အခန်း ၂၆၂
Vol. 27 Ch. 262
အခန်း(262)
ကျန်းဝမ်ကျန့်က လက်ကို မြှောက်ပြီး စုဝေ့ယန်၏ ခါးကို ဆွဲဆိတ်လိုက်ပြီး အားပြင်းစွာဖြင့် လိမ်လိုက်လေ၏။
သို့သော် ထိုအမျိုးသားက နာကျင်မှုကို ခံစားနိုင်စွမ်းမရှိသကဲ့သို့ မျက်ခုံးပင် မပင့်သွားခဲ့ဘဲ ထိုနာကျင်မှုကို တိတ်တဆိတ်သာ အောင့်ခံနေခဲ့သည်။
သူမဘက်မှ ဆွဲဆိတ်ပြီးသွားမှသာ စုဝေ့ယန်က ကျန်းဝမ်ကျန့်၏ လက်ချောင်းလေးများကို အကူအညီမဲ့စွာဖြင့် လှမ်းကြည့်လိုက်လေ၏။ ထိုအကြည့်က သူမကို “နာသွားလား” ဟု မေးမြန်းနေသကဲ့သို့ပင်။
ကျန်းဝမ်ကျန့်မှာ သူမ၏ လက်ချောင်းလေးများကို ဆွဲကိုင်ခြင်းကို ခံလိုက်ရသည့်အချိန်တွင် ဂုတ်ပိုးကိုဆွဲညှစ်ခြင်း ခံလိုက်ရသော ကြောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့ရလေသည်။
သူမအနေဖြင့် ချက်ချင်းပင် ဒေါသများပြယ်လွင့်သွားခဲ့ရပြီး စိတ်ရှုပ်ထွေးမှုများဖြင့်သာ ပြောဆိုလိုက်လေတော့၏။
“ဘာပဲဖြစ်ဖြစ် နောက်ပိုင်းကျရင် အမေက ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မကို အပြစ်တင်လာရင် ရှင် သေချာပေါက် တာဝန်ယူရမယ်”
“ကောင်းပါပြီ”
စုဝေ့ယန်က ဝမ်းမြောက်စွာဖြင့် သဘောတူလိုက်လေသည်။
တကယ်တမ်းတွင် သူသည်လည်း အနည်းငယ် နောင်တရမိသွားခဲ့၏။
သူ့အနေဖြင့် လက်ထပ်ပြီးနောက်တွင် သူ၏ မိခင်ဖြစ်သူက သူ့အပေါ် နှစ်ပေါင်းများစွာ ထားရှိခဲ့သော ထင်မြင်ချက်ကိုပင် ပြောင်းလဲပစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ထို့အပြင် သူ၏ ညီငယ်ဖြစ်သူ စုဝေ့ချင်းမှာလည်း ဤပြောင်းလဲမှုများကို အလွန်သဘောပေါက်နေသည့် ပုံစံမျိုး ရှိနေခဲ့သည်။ ထိုအမူအရာက သူ့အနေဖြင့် အတိတ်တုန်းက နစ်နာမှုများကို ခံစားခဲ့ရဖူးကြောင်း ပြသနေခဲ့သည်။
သူ၏ညီငယ်တစ်ယောကင လွန်ခဲ့သော တစ်နှစ်အတွင်း မည်မျှအထိကြုံတွေ့ခဲ့ရသည်ကို မည်သူကမျှ မခန့်မှန်းနိုင်ပေ။
ထိုအကြောင်းကို တွေးမိလိုက်လျီင် သူ၏ စုဝေ့ချင်းအပေါ် ကြည့်ရှုသည့် အကြည့်က ပြောင်းလဲသွားခဲ့ရတော့၏။
ထိုအကြည့်တွင် သနားကြင်နာလွန်းသော အငွေ့အသက် အနည်းငယ် ပါဝင်နေခဲ့လေ၏။
စုဝေ့ချင်း : “…”
ဒုတိယအစ်ကိုကတော့ ရူးနေတာပဲ။
စုဝေ့ယန်မှာ မိခင်ဖြစ်သူ၏ အခြေအနေကို မှားယွင်း၍ တွက်ချက်ခဲ့မိသည်။
