အခန်း ၂၆၅
Vol. 27 Ch. 265
အခန်း(265)
လီရှန်းအနေဖြင့် မကြာမီတွင် အိမ်ရွှေ့ရတော့မည် ဖြစ်၍ စျေးတန်းမှ စားပွဲများ၊ ကုလားထိုင်များနှင့် ခုံတန်းလျားများကို ကြည့်ကာ အရာအားလုံးကို လိုချင်လာခဲ့သည်။
သူမ မသယ်နိုင်သည့်အတွက် နောင်တရမိလေသည်။ သို့မဟုတ်ပါက ထိုပစ္စည်းအားလုံးကို အိမ်သို့ အရောက် သယ်ဆောင်သွားမိလိမ့်မည်။
“ယောင်မ၊ ဒီအုပ်ဆောင်းလေးကို ကြည့်ပါဦး”
လီရှန်းက လက်ထဲတွင် ဝါးနှီးဖြင့် ရက်လုပ်ထားသော အုပ်ဆောင်းတစ်ခုကို ကိုင်ဆောင်ထားရင်း သူမ၏ယောက်မနှစ်ယောက်ကို ပြောလိုက်လေသည်။
“ဒါလေးက ကောင်းမယ်ထင်လား၊ သစ်သားအုပ်ဆောင်းထက်လည်း ပိုပြီး ပေါ့ပါးတယ်၊ ကျွန်မတို့တွေလည်း ဒါမျိုး လိုအပ်သေးတယ်လေ”
ထိုနှစ်ယောက်ကလည်း အနားသို့လာကာ ပစ္စည်းကို လှမ်းယူကြည့်ရှုကြလေသည်။
အရောင်းအဝယ်ဖြစ်တော့မည်ကို မြင်လိုက်ရသောကြောင့် တစ်ဖက်မှ အမျိုးသားက သူ့ဘေးရှိ အမျိုးသမီးကို ချက်ချင်းပင် တွန်းတိုက်လိုက်ရင်း ပြောလိုက်လေ၏။
“အမြန်လုပ်၊ ဟိုဘက်မှာ ပစ္စည်းဝယ်ချင်တဲ့သူ ရှိနေပြီ၊ သွားပြီး ဧည့်ခံလိုက်ဦး”
ထိုအမျိုးသမီးက ခဏမျှကြောင်အသွားရပြီးနောက် လူအုပ်စုထဲမှ ထိုသုံးယောက်ကို မြင်လိုက်ရချိန်တွင်တော့ သူမ၏ မျက်နှာအမူအရာက ပျက်ယွင်းသွားရပြီး ခြေလှမ်းများပင် မရွေ့လျားနိုင်တော့ပေ။
“ရှင် ဘာဖြစ်နေတာလဲ၊ ကျွန်မတို့ ပစ္စည်းဝယ်ချင်နေတာကို မမြင်ဘူးလား”
ဝူလီက ထိုအမျိုးသမီးမှ အနားသို့ မလာဘဲရပ်နေသည်ကိုမြင်လျှင် ဒေါသထွက်သွားရကာ အော်ဟစ်လိုက်လေသည်။
လီရှန်းလည်း ခေါင်းကို မော့ကြည့်လိုက်လျှင် ထိုအမျိုးသား၏ ဘေးတွင် ရပ်နေသော အမျိုးသမီးကို မြင်လိုက်ရ၏။
ထိုရင်းနှီးနေသော ခန္ဓာကိုယ်နှင့် တောင့်တင်းနေသော မျက်နှာအမူအရာ။
သူမ၏ မျက်နှာပေါ်မှ အပြုံးများကလည်း ပျောက်ကွယ်သွားရတော့သည်။
ထိုအမျိုးသားက အမျိုးသမီးကို တွန်းလွှတ်လိုက်ပြီးနောက် တည်တင်းသော မျက်နှာအမူအရာဖြင့် သူတို့၏ အနားသို့ တိုးလာကာ တောင်းပန်စကား ပြောလာခဲ့၏။
“ကျွန်တော့်မိန်းမက ကျွန်တော်နဲ့အတူ အပြင်ကိုထွက်လာတာ ဒါ ပထမဆုံးအကြိမ်မို့လို့ပါ၊ သူက အရှက်အကြောက်ကြီးနေတာလေ.. ခွင့်လွှတ်ပေးကြပါဦး”
“သူက ရှင့်မိန်းမလား”
