အခန်း ၂၆၃
Vol. 27 Ch. 263
အခန်း(263)
လူတိုင်းတွင် ရုံးပိတ်ရက် ရရှိခဲ့ကြလေပြီ။
ထို့အပြင် ပုံမှန်အားဖြင့် ရုံးပိတ်ရက်များတွင် ပိုမို၍ အလုပ်များလေ့ရှိသော ဝူလီကလည်း ယနေ့တွင် အိမ်၌ အနားယူခွင့် ရရှိခဲ့လေ၏။
“ကျွန်မ အရင်တုန်းက ချောင်ကျစ်နဲ့ ခွင့်ရက်လဲထားခဲ့တာလေ၊ သူမက ဒီနေ့ ကျွန်မရဲ့ ခွင့်ရက်ကို ပြန်ပေးတာမို့လို့ ကျွန်မလာခဲ့တာ”
တိုက်ဆိုင်စွာပင် စုဝေ့ဟိုင်သည်လည်း မနက်ခင်းက တံခါးစောင့်ထံသို့ ဖုန်းဆက်ခဲ့ပြီး သူ ညနေပိုင်းတွင် ပြန်ရောက်ရှိလာမည်ဖြစ်ကြောင်းကို အကြောင်းကြားခဲ့လေသည်။
ဝူလီ၏ ပိုမို၍ စိတ်ခံစားချက် ကောင်းမွန်သွားခဲ့ရတော့၏။
မနက်ခင်းအချိန်တွင် သူမက သူမ၏ ကလေးနှစ်ယောက်ကို ခေါ်ဆောင်လာခဲ့သည်။
သို့သော်လည်း အိမ်ထဲသို့ပင် မဝင်ရသေးမီမှာပင် အိတ်ကို ဆွဲကိုင်ကာ သမဝါယမဆိုင်သို့ ဦးစွာသွားရန်ပြင်ဆင်ခဲ့လေ၏။
သူမက ယနေ့ညတွင် စုဝေ့ဟိုင်အတွက် ဖက်ထုပ်ပြုလုပ်ရန်အတွက် အသားနှင့် ဟင်းသီးဟင်းရွက်များကို ဝယ်ယူရန်တွေးထားခဲ့သည်။
လီရှန်းလည်း ချက်ချင်းပင် ကျန်းဝမ်ကျန့်ကို မျက်စိမှိတ်ပြလိုက်လေ၏။
ကျန်းဝမ်ကျန့်က စုကျန့်ကို စုဝေ့ယန်၏ ရင်ခွင်ထဲသို့ တွန်းထည့်လိုက်ပြီး ပြောလိုက်လေ၏။
“ဝေ့ယန်၊ ရှင် ကလေးကို သေချာ ကြည့်ထားပြီး ဆော့ကစားပေးလိုက်ဦး၊
ကျွန်မ အကြီးဆုံးယောက်မနဲ့အတူ ဟင်းသီးဟင်းရွက် သွားဝယ်လိုက်ဦးမယ်”
တစ်ဖက်တွင် လီရှန်းကလည်း ထိုနည်းတူစွာပင် ကလေးကို စုဝေ့ချင်းထံသို့ လွှဲပြောင်းပေးလိုက်ပြီး ပြောလိုက်လေသည်။
“ကျွန်မလည်း သမဝါယမဆိုင်ကို သွားလိုက်ဦးမယ်”
ထို့နောက် မည်သည့် ရှင်းလင်းချက်ကိုမျှ ထပ်မပြောခဲ့တော့ဘဲ အပြင်သို့ ပြေးထွက်လာခဲ့လေ၏။
ယောက်မအငယ်နှစ်ဦးလုံးက ဘေးတစ်ဖက်တစ်ချက်စီမှ ဝူလီ၏ လက်မောင်းကို တစ်ပြိုင်နက်တည်း ဆွဲကိုင်လိုက်ကြလေ၏။
“အကြီးဆုံးယောက်မ၊ ကျွန်မတို့လည်း ယောက်မနဲ့အတူ သမဝါယမဆိုင်ကို လိုက်ခဲ့မယ်၊ ဒီနေ့ညမှာ အကိုကြီးပြန်လာမှာဆိုတော့ ယောက်မဆီမှာ ဝယ်စရာပစ္စည်းတွေ အများကြီးရှိနေမှာပဲ၊ ကျွန်မတို့ ကူညီပြီး သယ်ပေးမယ်လေ”
လီရှန်းက စတင် ပြောဆိုလိုက်ပြီး ကျန်းဝမ်ကျန့်ကတော့ ဘေးနားမှ ခေါင်းကိုညိတ်ပြရုံသာ လုပ်နိုင်ခဲ့သည်။ သူမက မည်သည့်စကားမှ မပြောဆိုနိုင်ခဲ့ပေ။
ဝူလီမှာတော့ အံ့ဩဝမ်းသာသော မျက်နှာအမူအရာတို့ဖြစ်သွားရလေ၏။ အငယ်နှစ်ယောက်ထံမှ ခေါ်ဆောင်ခြင်းကို ခံလိုက်ရပြီးနောက် သူမက စိတ်ကျေနပ်စွာ ပြောလာခဲ့သည်။
“ကောင်းပါပြီ၊ သွားကြတာပေါ့၊ ဒါပေမဲ့ အရင်ဆုံး ငါ့ကိုလွှတ်ပေးကြပါဦး၊ပြီးတော့ နင်တို့ နှစ်ယောက်က ဘယ်တုန်းကတည်းက ဒီလောက်အထိ ရင်းနှီးသွားကြတာလဲ၊ နင်တို့ ငါ့ရဲ့ ကွယ်ရာမှာ ငါ့ကို ချန်ထားဖို့ ရည်ရွယ်နေကြတာလား”
ဝါး!