ထို့ကြောင့် နောက်ရက်အနည်းငယ်အတွင်း အေးစက်စွာဆက်ဆံခြင်းကို ခံခဲ့ရလေ၏။
လော်ယွီရှို့တစ်ခါတရဲတွင် စကားလုံးတချို့ဖြင့် လှမ်း၍ ထေ့ငေါ့ပြောဆိုလေ့ ရှိ၏။
သို့သော် ဒုတိယသားဖြစ်သူက အေးစက်သော စိတ်နှလုံးရှိပြီး စကားပြောရသည်ကို မနှစ်သက်ပေ။
လော်ယွီရှို့တစ်ယောက် သူနှင့် ခေတ္တမျှ ငြင်းခုံပြီးနောက်တွင်မှသာ တစ်ဖက်လူက သစ်သားချောင်းများကို အသုံးပြု၍ ကုတင်အသေးစားလေးကို တပ်ဆင်ရန်အတွက်သာ အာရုံစိုက်နေခဲ့ကြောင်း သတိပြုမိသွားခဲ့ရသည်။
သူမ၏ စကားလုံးများက နားတစ်ဖက်မှ င်၍ နောက်တစ်ဖက်မှ ထွက်သွားခဲ့ပုံရလေ၏။ထိုအချက်က သူမကို ပို၍ပင် ဒေါသထွက်စေခဲ့၏။
သေချာသည်ပင်။
သူမက စုဝေ့ချင်း ပြောခဲ့သကဲ့သို့ သူမ၏ ဒေါသများကို ကျန်းဝမ်ကျန့်အပေါ် ပေါက်ကွဲခဲ့ခြင်း မရှိပေ။
အဓိကအားဖြင့် ကျန်းဝမ်ကျန့်က စုဝေ့ယန်ထက်ပင် စကားပိုနည်းသောကြောင့် ဖြစ်လေ၏။
ပုံမှန်အားဖြင့် သူမက အိမ်တွင် မည်သည့် အသံမျှ မထွက်စေဘဲ တိတ်တဆိတ် အလုပ်လုပ်ရန်သာ ကြိုးပမ်းလေ့ရှိသည်။
အကယ်၍ သူမ စကားပြောရမည်ဆိုပါကလည်း အဓိကအချက်ကိုသာ ပြောလေ့ ရှိလေ၏။
လီရှန်းပင်လျှင် သူမကို ထူးဆန်းသည်ဟု ခံစားခဲ့ရသောကြောင့် သီးသန့်ခေါ်ကာ မေးမြန်းလိုက်လေသည်။
“ဒုတိယယောက်မ၊ ယောက်မက ဘာလို့ လူတွေရဲ့ရှေ့မှာ စကားနည်းနည်းပဲ ပြောတာလဲ၊ ကျွန်မရဲ့ရှေ့မှာကျတော့ အတော်လေး စကားပြောကောင်းတာပဲလေ”
“ငါက ဘာပြောရမှန်း မသိလို့ပါ”
ကျန်းဝမ်ကျန့်က ဆံပင်တစ်စကို နားရွက်အနောက်သို့ သပ်လိုက်လေ၏။ သူမ၏ တစ်ကိုယ်လုံးမှ အမူအရာက အနည်းငယ် ချုပ်တည်းထားသည့် ပုံစံမျိုး ဖြစ်သွားခဲ့ရသည်။
သူမ၏ ဘေးနားတွင် မည်သူမျှ မရှိကြသော်လည်း ကျန်းဝမ်ကျန့်အနေဖြင့် ထိုအခြေအနေကို တွေးကြည့်ရုံမျှဖြင့် စိတ်မသက်မသာ ဖြစ်မိ၏။
“လူအုပ်ကြီးရဲ့ ရှေ့မှာ စကားပြောရတာက ငါ့ရဲ့ တစ်ကိုယ်လုံးပေါ်မှာ ပိုးကောင်တွေ တွားသွားနေသလိုမျိုး ခံစားရတယ့၊
ငါ့ရဲ့ ဦးရေပြားက ယားယံလာသလို၊ ငါ့ရဲ့ နောက်ကျောကလည်း ယားယံလာပြီး တစ်ကိုယ်လုံး စိတ်မသက်မသာ ဖြစ်ရတာ”
လီရှန်း : “…”
သူမက စကားမပြောချင်တာမဟုတ်ဘဲ လူမှုဆက်ဆံရေးကြောက်ရောဂါ ရှိနေတာပဲ။
“ဒါဆိုရင် .. ယောက်မ ကျွန်မနဲ့ စကားပြောတဲ့အချိန်ကျတော့ရော အဲဒီလိုမျိုး ခံစားရလား”