လီရှန်းက ထိုအမျိုးသားကို အကဲခတ်သော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
ထိုအမျိုးသားက ခေါင်းကို အထပ်ထပ်ညိတ်ပြရင်း ပြောလိုက်လေ၏။
“ဟုတ်ပါတယ်၊ သူက ပုံမှန်ဆိုရင် အိမ်မှာပဲ ကလေးထိန်းရင်း နေတတ်လို့ပါ”
လီရှန်း ပို၍ပင် အံ့ဩသွားရလေတော့သည်။
ဝူလီကတော့ တခြားလူများ၏ အိမ်တွင်းရေးကိစ္စများကို စိတ်ဝင်စားခြင်း မရှိသောကြောင့် ထိုအုပ်ဆောင်းအတွက် အမျိုးသားနှင့် ဈေးညှိုနှိုင်းနေခဲ့သည်။
လီရှန်းက ဆင်ခြေတစ်ခု ပေးလိုက်ပြီး ပြောလိုက်လေသည်။
“ဟိုဘက်မှာ ဟင်းခတ်ဇွန်းထည့်တဲ့ဘူးရှိတယ်၊ ကျွန်မ သွားကြည့်လိုက်ဦးမယ်”
“သွားလေ”
ကျန်းဝမ်ကျန့်ကတော့ ဝူလီ၏ စကားများကိုသာ အာရုံစိုက်ပြီး နားထောင်နေခဲ့သောကြောင့် ခေါင်းကိုပင် မော့မကြည့်ဘဲ လက်ကိုသာ ဝှေ့ယမ်းပြလိုက်လေ၏။
လီရှန်းက ထိုအမျိုးသမီးရှိရာဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် သွားခဲ့လေသည်။
ထိုအမျိုးသမီး၏ သတိထားနေသော မျက်နှာအမူအရာကို မြင်လိုက်ရသောကြောင့် သူမက မျက်ခုံးကို ပင့်လိုက်ရင်း ပြောလိုက်လေသည်။
“မတွေ့တာကြာပြီနော်၊ အဒေါ်ထုန်၊ ကျွန်မတို့ ပြန်လည်ဆုံတွေ့ရတဲ့အချိန်မှာ အဒေါ်က ကျွန်မရဲ့ မိထွေး မဟုတ်တော့ဘဲဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊
ကျူးကျူးနဲ့ ချောင်ချောင်တို့ရော အဒေါ် နောက်အိမ်ထောင်ပြုလိုက်တာကို သိကြရဲ့လား”
ထုန်လင်း၏ မျက်နှာက ဖြူဖျော့သွားရလေတော့သည်။
လီရှန်းက လီဟုန်ကျွင့်အကြောင်းကို မမေးမြန်းဘဲ သူမ၏ ကလေးနှစ်ယောက်အကြောင်းကိုသာ မေးမြန်းလိုက်သည်။
သို့သော် သူမက လျင်မြန်စွာပင် စိတ်ကို ပြန်လည်၍ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက် လှောင်ပြုံးပြုံးပြီး ပြောလိုက်လေသည်။
“ကျူးကျူးနဲ့ ချောင်ချောင်တို့ကို သုံးပြီး ငါ့ကို လာမခြိမ်းခြောက်နဲ့၊ နင်က လီဟုန်ကျွင့် ဘယ်မှာလဲဆိုတာကိုပဲ သိချင်နေတာ မဟုတ်ဘူးလား”
သူမက ရန်စလိုသော အရိပ်အယောင်များဖြင့် မျက်ခုံးကို ပင့်လိုက်ရင်း ပြောလိုက်လေသည်။
“ငါ နင့်ကိုမပြောပြနိုင်ဘူး”
“ကျွန်မလည်း သူ့ကို လုံးဝ စိတ်မဝင်စားပါဘူး”
လီရှန်းက မျက်ခုံးကို အနည်းငယ် တွန့်ချိုးလိုက်ပြီး သူမ၏ ကြည်လင်နေသော မျက်ဝန်းများဖြင့် ထုန်လင်း၏ အကြည့်ကို ပြန်ကြည့်လိုက်ကာ ပြောလိုက်လေ၏။