ကျန်းဝမ်ကျန့်တစ်ယောက် ထိတ်လန့်သွားခဲ့ရလေ၏။ လီရှန်း၏ ခန့်မှန်းခဲ့ချက်က အမှန်တကယ်ပင် ကွက်တိ မှန်ကန်နေခဲ့သည် မဟုတ်ပါလား။
ထိုသို့ဆိုလျှင် သူမ၏ အကြီးဆုံးယောက်မက အမှန်တကယ်ပင် ထိုမျှအထိ သဘောထားသေးသိမ်သည်လား။
လီရှန်းလည်း ထိတ်လန့်သွားခဲ့ရသည်။ သူမ မှတ်မိသလောက်တော့ သူမ၏ အကြီးဆုံးယောက်မက အရင်က ဤသို့ပုံစံ မဟုတ်ပေ။
သူမက ယခင်အချိန်များတွင် သူမ၏ စိတ်ထဲတွင်သာ လျှို့ဝှက် တွေးတောရသည်ကို နှစ်သက်သူ ဖြစ်လေ၏။
ယနေ့တွင် သူမက အဘယ်ကြောင့် ရုတ်တရက် ဤမျှအထိ ပွင့်လင်းလာခဲ့ပြီး သူမ အလိုရှိသောအရာကို လွတ်လပ်စွာ ပြောဆိုနေရသနည်း။
“အကြီးဆုံးယောက်မ၊ ယောက်မ ကျွန်မတို့ကို နားလည်မှုလွဲသွားပါပြီ၊ ကျွန်မတို့တွေက ယောက်မကို ဘာလို့ ချန်ထားရမှာလဲ၊
ကျွန်မတို့က ယောက်မနဲ့အတူ သအဝါယမဆိုင်ကို အတူသွားချင်လို့ လာခဲ့ကြတာပဲလေ၊ ဟုတ်တယ်မလား”
ဝူလီ : “…”
လမ်းမှ ဖြတ်သန်းသွားသော လုချင်းလန်က သူမကို လှမ်းကြည့်လိုက်ကာ နှုတ်ခမ်းကို မစူထော်ဘဲ မနေနိုင်ခဲ့ပေ။
သူမက လော်ယွီရှို့ကို သရော်လိုစွာ ပြောလိုက်လေတော့သည်။
“လောင်လော်၊ ရှင်ကတော့ တကယ့်ကို ကံကောင်းတာပဲ၊ ရှင့်ရဲ့ ချွေးမသုံးယောက်လုံးက လက်ချင်းချိတ်ပြီး ဒီလောက်အထိ အဆင်ပြေပြေ နေထိုင်နေကြတယ်၊
ကြည့်ရတာ နောက်ပိုင်းကျရင် သူတို့ ရန်ဖြစ်ကြတဲ့အချိန်ကျရင် ယောက္ခမဖြစ်တဲ့ ရှင်တစ်ယောက်တည်းပဲ သူတို့ရဲ့ တရားဝင် ရန်သူ ဖြစ်လာလိမ့်မယ် ထင်တယ်နော်”
လော်ယွီရှို့ : “..နင့်ရဲ့ ပါးစပ်က စကားကောင်းကောင်းတစ်ခွန်းမှ မထွက်နိုင်ဘူးလား၊
နင် ဘယ်တော့ ပြောင်းရွှေ့မှာလဲ၊
မြန်မြန် ပြောင်းရွှေ့သွားစမ်းပါ၊ ငါ့ကို မြင်ရတာတင် ကျွန်မကို ဒေါသထွက်စေတယ်”
လုချင်းလန်က စိတ်မဆိုးပေ။ သူမက သူမ၏ မျက်မှန်ကို မာနကြီးစွာဖြင့် ပင့်တင်လိုက်ပြီး ပြောလိုက်လေသည်။
“ကျွန်မတို့ နောက်ရက်နည်းနည်းအတွင်းမှာ ပြောင်းရွှေ့ပါ့မယ်၊ စိတ်မပူပါနဲ့၊ ကျွန်မတို့တွေက ရှင့်ရဲ့ မိသားစုအတွက် ကျယ်ဝန်းတဲ့ နှစ်သစ်ကူးပွဲ ဖြစ်အောင်လုပ်ခဲ့မယ်”
ဆေးဝါးစက်ရုံ၏ ဝန်ထမ်းအိမ်ရာ အဆောက်အအုံအသစ်က အမိုးမိုး၍ ပြီးစီးသွားခဲ့ပြီးနောက် လျှပ်စစ်ဝါယာသမားများလည်း လုပ်ငန်းခွင်သို့ ရောက်ရှိလာခဲ့လေသည်။