ကျန်းဝမ်ကျန့်က ခေါင်းကိုခါပြလိုက်လေ၏။ သူမက အစပိုင်းကို ပြန်လည်၍ တွေးတောမိလိုက်သည်။
“တကယ်တော့ ငါတို့တွေ ပထမဆုံးအကြိမ် စကားပြောတုန်းကတော့ နည်းနည်း စိတ်မသက်မသာဖြစ်ခဲ့ရတယ်၊
ဒါပေမဲ့ ပိုပြီး ရင်းနှီးလာကြတဲ့အချိန်ကျတော့ နင်က စိတ်သဘောထားကောင်းတယ်ဆိုတာ သတိပြုမိသွားပြီး ငါ့ရဲ့ စိတ်မသက်မသာဖြစ်မှုတွေလည်း ပျောက်ကွယ်သွားခဲ့တာ”
နေသားကျသွားသည့်အချိန်တွင် ကြောက်လန့်နေတော့မည် မဟုတ်ပေ။
အဆုံးတွင်တော့ ကျန်းဝမ်ကျန့်၏ ကိစ္စက စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်သည်။
သေချာပေသည်။ ထိုပြဿနာက သူမ၏ ပင်ကိုယ်ရှက်တတ်သော သဘာဝကြောင့်လည်း ဖြစ်နိုင်သည်။
“ဒုတိယယောက်မ၊ ယောက်မက ငယ်ငယ်တုန်းကလည်း ဒီလိုပုံစံပဲလား”
“မဟုတ်ဘူး၊ အခုနဲ့ လုံးဝ မတူဘူး၊ ငါ့အမေ ပြောတာတော့ ငါ ငယ်ငယ်တုန်းက အရမ်း စကားပြောတယ်တဲ့၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ ဘာဖြစ်လို့လဲ မသိဘူး၊ စကားသိပ်မပြောတော့တာ၊
ဒါပေမဲ့ ငါတော့ မမှတ်မိပါဘူး၊ ငါ မှတ်မိသလောက် အချိန်ကတည်းက ငါ့မှာ ဒီပြဿနာ ရှိနေခဲ့တာကိုပဲ ”
ကျန်းဝမ်ကျန့်လည်း အမှန်တကယ်ပင် အနည်းငယ် စိုးရိမ်ပူပန်နေခဲ့ရ၏။
သူမ၏ အတိတ်ဘဝတုန်းက ဤပြဿနာကြောင့် စုဝေ့ယန်နှင့် စကားပြောသည့်အချိန်တွင် တုန်ရင်နေခဲ့မိသည်။ သူ့ကို မည်သည့်အချိန်တွင်မှ မမြင်တွေ့ချင်တော့ပါဟုပင် ဆုတောင်းခဲ့ဖူးလေ၏။
ယခုဘဝတွင်တော့ သူမက ထိုခက်ခဲမှုများကို ဖြတ်ကျော်နိုင်ခဲ့ပြီး စုဝေ့ယန်နှင့်အတူ လှပသောဘဝကို ဖြတ်သန်းနိုင်ခဲ့လေပြီ။
သို့သော် လူများက လောဘကြီးတတ်ကြသည်။ သူမသည်လည်း ချွင်းချက် မဟုတ်ပေ။
ယခုအချိန်တွင် သူမက စုဝေ့ယန်နှင့်အတူ ကောင်းမွန်သောဘဝကို ဖြတ်သန်းချင်ရုံသာမကဘဲ စုဝေ့ယန်၏ ဇနီးကောင်းတစ်ဦး ဖြစ်လာချင်သည်။ မိသားစုဝန်းထဲရှိ တခြားသော ယောက်မများနှင့်လည်း အဆင်ပြေချောမွေ့စွာ ဆက်ဆံလိုနေခဲ့သည်။
စုဝေ့ယန်က ဤမျှအထိ ငယ်ရွယ်သော အသက်အရွယ်နှင့် တပ်ခွဲမှူးတစ်ဦး ဖြစ်လာခဲ့သူဖြစ်သည့်အတွက် အနာဂတ်တွင် တောက်ပသော လမ်းစရှိနေသည့် လူငယ်တစ်ဦး ဖြစ်သည်။
သူက စုဝေ့ဖင်း၏ ခင်ပွန်းဖြစ်သူ ကျန်းကျိလောက် မထူးချွန်သေးသော်လည်း တခြားသော တပ်ခွဲမှူးများနှင့် နှိုင်းယှဉ်ပါက ပိုမို၍ ငယ်ရွယ်လွန်း၏။
