အခန်း ၂၁၀
Vol. 21 Ch. 210
အခန်း (၂၁၀) - ဥခွံကွဲခြင်း (၂)
ဝူချန်ဓားက ရွှေအမြုတေနှစ်ခု၏အရှိန်အဝါကို မြှင့်တင်ကာ တိမ်ဖြတ်ဓားစွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး လေထုကိုပြင်းထန်စွာ ထိုးခွဲသွားလေသည်။
ရွှီဇီယန်ပင်ဖြစ်ပါစေဦးတော့...
ထိုတိုက်ခိုက်မှုကို တိုက်ရိုက်ရင်ဆိုင်ရန် မဝံ့ရဲသဖြင့် သူသည်ဓားကိုဝှေ့ယမ်းကာ ထိုဓားစွမ်းအင်ကို ဖျက်ဆီးလိုက်သော်လည်း သူကိုယ်တိုင်လည်း ခြေလှမ်းနှစ်လှမ်းခန့် နောက်ဆုတ်သွားရလေ၏။
ယခုအခါ ချူလျန်သည် ဤအလံနှင့်အနီးဆုံးလူ ဖြစ်လာခဲ့ပြီဖြစ်၏။
သုံးဦးကြားရှိ ဆက်နွှယ်မှုအရ ကျန်းယွဲ့ပိုင်က သူ့ကိုတားဆီးရန် ဓားကိုအသုံးပြုရမည် ဖြစ်ပေသည်။
သို့သော် သူက လက်ကိုဆန့်ကာ ထိုအလံကိုဆွဲနှုတ်လိုက်သည်အထိ စီနီယာအမကျန်း၏တိုက်ခိုက်မှုကို မကြုံတွေ့ခဲ့ရချေ။
လျှပ်စီးလက်သည့် အချိန်တိုအတွင်းမှာပင် ချူလျန်မှာ အခြားအရာများကို မစဉ်းစားနိုင်တော့ပေ။
သူသည် အလံကို အောင်မြင်စွာ ဆွဲနှုတ်လိုက်ပြီးနောက်မှသာ ကျန်းယွဲ့ပိုင်ကို အနည်းငယ်အံ့ဩစွာ လှမ်းကြည့်လိုက်တော့၏။
"ဒီမြေပုံလေးခုက ပေါင်းစပ်လိုက်မှသာ ပြည့်စုံမှာလေ…တစ်ခုပဲ ရရ နှစ်ခုပဲ ရရ အတူတူပဲ"
ကျန်းယွဲ့ပိုင်က ပြုံးလျက် ပြောလိုက်၏။
"ဒီအတွက်နဲ့ သေရေးရှင်ရေး တိုက်ခိုက်နေဖို့ မလိုဘူး…"
"အလျော့ပေးခဲ့တဲ့အတွက် စီနီယာအမကျန်းကို ကျေးဇူးတင်ပါတယ်…”
“ဒီစတုတ္ထမြောက်မြေပုံကို ကျွန်တော်တို့နှစ်ဦး ပိုင်ဆိုင်တယ်လို့ သတ်မှတ်လို့ရပါတယ်..”
“ကျွန်တော် လုံးဝ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး"
ချူလျန်က ချက်ချင်းပင် တုံ့ပြန်လိုက်၏။
"ဒါဆိုရင်တော့ ကောင်းတာပေါ့.. ဒါဆို ကျန်တဲ့မြေပုံတွေကိုလည်း ကျွန်မတို့ အပြန်အလှန် ဖလှယ်ကြည့်ရှုနိုင်တာပေါ့.."
ကျန်းယွဲ့ပိုင်က ပြောလိုက်သည်။
"ကျွန်တော်တို့ အဖွဲ့နှစ်ဖွဲ့ တိုက်ရိုက် မဟာမိတ်ဖွဲ့လိုက်ရင် မကောင်းဘူးလား…"
ချူလျန်က နောက်တစ်ဆင့်တက်ကာ အကြံပြုလိုက်၏။
'ဟမ်...'
