အခန်း ၂၀၉
Vol. 21 Ch. 209
အခန်း (၂၀၉) - ဥခွံကွဲခြင်း (၁)
ယခုအချိန်တွင် ပြင်ပ၌ရှိနေကြသော ရှုတောင်တပည့်များအားလုံးသည် လက်ပံနီတောင်ထွတ်ထက်၌ ထီးထီးကြီး ပေါ်ထွက်လာသော ကြီးမားလှသည့် တောင်စောင့်နတ်မင်း၏ အလင်းရိပ်ကို လှမ်းမြင်လိုက်ရလေသည်။
"အဲဒါ ဘာကြီးလဲ.."
"ရှုတောင်က တောင်စောင့်နတ်ရဲ့ ရုပ်တုတော်နဲ့ တူတယ်နော်"
"ဒါ တောင်စောင့်နတ်ပူဇော်ပွဲရဲ့ သဲလွန်စများဖြစ်နေမလား"
"မြန်မြန် သွားကြည့်ကြစို့"
ဤသဲလွန်စကို ဤကဲ့သို့ပင် စီစဉ်ဖန်တီးထားခြင်းဖြစ်ပေသည်။
အကယ်၍ လူတိုင်းက စာလုံးပဟေဠိကို မဖော်ထုတ်နိုင်ခဲ့လျှင်ပင် ဤအလင်းရိပ် ပေါ်လာသည်ကို မြင်တွေ့နိုင်ပြီး ပထမဦးဆုံး သဲလွန်စကို ရှာဖွေတွေ့ရှိနိုင်မည်ပင်။
သို့ရာတွင် စာလုံးပဟေဠိကို အဖြေရှာနိုင်သူများမှာမူ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သဖြင့် သဘာဝကျစွာပင် တစ်လှမ်းဦးကာ အသာစီးရရှိနိုင်ပေလိမ့်မည်။
လက်ပံနီတောင်ထွတ်ပေါ်ရှိ ထူးချွန်ထက်မြက်သော တပည့်များထဲတွင် အနည်းဆုံး ထက်ဝက်ကျော်ခန့်မှာ ချက်ချင်းပင် ရိပ်မိသွားကြလေသည်။
နောက်ထပ် သဲလွန်စတစ်ခုမှာ တောင်စောင့်နတ်ရုပ်တု၏ လက်ညှိုးညွှန်ရာ အရပ်မျက်နှာ၌ ရှိနေနိုင်ပေသည်။
ထိုခဏ၌ ဓားအလင်းတန်းများ ကောင်းကင်သို့ ထိုးတက်သွားတော့၏။
တစ်စင်းပြီးတစ်စင်း လင်းလက်လာသော ဆယ်စင်းမကသည့် ဓားအလင်းတန်းများသည် ညကောင်းကင်ယံကို ဖြတ်သန်းသွားကြသည်။
သို့သော် မကြာမီမှာပင် ဓားအလင်းတန်း သုံးစင်းက ကျန်ရှိနေသည့် လူများကို အဝေးကြီးတွင် ဖြတ်ကျော်ကာ ရှေ့မှ ဦးဆောင်သွားလေသည်။
ရွှီဇီယန်၏ပဉ္စမအဆင့် ကျင့်ကြံခြင်းစွမ်းအားများ အပြည့်အဝပေါက်ကွဲထွက်လာပြီး သူ၏အရှိန်အဟုန်မှာ တုန်လှုပ်ခြောက်ခြားဖွယ် ကောင်းလှပေသည်။
ဓားပျံစီးနင်းလိုက်သည့် ပထမဆုံး ခြေလှမ်းမှာပင် လက်ပံနီတောင်ထွတ်အပြင်ဘက်သို့ ရောက်ရှိသွားလုနီးပါး ဖြစ်သွား၏။
ကျန်းယွဲ့ပိုင်မှာမူ နတ်ဝိညာဉ်ခန္ဓာပိုင်ရှင်ဖြစ်သဖြင့် မန္တန်အတတ်များကို ကျွမ်းကျင်နှံ့စပ်လှပေသည်။
အလွန်ရိုးရှင်းသော ဓားပျံစီးခြင်းအတတ်ကိုပင် သူမ အသုံးပြုလိုက်သည့်အခါ အခြားသူများထက် ပိုမို အားကောင်းလှပြီး ရွှီဇီယန်၏ ဘေးနားတွင် ထပ်ကြပ်မကွာ လိုက်ပါနိုင်ကာ အနည်းငယ်မျှပင် နောက်ကျကျန်ရစ်ခြင်း မရှိပေ။
ချူလျန်၏စွမ်းဆောင်ရည်မှာမူ လူအပေါင်းကို အံ့ဩရဆုံးဖြစ်စေခဲ့၏။
အပြင်လူများအမြင်တွင် သူသည် စတုတ္ထအဆင့်သို့ တက်လှမ်းခါစသာ ရှိသေးပြီး ထူးကဲမွန်မြတ်သော ရွှေအမြုတေအဆင့်ကို ရရှိထားသော်လည်း ရှေ့ကနှစ်ဦးနှင့်မူ ကွာခြားချက်အနည်းငယ် ရှိနေလိမ့်ဦးမည်ဟု ယူဆထားကြ၏။
သို့သော် သူကိုယ်တိုင်သာ သိသည်မှာ သူသည် ရွှေအမြုတေနှစ်ခုဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး ထူးကဲမွန်မြတ်သော ရွှေအမြုတေနှစ်လုံးမှာ ရူးသွပ်စွာလည်ပတ်နေခြင်းပင်။
ချီပင်လယ်ဝဲဂယက်မှာလည်း ယင်ယန်ဝဲဂယက်နှစ်ခုပင် ဖြစ်ပေသည်။
စွမ်းအားများကို အပြည့်အဝလည်ပတ်စေလိုက်ချိန်တွင် ခန္ဓာကိုယ်အတွင်းရှိ ချီပင်လယ်မှာ တဝုန်းဝုန်းမြည်ဟည်းသွားတော့၏။
ရွှစ်... ရွှစ်... ရွှစ်...
