အခန်း ၂၀၈
Vol. 21 Ch. 208
အခန်း (၂၀၈) - လသာည (၂)
"မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က လနတ်သမီးနန်းတော်ထဲမှာ အတော်လေး မြင့်မားတဲ့အဆင့်မှာ ရှိနေတာပဲ”
“မင်း ပြန်သွားပြီး မင်းတို့ရဲ့ ဂိုဏ်းချုပ် ယင်ကူယွဲ့ ကို ပြောလိုက်ပါ.. ဒီရေခဲခေါင်းတလားကို ကျုပ် အလကား ယူသွားတာ မဟုတ်ပါဘူး..”
“ကျုပ် သူမအပေါ် အကြွေးတစ်ချက် တင်သွားတယ်လို့ သတ်မှတ်လိုက်ပါ... နောင်တစ်ချိန်မှာ မုချ ပြန်ဆပ်ပါ့မယ်… ဒါပေမဲ့ မင်းတို့ ဇွတ်တရွတ် ဆက်ပြီး လိုက်နှောင့်ယှက်နေဦးမယ်ဆိုရင်တော့ ကျုပ်လည်း လက်ရဲဇက်ရဲ လုပ်ရလိမ့်မယ်..."
ဝေလငါးစီးအင်မော်တယ်၏ အသံသည် ရေခဲနံရံကြီးကို ဖြတ်ကျော်ကာ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာ၏။
သူ၏ စကားသံဆုံးသည်နှင့် တပြိုင်နက် မြင့်တက်နေဆဲဖြစ်သော ရာနှင့်ချီသည့် ရေခဲလှိုင်းတံပိုးကြီးသည် ချက်ချင်း ရပ်တန့်သွားပြီး ထိုနေရာတွင်ပင် မြင့်မားလှသော ရေခဲနံရံကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွား၏။
နောက်တစ်စက္ကန့်တွင် ထိုရေခဲနံရံသည် ရုတ်ချည်းပင် ပျံ့နှံ့သွားပြီး ထိုမိန်းမပျို၏ ခန္ဓာကိုယ်ကို အတွင်း၌ ပိတ်လှောင်လိုက်ချေပြီ။
ဝုန်း...
ကျယ်ပြောလှသော ရေခဲပြင်ကြီးပေါ်တွင် ရေခဲနံရံများသည် အကန့်အသတ်မရှိ တိုးပွားလာပြီး ပေရာချီမြင့်မားသော ခမ်းနားလှသည့် ရေခဲရဲတိုက်ကြီးတစ်ခုအဖြစ် တည်ဆောက်သွားကာ ထိုမိန်းမပျိုမှာမူ ၎င်းအတွင်းရှိ မှောင်မိုက်သော ကမ္ဘာငယ်လေးထဲတွင် ပိတ်မိသွားခဲ့၏။
ဤရေခဲမန္တန်မှာ သူမ၏ အစွမ်းထက်လှသော ကျင့်စဉ်ဖြစ်သော်လည်း ထိုအမျိုးသားက တစ်ခဏချင်းအတွင်း လွှဲပြောင်းထိန်းချုပ်ကာ သူမအား ပြန်လည်ပိတ်လှောင်လိုက်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။
သူမသည် ကျင့်ကြံခြင်းစွမ်းအားများကို လှုံ့ဆော်ကာ ဤရေခဲများကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော်လည်း ဤပတ်ဝန်းကျင်ရှိ ရေခဲများအားလုံးသည် မိမိနှင့် ဆက်သွယ်မှု ပြတ်တောက်သွားသည်ကို တွေ့ရှိလိုက်ရ၏။
သူမ ကျွမ်းကျင်ပိုင်နိုင်စွာ ကျင့်ကြံထားသော ရေခဲတာအိုမှာ မျက်တောင်တစ်ခတ်အတွင်း အလွန်ပင် စိမ်းသက်သွားခဲ့ချေပြီ။
'ဒါ ဘယ်လိုဖြစ်တာလဲ... ငါ့ရဲ့ တာအိုက အလုပ်မလုပ်တော့တာလား...'
