အခန်း ၂၆၉
Vol. 27 Ch. 269
အခန်း(269)
လီရှန်းက အခန်းထဲသို့ လှမ်းကြည့်လိုက်၍ ဝရံတာခန်းက အလွန်ပင် ကျယ်ဝန်းလွန်းပြီး ထမင်းစားစားပွဲတစ်ခုကို ထားရှိရန်ပင် နေရာလုံလောက်မှုရှိသည်ကို မြင်တွေ့လိုက်ရသည်။
ထို့အပြင် ဝရံတာကို ပြောင်းလဲထားခဲ့ခြင်းကြောင့် သဘာဝအလင်းရောင်ကလည်း အလွန်ပင် ကောင်းမွန်လွန်း၏။
ယခုအချိန်တွင် ဤမျှသာဖြစ်သော်လည်း နောက်ပိုင်းတွင် ပြန်လည်၍ ပြင်ဆင်ပြီး မီးဖိုချောင်သုံး ဗီရိုများနှင့် ရေပိုက်လိုင်းများကို တပ်ဆင်လိုက်ပါက ပိုမို၍ သက်တောင့်သက်သာ ရှိလာနိုင်သည်။
ဤစာကြည့်ခန်းက လော်ယွီရှို့တစ်ယောက် နှစ်ပေါင်းများစွာကတည်းက တောင့်တခဲ့ရသော အရာတစ်ခု ဖြစ်လေ၏။
သူမ၏ ကလေးများ ငယ်ရွယ်ချိန်ကတည်းက သူတို့အတွက် စာကြည့်ခန်းတစ်ခန်းကို ပြင်ဆင်ပေးချင်ခဲ့သည်။
သို့သော် ကလေးက များပြားပြီး အခန်းနည်းပါးလွန်းသောကြောင့် စာကြည့်ခန်းက နှစ်ပေါင်းများစွာကြာအောင် အကောင်အထည် မဖော်နိုင်ခဲ့ရရှာပေ။
သူမ၏ ဆန္ဒက နောက်ဆုံးတွင် ပြည့်ဝသွားခဲ့ရလေပြီ။
စုဝေ့ချင်းက လီရှန်းကို ဆွဲခေါ်ပြီး စာကြည့်ခန်းဆီသို့ သွားခဲ့လေသည်။
ထိုအခန်းက အလွန်ပင် လွတ်လပ်နေခဲ့လေ၏။ ထိုဇနီးမောင်နှံငယ်က ပရိဘောဂအားလုံးကို ဘေးအိမ်သို့ ရွှေ့ပြောင်းပစ်လိုက်ကြပြီပင်။
ယခုအချိန်တွင် အခန်းထဲတွင် စာရေးစားပွဲတစ်ခုသာ ရှိနေခဲ့ပြီး စာအုပ်စင်များ မရှိသေးပေ။ ထိုပစ္စည်းတို့ကို နောက်မှသာ ထပ်မံဖြည့်စွက်ရပေလိမ့်မည်။
စာကြည့်ခန်းထဲတွင် နေရာမကျသကဲ့သို့ဖြစ်နေသော တစ်ခုတည်းသော အရာက ကလေးပုခက်လေးတစ်ခုပင် ဖြစ်သည်။
ထိုပုခက်လေးက စုရှောင်လော် လာရောက်အိပ်စက်ရန်အတွက် အဆင်ပြေစေရန်ပြုလုပ်ထားခြင်း ဖြစ်လေ၏။
“ငါ ဒီနေရာမှာပဲ စာရွက်စာတမ်းတွေကို ရေးသားမယ်၊ ရှောင်လော်ကတော့ ငါ့ဘေးမှာပဲ အိပ်လိမ့်မယ်၊
မင်းတို့နှစ်ယောက်ကတော့ မင်းတို့ရဲ့ အလုပ်တွေကိုသာ သွားပြီး လုပ်ကြတော့”
စုဝေ့မင်တွင် ထိုကဲ့သို့သော ကောင်းမွန်လွန်းသော အစီအစဉ် ရှိနေခဲ့လေသည်။
အခန်းက အလွန်ပင် လွတ်လပ်နေသေးသော်လည်း သူက နောင်တစ်ချိန်တွင် သူ၏မြေးမလေးနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းရမည့် အခြေအနေကို စိတ်ကူးယဉ်နေမိခဲ့လေပြီ။