သက်တံရှည်ကြီးများကဲ့သို့ ဖြောင့်တန်းသွားသော ဓားအလင်းတန်းသုံးစင်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားကျည်တောက်တောင်ထွတ်၏ကောင်းကင်ထက်သို့ ရောက်ရှိသွားကြ၏။
ဤနေရာသည် ခရမ်းပြာဓားနှစ်စင်း ကိန်းဝပ်ရာ နေရာဖြစ်ပြီး တောင်ထိပ်ထက်၌ မကြာခဏဆိုသလို ဓားစွမ်းအင်များ ဖရိုဖရဲ လွင့်ပျံနေတတ်သဖြင့် ပုံမှန်အားဖြင့် ရှုတောင်တပည့်များသည် ဤနေရာသို့ မချဉ်းကပ်ဝံ့ကြချေ။
သို့ရာတွင် ယခုအချိန်၌မူ ထိုအရာများကို ဂရုစိုက်မနေနိုင်ကြတော့ပေ။
ဝိညာဉ်အာရုံဖြင့် လှမ်းကြည့်လိုက်ကြရာ သုံးဦးလုံး ထူးခြားသော အရာတစ်ခုကို တွေ့ရှိသွားကြလေသည်။
ဓားကျည်တောက်တောင်ထွတ်၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာလေးခုတွင် အလံတစ်ခုစီ စိုက်ထူထားပြီး စုစုပေါင်းအလံလေးခု ရှိနေ၏။
ရွှီဇီယန်သည် ဝေခွဲမနေဘဲ သူနှင့် အနီးဆုံးဖြစ်သော အရှေ့ဘက် အရပ်မျက်နှာရှိ အလံဆီသို့ ပျံသန်းသွားလေသည်။
ကျန်းယွဲ့ပိုင်သည် ထိုအခြေအနေကို မြင်သောအခါ ကိုယ်ကို လှည့်ကာ အနောက်ဘက်ရှိ အလံဆီသို့ ပျံသန်းသွား၏။
ချူလျန်သည်လည်း ၎င်းတို့နှင့် အပြိုင်မလုတော့ဘဲ တောင်ဘက်ရှိ အလံဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလိုက်သည်။
ဖတ်...
အလံကြီးကို ဆွဲနှုတ်လိုက်သောအခါ ၎င်းအပေါ်တွင် မြေပုံတစ်ခု ဆွဲသားထားပုံရသော်လည်း မပြည့်စုံချေ။
ကြည့်ရသည်မှာ မြေပုံလေးခုကို ပေါင်းစပ်လိုက်မှသာ ပြည့်စုံသော မြေပုံတစ်ခု ဖြစ်လာမည့်ပုံပင်။
ချူလျန်မှာ အများကြီး စဉ်းစားမနေတော့ဘဲ ထိုအလံကို သိမ်းဆည်းလိုက်ပြီးနောက် နောက်ဆုံးကျန်ရှိနေသော မြောက်ဘက်အရပ်ရှိ အလံဆီသို့ လျင်မြန်စွာ ပျံသန်းသွားလေတော့သည်။
သုံးဦးလုံးသည် တစ်ဦးလျှင် အလံတစ်ခုစီကို ဘေးမသီရန်မခဘဲ ရရှိထားကြပြီးဖြစ်ရာ ယခုအခါ နောက်ဆုံးကျန်ရှိသော အလံကြီးကို ရင်ဆိုင်ရချိန်တွင် တိုက်ခိုက်မှုဖြစ်ရန်မှာ ရှောင်လွှဲ၍ရနိုင်တော့မည်မဟုတ်ပေ။
ရွှစ်... ရွှစ်... ရွှစ်...