တစ်လကျော်မျှ အလုပ်ရှုပ်ခဲ့ပြီးနောက် ထိုအဆောက်အအုံအသေးစားလေးက လျှပ်စစ်ဝါယာသွယ်တန်းမှု လုပ်ငန်းစဉ်များလည်း အပြည့်အဝ ပြီးစီးသွားခဲ့လေပြီ။
ထို့နောက် အိမ်ရာရရှိခဲ့ကြသော မိသားစုများက ပုရွက်ဆိတ်များက အစားအစာကို သယ်ဆောင်ကြသကဲ့သို့ သူတို့၏ ပစ္စည်းများကို ထိုနေရာသို့ ရွှေ့ပြောင်းခဲ့ကြတော့သည်။
ဤအချိန်က နောက်ပိုင်း ခေတ်ကာလများနှင့် မတူပေ။
ထိုခေတ်ကာလတွင် အိမ်များကို အလှဆင်ရန် မလိုအပ်ဘဲ အတွင်းပိုင်းကို သန့်ရှင်းရေးပြုလုပ်ကာ လျှပ်စစ်မီးသီးများကို တပ်ဆင်ရုံမျှဖြင့် ပြောင်းရွှေ့နေထိုင်နိုင်သည်။
ယခုအကြိမ်တွင် ထိုအဆောက်အအုံအသေးစားလေးသို့ မိသားစု သုံးစုက ရွှေ့ခဲ့ကြ၏။
မိသားစုတစ်ခုက စုဝေ့မင်၏ ဘေးအိမ်တွင် နေထိုင်သော လုမိသားစု ဖြစ်သည်။
တခြားတစ်ခုက ရန်မိသားစု ဖြစ်လေသည်။
ဤမိသားစုရှိ ကလေးများအားလုံးက ကြီးပြင်းလာခဲ့ကြပြီဖြစ်၍ သူတို့အားလုံးက ဆေးဝါးစက်ရုံသို့ ဝင်ရောက်ခွင့် ရရှိခဲ့ကြလေပြီ။
သူတို့၏ အိမ်ထောင်ဖက်များကလည်း ဆေးဝါးစက်ရုံ၏ တရားဝင်ဝန်ထမ်းများ ဖြစ်ကြလေ၏။
ထို့ကြောင့် မိသားစုတစ်ခုလုံးက အိမ်ကို ပြန်လည်၍ အပ်နှံခဲ့ကြပြီး အဆောက်အအုံအသစ်သို့ သွားရောက်ကာ ဘေးချင်းကပ်လျက် ရှိသော အိမ်တချို့ကို ရွေးချယ်ခဲ့ကြသည်။
ထိုသို့ဆိုလျှင် သူတို့က အနီးကပ် နေထိုင်နိုင်ကြမည်ဖြစ်ပြီး အချင်းချင်းလည်း အပြန်အလှန် စောင့်ရှောက်နိုင်ကြမည်ဖြစ်သည့်အပြင် ပိုမို၍လည်း စည်ကားပေလိမ့်မည်။
ထိုသတင်းကို သိရှိလိုက်ရသောကြောင့် စုဝေ့ချင်းအနေဖြင့် ရှုဝမ်ချန်အတွက် ရန်မိသားစု၏ အခန်းဟောင်းရရှိစေရန် ကူညီပေးခဲ့လေ၏။
ရှုဝမ်ချန်ကလည်း ထိုအခန်းကို ရရှိနိုင်ရန်အတွက် အလျင်အမြန်ပင် စာရင်းသွင်းကာ လက်ထပ်ခဲ့လေသည်။
ရှုဝမ်ချန်တ လက်ထပ်ခဲ့ချိန်တုန်းက လီရှန်းက မီးတွင်းကာလအတွင်း ရှိနေဆဲ ဖြစ်သောကြောင့် သူမကိုယ်တိုင် သွားရောက် ဂုဏ်ပြုနိုင်ခြင်း မရှိခဲ့ပေ။
သို့သော် ရှုဝမ်ချန်က မလောကြောင်း ပြောဆိုခဲ့ပြီး သူတို့ ပြောင်းရွှေ့ဝင်ရောက်လာပြီးမှသာ အတူတကွ ထပ်မံဆုံတွေ့ကြရန် ပြောခဲ့လေသည်။