မဟုတ်ပေ။
ရေခဲစွမ်းအင်များက သူမကို သစ္စာဖောက်သွားခြင်းပင်။
သူမအတွက်မူ ဤလောကရှိ ရေခဲများသည် လက်နက်သဖွယ်ဖြစ်သော်လည်း ယခုအခါတွင်မူ အလွယ်တကူပင် သိမ်းဆည်းခံလိုက်ရချေပြီ။
မိန်းမပျိုသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဤအခြေအနေမှာ မည်သည့်အတွက်ကြောင့် ဖြစ်ပေါ်လာသည်ကို နားလည်သွားခဲ့၏။
၎င်းမှာ ထိုအမျိုးသား၏ ရေခဲစွမ်းအင်အပေါ် နားလည်သဘောပေါက်မှုသည် သူမထက် အဆပေါင်းများစွာ သာလွန်နေသဖြင့် မိမိ၏ လက်နက်ကို အလွယ်တကူ လုယူသွားနိုင်ခြင်းကြောင့်ပင်။
သို့သော် ဤသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
မိမိသည် ရေခဲတာအိုကို နားလည်သဘောပေါက်ထားသော သတ္တမအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။
ထိတ်လန့်အံ့ဩနေရန် အချိန်မရှိသဖြင့် သူမသည် ရေခဲမန္တန်ကျင့်စဉ်ကို ချက်ချင်းစွန့်လွှတ်လိုက်ပြီးနောက် အပေါ်သို့ ခုန်တက်ကာ အားပြင်းလှသော ဝါးလုံးခန့် လက်ဝါးချက်ဖြင့် ထူထဲလှသော ရေခဲနံရံကြီးကို တိုက်ရိုက်ရိုက်ခွဲပစ်လိုက်၏။
မှန်ပေသည်။ ခန္ဓာကိုယ်၏စွမ်းအားသက်သက်ဖြင့်ပင် လွတ်မြောက်နိုင်ခဲ့၏။
သို့သော် သူမ ပတ်ဝန်းကျင်ကို သေချာစွာ ကြည့်ရှုလိုက်ချိန်တွင်မူ ရုတ်ချည်းတောင့်တင်းသွားခဲ့သည်။
အဝေးတစ်နေရာရှိ လခြမ်းကွေးကို ဆီးကြိုနေသော မြင့်မားလှသော တောင်တန်းကြီးတစ်ခုပေါ်တွင် ငွေရောင်နန်းတော်ကြီးတစ်ခုသည် တိမ်ထူထပ်လှသော မြူခိုးများအကြားတွင် တည်ရှိနေပြီး အစစ်အမှန်ကဲ့သို့ ထင်မှတ်ရပေသည်။
ဤမြင်ကွင်းကို သူမ ကောင်းစွာ သိရှိနားလည်ပေသည်။
ဤတောင်သည် ထိုက်ယင်ဂိုဏ်း၏ တောင်တန်းဖြစ်သော ယင်ဟွာတောင်ဖြစ်ပြီး တောင်ပေါ်ရှိ ထိုနန်းတော်မှာမူ ကျော်ကြားလှသော လနတ်သမီးနန်းတော်ပင် ဖြစ်ချေသည်။
မျက်တောင်တစ်ခတ်အတွင်း ထိုအမျိုးသားသည် ရေခဲရဲတိုက်ကြီးတစ်ခုလုံးနှင့်အတူ သူမအား ဂိုဏ်း၏တောင်တန်းဆီသို့ ပြန်လည်ပို့ဆောင်ပေးလိုက်သည် မဟုတ်ပါလော။
ဤကဲ့သော စွမ်းပကားမျိုးမှာ...
သူသည် အဋ္ဌမအဆင့်ရှိသော ကောင်းကင်စွမ်းအားကို စိုးမိုးနိုင်သူ ဖြစ်နေပါသလော။
အကယ်၍ ထိုသို့သာဖြစ်ပါက ဂိုဏ်းချုပ်ဖြစ်သူ ယင်ကူယွဲ့မှတစ်ပါး ဂိုဏ်းအတွင်း၌ သူ့ကို ယှဉ်ပြိုင်နိုင်သူ မည်သူမျှ ရှိလိမ့်မည်မဟုတ်ပေ။
ထိုသို့တွေးတောမိပြီးနောက် မိန်းမပျိုသည် ခေါင်းကို မော့လျက် လနတ်သမီးနန်းတော်ရှိရာ အရပ်ဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားခဲ့တော့၏။
...
ပင်လယ်ပြင်သည် ပြန်လည်၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်သည်။
ကျွန်းငယ်သည် အရှေ့သို့ တရွေ့ရွေ့မျှောပါသွားပြီး ဖြတ်သန်းသွားရာ နေရာတိုင်းတွင် လှိုင်းဂယက်လေးများ ထင်ကျန်ရစ်ခဲ့၏။
ဂျိန်း... ဂျိန်း...
