် ဘယ်သူ ရှိသေးလို့လဲ…"

သူသည် ရှုတောင်ပေါ်တွင် အနှစ်သုံးဆယ်နီးပါး နေထိုင်ခဲ့သော်လည်း ရှေးယခင်က လူများနှင့် အဖြစ်အပျက်များကိုမူ အလုံးစုံမသိရှိချေ။

လုချန်ချိုက တစ်လုံးချင်းစီ ပြောလိုက်၏။

"စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲ... ထျန်းလင်ရှင်းပဲ"

……

ချူလျန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲနဲ့ ဆရာက တကယ်ပဲ ဘာတော်စပ်တာလဲဟင်…"

အဂ္ဂိရတ်ခန်းမမှ ပြန်လာပြီးနောက် သူ အသိချင်ဆုံးဖြစ်နေသည်မှာ ဤအချက်ပင်။

ဤနှစ်များအတွင်း ဆရာသည် စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲနှင့် များစွာ ဆက်သွယ်သည်ကို မမြင်ဖူးသော်လည်း သူမက "အဒေါ်ထျန်း" ဟူ၍ ခေါ်ဆိုပုံမှာ အလွန်ပင် ရင်းနှီးကျွမ်းဝင်နေပုံရ၏။

ရှုတောင်ပေါ်တွင် ဤကဲ့သို့ ခေါ်ဝေါ်ရဲသူနောက်တစ်ယောက်ကို သူ မကြားဖူးချေ။

တိနွီဖုန့်က မျှော်စင်ခန်းမဆောင်တွင် ပေါ့ပေါ့ပါးပါး ထိုင်ကာ ပြောပြလိုက်၏။

"ငါတို့နှစ်ယောက်ရဲ့ ပတ်သက်မှုနဲ့ သိပ်မကွာပါဘူး… ငါမွေးလာကတည်းက အမေ ဆုံးသွားခဲ့တာ နောက်တော့ ငါ့အဖေကလည်း ငါ့ကို စွန့်ပစ်သွားခဲ့တယ်”

“အဒေါ်ထျန်းကပဲ ငါ့ကို ရှုတောင်ပေါ် ပွေ့ချီလာခဲ့တာ... ဒီကိစ္စအတွက်နဲ့ သူမ တော်တော်လေး ဖိအားတွေ ရင်ဆိုင်ခဲ့ရတယ်”

“အဲဒီတုန်းက ဂိုဏ်းချုပ်ကြီးကိုယ်တိုင် ကန့်ကွက်ခဲ့ပေမဲ့ သူမကပဲ ငါ့ကို တစ်ကိုယ်တော် ကာကွယ်ပေးပြီး ပြုစုပျိုးထောင်ပေးခဲ့တာ…"

ချူလျန်က မေးလိုက်သည်။

"ဒါဆိုရင် သူမက ဆရာ့ရဲ့ ဆရာသခင်ပေါ့…"

ယခင်က ဆရာသည် သူမ၏ ဆရာသခင်အကြောင်း ပြောဖူးခြင်းမရှိချေ။ ယခုကဲ့သို့ ကြားရသဖြင့် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲသည် သူ၏ ဆရာဘွားဘွား ဖြစ်နေသည်လော။

ဒါက တကယ့် နောက်ခံတောင်ကြီးပဲ။

တိနွီဖုန့်သည် ခေါင်းယမ်းကာ ပြောလိုက်၏။

"မဟုတ်ဘူး ငါ့မှာ ဆရာသခင် မရှိဘူး…”

“ရှုတောင်ပေါ်မှာလည်း ငါ့ကို ဘယ်သူမှ စွမ်းအားတွေ သင်မပေးခဲ့ဖူးဘူး…"

ချူလျန် နားမလည်နိုင်ဖြစ်သွား၏။

"ဗျာ..."

