အခန်း ၂၆၆
Vol. 27 Ch. 266
အခန်း(266)
အပြန်လမ်းတွင် လီရှန်းက ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့လေ၏။
ဝူလီကတော့ ကျန်းဝမ်ကျန့်၏ ရည်ရွယ်ချက်ကို သိရှိသွားပြီး ယခုအချိန်တွင် ဆရာမတစ်ဦးကဲ့သို့ စကားများကို အချက်ကျကျပြောဆိုနေခဲ့လေပြီ။
အပြန်လမ်းတွင် သမီးယောက်မနှစ်ယောက်က အတူထိုင်နေကြပြီး လီရှန်းတစ်ယောက်တည်းသာ နောက်ဆုံးတန်းတွင် သီးသန့် ထိုင်နေခဲ့လေ၏။
လီရှန်းအနေဖြင့် ဝူလီ၏ အနည်းငယ်လောက် ရန်စလိုသော အကြည့်များကို ခံစားနေရလေ၏။
ထားလိုက်ပါတော့။
သူမ၏ယောက်မက ယခင်အတိုင်းပင် ရှိနေဆဲဖြစ်ကာ ပြောင်းလဲသွားခြင်း မရှိသေးပေ။
သူတို့က အိမ်သို့ ပြန်ရောက်ရှိချိန်တွင် ဒါရိုက်တာဝမ်က ပြန်သွားခဲ့လေပြီ။
စုဝေ့မင်က ရှောင်လော်ကို ပွေ့ချီပြီး အိမ်ထဲတွင် လမ်းလျှောက်နေခဲ့လေသည်။
သူက လီရှန်း ပြန်လာသည်ကို မြင်လျှင် ကယ်တင်ရှင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ကြည့်လာခဲ့၏။
သူက သူ၏ အရှိန်အဝါပျက်သွားမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကလေးကို ပွေ့ချီလျက် အနားသို့ အလောတကြီး တိုးကပ်လာခဲ့သည်။
“လုပ်ပါဦး၊ ရှောင်လော်က ခဏခဏ ငိုနေတာ၊ သူ ဗိုက်ဆာနေပြီ ထင်တယ်”
ရှောင်လော်မှာ တစ်လသားအရွယ် ကလေးငယ်လေးမျှသာဖြစ်သောကြောင့် မည်သည့်အရာကိုမှ နားလည်နိုင်ဦးမည်မဟုတ်ပေ။
သို့သော် လီရှန်းအနေဖြင့် သူမ၏ မျက်နှာလေးပေါ်မှ မကျေမနပ်ဖြစ်နေသော အမူအရာကို မြင်တွေ့နေရလေ၏။
လီရှန်းက အနားသို့ တိုးကပ်သွားသည်နှင့် ကလေးငယ်၏ နူးညံ့သော မျက်ခုံးလေးများက တွန့်ချိုးသွားရပြီး နောက်ဆုံးတွင်တော့ သနားစဖွယ်ကောင်းစွာ တအိအိနှင့် ညည်းတွားငိုကြွေးလာရှာသည်။
လီရှန်းလည်း စိတ်မကောင်းဖြစ်သွားရသောကြောင့် ရှောင်လော်ကို အမြန်ပင် လွှဲပြောင်းပွေ့ချီလိုက်ပြီး မိခင်နို့ကို တိုက်ကျွေးရန်အတွက် အခန်းထဲသို့ ခေါ်ဆောင်သွားခဲ့လေ၏။
“ဒီကလေးမလေးကတော့ တကယ့်ကို ပါးနပ်လွန်းတဲ့ မြေခွေးမလေးပဲ”
ဝူလီက ချက်ချင်းဆိုသလို ပြောင်းလဲသွားသော ရှောင်လော်၏ မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသောကြောင့် မချီးမွမ်းဘဲ မနေနိုင်တော့ပေ။
ကျန်းဝမ်ကျန့်သည်လည်း ချက်ချင်းပင် ခေါင်းညိတ်၍ထောက်ခံပြီး ပြောလိုက်လေသည်။
“သူက ဥာဏ်လည်းကောင်းတယ်၊ ကျွန်မတို့ရဲ့ ရှောင်ကျန့် အဲဒီအရွယ်တုန်းကထက်တောင် ပိုပြီးတော့ ဖျတ်လတ်သေးတယ်”
ကျန်းဝမ်ကျန့်၏ စကားကို ကြားလိုက်ရချိန်တွင် ဝူလီက ကျန်းဝမ်ကျန့်၏ အင်္ကျီလက်စကို ဆွဲကိုင်လိုက်ရင်း မေးလိုက်လေသည်။
“ဒုတိယယောက်မ၊ ငါ တစ်ခုလောက် မေးပါရစေဦး၊ ယောက်မ ရှောင်ကျန့်ကို မွေးတုန်းက အခြေအနေက အန္တရာယ် အရမ်းများခဲ့တာလား”
ရှောင်ကျန့်ကို မွေးဖွားခဲ့သည့်အချိန်တုန်းက...