အဖြူရောင် ခေါင်းတလားအတွင်းမှ အသံများ ထွက်ပေါ်လာပြီးနောက် များမကြာမီမှာပင် အဖုံးသည် ပွင့်သွားကာ နူးညံ့ချောမောလှသော ကလေးမလေးတစ်ဦး၏ မျက်နှာလေး ပေါ်ထွက်လာသည်။
သူမသည် ဝေလငါးစီးအင်မော်တယ်က ငါးမျှားတံဖြင့် မျှားယူသွားခဲ့သော ထိုကလေးမလေးပင် ဖြစ်ချေသည်။
ဤရေခဲခေါင်းတလားမှာ သူမအတွက် အထူးပြင်ဆင်ထားခြင်း ဖြစ်ပေသည်။
ဝေလငါးစီးအင်မော်တယ်က ဂရုတစိုက်ဖြင့် မေးလိုက်၏။
"ဘာလို့ ဒီလောက်မြန်မြန် နိုးလာရတာလဲ..."
"ဆူတယ်..."
ကလေးမလေးက နှုတ်ခမ်းလေးကို လှုပ်ရှားလျက် ခပ်ဆတ်ဆတ် စကားလုံးတစ်လုံးကို အသည်းအသန် ပြောလိုက်၏။
"အာ... ဟုတ်သားပဲ…စောစောက အသံတွေက မင်းကို နှောင့်ယှက်လိုက်မိပြီ..."
အမျိုးသားက ပြုံးလျက် ဆက်ပြောလိုက်၏။
"ဒါဆိုရင်လည်း ထပြီး ဆော့ဦးမလား... တစ်ခုခု စားချင်လား..."
"အင်း..."
ကလေးမလေးက ခေါင်းညိတ်ပြလိုက်၏။
ဝေလငါးစီးအင်မော်တယ်က လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲမှ အသက်ရှင်နေဆဲဖြစ်သော သိန်းငှက်ကြီးတစ်ကောင်ကို ဖမ်းဆီးရမိလိုက်၏။
ထိုသိန်းငှက်ကြီး၏ မျက်နှာမှာ ကြမ်းကြုတ်ခက်ထန်လှပြီး လွန်ခဲ့သော စက္ကန့်ပိုင်းခန့်ကပင် သားကောင်ကို အမဲလိုက်နေဆဲ ဖြစ်နိုင်သော်လည်း ယခုအခါတွင်မူ မိမိကိုယ်တိုင်က သားကောင်ဖြစ်သွားခဲ့ရချေပြီ။
များမကြာမီ ကြမ်းကြုတ်ခက်ထန်သော အမူအရာမှသည် ကြောင်တောင်တောင် အမူအရာသို့ ပြောင်းလဲသွား၏။
ဝေလငါးစီးအင်မော်တယ်က ၎င်းကို ကလေးမလေးထံသို့ ပေးလိုက်ရင်း ပြောလိုက်၏။
"ဒီအနီးအနားမှာ သွေးပါတဲ့ အရှင်လတ်လတ် သတ္တဝါတွေ သိပ်မရှိဘူး… လတ်လတ်ဆတ်ဆတ်လေး မြည်းစမ်းကြည့်လိုက်ဦး..."
ကလေးမလေးက မျက်မှောင်ကြုတ်လျက် နှုတ်ခမ်းလေးကို ဆူပုပ်ထား၏။
"မကြိုက်ဘူးလား..."
ဝေလငါးစီးအင်မော်တယ်က သူမ၏ အမူအရာကို ကြည့်ကာ မေးလိုက်၏။
"ဒါဆိုရင် မင်း ဘာစားချင်လဲ..."
ကလေးမလေးသည် နှုတ်ခမ်းလေးကို အကြိမ်ကြိမ် လှုပ်ရှားပြီးနောက် အသည်းအသန်ပင် စကားလုံးနှစ်လုံးကို ပြောလိုက်၏။
"သစ်သီး..."
"မင်း ပြောတာ သွေးညှီနံ့နဲ့ နဂါးအရှိန်အဝါတွေပါတဲ့ သစ်သီးနီလေးတွေလား..."
ဝေလငါးစီးအင်မော်တယ်က သက်ပြင်းချကာ ပြောလိုက်၏။
"တကယ်ကို အရသာရှိတာပဲ… ဒါပေမဲ့ အကုန်စားပြီးသွားပြီလေ”
“ထပ်စားချင်ရင်တော့ ရှုတောင်ကိုသွားပြီး တောင်းရလိမ့်မယ်..."
