← Chapters

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း ၂၆၄

Vol. 27 Ch. 264

အခန်း(264)

စုဝေ့မင်က ဒါရိုက်တာဝမ်ကို ထူးဆန်းသော မျက်နှာအမူအရာဖြင့် လှမ်းကြည့်လိုက်လေ၏။

အကယ်၍ ဒါရိုက်တာဝမ်နှင့် အစ်မလျို့ကြားရှိ အသက်အရွယ် ကွာခြားမှုသာ ကြီးမားခြင်း မရှိခဲ့ပါက သူက ထိုနှစ်ဦးက ချစ်သူရည်းစားများ ဖြစ်ကြပြီး လက်ရှိတွင် ခွဲခွာနေရသောကြောင့်လွမ်းဆွေးနေရခြင်းဟုပင် ထင်မှတ်မိလောက်သည်။

အငြိမ်းစားယူခြင်းဟူသော စကားလုံးကို ကြားလိုက်ရသောကြောင့် ဒါရိုက်တာဝမ်တစ်ယောက် ငိုလုနီးပါး ဖြစ်သွားခဲ့ရလေတော့၏။

သူက သူ၏ မျက်နှာကို အုပ်လိုက်ရင်း ပြောလိုက်လေသည်။

“ကျွန်တော့်အမေလည်း ဒီနှစ်ကုန်ပိုင်းမှာ အငြိမ်းစားယူတော့မှာ”

စုဝေ့မင် : “…”

လော်ယွီရှို့ : “…”

ဇနီးမောင်နှံနှစ်ဦးလုံးက တစ်ဦးကိုတစ်ဦး စိုက်ကြည့်မိကြပြီး သူတို့၏ မျက်ဝန်းများတွင် ‘မကောင်းတော့ဘူး’ဟူသော စကားလုံးကို မြင်တွေ့လိုက်ကြရတော့၏။

ထိုဝမ်မိသားစုမှ အဘွားအိုကြီးက အငြိမ်းစားယူပြီးသည်နှင့် ဆေးဝါးစက်ရုံသို့ လိုက်ပါလာလိမ့်မည် မဟုတ်ပါလား။

သူမက အတော်လေး ဒုက္ခပေးတတ်သော အဘွားအိုကြီးဖြစ်

သည်။ လော်ယွီရှို့က ခက်သွက်သွက်ပင် မေးမြန်းလိုက်လေ၏။

“ဒါဆိုရင် ရှင် အခု ဘာလို့ အောင်သွယ်စာရင်းမပေးတာလဲ၊ ဟို ရှုမျိုးရိုးကောင်လေးလိုမျိုးလုပ်လေ၊ မြန်မြန် လက်ထပ်ဖို့ တစ်စုံတစ်ဦးကို ရှာလိုက်ပါလား”

“ ဘာလို့ လက်ထပ်ရမှာလဲ၊ အခုလို တစ်ယောက်တည်း နေရတာက ပိုကောင်းပါတယ်”

ဒါရိုက်တာဝမ်က သူ၏လက်ကို ဝှေ့ယမ်းပြလိုက်ရင်း အမှန်တကယ်ပင် အိမ်ထောင်မပြုချင်တော့ကြောင်း အရိပ်အယောင်ပြလိုက်လေ၏။

သူ့အနေဖြင့် သူ၏ပင်ကိုယ်စရိုက်က အိမ်ထောင်ရေးနှင့် မသင့်တော်ဟု ခံစားနေရသည်။ သူ၏စိတ်ဆိုးဒေါသကြီးတတ်သော အကျင့်ကိုလည်း ကောင်းစွာသိရှိနေခဲ့လေသည်။

ထို့ကြောင့် မည်သူနှင့် လက်ထပ်သည်ဖြစ်စေ ထိုသူကို ဒုက္ခပေးသကဲ့သို့သာ ဖြစ်သွားလိမ့်မည်။

သူက သူ၏မျက်နှာကို ပွတ်သပ်ရင်းပြောလိုက်လေသည်။

“အစ်ကိုစု၊ ကျွန်တော့်အမေသာ ရောက်လာရင်တော့ အခုကျွန်တော်နေတဲ့နေရာနဲ့ မလောက်ဘူး၊

အောက်ထပ်က အခန်းလွတ်တစ်ခန်း ရှိတယ်လို့ ကြားမိတယ်၊ ဒါမှမဟုတ်ရင်..”