ကျန်းဝမ်ကျန့်အနေဖြင့် စုဝေ့ဖင်းက တပ်ရင်းမှူးများနှင့် တပ်ရင်းမှူးများ၏ ဇနီးများနှင့်အတူ ပျော်ရွှင်စွာ စကားပြောဆိုနေကြသည်ကို မြင်တွေ့ရတိုင်း အလွန်ပင် စိုးရိမ်ပူပန်မိရလေ၏။ သူမအနေဖြင့် စုဝေ့ယန်ကို မကူညီနိုင်ဟူ၍ပင် အမြဲတစေ ခံစားရလေ့ရှိသည်။
စုဝေ့ယန်ကတော့ ကိစ္စမရှိကြောင်း အမြဲ ပြောဆိုနေခဲ့ပေ၏။
သို့သော် သူမ၏ စိတ်ထဲတွင် နက်ရှိုင်းသော အပြစ်မကင်းစိတ်ကို ခံစားနေရဆဲပင်။
“တကယ်လို့ ဒီရောဂါကို ကုသနိုင်မဲ့ နည်းလမ်းတစ်ခုခု ရှိရင် ကောင်းမှာပဲ”
ကျန်းဝမ်ကျန့်က စိတ်ပျက်စွာဖြင့် ပြောဆိုလိုက်ပြီး သူမ၏ ပုခုံးကလည်း လျောကျသွားခဲ့ရ၏။
“အဲဒီအကြောင်းကိုပြောရရင် ငါတို့ရဲ့ အကြီးဆုံးယောက်မက တကယ်ကို အံ့ဩစရာ ကောင်းတာပဲ”
ဝူလီမှာ ကုန်တိုက်ဝန်ထမ်းတစ်ဦး ဖြစ်သည့်အတွက် နေ့တိုင်း သွားလာနေကြသော လူအမြောက်အမြားကို အလွန်ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သူ ဖြစ်၏။
ထိုကိစ္စကြောင့်ပင် ကျန်းဝမ်ကျန့် သူမနှင့် စကားမပြောရဲခြင်း ဖြစ်ပေသည်။
ထိုခံစားချက်က လူမှုဆက်ဆံရေး ကြောက်ရောဂါရှိသူတစ်ဦးအနေဖြင့် လူမှုဆက်ဆံရေး အလွန်ကောင်းမွန်သော သူတစ်ဦးအပေါ် ခံစားရလေ့ရှိသည့် သဘာဝကျသည့် ဖိအားတစ်ခု ဖြစ်သည်။
လီရှန်းလည်း ဝူလီက အံ့ဩစရာ ကောင်းသည်ဟု တွေးမိလေ၏။
ရှုရှင်းလန်၏ အမှုက ဤမျှအထိ အမြန်ဆုံး ဖြေရှင်းနိုင်ခဲ့ခြင်းက သူမ၏ အကြီးဆုံးယောက်မဖြစ်သူ၏ အဓိကဇာတ်လိုက်အရှိန်အဝါကြောင့်သာ ဖြစ်လေသည်။
“ဒါဆိုရင် ယောက်မအနေနဲ့ အကြီးဆုံးယာက်မကို လူတွေနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာ သွားပြီး မေးမြန်းကြည့်ပါလား၊
သူမရဲ့ အတွေ့အကြုံတွေဆီကနေ ပညာသင်ယူတာပေါ့”
လီရှန်းက အကြံပြုလိုက်လေသည်။
ကျန်းဝမ်ကျန့်တစ်ယောက် နက်ရှိုင်းစွာ တွေးတောနေခဲ့သည်။
သူမက လီရှန်းဘက်သို့ ပြန်လှည့်ပြီး မေးမြန်းလိုက်လေသည်။
“ဒါဆိုရင် နင်ရော နင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်လို ဆက်ဆံလဲ”
“ကျွန်မလား”
လီရှန်းက သူမ၏ နှုတ်ခမ်းကို စူလိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြောဆိုလိုက်လေ၏။