ကျန်းဝမ်ကျန့်၏ စိတ်အာရုံထဲတွင် ရှောင်ကျန့်ကို မွေးဖွားခဲ့သည့် ညမှ အဖြစ်အပျက်ဆီသို့ ဖြတ်ပြေးသွားခဲ့လေ၏။
ထိုညက စုဝေ့ယန်က သင်္ဘောပေါ်တွင် ရှိနေခဲ့ပြီး ကမ်းသို့ မကပ်ရသေးပေ။
သူမက ကိုယ်ဝန်အရင့်အမာကြီးဖြင့် အိမ်တွင် ထမင်းဟင်းများကို ချက်ပြုတ်နေခဲ့သည်။
စုဝေ့ယန် ပြန်လာတော့မည်ဟူသော သတင်းကို ကြားသိထားရသောကြောင့် သူမ၏ စိတ်အခြေအနေက အလွန်ပင် ကောင်းမွန်နေခဲ့လေ၏။
သို့သော် စုဝေ့ယန်၏ လက်အောက်ခံ ရဲဘော်တစ်ဦးက ပျာပျာသလဲ ပြေးဝင်လာခဲ့ပြီး စုဝေ့ယန်က ဒဏ်ရာရရှိသွားသောကြောင့် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းကို ပြောဆိုလိုက်ချိန်တွင် သူမ၏ ကောင်းမွန်နေသော စိတ်အခြေအနေက ချက်ချင်းပင် ပျက်စီးသွားရလေတော့သည်။
သူမက စိုးရိမ်ပူပန်လွန်းသောကြောင့် ရေမွှာပါ ပေါက်ကာ စီးကျသွားခဲ့ရလေ၏။
ထိုညက ကျန်းဝမ်ကျန့်တစ်ယောက် မွေးဖွားခန်းထဲတွင် ရင်ကွဲမတတ် ခံစားရရင်း ကလေးမွေးဖွားနေခဲ့ရပြီး စုဝေ့ယန်ကတော့ မွေးဖွားခန်းအပြင်ဘက်တွင် အင်္ကျီဗလာဖြင့် ထိုင်နေခဲ့ပြီး သူနာပြုဆရာမတစ်ဦးက သူ၏ဒဏ်ရာကို ချုပ်ပေးနေခဲ့သည်။
ထိုညက အမှန်တကယ်ပင် သွေးချောင်းစီးခဲ့ရသော ညတစ်ည ဖြစ်လေ၏။
ကျန်းဝမ်ကျန့်က ထိုအကြောင်းကို ပို၍ တွေးတောမိလေလေ သူမ၏ မျက်နှာက ပို၍ ဖြူဖျော့လာလေလေပင်။
ဝူလီ : “...”