“ကျွန်မ သူ့ရဲ့ ပိုက်ဆံပေးကမ်းမှုကို ငြင်းပယ်ခဲ့တဲ့နေ့ကစပြီး ကျွန်မတို့တွေက ဘဝတစ်သက်တာလုံး ပတ်သက်မှု မရှိတော့ဘူး”
သူမက စကားပြောရင်း ထုန်လင်းကို အထက်အောက် အကဲခတ်ကြည့်လိုက်လေ၏။
ထုန်လင်းက ထူထဲသော ဂွမ်းကပ်ဘောင်းဘီနှင့် အရောင်မှိန်မှိန် ဂွမ်းကပ်အင်္ကျီကို ဝတ်ဆင်ထားလေသည်။
သူမ၏ ခေါင်းတွင် အစိမ်းရောင် လေးထောင့်ပုဝါတစ်ထည်ကို စည်းနှောင်ထားသည်ကို မြင်လိုက်ရလေ၏။
တစ်ချိန်က ဖြူဝင်းပြီး သွေးရောင်လွှမ်းခဲ့သော သူမ၏မျက်နှာက ယခုအချိန်တွင် အနည်းငယ်ညိုမှိုင်းနေခဲ့ပြီဖြစ်ကာ မျက်ဝန်းထောင့်မှ အရေးအကြောင်းများကလည်း ပိုမို၍ နက်ရှိုင်းလာခဲ့လေပြီ။
လီရှန်းက သူမ၏ စိတ်ရင်းအမှန်ကို ထုတ်ဖော်ပြောဆိုလေ့မရှိသော်လည်း လက်ရှိတွင်တော့ ပြောလိုက်လေသည်။
“အဒေါ်ထုန်က ကျွန်မ နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကထက် အများကြီး ပိုပြီး အိုစာသွားသလိုပဲ”
လွန်ခဲ့သော နှစ်များတွင် ထုန်လင်းက အထည်အလိပ်စက်ရုံ၏ အရာရှိဝင်းထဲ၌ လီဟုန်ကျွင့်နှင့်အတူ နေထိုင်ခဲ့ခြင်း ဖြစ်သည်။
နှစ်ကုန်ပိုင်းသို့ ရောက်ရှိတိုင်း သူမက သူမ စုဆောင်းထားသော ပိုက်ဆံအမြောက်အမြားနှင့် ကူပွန်များကို ယူဆောင်ပြီး ကုန်တိုက်သို့ သွားကာ အမြွှာကလေးများအတွက် အဝတ်အထည်များကို ချုပ်လုပ်ပေးလေ့ ရှိခဲ့လေ၏။
ယခုအချိန်တွင် သူမ၌ ထိုကဲ့သို့သော ခမ်းနားထည်ဝါသည့် လူနေမှုဘဝမျိုး မရှိတော့ပေ။
အထူးသဖြင့်...
“အဒေါ်ထုန် ဒီနှစ်ရော သူတို့အတွက် အဝတ်အထည်တွေ လှမ်းပို့ပေးသေးလား”
“သူတို့က နှစ်တိုင်းအဝတ်အစားအသစ်တွေ ဝတ်ခဲ့ရတာဆိုတော့ ဒီနှစ်မှာ အဝတ်အသစ် မရှိရင်တော့ စိတ်ထဲ နေရခက်နေကြမှာပဲ”
သူမ စကားပြောနေချိန်တွင် ပစ္စည်းရောင်းနေသော အမျိုးသားက သူမထံသို့ လာရောက်၍ ဧည့်ခံချင်နေပုံရသည်ကို မျက်လုံးထောင့်မှ သတိပြုမိလိုက်လေ၏။
လီရှန်းက နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်လေသည်။
“ဒါနဲ့ စကားမစပ်၊ ဒီဦးလေးမှာရော ကလေးတွေ ရှိလားမသိဘူး.. တကယ်လို့ ရှိတယ်ဆိုရင်တော့ အဒေါ်က မိထွေးကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာကို ကျွန်မ သတိပေးရမယ်၊ အဲဦးလေးရဲ့ ကလေးကို ဒုက္ခမရောက်ပါစေနဲ့ဦး”
“နင်..”