ရှောင်လော်က သူ၏ တစ်ဦးတည်းသော မြေးမလေး ဖြစ်ပေ၏။
သူက စကားပြောရင်း သူ၏လက်ချောင်းများကို ပွတ်သပ်လိုက်ပြီး ပြောလိုက်လေ၏။
“နှစ်သစ်ကူးပြီးရင်တော့ ငါ ရှောင်လော်ကို မြို့တော်က သူ့ရဲ့ ဘိုးဘိုးကြီးဆီ ခေါ်သွားပြီး ပေးတွေ့ရမယ်၊
ကလေးက ကြီးပြင်းလာတဲ့အထိ သူ့ရဲ့ ဘိုးဘိုးကြီးနဲ့ မဆုံဖူးရင် မသင့်တော်ဘူးလေ”
ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် စုဝေ့ချင်းက မျက်ခုံးကို ပင့်လိုက်လေသည်။
စုဝေ့မင်တွင် စုရှောင်လော်တစ်ဦးတည်းသာ မြေးရှိသည် မဟုတ်ပေ။
ယခင်အချိန်များတွက် စုဝေ့မင်က ဘိုးဘိုးကြီးဆီသို့ သွားရောက်တွေ့ဆုံရန်အတွက် အဘယ်ကြောင့် ထုတ်ဖော်မပြောခဲ့ပါသနည်း။
အတိုချုပ်ပြောရလျှင် စုဝေ့မင်က ကြွားလုံးထုတ်ရန်သွားချင်နေခြင်းသာ ဖြစ်၏။
“ရှင်ကတော့ တကယ့်ကို ဘဝင်မြင့်လွန်းနေတာပဲ၊ အကြီးဆုံးအစ်ကိုနဲ့ တတိယတို့မိသားစုက ကန့်ကွက်စကားတွေ ပြောလာမှာကို မကြောက်ဘူးလား၊
အထူးသဖြင့် ရှင့်ရဲ့ အကြီးဆုံးအစ်ကိုတို့မိသားစုရဲ့က လှည့်ကွက်တွေနဲ့ အပြည့်ပဲ၊
ဝေ့ကျန့် ကျေးလက်ကို ဆင်းရတုန်းကလည်း ကျွန်မတို့အပေါ် ကျေနပ်တာမဟုတ်ဘူး၊ တကယ်လို့ ရှင် ရှောင်လော်ကို ခေါ်သွားရင် ရှင့်ရဲ့ အကြီးဆုံးမရီးက မျက်စိထဲက ဆူးတစ်ချောင်းဝင်နေသလို ဖြစ်နေတော့မှာ မဟုတ်ဘူးလား”
လော်ယွီရှို့က စုမိသားစု၏ ဆွေမျိုးများကို မနှစ်သက်ပေ။
သေချာပေ၏။ သူမက လော်မိသားစုဘက်မှ ဆွေမျိုးများကိုလည်း မနှစ်သက်ပေ။
ဆိုရလျှင်လော်ယွီရှို့က မည်သည့်ဆွေမျိုးနှင့်မျှ အဆင်မပြေပေ။
သူမ၏မျက်စိထဲတွင် ထိုလူများက အဆိုးဝါးဆုံးသော ဆွေမျိုးများ ဖြစ်ကြ၏။
စုမိသားစုထဲတွင် သူမနှင့် ဆက်ဆံရေး အနည်းငယ်ကောင်းမွန်လွန်းသော တစ်ခုတည်းသော ဆွေမျိုးက တတိယမြောက်ယောက်မနှင့် သူမ၏ ခင်ပွန်းဖြစ်သူတို့သာ ဖြစ်ကြသည်။
ထိုဇနီးမောင်နှံကတော့ အမှန်တကယ့်ကို အေးဆေးတည်ငြိမ်စွာ နေထိုင်တတ်ကြသူများပင်။
သူတို့က လော်ယွီရှို့၏ ပစ္စည်းများကိုလည်း မမက်မောကြသကဲ့သို့ သူမထံမှ အကျိုးကျေးဇူးများကိုလည်း မယူချင်ကြပေ။