ထားလိုက်ပါတော့။ ပြောနေစရာ မလိုတော့ဘူး။
ကလေးမွေးဖွားခြင်းက ငရဲတံခါးဝသို့ သွားရောက်ရသကဲ့သို့ ခက်ခဲလွန်းကြောင်းကို သူမ သိရှိသွားခဲ့ပြီ ဖြစ်သောကြောင့် ထိုအကြောင်းကို စူးစမ်းရန် လက်လျှော့လိုက်တော့သည်။
သူမက စကားလမ်းကြောင်းကို ရိုးရှင်းစွာပင် ပြောင်းလဲလိုက်ရင်း စုဝေ့မင်ကို လှမ်းမေးလိုက်လေ၏။
“အဖေ၊ တခြားလူတွေ ဘယ်မှာလဲ”
“သူတို့အားလုံး ဘေးအိမ်မှာ အလုပ်ရှုပ်နေကြတာ၊ မင်းတို့ အားနေရင်လည်း သွားပြီး ကူညီပေးလိုက်ကြဦး”
စုဝေ့မင်က ချောင်းဟန့်လိုက်ရင်း ပြောလိုက်လေသည်။
“ အိမ်မှာလည်း ထမင်းဟင်းချက်မဲ့သူ လိုအပ်တာဆိုတော့ မင်းတို့နှစ်ယောက်ပဲ အဆင်ပြေအောင် တိုင်ပင်ပြီး လုပ်ကြတော့”
ထိုသို့ ပြောပြီးသည်နှင့် သူက လက်နှစ်ဖက်ကို အနောက်သို့ ပစ်လျက် ယိမ်းထိုးနေသော ခြေလှမ်းများဖြင့် ဘေးခန်းသို့ ထွက်ခွာသွားခဲ့လေ၏။
ဝူလီနှင့် ကျန်းဝမ်ကျန့်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ကျန်းဝမ်ကျန့်က ချက်ချင်းပင် ရွေးချယ်လိုက်ပြီး ပြောလိုက်လေသည်။
“ကျွန်မ အိမ်မှာပဲနေပြီး ထမင်းဟင်းချက်လိုက်မယ်”
သူမအနေဖြင့် ဘေးအိမ်ရှိ မိသားစုကြီးနှင့် ရင်ဆိုင်ရမည့်အစား မီးဖိုချောင်ထဲတွင် တစ်ယောက်တည်း အလုပ်ရှုပ်နေရသည်ကိုသာ နှစ်သက်၏။
“ကောင်းပြီ၊ ဒါဆိုရင်တော့ ငါပဲ ဘေးအိမ်ကို သွားပြီး ကူညီပေးလိုက်မယ်”
ဝူလီသည်လည်း ထမင်းချက်ရသည်ကို မနှစ်သက်သောကြောင့် ကျန်းဝမ်ကျန့်၏ ရွေးချယ်မှုအပေါ် စိတ်ကျေနပ်ခဲ့သည်။
သူမလည်း စုဝေ့မင်၏ အနောက်သို့ လိုက်ကာ ဘေးခန်းသို့ ထွက်လာခဲ့လေ၏။
ဘေးအိမ်မှ လုမိသားစု ထွက်ခွာသွားပြီးနောက်တွင် မူလက အနည်းငယ် ကျဉ်းမြောင်းနေခဲ့သော နေရာလွတ်က ချက်ချင်းပင် ကျယ်ဝန်းသွားရသည်။
ယခုအချိန်တွင် စုဝေ့ယန်နှင့် စုဝေ့ချင်းတို့က ဝရံတာ၏ အလယ်ရှိ အခန်းကန့်ကို ဖျက်သိမ်းနေကြလေ၏။
မီးဖိုချောင်က စုမိသားစုအိမ်ရှိ အခန်းကန့်၏ တခြားတစ်ဖက်တွင် ရှိနေသည်။
ဝူလီ ရောက်ရှိသွားချိန်တွင် နောက်ဆုံး သစ်သားတန်းကို ဖယ်ရှားပြီးစီးသွားခဲ့ပြီဖြစ်၍ သစ်သားပြားကြီးတစ်ခုလုံးကိုပါ ရွှေ့ပြောင်းပစ်လိုက်ကြလေပြီ။
ထိုသစ်သားပြား၏ တခြားတစ်ဖက်တွင် ကျန်းဝမ်ကျန့်က လက်ထဲတွင် ဟင်းချက်ဓားကို ကိုင်ဆောင်ထားဆဲဖြစ်ပြီး သူမ၏ခင်ပွန်းဖြစ်သူ စုဝေ့ယန်ကို စိုက်ကြည့်နေခဲ့လေသည်။
“ဒီသစ်သားပြားက အတော်လေး ကောင်းသေးတာပဲ”