သုံးဦးလုံးသည် တပြိုင်နက်တည်း ပျံသန်းသွားကြရာ တစ်ဦးနှင့်တစ်ဦး အကွာအဝေးမှာ အလွန်ပင်ကျဉ်းမြောင်းလှသဖြင့် စတုတ္ထမြောက်အလံရှိရာသို့ တပြိုင်နက်တည်း ရောက်ရှိသွားနိုင်ခြေရှိနေပေသည်။
သို့သော် အကွာအဝေးမှာ ကိုက်အနည်းငယ်သာ လိုတော့သည့်အချိန်တွင် ကျန်းယွဲ့ပိုင်သည် ရုတ်တရက် လက်ညှိုးနှင့်လက်မချင်းထိကာ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်လေသည်။
ရှပ်... ရှပ်...
ဆက်တိုက်ဆိုသလို ပုံရိပ်ယောင်နှစ်ခု လှုပ်ရှားသွားပြီး တစ်ကြိမ်လျှင် ပေဆယ်ဂဏန်းခန့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အလံ၏ရှေ့မှောက် လက်တစ်ကမ်းအကွာအဝေးသို့ ရောက်ရှိသွားတော့၏။
မြေချုံ့အတတ်…။
'ဒီအချိန်ကျမှ နတ်မန္တန်ကို သုံးတာကတော့ တရားလွန်လွန်းတယ်မလား...'
ချူလျန်သည် စိတ်ထဲမှ ရေရွတ်လိုက်မိသော်လည်း ဘာမျှ မတတ်နိုင်ချေ။
မြေချုံ့အတတ်မန္တန်ကို စီနီယာအမကျန်းက လွန်ခဲ့သောရက်အနည်းငယ်ကပင် သူ့ကို ပြောပြခဲ့ဖူးသော်လည်း သူသည် ထိုဆန်းကြယ်လှသော အကွာအဝေးမဲ့တာအိုကို သဘောမပေါက်သေးချေ။
သူတစ်ဦးတည်း စိုးရိမ်နေသည်မဟုတ်ဘဲ ရွှီဇီယန်သည်လည်း မျက်မှောင် ကြုတ်သွား၏။
ကျန်းယွဲ့ပိုင်က နတ်မန္တန်၏အားသာချက်ကို အသုံးချကာ သူမ၏ဒုတိယမြောက်အလံကို ရရှိတော့မည့်ဆဲဆဲတွင် ရွှီဇီယန်သည် လက်ကိုမြှောက်ကာ ဓားအလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်လေတော့သည်။
တောင်စောင့်နတ်ပူဇော်ပွဲပြိုင်ပွဲအတွင်း တိုက်ခိုက်ကြခြင်းမှာ ရှောင်လွှဲ၍မရနိုင်သောကိစ္စဖြစ်ပြီး ဤအရာသည် ရှုတောင်ထိပ်သီးဆွေးနွေးပွဲပြိုင်ပွဲ၏ အစိတ်အပိုင်းတစ်ခုပင်။
သူ၏တိုက်ခိုက်မှုသည် ကျန်းယွဲ့ပိုင်ကို ထိခိုက်ဒဏ်ရာရစေရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ သူမ၏အာရုံကို လွှဲဖယ်ရန်သာဖြစ်၏။
ထင်ထားသည့်အတိုင်းပင်။
နောက်ကျောဘက်မှ လွှင့်ပျံလာသော ပြင်းထန်လှသည့်ဓားစွမ်းအင်များကြောင့် ကျန်းယွဲ့ပိုင်သည် ရှောင်လွှဲ၍မရဘဲ ကိုယ်ကိုလှည့်ကာ ဓားကိုဆွဲထုတ်၍ ခုခံလိုက်ရ၏။
ဓားချင်းထိခတ်မိသံနှင့်အတူ အလင်းတန်းများ အရပ်မျက်နှာအနှံ့ပျံ့လွင့်သွားပြီး အလံလုယူမည့်ခြေလှမ်းမှာ ခဏတာနှောင့်နှေးသွားရလေသည်။
ထိုခဏလေးအတွင်းမှာပင် ရွှီဇီယန်က ဘေးဘက်မှ အမှီလိုက်လာနိုင်ပြီး အလံကိုဆွဲနှုတ်ရန် လက်ကိုလှမ်းလိုက်တော့၏။
ချူလျန်ကလည်း သူ့အလိုကျ မည်သို့ခွင့်ပြုနိုင်ပါမည်နည်း။