ကလေးမလေးက လည်ချောင်းကို လှုပ်ရှားကာ မျက်နှာလေး မော့လျက် သူ့ကို သနားစဖွယ် ကြည့်ရှုနေ၏။
"ဟူး..."
ဝေလငါးစီးအင်မော်တယ်က သူမ၏ ဦးခေါင်းကို လက်ဖြင့် အသာအယာ ပွတ်သပ်ပေးလိုက်၏။
"မရဘူးလေ… မင်းရဲ့ ကပ်ဘေးကို ဖြေရှင်းဖို့ နည်းလမ်း ကျုပ် မစဉ်းစားရသေးဘူး”
“အခုလောလောဆယ်တော့ ပင်လယ်ပြင်မှာပဲ လှည့်လည်သွားလာရင်း ကိစ္စမရှိရင် ဒီရေခဲခေါင်းတလားထဲမှာပဲ နေရလိမ့်မယ်”
“ကုန်းမြေပေါ်ကို ရောက်သွားရင် လူတွေ အများကြီး သေကုန်လိမ့်မယ်..."
"ဟွန့်..."
ကလေးမလေးက နှာခေါင်းလေးကို ရှုံ့လိုက်ပြီး စိတ်ဆိုးသွားဟန် ရှိ၏။
ထို့နောက်...
ပတ်ပတ်လည်ရှိ ပင်လယ်ပြင်သည် ရုတ်ချည်းပင် ဆူပွက်လှုပ်ခတ်လာ၏။
ယနေ့ညတွင် ဤပင်လယ်ပြင်သည် အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရပြီး ရေခဲပြင်များ ပျော်ကျသွားပြီးနောက် ယခုအခါတွင်မူ အသံမျိုးစုံ ထွက်ပေါ်လာကာ မျက်တောင်တစ်ခတ်အတွင်း ဆူပွက်နေသော ရေနွေးအိုးကဲ့သို့ ဖြစ်သွားခဲ့ချေပြီ။
"ကဲပါ... တော်ပြီ မြန်မြန်စားပြီး ခေါင်းတလားထဲ ပြန်ဝင်ပြီး အိပ်တော့..."
ဝေလငါးစီးအင်မော်တယ်က သာယာညင်သာစွာ ပြောလိုက်၏။
"ထပ်ပြီး အချိန်ဆွဲနေရင် တခြားသူတွေ သတိထားမိသွားလိမ့်မယ်..."
ကလေးမလေးက ထိုထူးဆန်းလှသော သိန်းငှက်ကြီးကို ဖမ်းဆီးလိုက်၏။
ကြီးမားလှသော သိန်းငှက်ကြီး၏ ခန္ဓာကိုယ်သည် သူမ၏ လက်ထဲတွင် အလွန်တရာ သေးငယ်သွားသကဲ့သို့ ဖြစ်သွားပြီးနောက် သူမသည် နှုတ်ခမ်းလေးကို ဟကာ အသာအယာကိုက်လိုက်ရာ သိန်းငှက်ကြီး၏ လည်ပင်းမှာ ပြတ်တောက်သွားခဲ့သည်။
လတ်ဆတ်လှသော သွေးနွေးနွေးများသည် သူမ၏ လည်ချောင်းထဲသို့ စီးဝင်သွား၏။
အမှန်စင်စစ် ဤသည်မှာ သူမ အနှစ်သက်ဆုံးသော အရသာ ဖြစ်သင့်သော်လည်း သူမ မွေးဖွားလာချိန်တွင် ထိုအရသာရှိလှသော သစ်သီးနီလေးများကို မြည်းစမ်းဖူးခဲ့သဖြင့် ဤသွေးညှီနံ့များ ပါဝင်သော သွေးစိမ်းများကို အလွန်အမင်း မနှစ်သက်တော့ပေ။
ထို့ကြောင့် သူမကို သစ်သီးလေးများ ပေးခဲ့သော ထိုလူသားကို ရုတ်တရက် သတိရမိသွား၏။
...
ဟတ်ချိုး...
'ဒီခဏလေးအတွင်းကိုပဲ ဘာလို့ လူတွေက ငါ့ကိုပဲ အမြဲသတိရနေကြတာလဲ...'