“ကျွန်မတို့ရဲ့ ဌာနမှာ ရှိတဲ့လူတိုင်းက ယောက်မနဲ့ နည်းနည်း ဆင်တူကြတာ၊ သူတို့တွေက စကားပြောရတာကို မနှစ်သက်ကြဘူးလေ၊
ကျွန်မတို့ရဲ့ ရုံးခန်းထဲမှာ တစ်နေ့လုံး ဘာအသံမှ ကြားရတာမျိုးမရှိဘူး၊
ဒါကြောင့် ကျွန်မ ညဘက် အိမ်ပြန်ရောက်တဲ့အချိန်ကျမှ ဝေ့ချင်းနဲ့ စကားအများကြီး ပြောရတာ”
ကျန်းဝမ်ကျန့် : “…”
“နင်လည်း ဒုက္ခခံခဲ့ရတာပဲ”
အကယ်၍ သူတို့သာ ပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်ခဲ့မည်ဆိုပါက သူတို့နှစ်ဦးလုံး သေချာပေါက် ဖွံ့ဖြိုး တိုးတက်လာကြပေလိမ့်မည်။
လီရှန်း၏ နှုတ်ခမ်းများက လှုပ်ခတ်သွားခဲ့ရလေတော့သည်။
မဟုတ်ပါဘူး။ မဟုတ်ပါဘူး ။ သူမအနေနဲ့ လုံးဝ ဒုက္ခမခံခဲ့ရပါဘူး။
နည်းပညာဌာနတွင် ရှိသမျှလူအားလုံးက ဟန်ဆောင်၍သာ တိတ်ဆိတ်နေကြခြင်းသာဖြစ်ကြောင်းကို သူမက သိရှိထားခဲ့သည်။
“ဒါဆိုရင် နင်လည်း ငါနဲ့အတူ လိုက်ပြီး မေးပေးပါဦး၊ ငါ တစ်ယောက်တည်း အကြီးဆုံးယောက်မနဲ့ စကားပြောရမှာကို နည်းနည်းလောက် စိုးရိမ်လို့”
ကျန်းဝမ်ကျန့်က ဝူလီနှင့် စကားပြောရန်အတွက် တွန့်ဆုတ်နေဆဲဖြစ်သောကြောင့် လီရှန်း၏ အင်္ကျီလက်စကို လှမ်း၍ ဆွဲကိုင်လိုက်လေသည်။
“တကယ်လို့ ငါ့ဘက်က တစ်စုံတစ်ခု မှားယွင်းပြီးပြောဆိုမိရင် နင် ဘေးနားကနေ ကူညီပြီးပြင်ပေးတာပေါ့”
လီရှန်းက သေချာပေါက် ငြင်းပယ်ခြင်း မရှိပေ။
သို့သော်...
“ယောက်မက ကျွန်မကို တကယ်ပဲ အတူ လိုက်စေချင်တာလား”
ကျန်းဝမ်ကျန့်က ခပ်သွက်သွက်ပင် ခေါင်းညိတ်ပြလိုက်လေ၏။ ဝူလီနှင့် စကားပြောရမည့် အကြောင်းကို တွေးကြည့်ရုံမျှဖြင့် သူမက ခြေချောင်းလေးများကို မြေပြင်ပေါ်တွင် ကုပ်ထားချင်စိတ်များ ဖြစ်ပေါ်မိရလေ၏။
လီရှန်း သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။
“ကောင်းပါပြီ၊ ဒါပေမဲ့ ကျွန်မ အရင်ဆုံး ကြိုတင် ပြောထားရမဲ့ အချက်တချို့ ရှိတယ်၊
တကယ်လို့ ကျွန်မသာ ယောက်မနဲ့အတူ လိုက်ခဲ့မယ်ဆိုရင် အကြီးဆုံးယောက်မက ကျွန်မတို့တွေ သူမကို ကန့်သတ်ထားတယ်လို့ ထင်မှတ်သွားနိုင်တယ်”
အကြောင်းရင်းကို သူမက ဖွင့်ဟမပြောခဲ့ပေ။ သို့မဟုတ်ပါက ကွယ်ရာတွင် အတင်းပြောသကဲ့သို့ ဖြစ်သွားနိုင်သည်။
ကျန်းဝမ်ကျန့်က စိတ်ရှုပ်ထွေးသွားခဲ့ရလေ၏။ သူမ၏ အကြီးဆုံးယောက်မက အမှန်တကယ်ပင် ထိုမျှအထိ သဘောထားသေးသိမ်နိုင်သည်လား။
*