အခန်း ၂၆၈
Vol. 27 Ch. 268
အခန်း(268)
ညစာစားပြီးနောက် ဆောက်လုပ်ရေးအဖွဲ့က သူတို့၏ အစီအစဉ်ကိုလည်း အတည်ပြုပေးခဲ့ကြလေသည်။
အဓိက အကြောင်းရင်းမှာ မကြာသေးမီက တိုင်းမြို့တော်တွင် အရေးကြီးသော အော်ဒါအလုပ်များက မရှိခဲ့ခြင်းကြောင့် ဖြစ်ပေ၏။ ထို့အပြင် ဆေးဝါးစက်ရုံ၏ အဆောက်အဦအသစ်ကလည်း သတ်မှတ်ရက်ထက် လဝက်ကျော်ခန့် ပိုစော၍ပြီးစီးအပ်နှံနိုင်ခဲ့သည်။
ထို့ကြောင့် နောက်ထပ် လဝက်ခန့်အချိန်အတွင်း၌ သူတို့က ပြန်လည် ပြင်ဆင်ရေးပရောဂျက်ကို လက်ခံလုပ်ဆောင်ပေးနိုင်ခဲ့သည်။
ထို့ကြောင့် သူတို့ဆောက်လုပ်ရေးအဖွဲ့မှ ညီအစ်ကိုများအတွက် ပိုက်ဆံကို ပိုမိုရရှိစေပြီး နှစ်ကုန်ပိုင်းတွင် အဆင်ပြေစွာ ဖြတ်သန်းနိုင်ကြလိမ့်မည်။
နောက်တစ်နေ့ မနက်တွင် ဆောက်လုပ်ရေးအဖွဲ့က မြေပြင်ကွင်းဆင်း တိုင်းတာမှုများကို ပြုလုပ်ခဲ့ကြပြီးနောက် ဈေးနှုန်းကို အတည်ပြုနိုင်ခဲ့ကြလေ၏။
အဆောက်အအုံရှိ မိသားစုဝင် ဒါဇင်ပေါင်းများစွာတို့က ငွေကြေးစုဆောင်းခဲ့ကြသည့်အတွက် မိသားစုတစ်စုလျှင် (၃၅) ယွမ်မျှသာ ထည့်ဝင်ရန် လိုအပ်သည်။
(၃၅)ယွမ်ဟူသော ပမာဏက များပြားလွန်းသော်လည်း အိမ်တစ်လုံးကို ပြင်ဆင်ရန်အတွက်ဆိုလျှင်တော့ အလွန်နည်းပါးလွန်းသော ပမာဏ ဖြစ်လေ၏။
ရလဒ်အနေဖြင့် မိသားစုတိုင်းက ငွေကြေးများကို တက်ကြွစွာထည့်ဝင်ခဲ့ကြတော့သည်။
သို့သော် လုချင်းလန်က တချို့သော သရော်စကားများပြောလာခဲ့ပြန်၏။
“ကျွန်မတို့ ထွက်သွားတာနဲ့ ရှင်တို့က ချက်ချင်း ပြန်ပြင်နေကြတာပဲ၊သေသေချာချာ မသိတဲ့သူဆိုရင်တော့ ဒါကို တမင်သက်သက် လုပ်တယ်လို့ ထင်ကြလိမ့်မယ်”
“ရှင်တို့ရဲ့ အဆောက်အအာံထဲမှာ ပိုနေတဲ့ ကုန်ကြမ်းပစ္စည်းတွေ အများကြီး ရှိနေတာ မဟုတ်ဘူးလား၊ကျွန်မတို့တွေက ဒါတွေကို အပြင်မှာ ဒီအတိုင်း ပစ်ထားပြီး လေဒဏ်မိုးဒဏ် ခံခိုင်းလို့မရဘူးလေ၊
ဒါကြောင့် အိမ်ကို ပြန်ပြင်ဖို့ ပိုက်ဆံနည်းနည်း သုံးလိုက်တာ ဘာမှမမှားဘူး၊ ဒီလိုဆိုရင်တော့ စင်္ကြံလမ်းမှာ ထမင်းဟင်းချက်နေစရာ မလိုတော့ဘူးပေါ့”
ဤအကြိမ်တွင် လော်ယွီရှို့က လုချင်းလန်နှင့် အငြင်းပွားခြင်း မပြုခဲ့ပေ။
သူမက လုပ်ဆောင်ခဲ့သော အရာက အမှန်တကယ့်ပင် လူမှုရေးအရ အဆင်မပြေဖြစ်ခဲ့လေသည်။
လုချင်းလန်က နှာခေါင်းကို ရှုံ့လိုက်ပြီးနောက် ကြွားလုံးထုတ်၍ပြောဆိုလေသည်။