စုဝေ့ချင်းက မိသားစုတစ်ခုလုံးကို ကိုယ်စားပြု၍ သူတို့၏မင်္ဂလာဆောင်သို့ တက်ရောက်ခဲ့သည်။ သို့သော်လည်း သူ ပြန်လာသည့်အချိန်တွင် လီရှန်းထံသို့ လျှို့ဝှက်ဆန်းကြယ်ပုံရသည့်စကားများကို ပြောဆိုခဲ့လေ၏။
“မင်း သူတို့ကို မြင်တွေ့ရတဲ့အချိန်ကျရင် သေချာပေါက် အရမ်း အံ့ဩသွားလိမ့်မယ်”
ကျန်ရှိသော အကြောင်းအရာများကို လီရှန်းက မည်သို့ပင် မေးမြန်းပါစေ စုဝေ့ချင်းက ပြန်ဖြေခြင်း မရှိခဲ့ပေ။
နောက်ဆုံးကျန်ရှိသော အိမ်ထောင်စုက ပထမထပ်ရှိ ဥက္ကဋ္ဌယို၏ ဘေးတွင် နေထိုင်သော မိသားစု ဖြစ်သည်။
သူတို့က အိမ်၏ အရွယ်အစားက သေးငယ်သည်ကို သဘောမကျသောကြောင့် အဆောက်အအုံအသစ်ရှိ ပိုမို၍ ကြီးမားသော အိမ်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြခြင်းပင်။
ထို့ကြောင့် ထိုအိမ်က လစ်လပ်နေခဲ့ပြီး မည်သူ့ကိုမျှ ခွဲဝေပေးခြင်း မရှိသေးပေ။
လက်ရှိ အခြေအနေအရ ကြည့်ခြင်းအားဖြင့် သူတို့က ထိုအိမ်ကို ခွဲဝေပေးရန် ရည်ရွယ်ချက်မရှိကြပုံရသည်။
အိမ်နီးနားချင်းတစ်ဦးက ပြောခဲ့လေသည်။
“လောင်မာရဲ့ အိမ်မှာ အဲဒီအဖြစ်အပျက် ဖြစ်ပွားခဲ့ကတည်းက ဘယ်သူက တခြားသူကို ပေးရဲတော့မှာလဲ၊
တကယ်လို့ နောက်ထပ်လူဆိုးတစ်ယောက် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”
ရှုဝမ်ချန်က ဥက္ကဋ္ဌယို၏ ဩဇာလွှမ်းမိုးမှုကြောင့်သာ ပြောင်းရွှေ့ဝင်ရောက်ခွင့်ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ဤအဆောက်အအုံအသေးစားလေးမှာ မူလက ကေဒါအမြောက်အမြား နေထိုင်ကြခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ပြန်လည်၍ စနစ်တကျ ဖြစ်သွားခဲ့ပြီဖြစ်၍ ပိုမို ရိုးရှင်းသွားခဲ့လေပြီ။
ထို့အပြင် မိသားစုများစွာက ယခင် အဆောက်အအုံအသေးစားလေးမှ ပြောင်းရွှေ့ ထွက်ခွာသွားခဲ့ကြပြီဖြစ်သောကြောင့် အစ်မလျို့ကလည်း နည်းပညာဌာနနှင့် အတွင်းရေးမှူးရုံးခန်းမှ လူများကို ဤနေရာသို့ ပြောင်းရွှေ့ရန်အတွက် ကိုယ်တိုင် ဆောင်ရွက်ခဲ့လေ၏။
ယခုအချိန်တွင် ဤအိမ်ဝန်းအသေးလေးက ဌာနဆိုင်ရာ အိမ်ဝန်းတစ်ခုအဖြစ် တိုက်ရိုက်ပြောင်းလဲသွားခဲ့ရလေတော့သည်။