သစ်သားကို အပြားလိုက် ချထားပြီးနောက် စုဝေ့ချင်းက ထိုသစ်သားပြား၏ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း တွေးတောမိ၍ ပြောလိုက်လေ၏။
“နောင်တစ်ချိန်ကျရင် ကျွန်တော့်အိမ်က ကလေးအတွက် စာရေးစားပွဲ လုပ်ပေးဖို့ ဒါကို သုံးလို့ရတာပဲ”
“သူက နို့စို့ရုံပဲ းရှိသေးတဲ့ ကလေးလေးလေ၊ စာရေးစားပွဲ လုပ်ပေးဖို့က အချိန်စောလွန်းမနေဘူးလား”
စုဝေ့ယန်က သူ့ကို လှောင်ပြောင်ရယ်မောလိုက်လေ၏။
စုဝေ့ချင်းက မျက်လုံးစောင်းကြည့်လိုက်ရင်း ပြောလိုက်လေသည်။
“အစ်ကို စောင့်ကြည့်နေလိုက်၊ ကျွန်တော့်ရဲ့ ရှောင်လော်က နောက်ပိုင်းကျရင် တကယ့်ကို ထက်မြက်တဲ့သူ ဖြစ်လာမှာ၊ အနည်းဆုံးတော့ သုတေသနပညာရှင် ဖြစ်လာမှာ၊ ပြီးတော့ သင်္ဘောကြီးတွေကိုတောင် သုတေသနပြုလုပ်နိုင်ဦးမှာ၊
အဲဒီအချိန်ကျရင် ဒုတိယဦးလေးဖြစ်တဲ့ အစ်ကို့ကို ရှောင်လော် တည်ဆောက်ထားတဲ့ သင်္ဘောကြီးကို ပေးစီးဦးမယ်”
စုဝေ့ယန်က စုဝေ့ချင်း၏ လေလုံးထွားမှုကို ခပ်ပေါ့ပေါ့သာ သဘောထားပြီး ပြောလိုက်လေသည်။
“ကောင်းပါပြီ၊ ငါ စောင့်နေပါ့မယ်”
စုဝေ့ချင်းက စိတ်ထဲတွင်တော့ တိတ်တဆိတ် ရယ်မောမနေဘဲ မနေနိုင်တော့ပေ။
သူ့ထံတွင် စနစ်ရှိနေသည် မဟုတ်ပါလား။ သင်္ဘောကြီးများကို သုတေသနပြုလုပ်ရန် မဆိုထားနှင့်။ ဒုံးပျံကိုပင် တီထွင်နိုင်လောက်သေးသည်။
ထိုအချိန်တွင် စုဝေ့ယန်အား ကောင်းကင်ယံရှိ ထိုပျံသန်းရေးယာဉ်ကြီးပေါ်သို့ တိုက်ရိုက် ခေါ်ဆောင်သွားနိုင်လေသည်။
ဘေးအိမ်ရှိ စုရှောင်လော်မှာတော့ ဖခင်ဖြစ်သူ၏ ကျိုးကြောင်းစီလျော်မှုမရှိသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေခြင်းကို သိရှိခြင်း မရှိခဲ့ပေ။
ယခုအချိန်တွင် သူမက နို့စို့ပြီးနောက် ဗိုက်ဝသွားခဲ့ကာ သန့်ရှင်းပြီး နူးညံ့လွန်းသော အနှီးအသစ်ကိုလည်း လဲလှယ်ပြီးစီးသွားခဲ့လေပြီ။
ထို့ကြောင့် ကလေးငယ်လေးက သူမ၏ ခုတင်လေးပေါ်တွင် သက်တောင့်သက်သာလှဲလျောင်းနေခဲ့ပြီး မျက်ခွံကိုပင် မော့မကြည့်တော့ပေ။
ဝရံတာချင်း ဆက်သွယ်သွားခဲ့ပြီးနောက်တွင်တော့ အိမ်နှစ်လုံးက တစ်ဆက်တည်း ဖြစ်သွားခဲ့ရပြီး ဝရံတာကလည်း အလွန်ပင် ကျယ်ဝန်းသွားရတော့သည်။
လော်ယွီရှို့က သူမ၏ မီးဖိုချောင် အခြေအနေကိုသာ အာရုံစိုက်နေခဲ့သောကြောင့် တခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။
သူမက ခါးကို ထောက်လျက် ရပ်နေရင်း လှည့်ပတ် ကြည့်ရှုပြီး ခပ်တိုးတိုးရေရွတ်နေမိ၏။