သူတို့က တစ်ဦးကိုတစ်ဦး လေးစားမှုဖြင့် ယဉ်ကျေးစွာ ဆက်ဆံတတ်ကြလေ၏။
လော်ယွီရှို့အတွက် ဤကဲ့သို့သော ဆက်ဆံရေးမျိုးကသာ သက်တောင့်သက်သာဆုံး ဖြစ်သည်။
“ဘယ်လိုလုပ်ပြီး တူမှာလဲ၊ ရှောင်လော်က မျိုးဆက်သစ်တွေထဲမှာ ပထမဆုံးသော သမီးမိန်းကလေးလေ၊ ငါတို့ရဲ့ ဝေ့ဖင်း မြို့တော်ကို သွားတုန်းကလည်း အကြီးဆုံးမရီးက မကောင်းတဲ့စကားတွေ မပြောခဲ့ပါဘူး၊
သူက ဝေ့ဖင်းအပေါ် အများကြီး ကောင်းခဲ့တာပဲ မဟုတ်လား”
စုဝေ့မင်အနေဖြင့် လော်ယွီရှို့တစ်ယောက် အလွန်ပင် တစ်ဖက်သတ် ဆုံးဖြတ်ချက်ချလွန်းသည်ဟု ခံစားလိုက်ရသည်။
ထို့အပြင် သူက ကလေးကို ခေါ်ဆောင်ပြီး ကြွားဝါရန်အတွက်သာ ပြန်သွားချင်နေခြင်းသာဖြစ်လေ၏။
အကြီးဆုံးအစ်နှင့် သူ၏ဇနီးဖြစ်သူတို့က မည်သို့ တွေးတောသည်ဆိုသည်မှာ သူ၏ ကိစ္စမဟုတ်ပေ။
ကြွားဝါပြီးသည်နှင့် ပြန်လာကြမည်သာဖြစ်၍ အကြီးဆုံးအစ်ကိုနှင့် သူ၏ဇနီးဖြစ်သူတို့က မကျေမနပ် ဖြစ်နေခဲ့လျှင်ပင် ကိစ္စမရှိပေ။
အဘိုးစုကို စိတ်အနှောင့်အယှက် ဖြစ်စေမည်လား ဆိုသည်ကတော့...
ဒါပေါ့... သူ မလုပ်ရဲပါဘူး။
အဘိုးစုက တုံးအသူ မဟုတ်ပေ။
သူက အိမ်ဟောင်းနှင့် မြေကွက်ကို ဆက်လက်၍ ထိန်းသိမ်းထားဆဲ ဖြစ်သည်။
အကြီးဆုံးအစ်ကိုမှာ သူက အကြီးဆုံးသားဖြစ်ပြီး အကြီးဆုံးသော မြေးယောက်ျားလေးကိုလည်း မွေးဖွားပေးခဲ့သောကြောင့် ထိုမြေကွက်က သူနှင့်သာ ထိုက်တန်သည်ဟု အမြဲတစေယူဆထားခဲ့သည်။
လွန်ခဲ့သောနှစ်များအတွင်း သူက အဘိုးအိုဘက်မှ စိတ်ဆိုးဒေါသထွက်ပြီး အိမ်ခြံမြေကို ဒုတိယသားနှင့် သို့မဟုတ် တတိယသမီးတို့ဘက်သို့ ပေးသွားမည်ကို စိုးရိမ်သောကြောင့် အမြဲတစေ ပြေးလွှားကြံစည်နေတတ်သည်။
ထို့ကြောင့် စုဝေ့မင်က သူ၏မြေးမလေးကို ခေါ်ဆောင်ပြီး အကြီးဆုံး မိသားစု၏ ရင်ဘတ်ကိ ဆူးနှင့်ထိုးဆွချင်နေခြင်းပင်။
လော်ယွီရှို့ကတော့ စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး ပြောလိုက်လေသည်။
“ဒါဆိုရင်တော့ အဲဒီအချိန်ကျရင် ကျွန်မလည်း ရှင်နဲ့အတူ လိုက်ခဲ့မယ်”
အကြီးဆုံးယောက်မက ပါးစပ်ဆိုးလွန်းသော်လည်း ပွင့်လင်းပြတ်သားသူ ဖြစ်သည်။