ထုန်လင်း၏ မျက်နှာအမူအရာက နောက်ဆုံးတွင် ပျက်ယွင်းသွားရလေတော့သည်။
သူမက အံကြိတ်လိုက်ရင်း ပြောလိုက်လေ၏။
“နင်က နင့်အဖေရဲ့ အသက်ရှင်ခြင်း၊ သေခြင်းကို တကယ်ပဲ ဂရုမစိုက်တာလား”
“ဘာလဲ၊ သူက သေတော့မှာမို့လို့လား”
လီရှန်း၏ မျက်ဝန်းများထဲတွင် အေးစက်မှုများက ဖြတ်ပြေးသွားပြီး ပြောလိုက်လေသည်။
“ဒါဆိုရင်တော့ အတော်ပဲပေါ့၊ သူ အိုမင်းလာတဲ့အချိန်မှာ ကျွန်မတို့တွေ လုပ်ကျွေးပြုစုရမဲ့ တာဝန် သက်သာသွားတာပေါ့၊
ကျူးကျူးနဲ့ ချောင်ချောင်တို့လည်း ပိုက်ဆံတချို့ စုမိသွားတာပေါ့၊ အဒေါ်လည်း ဝမ်းသာသင့်တယ်”
ထိုစကားက အတော်လေးကို ရက်စက်လွန်းသည်။
အနည်းဆုံးတော့ ထုန်လင်းတစ်ယောက် စကားပြန်မပြောနိုင်လောက်အောင် ဆွံ့အသွားခဲ့ရ၏။
လီရှန်းက ထုန်လင်း၏ တုံ့ပြန်မှုမှတစ်ဆင့် ထိုအမျိုးသားက ထုန်လင်း၏ အတိတ်ကို သိရှိပုံမရကြောင်းကို ရိပ်မိလိုက်လေသည်။
ထုန်လင်းက လီဟုန်ကျွင့်နှင့် လမ်းခွဲပြီးနောက်မှသာ ဤအမျိုးသားနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်ပုံရ၏။
သို့သော်လည်း..
လီရှန်းက ပြောခဲ့သကဲ့သို့ပင်။ လီဟုန်ကျွင့်၏ အသက်ရှင်ခြင်း သေခြင်းက သူမနှင့် သက်ဆိုင်ခြင်းမရှိပေ။
လီရှန်းက လီဟုန်ကျွင့်ကို အမှန်တကယ်ပင် ဂရုမစိုက်တော့သည်ကို မြင်လိုက်ရသောကြောင့် ထုန်လင်းက စကားတချို့ကို ထုတ်ဖော်ပြောဆိုလာခဲ့သည်။
“လီဟုန်ကျွင့်က အခုအချိန်မှာ လီမိသားစုက အဘွားကြီးကို လုပ်ကျွေးပြုစုနေရတာ၊ သူမအပေါ် ဝတ္တရားကျေပွန်ပြနေတာလေ၊ အဲဒီအဘွားကြီးက ငါ့ကို သဘောမကျလို့ ငါတို့ကို အတင်းအကျပ် ကွာရှင်းခိုင်းခဲ့တယ်၊
အခုတော့ အဘွားကြီးက နင့်အဖေအတွက် ဇနီးအသစ်တစ်ယောက်ကို ထပ်ရှာပေးဖို့ အလုပ်ရှုပ်နေလေရဲ့”
ထိုစကားသို့ ပြောလာချိန်တွင် ထုန်လင်းက လှောင်ပြုံးမပြုံးဘဲ မနေနိုင်ခဲ့ပေ။
“သူက လီဟုန်ကျွင့်ကို လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်ကလိုပဲ လူကြိုက်များနေတုန်းလို့ ထင်နေတုန်းပဲ၊ တကယ်လို့ အဲဒီတုန်းက နင့်အဖေသာ တရားဝင်ဝန်ထမ်း မဟုတ်ခဲ့ရင် ငါက သူ့ကို မျက်စိထဲ ထည့်ပါ့မလား”
လီရှန်း အံ့ဩသွားရလေ၏။
သူမက နားမလည်ဖြစ်နေပုံရသောကြောင့် ထုန်လင်းက ရှင်းပြလာလေသည်။
“သူက နင့်အဖေအတွက် နင့်အမေလိုမျိုး တုံးအတဲ့မိန်းမတစ်ယောက်ကို ထပ်ရှာပေးချင်နေတာလေ၊
အဲဒီလိုမှ စက်ရုံမှာ တရားဝင်ဝန်ထမ်းအဖြစ် အလုပ်ပြန်ရပြီး နောင်တစ်ချိန်မှာ လီချောင်အတွက် အားကိုးရာ ဖြစ်လာနိုင်မှာတဲ့”
ထုန်လင်းကတော့ ထိုအဘွားအိုက အလွန်အမင်း စိတ်ကူးယဉ်နေသည်ဟု တွေးတောမိသည်။