“အခု ကျွန်မအိမ်က ဘယ်လောက်တောင် ကျယ်ဝန်းသွားလဲဆိုတာ ရှင်တို့ သိမှာမဟုတ်ဘူး”
အိမ်အသစ်တွင် ရက်အနည်းငယ်ခန့် နေထိုင်ပြီးနောက် အိမ်ဟောင်းကို ပြန်လည်၍ ကြည့်ရှုမိချိန်တွင် ထိုအိမ်က အလွန်ပင် ကျဉ်းမြောင်းပြီး မှောင်မည်းနေခဲ့သည်ဟု ထင်ရလေ၏။
“ရှင်တို့နှစ်ယောက် ဘာတွေတွေးနေလဲဆိုတာ ကျွန်မ တကယ်ကို နားမလည်တော့ဘူး၊ လူငယ်တွေအတွက် အိမ်အသစ်မှာ နေရတာက အရမ်းကောင်းတာကို ရှင်တို့က သူတို့ကို အိမ်ဟောင်းထဲမှာပဲ အတင်းကျပ် ပိတ်လှောင်ထားတယ်၊
ဟင်း.. အခုဆိုရင် ကျွန်မသာ ဒီကို ပြန်လာရင်တော့ ဘယ်လိုမှ နေသားကျလိမ့်မယ် မဟုတ်ဘူး”
“ကျွန်မကတော့ အိမ်ဟောင်းတွေကိုပဲ သဘောကျတယ်၊ ပိုပြီးတော့တောင် စည်ကားသေးတယ်လေ”
လော်ယွီရှို့က နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ ပြန်လည်ပြောဆိုလိုက်လေ၏။
လုချင်းလန်က လော်ယွီရှို့တစ်ယောက် အလွန် ဒေါသထွက်သွားသောကြောင့် စိတ်ဆိုးသွားခြင်း ဖြစ်သည်ဟု မှတ်ယူလိုက်လေ၏။
သူမက အလွန်ပင် စိတ်ရွှင်လန်းသွားရသောကြောင့် တေးသီချင်းကို ခပ်တိုးတိုး ညည်းဆိုလျက် ထွက်ခွာသွားခဲ့လေသည်။
ထိုအဆောက်အအုံအသေးလေးမှ ထွက်ခွာသွားခဲ့ပြီးနောက်တွင်ပင် သူမက လော်ယွီရှို့ကို စိတ်အနှောင့်အယှက်ဖြစ်စေရန်အတွက် ခဏခဏ ပြန်လာလေ့ရှိ၏။
ဆောက်လုပ်ရေးအဖွဲ့များက အလုပ်လုပ်ရာတွင် အလွန်ပင် လျင်မြန်ကြသူများ ဖြစ်ကြသည်။
ဤအလုပ်က ကော်မရှင်ခရရှိသောကြောင့် အပိုဝင်ငွေတစ်ခုရရှိစေသည်မဟုတ်ပါလား။
သူတို့အနေဖြင့် လုပ်အားအနည်းငယ် စိုက်ထုတ်ရန်သာ လိုအပ်သည်။
အကယ်၍ ပိုက်ဆံများ ပိုမို ရရှိပါက နှစ်ကုန်ပိုင်းတွင် သူတို့၏ ကလေးများအတွက် အဝတ်အစားအသစ်များကို ဝယ်ယူပေးနိုင်သကဲ့သို့ ယောက္ခမအိမ်သို့လည်း ကောင်းမွန်သော ပစ္စည်းများကို ယူဆောင်သွားနိုင်ပေလိမ့်မည်။
စုဝေ့ယန်ဘက်တွင်တော့ အိမ်အတိက် သန့်ရှင်းရေးပြုလုပ်ပြီးစီးသွားချိန်မှာပင် သူ၏ မိသားစုထံသို့ လည်ပတ်ရန် ခွင့်ရက်ကလည်း ကုန်ဆုံးသွားခဲ့လေပြီ။
ထိုဇနီးမောင်နှံက ပစ္စည်းအမြောက်အမြားကို သယ်ဆောင်လျက် ချုံကျိုးသို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ကြလေတော့၏။
ကျန်းဝမ်ကျန့်မှာ ပြန်ရောက်လာပြီးနောက် လီရှန်းနှင့် သူငယ်ချင်းကောင်းများ ဖြစ်သွားခဲ့ရုံမျှမက သူမ၏အကြီးဆုံးယောက်မဖြစ်သူ ဝူလီနှင့်လည်း ဆက်ဆံရေး ပိုမို ကောင်းမွန်လာခဲ့သောကြောင့်အကျိုးကျေးဇူးများ ရရှိခဲ့သည်ဟု ပြောရပေလိမ့်မည်။