“ငါ လက်သမားဆရာကို သေသေချာချာ ပြန်ပြင်ခိုင်းရဦးမယ်၊ အနည်းဆုံးတော့ ဒါကို လုံအောင် ပိတ်ထားရမယ်လေ”
လီရှန်းက မီးဖိုချောင်ထဲသို့ လျှောက်လှမ်းဝင်လာခဲ့လျှင် ထိုနေရာက လွတ်လပ်နေသည်ကို မြင်တွေ့လိုက်ရသည့်အတွက် ဝရံတာလက်ရန်းကို မှီထားရင်း အောက်ထပ်သို့ ငုံ့ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“အောက်ထပ်မှာရော လူမနေဘူးလား”
“အဲဒါက ဂိုဒေါင်လေ”
“ဒါဆိုရင် ကျွန်မတို့တွေ ဒီဝရံတာကို အပြင်ဘက်ကို နည်းနည်းလောက် ထပ်ပြီး တိုးချဲ့လို့ မရဘူးလား၊
ဒီဝရံတာက စာကြည့်ခန်းလုပ်ဖို့ဆိုရင် နည်းနည်း ကျဉ်းလွန်းနေသေးသလိုပဲ”
လီရှန်းက လော်ယွီရှို့၏ စိုးရိမ်ပူပန်မှုကို သိရှိထားသောကြောင့် ဤနေရာကို နောက်ပိုင်းတွင် စာကြည့်ခန်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်၏။
အမှန်အတိုင်း ပြောရလျှင် လက်ရှိ အရွယ်အစားက စာရေးစားပွဲတစ်ခု ထားရှိရန် လုံလောက်သော်လည်း စာရွက်စာတမ်း ဗီရိုတချို့ကို ထားရှိရန်အတွက်တော့ မလုံလောက်ပေ။
“ဟုတ်သားပဲ၊ အဲလိုဆိုရင် အဆင်ပြေသွားမှာ”
အပြင်ဘက်သို့ တိုးချဲ့မည်ဟု ပြောသော်လည်း တကယ်တမ်းတွင် အောက်ခြေ၌ အုတ်မြစ်တိုင်နှစ်ခုကို စိုက်ထူပြီး အပေါ်မှ ကြမ်းခင်းပြားများကို ခင်းရခြင်းသာ ဖြစ်သောကြောင့် အပြင်ဘက်သို့ တစ်မီတာခန့်သာ တိုးချဲ့ရန် လိုအပ််သည်။
“တကယ်လို့ မင်း ပြင်ဆင်ချင်တယ်ဆိုရင်တော့ တခြားမိသားစုတွေကိုပါ မေးမြန်းကြည့်တာ အကောင်းဆုံးပဲ၊ ဖြစ်နိုင်ရင် သူတို့လည်း ပြင်ဆင်ချင်နေကြမှာပဲလေ”
တိုင်းမြို့တော်မှ လာရောက်သော ဆောက်လုပ်ရေးအဖွဲ့က ပြန်မသွားသေးသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး အလုပ်သမားများကို ရက်အနည်းငယ်ခန့် ထပ်မံ၍ နေထိုင်ရန် တောင်းဆိုရလျှင် အကောင်းဆုံး ဖြစ်သည်။
“ဒါပေါ့၊ သေချာပေါက် ပြင်ဆင်ရမှာပေါ့”
လော်ယွီရှို့က စိတ်ထဲတွင် တွေးလိုက်မိသည်။
ဒါက မေးနေစရာ လိုသေးလို့လား။
အိမ်က စတုရန်းမီတာ အနည်းငယ်မျှ ပိုမို၍ ကျယ်ဝန်းသွားမည်ကို မည်သူက မနှစ်သက်ဘဲ နေပါမည််နည်း။
“ဒီလိုဆိုရင်တော့ အလုပ်ပမာဏက အတော်လေး များပြားသွားလိမ့်မယ်”
စုဝေ့ချင်းက သူ၏မေးစေ့ကို ပွတ်သပ်လိုက်ရင်း စိတ်ထဲတွင် အမျိုးမျိုးသော ကုန်ကြမ်းပစ္စည်းများနှင့် လုပ်အားခ ကုန်ကျစရိတ်များကို လျင်မြန်စွာပင် တွက်ချက်နေခဲ့လေသည်။
“ငါ သွားပြီး လူတိုင်းကို ဆက်သွယ်လိုက်မယ်၊ ပြင်ဆင်ချင်တဲ့သူတွေကတော့ ကုန်ကျစရိတ်ကို ပေးရမှာပေါ့”
*