“လောင်လျို့ကတော့.. သူ ဘယ်အချိန်ကျမှ ပြန်လာမလဲ မသိဘူးနော်”
ဒါရိုက်တာဝမ်က စုဝေ့မင်ထံသို့လာကာ အရက်သောက်ရင်း စကားတစ်ခွန်းတွင် သုံးကြိမ်မျှသက်ပြင်းချနေခဲ့ပြီး သူ၏ တစ်ကိုယ်လုံးက အားအင်ကုန်ခမ်းနေသည့် အငွေ့အသက်ကို ထုတ်လွှတ်နေခဲ့လေသည်။
လော်ယွီရှို့ : “..လောင်လျို့က လက်ရှိပြီးမြောက်ရမဲ့ တာဝန်တစ်ခု ရှိနေတာလေ၊ သူက ရှင့်ဆီကို ဘယ်လိုလုပ်ပြီး ပြန်လာနိုင်မှာလဲ”
သူလျှိုကိစ္စအရှုပ်တော်ပုံ ဖြစ်ပွားခဲ့ကတည်းက အစ်မလျို့က နည်းပညာဌာနမှ ထွက်ခွာခဲ့ခြင်းဖြစ်သည်။
သူမက တရားဝင်အားဖြင့် နည်းပညာဌာန၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေဆဲဖြစ်သော်လည်း နောက်ကွယ်တွင်တော့ ဆေးဝါးစက်ရုံအတွက် လုံခြုံရေးကွန်ရက်တစ်ခုကို တိတ်တဆိတ်တည်ဆောက်နေခဲ့လေပြီ။
တစ်နှစ်တာ၏ အကုန်ပိုင်းတွင် စုဝေ့မင်က တင်ပြခဲ့သော စစ်မှုထမ်းဟောင်းများကို လုံခြုံရေးဝန်ထမ်းများအဖြစ် ခန့်အပ်ခြင်းဆိုင်ရာ အစီရင်ခံစာက လျင်မြန်စွာ အတည်ပြုခြင်းကို ခံခဲ့ရလေသည်။
မကြာမီမှာပင် လူအမြောက်အမြား ရောက်ရှိလာကြတော့မည်။
ထိုလူများက အမှန်တကယ် စစ်မှုထမ်းဟောင်းများ ဟုတ်မဟုတ်ကိုတော့ မည်သူကမျှ မသိရှိကြပေ။
“ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ လက်ရှိ နည်းပညာဌာနမှာ အလုပ်တွေ အများကြီး ရှိနေတာလေ၊ အားလုံးက ကျွန်တော်တစ်ယောက်တည်းအပေါ်မှာပဲ မူတည်နေတာ၊ ဟင်း..”
ဒါရိုက်တာဝမ်က သူ၏ အရက်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်းဖြင့် ကုန်အောင် သောက်လိုက်လေသည်။
လော်ယွီရှို့က မယုံကြည်နိုင်သော မျက်န်းများဖြင့် စူးစိုက်ကြည့်လိုက်ရင်း မေးမြန်းလိုက်လေ၏။
“ဒါဆိုရင် ရှင် ဘာလို့ အတွင်းရေးမှူးရုံးခန်းကို သွားပြီး အတွင်းရေးမှူးတစ်ယောက် သွားမရွေးချယ်တာလဲ”
“ကျွန်တော် မလိုချင်ပါဘူး”
ဒါရိုက်တာဝမ်က ပြတ်သားစွာ ငြင်းပယ်လိုက်လေသည်။
“အတွင်းရေးမှူး ရောက်လာတာနဲ့ လောင်လျို့က ဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး”
“လောင်လျို့လည်း အသက်မငယ်တော့ပါဘူး၊ သူမက အနှေးနဲ့အမြန် အငြိမ်းစားယူရမှာပဲလေ”
*