ရွှီဇီယန်သည် ဤစကားများကို ကြားရသောအခါ အခြေအနေမှာ အလွန်ထူးဆန်းနေကြောင်း ခံစားလိုက်ရသည်။
'ငါ့ကို လူလို့ရော သတ်မှတ်သေးရဲ့လား…'
ရွှီဇီယန်သည် ရှေ့သို့ တစ်လှမ်းတိုးကာ ကျန်းယွဲ့ပိုင်ကို ကြည့်ပြီး မေးလိုက်၏။
"မင်း တကယ်ပဲ သူနဲ့ မဟာမိတ်ဖွဲ့မလို့လား.."
ကျန်းယွဲ့ပိုင်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ဘာလို့လဲ.."
ရွှီဇီယန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ရုတ်တရက် ပြောလိုက်၏။
"တကယ်တော့ ငါလည်း မင်းနဲ့ မဟာမိတ်ဖွဲ့လို့ ရတာပဲလေ..”
“ဒီတစ်ခေါက်မှာ ငါတို့နှစ်ဖွဲ့ရဲ့ အင်အားက အတောင့်တင်းဆုံးပဲ… ငါတို့ အရင်ဆုံး ပူးပေါင်းပြီး တခြားအဖွဲ့တွေကို ဖယ်ထုတ်ပစ်လိုက်ပြီးမှ ပြိုင်ဆိုင်ကြတာပေါ့…"
'ဟမ်...'
ဤတစ်ကြိမ်တွင်မူ ချူလျန်မှာ အခြေအနေမဟန်တော့ကြောင်း ခံစားလိုက်ရသည်။
'ဒီနေရာမှာ စုစုပေါင်း သုံးယောက်တည်း ရှိတာကို... မင်းပြောတဲ့ တခြားအဖွဲ့တွေဆိုတာ ဘယ်သူ့ကို ပြောတာလဲ'
အခြေအနေမှာ ရုတ်တရက် အမျိုးသားနှစ်ဦးက ကျန်းယွဲ့ပိုင်ကို လုယူနေသည့် ပုံစံမျိုး ဖြစ်သွားရာ သူမမှာ မပြုံးဘဲ မနေနိုင်တော့ချေ။
"မင်းတို့နှစ်ယောက် ဘာလို့ မဟာမိတ်မဖွဲ့ကြတာလဲ…"
ချူလျန်နှင့် ရွှီဇီယန်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ရုတ်တရက် တပြိုင်နက်တည်း ပြောလိုက်ကြ၏။
"ဒါလည်း ဟုတ်တာပဲ.."
"မဖြစ်နိုင်တာတော့ မဟုတ်ဘူးပဲ.."
အဖွဲ့သုံးဖွဲ့ ပြိုင်ဆိုင်ရာတွင် အားလုံး မဟာမိတ်ဖွဲ့ခြင်းမှာ မည်သူမျှ မဟာမိတ်မဖွဲ့ခြင်းနှင့် အတူတူပင် ဖြစ်၏။
ကျန်းယွဲ့ပိုင်က ဆက်လက် ပြောလိုက်၏။
"ဘယ်သူပဲဖြစ်ဖြစ် ကျွန်မနဲ့ မဟာမိတ်ဖွဲ့ချင်ရင် မြေပုံလေးခုလုံး မျက်မြင်ကိုယ်တွေ့ဆုံတဲ့ အချိန်ကျမှပဲ အပြန်အလှန် ဖလှယ်တာကို လက်ခံမယ်…"
ချူလျန်နှင့် ရွှီဇီယန်တို့သည် ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်ကြသည်။
သူမ၏ တွေးခေါ်မှုမှာ အလွန် လျင်မြန်လှပေသည်။
အဘယ်ကြောင့်ဆိုသော် ယခုအခြေအနေတွင် သုံးဦးလုံး၌ မြေပုံရှိနေကြပြီး သတင်းအချက်အလက်များမှာ တစ်ခုနှင့်တစ်ခု ထပ်တူမကျဘဲ ပုံမှန်အခြေအနေအရ တစ်ခုမျှ ချန်လှပ်ထား၍ မရနိုင်သောကြောင့် ဖြစ်သည်။