သူတို့က ထွက်ခွာသွားရမည့်နေ့တွင်တော့ ထိုဇနီးမောင်နှံ၏ မျက်ဝန်းများက နီရဲနေခဲ့ကြလေ၏။
လီရှန်းက သူတို့ကို လိုက်လံ ပို့ဆောင်ချင်ခဲ့သော်လည်း စုရှောင်လော်က အရွယ်ငယ်လွန်းသေးသောကြောင့် မိခင်ဖြစ်သူနှင့် အချိန်ကြာမြင့်စွာ ခွဲခွာ၍မရနိုင်သေးပေ။
ထို့ကြောင့် သူမက သူတို့ကို ရထားပလက်ဖောင်းအထိသာ လိုက်လံ၍ ပို့ဆောင်ပေးခဲ့ပြီး စုဝေ့ချင်းကတော့ သူတို့နှင့်အတူ ပြည်နယ်မြို့တော်၏ ဘူတာရုံအထိ လိုက်ပါသွားခဲ့လေသည်။
သူတို့က ရထားပေါ်သို့ တက်သွားသည်ကို ကြည့်ရှုပြီးမှသာ အိမ်သို့ ပြန်လာခဲ့၏။
စုဝေ့ယန်နှင့် သူ၏ဇနီးဖြစ်သူတို့ ထွက်ခွာသွားခဲ့ပြီးနောက်တွင် အိမ်ကြီးက ဟာလာဟင်းလင်းဖြစ်သွားခဲ့ရတော့သည်။
လော်ယွီရှို့အနေဖြင့် မူလက ဘေးအိမ်၏ ပြန်လည်ပြင်ဆင်ရေးကိစ္စကို စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့သော်လည်း ယခုတွင်တော့ စိတ်ဝင်စားမှု လျော့နည်းသွားခဲ့ရလေပြီ။
လီရှန်းတစ်ယောက် ညသန်းခေါင်ယံအချိန်၌ ရေသောက်ရန်အတွက် ထလာခဲ့မိသည်။ ထိုအချိန်တွင် လော်ယွီရှို့က ဆိုဖာပေါ်တွင် ထိုင်လျက် မျက်ရည်များကို သုတ်နေသည်ကို မြင်တွေ့လိုက်ရသောကြောင့် အနားသို့ တိုးကပ်သွားပြီး မေးမြန်းလိုက်လေ၏။
“အမေ၊ ဘာဖြစ်လို့လဲ၊ ဘာလို့ ငိုနေတာလဲ”
“ဘာမှမဖြစ်ပါဘူး”
လော်ယွီရှို့က သူမ၏မျက်ရည်များကို အမြန်ပင် သုတ်လိုက်ရင်း ခေါင်းခါပြပြီး ပြောလိုက်လေသည်။
“မင်းရော ဘာလို့ ထလာတာလဲ၊ အပြင်မှာ အရမ်း အေးနေတာကို၊ သွား၊ ပြန်ပြီး အိပ်တော့လေ”
“ကျွန်မ ရေဆာလို့ ရေသောက်ဖို့ ထလာတာပါ၊ အမေ ဘာဖြစ်နေတာလဲ၊
ကျွန်မကို ပြောပြပါဦး၊ ကျွန်မ အမေ့အတွက် အကြံဉာဏ်တစ်ခုခု ထုတ်ပေးနိုင်မလားလို့ပါ”
လီရှန်းက လော်ယွီရှို့က ယခုကဲ့သို့ ဖြစ်နေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့သောကြောင့် သူမ၏ အသံက ယခင်ကထက် စိုးရိမ်ပူပန်မှုများရောနေခဲ့သည်။
လီရှန်းက အမှန်တကယ်ပင် စိုးရိမ်နေသည်ကို မြင်လိုက်ရသောကြောင့် လော်ယွီရှို့က လျှင်မြန်စွာ ပြောပြလိုက်လေ၏။
“တကယ်ဘာမှမဖြစ်ပါဘူး၊ ဒုတိယသားတို့ မိသားစု ထွက်သွားလို့ စိတ်မကောင်းဖြစ်မိလို့ပါ၊ မင်းစဉ်းစားကြည့်လေ..”