“ပြည့်နေပြီ၊ ပြည့်နေပြီ၊ အကုန်ပြည့်နေပြီ၊ ကျွန်မတို့ရဲ့ခြံဝန်းလေးထဲမှာ အကုန်ပြည့်နေပြီ၊ အခန်းလွတ်တွေ မရှိတော့ဘူး”

လော်ယွီရှို့က ချက်ချင်းပင် ခေါင်းလှည့်အရုပ်လေးကဲ့သို့ ခေါင်းကို ခါယမ်းပစ်လိုက်လေတော့၏။

ဒါရိုက်တာဝမ် : “...”

စုဝေ့မင်က ထူးဆန်းသော အမူအရာဖြင့် လော်ယွီရှို့ကို ကြည့်လိုက်ပြီးနောက် ဒါရိုက်တာဝမ်ဘက်သို့ လှည့်ပြီး ဖျောင်းဖျစကား ပြောလိုက်လေ၏။

“မင်း အိမ်ထောင်မပြုဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ မင်းအမေကိုတော့ ဒီဘက်ကိုမလာခိုင်းပါနဲ့ဦး၊

မင်းလည်း သိတဲ့အတိုင်း ယွီရှို့က မြို့တော်မှာကတည်းက သူ့ကို အတော်လေး စိတ်ပျက်နေခဲ့တာ၊

တကယ်လို့ သူမသာ ဒီကိုရောက်လာရင် ယွီရှို့ကို နေ့တိုင်း လာပြီး နှောင့်ယှက်နေတော့မှာ မဟုတ်ဘူးလား”

ဤသည်က လူကို ဒုက္ခပေးခြင်းပင်ဖြစ်ပေ၏။

မိသားစုနှစ်စုက သူစိမ်းများမဟုတ်ကြသောကြောင့် စုဝေ့မင်က ပွင့်လင်းစွာပင် ပြောလိုက်ခြင်းဖြစ်လေ၏။

ဒါရိုက်တာဝမ်က နာကျင်ရိပ်များရောနေသော မျက်နှာအမူအရာဖြင့် စားပွဲပေါ်သို့ မှောက်ချလိုက်ပြီးပြောလိုက်လေသည်။

“ကျွန်တော့်အမေလည်း သဘောကျပြီး ကျွန်တော်နဲ့လည်း စိတ်သဘောထားချင်း တိုက်ဆိုင်မယ့် ရဲဘော်အမျိုးသမီးတစ်ယောက်ကို ကျွန်တော်က ဘယ်နေရာသွားရှာရမှာလဲ”

ဒါရိုက်တာဝမ်က အမှန်တကယ်ပင် ဇီဇာကြောင်တတ်ပြီး အချုပ်အနှောင်ခံရသည်ကို မနှစ်သက်သောကြောင့် အိမ်ထောင်ပြုရန်အတွက် ဝန်လေးနေခြင်း ဖြစ်သည်။

သို့သော် ထိုအကြောင်းအရင်း၏ နောက်ကွယ်တွင် ဝမ်မိခင်ကြီး၏ အကြောင်းလည်း သေသေချာချာ ရှိနေခဲ့လေ၏။

လော်ယွီရှို့၏ ရှောင်လွှဲလိုသော အမူအရာကို ကြည့်ခြင်းအားဖြင့်ပင် ထိုအဘွားအိုက အလွယ်တကူ ရင်ဆိုင်ရမည့်သူ မဟုတ်ကြောင်းကို သိနိုင်သည်။

“ဘာလို့လဲဆိုတော့..”

လော်ယွီရှို့အနေဖြင့် ‘အဆင်ပြေမဲ့ လူတစ်ယောက်ကိုပဲ ရွေးလိုက်ပါတော့’ ဟူသော စကားမျိုးကိုတော့ နှုတ်မှ ထွက်မပြောရက်ခဲ့ပေ။

ဒါရိုက်တာဝမ်၏ အိမ်ထောင်ရေးက ရှေ့မတိုးသာ နောက်မဆုတ်သာ လမ်းပိတ်နေခဲ့လေပြီ။

သူက ရဟန်းသာဝတ်ပြီး အိမ်ထောင်မပြုသင့်တော့ပေ။

ပြဿနာက လက်ရှိအချိန်တွင် ရဟန်းဝတ်ရန်ပင် မဖြစ်နိုင်တော့ခြင်း ဖြစ်သည်။

ဘုန်းကြီးကျောင်းများရှိ သီလရှင်များကိုပင် လူထွက်၍ အိမ်ထောင်ပြုရန်အတွက် တိုက်တွန်းနေကြသည့် ခေတ်ကြီးတွင် ရဟန်းတော်များအတွက်ပြောစရာမလိုတော့ပေ။