သို့သော် အကယ်၍ ၎င်းတို့ထဲမှ နှစ်ဦးသည် လက်ရှိမြေပုံများကို အပြန်အလှန် ဖလှယ်လိုက်ပါက ထိုနှစ်ဦး၏ သတင်းအချက်အလက်များမှာ ထပ်တူညီသွားပေလိမ့်မည်။
ထိုအခါ ပထမလူသည် တတိယလူကို အရင်ရှာတွေ့ပါက ပြည့်စုံသော အချက်အလက်ကို ရရှိသွားမည်ဖြစ်သည်။
ထိုအခါ အပြန်အလှန် ဖလှယ်မှုတွင် ပါဝင်ခဲ့သော ဒုတိယလူမှာမူ ဘေးဖယ်ခြင်း ခံရပေလိမ့်မည်။
ဤကဲ့သို့သော အခြေအနေမျိုးကို ရှောင်ရှားရန်အတွက် ပထမဦးဆုံး လူဖြစ်လာအောင် အပြိုင်အဆိုင် ကြိုးစားရမည် ဖြစ်သော်လည်း ထိုသို့ပြုလုပ်ပါက တစ်ဦးကိုတစ်ဦး အပြန်အလှန် ထောင်ချောက်ဆင်သည့် အခြေအနေသို့ ရောက်ရှိသွားပေလိမ့်မည်။
သို့မဟုတ်ပါကလည်း တတိယလူအဖြစ် ပြတ်ပြတ်သားသား ရပ်တည်ပြီး ဤအန္တရာယ်ကို လုံးဝ ရှောင်ရှားရမည် ဖြစ်သည်။
သို့သော် မည်သူမျှ အရူးအဖြစ် မခံလိုကြသဖြင့် ဤနည်းလမ်းဖြင့် အရောင်းအဝယ်ကို ပြီးမြောက်နိုင်မည်မဟုတ်ပေ။
အပြန်အလှန် ထိခိုက်နစ်နာမှုကို ရှောင်ရှားရန် အကောင်းဆုံးနည်းလမ်းမှာ သုံးဦးလုံး ပြိုင်တူ ဖလှယ်ကြခြင်း ဖြစ်ပြီး သတင်းအချက်အလက်များကို တပြိုင်နက်တည်း မျှဝေခြင်းဖြင့် မည်သူမျှ နစ်နာမှုမရှိစေရန် ပြုလုပ်ခြင်းပင် ဖြစ်ပေသည်။
၎င်းတို့ စကားပြောနေကြသည့် အချိန်အတောအတွင်းမှာပင် နောက်ထပ် ဓားအလင်းတန်းများမှာ မြေပြင်သို့ ဆင်းသက်လာကြပြန်သည်။
၎င်းတို့ထဲတွင် လက်ပံနီတောင်ထွတ်မှ လိုက်ပါလာကြသော အသင်းဖော်များ ပါဝင်သကဲ့သို့ အခြားနေရာများမှ ရောက်ရှိလာကြသော ရှုတောင်တပည့်များလည်း ရှိကြသည်။
"ဒီမှာ လူရှုပ်နေတော့... ကျွန်တော်တို့ အရင်ပြန်ပြီး ကိုယ့်လက်ထဲက မြေပုံကို အရင်လေ့လာကြည့်ရအောင်ပါ”
“မနက်ဖြန်ကျမှ အချိန်တစ်ခု ချိန်းပြီး ပြန်ဆွေးနွေးကြတာပေါ့.."
ချူလျန်က အကြံပြုလိုက်၏။
"ရတယ်"
ကျန်းယွဲ့ပိုင်နှင့် ရွှီဇီယန်တို့သည်လည်း ဤအကြံပြုချက်ကို သဘောတူလိုက်ကြသည်။
……
ငွေဓားတောင်ထွတ်သို့ ပြန်ရောက်ပြီးနောက် ချူလျန်သည် ထိုမြေပုံနှစ်ခုကို အရင်ဆုံး လေ့လာရန် ရည်ရွယ်ထားခဲ့သည်။
သို့သော် မထုတ်ယူရသေးမီမှာပင် စေတီတော်ဖြူဟင်းလင်းပြင်အတွင်းမှ သေးငယ်သော လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
'ဟိုဥကြီးလား...'