သူမက စကားပြောရင်း သူမ၏ရင်ဘတ်ကိုပုတ်ပြီး ပြောလိုက်လေသည်။
“ငါ့ရဲ့ သားသုံးယောက်ထဲမှာ အကြီးဆုံးသားနဲ့ ဒုတိယသားက တကယ့်ကို ထက်မြက်ကြတဲ့လူတွေပဲ၊
ဒါပေမဲ့ သူတို့က ထက်မြက်လွန်းတော့လည်း အရွယ်ရောက်လာတာနဲ့ ငါတို့ကို ထားခဲ့ကြတာ၊
တတိယသားတစ်ယောက်ပဲ သုံးယောက်ထဲမှာ အလိုက်သိဆုံးဖြစ်ပြီး ငါနဲ့လည်း အနီးဆုံးမှာ နေထိုင်”
သူမက စကားပြောရင်း ဝမ်းနည်းပူဆွေးစွာဖြင့် ထပ်မံ၍ သက်ပြင်းချလိုက်ပြန်သည်။
ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် လီရှန်းလည်း မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိတော့ပေ။
စုဝေ့ချင်းက ယခုအချိန်တွင် သူမ၏ ဘေးနား၌ ရှိနေသေးသော်လည်း အချိန်ကြာကြာရှိနိုင်လောက်တော့မည်မဟုတ်ပေ။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်၍ ကျင်းပတော့မည့်အချိန်သို့ ရောက်ရှိလာပါက စနစ််က စုဝေ့ချင်းကို ဆေးဝါးစက်ရုံတွင် အေးဆေးစွာ နေထိုင်ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်းကို လီရှန်း သိရှိနေခဲ့သည်။
သူ့အနေဖြင့် စာမေးပွဲကို သေချာပေါက် ဝင်ရောက်ဖြေဆိုရပေလိမ့်မည်။
လီရှန်းက စုဝေ့ချင်း၏ စာပေသင်ကြားရေး တိုးတက်မှုအခြေအနေကို သေသေချာချာ မသိရှိပေ။
သို့သော် လွန်ခဲ့သောနှစ်အတွင်း စုဝေ့ချင်းက သတင်းစာများပေါ်တွင် မကြာခဏ ပါဝင်လာခဲ့ရုံမျှမက အတွင်းရေးမှူးရုံးအတွက် မိန့်ခွန်းများကိုလည်း ပိုမိုရေးသားလာနိုင်ခဲ့လေပြီ။
စုဝေ့ချင်းက သိသိသာသာ တိုးတက်လာခဲ့သည်။ သူသာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုပါက တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိရန်အတွက် အခွင့်အရေးအလွန်များပြားလွန်းသည်။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပထမဆုံးအကြိမ် ပြန်လည်ကျင်းပချိန်တွင် တက္ကသိုလ်အနည်းငယ်မျှသာ ကျောင်းသားလက်ခံခဲ့လိမ့်မည်။
ထို့ကြောင့် စုဝေ့ချင်းက နင်ပြည်နယ်မှ ထွက်ခွာပြီး ပိုမိုကျယ်ပြန့်သော မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်သွားရနိုင်သည်။
“စိတ်မပူပါနဲ့ အမေ၊ တကယ်လို့ ကျွန်မတို့ ထွက်သွားရရင်တောင် အမေနဲ့ အဖေကိုပါ တစ်ပါတည်း ခေါ်သွားမှာ”
လီရှန်းက လော်ယွီရှို့ကို မည်သို့ နှစ်သိမ့်ရမည်ကို မသိသောကြောင့် သူမ၏ လက်မောင်းကို ဆွဲကိုင်ထားရင်း မရေရာသော ကတိတချို့ကိုသာ ပေးနိုင်ခဲ့လေသည်။
သို့သော် သူမက အလေးအနက် ပြောဆိုလိုက်ခြင်း ဖြစ်လေ၏။
နောက်ပိုင်းတွင် မည်သည့်နေရာသို့ပင် သွားရသည်ဖြစ်စေ ထိုသက်ကြီးရွယ်အို ဇနီးမောင်နှံကို သူမတို့နှင့်အတူ ခေါ်ဆောင်ပြီး လုပ်ကျွေးပြုစုသွားမည်ဟု သူမ တွေးတောထားခဲ့လေ၏။