သူတို့သုံးယောက်လုံးက ခေါင်းများကို ငိုက်စိုက်ချထားကြပြီး စိုးရိမ်ပူပန်နေသော မျက်နှာများဖြင့် အရာတစ်ခုတည်းကိုသာ တွေးတောပြီး စိတ်ညစ်နေကြရလေ၏။

တစ်ဖက်လူက ဒါရိုက်တာဝမ်၏ မိခင်အရင်းဖြစ်ပေသည်။

စုဝေ့ချင်းတစ်ယောက် ကလေးကို ပွေ့ချီလျက် ပြန်ရောက်ရှိလာချိန်တွင် ထိုနေရာ၏ အခြေအနေကြောင့် အတော်လေး ထိတ်လန့်သွားရပြီး ပြောလိုက်လေသည်။

“ဘာတွေဖြစ်နေကြတာလဲ”

ရှောင်လော်တစ်ယောက် အပြင်တွင် ဆော့ကစားခဲ့သောကြောင့် ယခုအချိန်တွင် အိပ်မောကျနေခဲ့လေပြီ။

လော်ယွီရှို့က စုဝေ့ချင်းကို ရိုက်ကာ ပြောလိုက်လေသည်။

“မင်း ငါ့ကို နောက်နေတာလား၊ ရှောင်လော်က အရွယ်လေးပဲ ရှိသေးတာ၊ အပြင်မှာလည်း ဒီလောက်အေးနေတာကို၊ ကလေး နေမကောင်းဖြစ်သွားမှာကို မင်းမကြောက်ဘူးလား”

“ကျွန်တော် သူ့ကို အနွေးထည်တွေ အထပ်ထပ် ပတ်ပေးထားတာပဲ၊ ဘယ်လိုလုပ်ပြီး အအေးမိမှာလဲ”

ထို့အပြင် စနစ်ရှိနေသမျှ ကာလပတ်လုံး ရှောင်လော်တစ်ယောက် ဆောင်းတွင်းကြီးတွင် ကိုယ်လုံးတီးဖြင့် အပြင်သို့ထွက်ကာ ဆော့ကစားလျှင်ပင် နေမကောင်းဖြစ်ရန် အကြောင်းမရှိပေ။

အကယ်၍ စနစ်၏ လုပ်ဆောင်ချက်က စာပေသင်ကြားရေးစနစ်သာ မဟုတ်ခဲ့လျှင် သူ့ကို ကလေးထိန်းစနစ်ဟုပင် သူက သံသယဝင်မိပေလိမ့်မည်။

စနစ်က အတွေ့အကြုံ အလွန်များပြားနေပုံရသည်။

စနစ် : [...]

သူ့တွင် အမှန်တကယ်ပင် အတွေ့အကြုံ အလွန်များပြားလွန်းပါသည်။

“မင်း ဘာမှမသိရင် အပြင်ကို ထွက်သွားစမ်း”

လော်ယွီရှို့က စုဝေ့ချင်း ဝင်ရောက်လာကတည်းက စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ကာ သူမ၏ဒေါသများကို စုဝေ့ချင်းအပေါ်သို့ ပုံချပစ်လိုက်လေတော့သည်။

အမှန်တော့ ယခုထက် ပို၍ ကံဆိုးမည့်သူတစ်ဦး ရှိနေသေး၏။

“စုဝေ့ယန်ရော ဘယ်မှာလဲ၊ သူလည်း ရှောင်ကျန့်ကို ခေါ်ပြီး အပြင်ထွက်သွားတာပဲလား”

“မသိဘူး၊ ကျွန်တော်က အစ်ကိုရှုတို့အိမ်မှာပဲ တစ်ချိန်လုံး လက်ဖက်ရည် သောက်နေခဲ့တာ”

အဆောက်အဦးအသစ်ကြီး ပြီးစီးသွားသည်နှင့် မိသားစုဝင်များက ထိုနေရာသို့ အလောတကြီး ရွှေ့ပြောင်းခဲ့ကြသည်။

လူအင်အားများပြားသောကြောင့် ကလေးများနှင့် အမျိုးသမီးများက တစ်ခေါက်တည်းဖြင့် အပြီးသတ် ရွှေ့ပြောင်းနိုင်ခဲ့ကြလေ၏။

သူတို့က ထွက်ခွာသွားသည်နှင့် ရှုဝမ်ချန်နှင့် သူ၏ဇနီးဖြစ်သူတို့က ချက်ချင်း ဝင်ရောက်နေထိုင်ခဲ့ကြလေသည်။

ထိုလူငယ်နှစ်ဦးကလည်း ဖျတ်လတ်သွက်လက်ကြသူများ ဖြစ်ကြ၍ ရက်အနည်းငယ်အတွင်းမှာပင် အရာအားလုံးက အခြေတကျ ဖြစ်သွားခဲ့လေ၏။