သို့သော် အစ်ကိုကြီးကတော့ မတူညီပေ။ သူမအနေဖြင့် သူ့ကို လူဆိုးတစ်ယောက်ဟုသာ ခံစားရတတ်သည်။
သေချာပေ၏။ ထိုအတွေးက သူမ၏ ကိုယ်ပိုင်အမြင်မျှသာဖြစ်ပြီး စုဝေ့မင်ကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။
စုဝေ့မင်ကလည်း ထိုအကြောင်းကို တွေးတောခြင်းမရှိဘဲသဘောတူလိုက်သည်။ သို့သော်လည်း ထိုအကြောင်းကို တတိယသားတို့ဇနီးမောင်နှံငယ်၏ သဘောထားကို မေးမြန်းခဲ့လေ၏။
“မင်းတို့ရော ငါတို့နဲ့အတူ မလိုက်ချင်ဘူးလား”
စုရှောင်လော်က မိခင်နို့စို့နေဆဲဖြစ်၍ မိခင်အရင်းဖြစ်သူက ဘေးနားတွင် ရှိနေမှသာ နွေးထွေးသော နို့ရည်ကို သောက်သုံးနိုင်လိမ့်မည်။
သို့သော်…
“ကျွန်တော် ဒီကာလအတွင်းမှာ စာမေးပွဲအတွက် ပြင်ဆင်မှုတွေကို တာဝန်ယူထားရတယ်”
စုဝေ့ချင်းက သူ၏ဖခင်ကို ကူကယ်ရာမဲ့သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်ရင်း စိတ်ထဲတွင်တွေးလိုက်မိသည်။
မကြာသေးမီက အတွင်းရေးမှူးရုံးက ဘယ်လောက်တောင် အလုပ်ရှုပ်နေလဲဆိုတာ သူ မသိဘူးလား။
မကြာမီတွင် နှစ်ကုန်တော့မည်ဖြစ်၍ နှစ်ပတ်လည် အလုပ်သမားခေါ်ယူရေး ရာသီသို့ ထပ်မံရောက်ရှိလာခဲ့လေ၏။
စုဝေ့မင်က လီရှန်းဘက်သို့ လှည့်ကြည့်လိုက်လျှင် သူမကလည်း မတတ်သာသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
“ကျွန်မလည်း စာမေးပွဲမှာ စောင့်ကြပ်ရလိမ့်မယ် ထင်တယ်၊ စာမေးပွဲပြီးရင်လည်း ဒါရိုက်တာကို ကူညီပြီး လူရွေးချယ်ပေးရဦးမှာ”
သူမက စကားပြောရင်း သက်ပြင်းချလိုက်မိသည်။ ဤအလုပ်များမှာ ယခင်က အစ်မလျို့၏ အလုပ်များသာဖြစ်သည် မဟုတ်ပါလား။
ယခုအချိန်တွင် လီရှန်း၏ အတွေးက ဒါရိုက်တာဝမ်၏ အတွေးနှင့် ထပ်တူကျနေသည်။
သူမအနေဖြင့် အစ်မလျို့တစ်ယောက် မကြာမီတွင် ပြန်လာနိုင်ပါစေရန်သာ မျှော်လင့်မိတော့၏။
“ဒါဆိုရင်လည်း ငါတို့တွေ နို့မှုန့်ဗူးကိုပဲ ယူသွားကြတာပေါ့”
စုဝေ့မင်က အစီအစဉ်ကို လက်လျှော့ရန် အစီအစဉ် လုံးဝမရှိခဲ့ပေ။
လော်ယွီရှို့က မျက်စောင်းထိုးကြည့်လိုက်သော်လည်း နောက်ဆုံးတွင်တော့ ပြန်လည်မချေပခဲ့တော့ပေ။
အဘိုးအိုက သမီးမိန်းကလေးများကို နှစ်သက်ရခြင်းမှာ သူ၏ ပထမဆုံးသော ကလေးက သမီးမိန်းကလေးတစ်ဦးဖြစ်ခဲ့သောကြောင့် ဖြစ်လေ၏။