သူသည် ချက်ချင်း နားလည်သွားပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော သားရဲဥကို စေတီတော်ဖြူအတွင်းမှ ထုတ်ယူလိုက်လေသည်။
လွန်ခဲ့သော ရက်များစွာကတည်းက သူသည် ဥကို ဖောက်ရန် လျစ်လျူရှုမထားခဲ့ဘဲ နေ့စဉ် အားလပ်သည့်အချိန်တိုင်း လက်ဖြင့် ပွတ်သပ်ကာ သူ၏ အစစ်အမှန်ချီစွမ်းအားဖြင့် သွေးပူစေခဲ့သည်။
အချိန်များစွာ ကုန်လွန်ပြီးနောက် ဤဥအတွင်းမှ နောက်ဆုံးတွင် သေးငယ်သော လှုပ်ရှားသံများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်၏။
တစ်စုံတစ်ခု ထွက်လာတော့မည့်ပုံပင်။
ချူလျန်သည် သူ၏ အစစ်အမှန်ချီစွမ်းအားကို အမြန်လှုပ်ရှားစေပြီး ဥခွံအတွင်းသို့ ညင်သာစွာ ပို့လွှတ်လိုက်ရာ သားရဲဥအတွင်းမှ တုံ့ပြန်မှုမှာ ပိုမိုပြင်းထန်လာပြီး ဥကြီးတစ်ခုလုံး တုန်ခါလာတော့သည်။
၎င်းအတွင်း၌ ထင်ရှားလှသော သက်ရှိစွမ်းအားများ လှုပ်ရှားနေပြီး ၎င်းသည် အပြင်သို့ ထွက်လာရန် အလွန်ပင် စိတ်အားထက်သန်နေပုံရ၏။
သို့သော် ယခုအချိန်တွင် ချူလျန်မှာ ကူညီပေးနိုင်ခြင်း မရှိသဖြင့် ဘေးမှသာ တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။
တစ်နာရီကျော်ခန့် စောင့်ဆိုင်းပြီးနောက် ပထမဦးဆုံး အက်ကြောင်းလေးတစ်ခု စတင် ပေါ်ထွက်လာခဲ့၏။
ဂျွတ်...
ပြည့်စုံနေသော ဥခွံအပြင်ဘက်၌ အပ်ဖြင့် ထိုးထားသကဲ့သို့ သေးငယ်သော အပေါက်လေးတစ်ခု ပေါ်လာသည်။
ထို့နောက် ထိုအပေါက်လေးမှာ ဆက်တိုက် အက်ကွဲသွားပြီး အက်ကြောင်းကြီးတစ်ခု ဖြစ်သွားတော့သည်။
အစိမ်းရင့်ရောင်နှင့် အဖြူရောင် အရည်များ အများအပြား စီးကျလာပြီး စားပွဲပေါ်တွင် ပြည့်နှက်သွားလေသည်။
ထိုအရည်များ စီးထွက်သွားပြီးနောက် အလွန် သေးငယ်သော ကိုယ်ထည်လေးတစ်ခု စားပွဲပေါ်တွင် ပေါ်လာတော့၏။
ချူလျန်သည် အံ့ဩတကြီး ရေရွတ်မိသွားသည်။
'ဒီလောက် ကြီးမားတဲ့ ဥကြီးကြီးကနေ ဒီလို အကောင်သေးသေးလေးပဲ ပေါက်လာတာလား... ပြီးတော့ ဒီအကောင်ကလည်း...'
စားပွဲပေါ်ရှိ ထိုသက်ရှိလေးကို ကြည့်လိုက်ရာ လက်တစ်ဆစ်၏ ထက်ဝက်ခန့်သာ ရှည်လျားပြီး အပ်တစ်ချောင်းထက် အနည်းငယ်မျှသာ ပိုမိုတုတ်ကာ ဖြူဖွေးလျက် အနည်းငယ် ဖောက်ထွင်းမြင်နိုင်ပြီး ထိုနေရာတွင် တရွေ့ရွေ့ လှုပ်ရှားနေရှာသည်။
ဒါက တကယ့်ကို...
ပိုးလောက်ကောင်လား…။