ယနေ့တွင် လီရှန်းတစ်ယောက် အိမ်၌ မရှိသောကြောင့် စုဝေ့ချင်းက စုရှောင်လော်ကို ပွေ့ချီပြီး တစ်ဖက်လူ၏ အိမ်သို့ လည်ပတ်နေခဲ့ခြင်းသာ ဖြစ်လေ၏။

“မင်းတို့ ညီအစ်ကိုတွေကတော့ တစ်ယောက်မှ အေးအေးဆေးဆေးမနေကြဘူး၊

ရှောင်လော်ကို အိမ်မှာပဲ ပေးအိပ်လိုက်တော့၊ လုမိသားစုက အိမ်ရွှေ့နေကြတယ်၊ မင်း သွားကြည့်ပေးလိုက်ဦး၊

ကူညီနိုင်တာရှိရင် ကူညီပေးလိုက်ပေါ့၊ လူစုံတုန်း အိမ်ကို အမြန်ဆုံး ရှင်းလင်းထားမှ မင်းတို့လည်း သေသေသပ်သပ် ပြင်ဆင်နိုင်မှာ”

အိမ်နှင့် သက်ဆိုင်နေကြောင်းကို ကြားလိုက်ရသောကြောင့် စုဝေ့ချင်းက လေးနက်စွာ ခေါင်းကို ညိတ်လိုက်လေတော့သည်။

လော်ယွီရှို့အနေဖြင့် အိမ်ကိစ္စကို နှစ်မကုန်မီ အပြီးသတ်ချင်နေသည်ကို သူ သိရှိထားသောကြောင့် ချက်ချင်းပင် ထပြီး ဘေးအိမ်သို့ ထွက်သွားခဲ့လေသည်။

စုဝေ့ချင်းက ထွက်ခွာသွားပြီးသည်နှင့် ဒါရိုက်တာဝမ်က ခေါင်းမော့လာပြီး မျက်နှာကို ပွတ်သပ်ပြီး ပြောလိုက်လေသည်။

“တကယ်လို့ ကျွန်တော် အိမ်ထောင်ပြုဖို့အတွက် သဘောတူလိုက်ရင် ဒီအဆောက်အဦးထဲမှာ အခန်းလွတ်တွေ ရှိသေးလား”

“မင်းတို့ နှစ်ယောက်တည်းပဲ ဒီမှာ နေထိုင်မယ်လို့ မင်း အာမခံနိုင်သရွေ့တော့ ဒီအဆောက်အဦးထဲမှာ အခန်းလွတ်တွေ ရှိသေးတယ်”

အတိုချုပ်၍ ပြောရလျှင် သူမက ထိုပြဿနာရှာတတ်သော အဘွားအိုနှင့် လုံးဝ မတွေ့ဆုံချင်ပေ။

ဒါရိုက်တာဝမ်က သူ၏မျက်နှာကို ထပ်မံ၍ ပွတ်သပ်လိုက်ပြန်သည်။

ထိုအခြေအနေက အနည်းငယ်တော့ ခက်ခဲလွန်း၏။

သို့သော် ကြိုးစားအားထုတ်မှုဖြင့် အရာရာကို ဖြစ်မြောက်အောင်မြင်နိုင်သည် ဖြစ်၍ သူ့အနေဖြင့် ပျော်ရွှင်သော အနာဂတ်အတွက် အစွမ်းကုန် ကြိုးစားရတော့မည်ပင်။

အခြားတစ်ဖက်တွင်။

လီရှန်းနှင့် ကျန်းဝမ်ကျန့်တို့က ဝူလီ၏ လက်မောင်းတစ်ဖက်စီကို ဖမ်းကိုင်ထားကြပြီး တရားခံများကို ထိန်းသိမ်းခေါ်ဆောင်လာသကဲ့သို့ ဆေးဝါးစက်ရုံ၏ ဂိတ်တံခါးဝမှတဆင့် ဝူလီကို ခြံရံလျက် ခေါ်ထုတ်လာခဲ့ကြလေ၏။

ဝူလီက ကုန်စုံစတိုးဆိုင်ဘက်သို့ ဦးတည်သွားချင်နေခဲ့သော်လည်း ကျန်းဝမ်ကျန့်က သူမ၏လက်ကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်လေသည်။

“မသွားနဲ့ဦး၊ ကျွန်မတို့တွေ ဒီနားက ရွာဈေးလေးဆီ သွားကြရအောင်”