ချူလျန်က နှာခေါင်းကို ပွတ်လျက် တွေးလိုက်မိသည်။
သို့သော် သူသည် ထိုအကြောင်းကို အချိန်အကြာကြီး ဆက်မတွေးတော့ဘဲ ပတ်ဝန်းကျင်ကို ချက်ချင်း လှည့်လည်ကြည့်ရှုလိုက်၏။
ယခုအချိန်တွင် ရှုတောင်၌ ညနေဆည်းဆာအချိန်သာ ရှိသေးပြီး ကောင်းကင်ယံတွင် တိမ်တောက်တောက်များ ဖြာကျနေ၏။
အဖွဲ့သုံးဖွဲ့မှ လူများသည် ဤနေရာ၌ တစ်မွန်းလွဲလုံး ရှိနေခဲ့ကြပြီးနောက် တောပန်းပွင့်လေးများအကြား စားသောက်ပြီးချိန်တွင် လင်းပေ့က လူတိုင်းကို စုစည်းကာ ကစားပွဲများ ပြုလုပ်ရန် စီစဉ်နေခဲ့သည်။
ပျမ်းမျှစွမ်းအားအရ ငွေဓားတောင်ထွတ်၏ အဖွဲ့သည် ကျန်ရှိသော အဖွဲ့နှစ်ဖွဲ့ထက် အားနည်းသော်လည်း ပေါင်းသင်းဆက်ဆံရေးကဏ္ဍတွင်မူ လင်းပေ့တစ်ယောက်တည်းကပင် ထိုအဖွဲ့နှစ်ဖွဲ့လုံးကို ယှဉ်ပြိုင်နိုင်စွမ်းရှိပေသည်။
ခေါင်းဆောင်သုံးဦးစလုံးက မိမိတို့၏ အဖွဲ့ဝင်များကို သဘောတူညီစွာဖြင့် ပါဝင်ကစားစေပြီးနောက် တစ်စုံတစ်ရာ ထူးခြားမှုဖြစ်ပေါ်လာပါက အချိန်မီ ကူညီပေးနိုင်ရန် ဘေးမှနေ၍ စောင့်ကြည့်နေခဲ့ကြ၏။
ထိုအရပ်မှ ပျော်ရွှင်ရယ်မောသံများနှင့်အတူ ကောင်းကင်ယံ၏ နောက်ဆုံးသော နေရောင်ခြည်သည်လည်း ကွယ်ပျောက်သွားခဲ့ချေပြီ။
ညချမ်းအချိန်သို့ ရောက်ရှိလာခဲ့ပြီ။
ဤအချိန်တွင်ပင် တစ်ဖက်ရှိ ပျက်စီးနေသော ယဇ်ပလ္လင်ပေါ်၌ ထူးခြားသော ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။
ထိုယဇ်ပလ္လင်၏အထက် ကောင်းကင်ယံတွင် ကြီးမားလှသော အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး နတ်ဘုရားရုပ်ထုကြီးတစ်ခု၏ ပုံရိပ်ယောင် ပေါ်ထွက်လာသည်။
၎င်းသည် လေထုထဲတွင် ရပ်တန့်နေပြီး ဘယ်လက်ကို နောက်ကျောတွင် ထားရှိကာ ညာလက်ကမူ ရှေ့ဘက်တစ်နေရာသို့ ညွှန်ပြနေပြီး မျက်ဝန်းများထဲတွင်မူ ကရုဏာတရားများ ပြည့်နှက်နေ၏။
ဤသည်မှာ ကျော်ကြားလှသော ရှုတောင်စောင့်နတ်၏ ပုံရိပ်ပင် ဖြစ်ချေသည်။
တောင်စောင့်နတ် ပေါ်ထွက်လာခြင်းပင်။
လူတိုင်း တုန်လှုပ်သွားကြပြီး လက်ရှိ လုပ်ဆောင်နေသမျှကို ရပ်တန့်ကာ ထိုတောင်စောင့်နတ်မင်း၏ ပုံရိပ်ယောင်ကို ငေးမောကြည့်ရှုလိုက်ကြ၏။
ချူလျန်က ပထမဆုံးအကြိမ်အဖြစ် လှည့်ကြည့်လိုက်ရာ တောင်စောင့်နတ်မင်း၏ ညာလက်က ညွှန်ပြနေသော နေရာမှာ တောင်ထွတ်တစ်ခုဆီသို့ ဦးတည်နေသည်ကို တွေ့ရှိလိုက်ရသည်။
ထိုနေရာကား ဓားကျည်တောက်တောင်ထွတ်ပင် ဖြစ်ချေသည်။