သူမက ကျန်းဟုန်မေ့ကို ချွေးမအဖြစ် တော်စပ်ခဲ့ချိန်ကလည်း အားရကျေနပ်မှု မရှိခဲ့ပေ။
ကျန်းဟုန်မေ့၏ ပင်ကိုယ်စရိုက် ပြတ်သားလွန်းသောကြောင့် ထိန်းချုပ်ရန် ခက်ခဲသည်ဟု သူမ ခံစားခဲ့ရသည်။
ထို့အပြင် ကျန်းဟုန်မေ့က သမီးတစ်ယောက်ကိုသာ မွေးဖွားခဲ့သောကြောင့် ကျေးလက်မှအိမ်သို့ အလည်ပြန်ရောက်လာသော လီဟုန်ကျွင့်ကို သူမ(ထုန်လင်း)နှင့် ဖောက်ပြန်ရန် တိတ်တဆိတ် မြှောက်ပင့်ပေးခဲ့ပြန်သည်။
ကျန်းဟုန်မေ့ဟူသော ထိုငတုံးက မီးငြှိမ်းသတ်ရင်း သေဆုံးသွားပြီး သူရဲကောင်းတစ်ဦးဖြစ်သွားလိမ့်မည်ဟု မည်သူက မျှော်လင့်ထားပါနည်းနည်း။
ဆန့်ကျင်ဘက်အနေဖြင့် လီဟုန်ကျွင့်ကအကျိုးကျေးဇူးများစွာ ရရှိခဲ့ပြီး သူမကိုယ်တိုင်လည်း အခြေအနေကိုအခွင့်ကောင်းယူကာ တရားဝင်ဇနီး ဖြစ်လာခဲ့သည်။
ယခုအချိန်တွင်တော့ ဝဋ်လိုက်နေပြီဟု ထင်ရလေ၏။
ကျန်းဟုန်မေ့၏ သမီးဖြစ်သူက သူတို့အပေါ်ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ကို လုပ်ဆောင်ခဲ့သောကြောင့် မိသားစုကြီးတစ်ခုလုံး ပြိုကွဲပျက်စီးခဲ့ရလေပြီ။
ဤအချိန်တွင်တော့ ထိုအဘွားအိုက ကျန်းဟုန်မေ့၏ ကောင်းကွက်များကို ပြန်လည်သတိရလာပြီး လီဟုန်ကျွင့်ကို သူမနှင့် အတင်းအကျပ် ကွာရှင်းခိုင်းခဲ့သည်။
ထို့နောက် လီဟုန်ကျွင့်အတွက် နောက်ထပ် ကျန်းဟုန်မေ့*တစ်ယောက်ကို ရှာဖွေပေးရန်အတွက် မျှော်လင့်နေခဲ့လေ၏။
တခြားသော ငတုံးတစ်ယောက်က ထပ်မံ၍ အလှည့်စားခံရဦးမည်လား ဆိုသည်ကိုတော့ မသိနိုင်ပေ။
“ဒါဆိုရင်တော့ သူ့ရဲ့ အိပ်မက်တွေ အားလုံး အကောင်အထည်ဖော်နိုင်ပါစေလို့ပဲ ကျွန်မ ဆုတောင်းပေးလိုက်ပါတယ်”
ထုန်လင်း အံ့ဩသွားရသည်။ လီရှန်းက လုံးဝ စိတ်ဆိုးဒေါသထွက်ခြင်း မရှိခဲ့ပေ။ သူမအတွက် လီဟုန်ကျွင့်က အမှန်တကယ်ပင် သူစိမ်းတစ်ယောက် ဖြစ်သွားခဲ့ပုံရသည်။
တကယ်တမ်းတွင် လီရှန်းက ထုန်လင်း၏ စကားများကို ကြားလိုက်ရချိန်တွင် သူမ၏နားကိုပင် မယုံကြည်နိုင်သကဲ့သို့ ခံစားလိုက်ရသည်။
သူမ လီဟုန်ကျွင့်၏ ပုံပန်းသဏ္ဌာန်ကို ပြန်လည်တွေးတောကြည့်လိုက်လေ၏။
သူက စက်ပြင်သမားတစ်ဦး ဖြစ်သော်လည်း အဆင့်မြင့်စက်ပြင်သမားတစ်ဦး ဖြစ်သောကြောင့် လွန်ခဲ့သောနှစ်များအတွင်း သူ၏လစာက နည်းပါးခဲ့ခြင်းမရှိပေ။
ထို့အပြင် ထုန်လင်းကလည်း ဂရုတစိုက် ပြုစုစောင့်ရှောက်တတ်သူ ဖြစ်၍ သူ၏ ပုံပန်းသွင်ပြင်က အတော်လေးကြည့်ကောင်းသည်ဟု ပြောနိုင်လေသည်။
သို့ပေမဲ့လည်း...
ထိုအရွယ်ရှိပြီး တည်ငြိမ်သော အလုပ်အကိုင်ရှိသည့် အမျိုးသမီးတစ်ဦးကတော့ သေချာပေါက် လီဟုန်ကျွင့်ကို စိတ်ဝင်စားလိမ့်မည် မဟုတ်ပါချေ။
*