ယခုအချိန်တွင်တော့ လူဦးရေ ထူထပ်လွန်းသော ပတ်ဝန်းကျင်နှင့် ဝေးကွာသွားခဲ့ပြီ ဖြစ်သောကြောင့် သူမက စကားများကို ပို၍ပြောဆိုလာနိုင်ခဲ့လေပြီ။

“ကျွန်မ ချုံကျိုးကိုမသွားခင်တုန်းကဆိုရင် အဲဒီရွာဈေးမှာ ပစ္စည်းတွေက အတော်လေးစုံစုံလင်လင် ရှိတယ်”

ဝူလီ အံ့ဩသွားရသည်။

“ရွာဈေး ဟုတ်လား”

“အင်း ဟိုဘက်က ကားဂိတ်နားမှာလေ”

လီရှန်းက အသံခပ်တိုးတိုးဖြင့် သတိပေးလိုက်လေသည်။

ဝူလီက ကုန်တိုက်တစ်ခုတွင် အလုပ်လုပ်နေသူဖြစ်၍ ထိုနေ့စဉ်သုံး ပစ္စည်းများကို ရရှိရန်အတွက် အဆက်အသွယ်များ ရှိလေ၏။

သို့သော် ကုန်တိုက်၏ အဆက်အသွယ်က မည်မျှပင် ကျယ်ပြန့်သည်ဖြစ်စေ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကိုတော့ ရရှိနိုင်ရန်အတွက် မဖြစ်နိုင်ပေ။

အလွန်ဆုံးရလျှင် အသားနှင့် ငါးတချို့ကိုသာ ရရှိနိုင်မည် ဖြစ်၏။

ထို့ကြောင့် အနီးအနားရှိ

ကျေးရွာများမှ လယ်သမားအများအပြားက သူတို့ကိုယ်တိုင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို ရောင်းချရန်အတွက် ကားဂိတ်၏ အနီးရှိ ဈေးသို့ လာရောက်လေ့ ရှိကြသည်။

ဤနေရာမှာ ကျေးရွာကော်မတီမှ ဖွဲ့စည်းပေးထားသော အရောင်းအဖွဲ့ဖြစ်သောကြောင့် တရားမဝင် မှောင်ခိုရောင်းဝယ်မှုမျိုးဟုပင် သတ်မှတ်၍ မရနိုင်ပေ။

ဝူလီအနေဖြင့် ဤနေရာတွင် ဈေးရှိသည်ကို မသိသည်တော့ မဟုတ်ပေ။

သူမက အလေ့အထတစ်ခုဖြင့်မေးလိုက်မိခြင်းမျှသာ ဖြစ်လေ၏။ ယမန်နှစ်က တရုတ်နှစ်သစ်ကူးမတိုင်မီကပင် သူမက ထိုဈေးသို့ ရောက်ဖူးခဲ့သေးသည်။

သူမ၏ ယောက်မနှစ်ယောက်က ထိုအကြောင်းကို ပြောဆိုလာသည်ကို ကြားရပြီးနောက် ဝူလီလည်း သူမတို့၏ နောက်သို့ လိုက်သွားခဲ့လေ၏။

သူတို့သုံးယောက်လုံးက ကားဂိတ်သို့ ရောက်ရှိသွားချိန်တွင် ထိုနေရာက အလွန်ပင် စည်ကားသိုက်မြက်နေသည်ကို တွေ့လိုက်ရလေသည်။

ရွာသားများက ဟင်းသီးဟင်းရွက်များနှင့် အသားများကို ရောင်းချနေကြရုံမျှမက အိမ်တွင်းဖြစ်ပဲပြားများ၊ ခုံတန်းလျားအသေးစားလေးများ၊ လက်သမားများက ပြုလုပ်ထားသော ခြေဆေးဇလုံများနှင့် အိုးဖုံးများ၊ ဝါးလက်မှုပညာရှင်များက ရက်လုပ်ထားသော ခြင်းတောင်းများနှင့် ဝါးတောင်းအရှည်ကြီးများ သာမက ဖျာများနှင့် ဟင်းအုပ်ဆောင်းများကိုပါ ရောင်းချနေကြသည်ကို တွေ့ရသည်။

ဤပစ္စည်းများက နွေရာသီတွင် အသုံးပြုရမည့် ပစ္စည်းများဖြစ်ကြ၍ ဆောင်းတွင်းတွင် ရောင်းချခြင်းက ပိုမို၍ ဈေးနှုန်းသက်သာစေလိမ့်မည်။

သူတို့သုံးယောက်လုံးမှာ ရွေးချယ်စရာ ပစ္စည်းများပြားလွန်းသောကြောင့် အမြင်အာရုံများပင် ဝေဝါးသွားရလေတော့သည်။

*

All Chapters