စုဝေ့ဟိုင်က သိပ္ပံ သုတေသနလုပ်ငန်းများတွင်သာ စိတ်အားထက်သန်နေပြီး စုဝေ့ယန်ကတော့ စစ်တပ်တွင် ရှိနေခဲ့သည်။ ထိုနေရာများ၏ ပတ်ဝန်းကျင်က အလွန်ပင် လေးနက်လွန်းသည်။
ထို့ကြောင့် ထို ဇနီးမောင်နှံအနေဖြင့် သူတို့၏ ဘေးနားတွင် နေထိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
တစ်လခန့် အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ကြပြီးနောက်တွင်တော့ လူနေအဆောက်အအုံဟောင်းကြီးက နောက်ဆုံးတွင် ပြန်လည်ပြင်ဆင်ပြီးစီးသွားခဲ့လေပြီ။
မိသားစုတိုင်း၏ ဝရံတာများက အပြင်ဘက်သို့ (၁.၅) မီတာခန့် တိုးချဲ့သွားခဲ့ရုံမျှမက ကြွေပြားများပါ ခင်းကျင်းပြီးစီးသွားခဲ့လေ၏။
ဝရံတာဟူသောနေရာက အတိတ်တစ်ခု ဖြစ်သွားခဲ့ရပြီး ယခုအချိန်တွင် မိသားစုတိုင်း၌ အပိုအခန်းအသေးစားလေးတစ်ခန်းစီ ရှိနေခဲ့ကြပြီ ဖြစ်သည်။
စုမိသားစုနှင့် မတူညီစွာဖွင့် တခြားမိသားစုများတွင်တော့ ပြီးပြည့်စုံသော ဝရံတာ မရှိကြသောကြောင့် ထိုဝရံတာက ကျယ်ဝန်းလွန်းခြင်းမရှိဘဲ မီးဖိုချောင်အဖြစ်သာ အသုံးပြုခဲ့ကြလေ၏။
သို့သော် ထိုအခြေအနေကပင် အပြင်စင်္ကြံလမ်းကို ပိုမို၍ သန့်ရှင်းသေသပ်စေခဲ့လေပြီ။
မူလက လော်ယွီရှို့အနေဖြင့် ဝရံတာကို စာကြည့်ခန်းအဖြစ် ပြောင်းလဲရန် စီစဉ်ထားခဲ့ခြင်း ဖြစ်၏။
ရလဒ်အနေဖြင့် စုဝေ့ချင်းနှင့် လီရှန်းတို့က ဘေးအိမ်သို့ ပြောင်းရွှေ့သွားခဲ့ကြသောကြောင့် သူတို့၏ အခန်းက လွတ်လပ်သွားခဲ့ရသည်။
ဝရံတာနှင့် နှိုင်းယှဉ်ပါက သူတို့၏ အခန်းက တည်နေရာ ပိုမို၍ ကောင်းမွန်ပြီး နေရာလွတ်လည်း ပိုမို၍ကျယ်ဝန်း၏။
စုဝေ့မင်က ဦးဆောင်ကာ ထိုဝရံတာကို ပြန်လည်ပြင်ဆင်လိုက်ပြီး ဝရံတာကို မီးဖိုချောင်အဖြစ် အသုံးပြုခဲ့ကြ၏။
သို့သော် မူလက ကျဉ်းမြောင်းလွန်းသော နေရာနှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင် မီးဖိုချောင်က ပိုမို၍ ကျယ်ဝန်းသွားခဲ့သည်။
လော်ယွီရှို့က အလွန်ပင် နောင်တရသော လေသံဖြင့် ပြောလိုက်လေ၏။
“တကယ်လို့ ကျွန်မတို့သာ ပထမထပ်မှာ နေရရင် မီးဖိုတစ်ခု သီးသန့်ဆောက်လို့ရတာပေါ့”
“စိတ်ကူး မယဉ်ပါနဲ့ဦး၊ မီးဖိုဆောက်တော့ ဘာထူးမှာလဲ၊ ငါတို့တွေက ထင်းကို ဘယ်နေရာက သွားရှာရမှာလဲ”
စုဝေ့မင်က လော်ယွီရှို့တစ်ယောက် စိတ်ကူးယဉ်နေသည်ဟုသာ တွေးတောမိလိုက်သည်။
“ကျွန်မက ဒီအတိုင်း ပြောကြည့်တာပါ၊ မီးဖိုဆောက်မယ်လို့ အတည်ပြောတာလည်း မဟုတ်ဘဲနဲ့ ရှင် ဘာလို့ အော်ဟစ်နေရတာလဲ”
လော်ယွီရှို့က ပြန်လည်ချေပလိုက်လေ၏။ ထို ဇနီးမောင်နှံက တံခါးဘောင်ကို မှီထားကြရင်း လမ်းကို လုံးဝပိတ်ဆို့ထားကာ အချေအတင်ပြောဆိုနေခဲ့ကြသည်။
*