စဉ်းစားကြည့်လျှင် ဆရာသည် ရှားပါးလှသောကိုယ်ခန္ဓာကျင့်ကြံသူလမ်းစဉ်ကို လျှောက်လှမ်းနေသူဖြစ်ရာ ရှုတောင်ပေါ်တွင် သူမကို သင်ကြားပေးနိုင်သူ အမှန်တကယ် မရှိနိုင်ချေ။

သို့သော် သင်ကြားပြသခြင်းမရှိသည့်တိုင်အောင် ဆရာတပည့်ဟူသော အမည်နာမတော့ ရှိသင့်ပေသည်။

တိနွီဖုန့်၏နောက်ကြောင်းရာဇဝင်မှာ အနည်းငယ် လျှို့ဝှက်ဆန်းကြယ်နေပုံရ၏။ ချူလျန်သည် ယခင်ကလည်း စပ်စုမေးမြန်းဖူးသော်လည်း သူမသည် အမြဲတမ်း ဝေဝေဝါးဝါးသာ ပြောဆိုလေ့ရှိသည်။

ဆရာသည် သုံးပါးသစ္စာ မြင့်မြတ်မီးတောက်ကို အသုံးပြုနိုင်သည်ကို စဉ်းစားကြည့်လျှင် ၎င်းမှာ တော်ဝင်မျိုးနွယ်စုနှင့် ဆက်နွှယ်မှု ရှိကောင်းရှိနိုင်သဖြင့် အနည်းငယ် လျှို့ဝှက်ထားခြင်းမှာလည်း နားလည်နိုင်စရာပင်ဖြစ်၏။

တိနွီဖုန့်က ဆက်ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် ငါက သူမရဲ့ သွန်သင်ဆုံးမမှုအောက်မှာ ကြီးပြင်းလာခဲ့တာ”

“ငါ ဒီငွေဓားတောင်ထွတ်ကို လာလုယူရတဲ့ အကြောင်းရင်းကလည်း သူမဆီကနေ ရုန်းထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ချင်လို့ပဲ…"

'ဒါကြောင့်ကိုး...'

လွန်ခဲ့သောဆယ်စုနှစ်များစွာက အဖြစ်အပျက်များကို ချူလျန်အနေဖြင့် နားမလည်နိုင်သည်မှာ သဘာဝပင်။

ယခု ကြားလိုက်ရသဖြင့် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲသည် အနည်းဆုံးတော့ တိနွီဖုန့်၏အုပ်ထိန်းသူတစ်ဦး ဖြစ်ခဲ့ဖူးပုံရ၏။

ဆရာသည် ယခင်က ရှုတောင်ပေါ်တွင် အနိုင်ကျင့် ဗိုလ်ကျနေသော်လည်း ကောင်းမွန်စွာ ရှင်သန်နိုင်ခဲ့ခြင်းမှာ အံ့သြစရာ မရှိတော့ချေ။

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲနှင့် မိသားစုဝင်များသဖွယ် ဖြစ်နေခြင်းကြောင့်ပင်။

စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲက သံမဏိမျက်နှာဖြင့် မျှတစွာ ဆုံးဖြတ်ပြီး တိနွီဖုန့်ကို အပြစ်ပေးမည်ဆိုသော်လည်း ဥပဒေထိန်းသိမ်းသူနှင့် ဥပဒေချိုးဖောက်သူက မိသားစုတစ်ခုတည်း ဖြစ်နေသဖြင့် သူမနှင့် ပြဿနာတက်လိုသူ မည်သူမဆို ကိုယ့်အခြေအနေကိုယ် အရင် ပြန်လည်သုံးသပ်ကြရမည် ဖြစ်ပေသည်။

သူမသည် ယခင်က ထိုဆိုးသွမ်းသောကလေးငယ်က သူမ၏ "ရှုတောင်ကပ်ဘေးဆိုး" ဆိုသည့် နာမည်ဆိုးကို လုယူသွားမည်အား စိုးရိမ်ခဲ့ခြင်းမှာလည်း အံ့သြစရာ မရှိပေ။

အသက်ခုနစ်ဆယ်ကျော်အရွယ် တိနွီဖုန့်သည် ချန်လင်းထုံကို ကြည့်လိုက်သည့်အခါ သူမ၏ ခုနစ်နှစ်အရွယ် ပုံရိပ်ကို ပြန်လည်မြင်ယောင်နေလိမ့်မည် ဖြစ်၏။

ဆရာဘက်မှ ထပ်မံ၍ မပြောပြလိုသဖြင့် ချူလျန်သည်လည်း လိမ္မာပါးနပ်စွာဖြင့် ထပ်မမေးတော့ဘဲ ရွှေမွေးဟူကို ဆေးလုံးကျွေးရန် လှည့်လိုက်လေတော့သည်။

All Chapters