သို့သော် ထိုဆိုးရွားသော ခေတ်ကာလများထဲ၌ ကလေးကို မွေးဖွားပြီး ခုနစ်နှစ်အရွယ်အထိသာ အိမ်တွင် မွေးမြူခဲ့ရပြီး ထိုနောက်ပိုင်းတွင် သူမက ရွာထိပ်၌ ကင်းစောင့်ရန်တာဝန်ယူခါ်ရလေ၏။
သို့သော် ရန်သူကို ရှာဖွေတွေ့ရှိပြီး ရွာထဲသို့ ပြန်ပြေးလာချိန်တွင် သူမက ခြေလှမ်းတစ်လှမ်း နောက်ကျသွားခဲ့ကာ သတ်ဖြတ်ခြင်းကို ခံခဲ့ရရှာသည်။
ထိုအချိန်မှစ၍ အဘိုးအိုတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ရှိနေခဲ့လေတော့၏။
သူက စုဝေ့ဖင်းကိုလည်း ငယ်စဉ်ကတည်းက မြေယောကျာ်းလေးများထက် ပို၍သဘောကျခဲ့သည်။
ယခုအချိန်တွင် သူတို့၏ မိသားစုခွဲမှ နောက်ထပ် စုရှောင်လော် ဟူသော မြေးမလေးတစ်ဦးကို ထပ်မံ၍ မွေးဖွားခဲ့လေပြီ။ လော်ယွီရှို့အနေဖြင့် သူမ၏ အကြီးဆုံးယောက်မ၏ တောင့်တင်းလွန်းသော အပြုံးကို စိတ်ကူးယဉ်ကြည့်၍ပင် ရနိုင်သည်။
ထိုအတွေးက သူမက အလွန်ပင် စိတ်ကျေနပ်သွားစေပြီး မီးဖိုချောင်သို့ သွားနေသော သူမ၏ ခြေလှမ်းများကလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့လေတော့၏။
စုဝေ့မင်က စုဝေ့ချင်း၏ ဘေးသို့ တိုးကပ်သွားပြီး ခပ်တိုးတိုး တိုင်တန်းလာခဲ့သည်။
“မင်းအမေ ဘဝင်မြင့်နေတာကို ကြည့်ပါဦး”
လီရှန်း : “...”
ကျွန်မတော့ အဖေနဲ့ အမေတို့ရဲ့ လှည့်ကွက်ထဲ ရောက်သွားသလိုမျိုး ခံစားနေရတယ်။
နှစ်ရက်ခန့် ကြာပြီးနောက်တွင် ဆေးဝါးစက်ရုံ၏ အလုပ်သမားခေါ်ယူရန် စာမေးပွဲကြီးက စတင်ရန်အချိန်ရောက်လာခဲ့သည်။
အတွင်းရေးမှူးရုံးနှင့် ထောက်ပံ့ရေးဌာနတို့က စာမေးပွဲခန်းကို ပြင်ဆင်ခဲ့ကြလေ၏။
ယမန်နှစ်က ပိုင်မားခရိုင်မှ လူတချို့ကို ရွေးချယ်ခေါ်ယူခဲ့ခြင်းကြောင့် ယခုနှစ်တွင် ပိုင်မားခရိုင်မှ လာရောက်ဖြေဆိုသူဦးရေက အမြင့်ဆုံး စံချိန်တင်သွားခဲ့ရသည်။
ယမန်နှစ်က လီရှန်းတို့အဖွဲ့ စာမေးပွဲခန်းအဖြစ် အသုံးပြုခဲ့သော အစည်းအဝေးခန်းမအသေးစားလေးက နေရာ မလုံလောက်တော့ပေ။
ထို့ကြောင့် သူတို့က အစည်းအဝေးခန်းမကြီးဆီသို့ တိုက်ရိုက်ရွှေ့ပြောင်းခဲ့ကြရ၏။
ထောက်ပံ့ရေးဌာနကလည်း စာမေးပွဲအတွက် ဖြေရှင်းနိုင်ရန် စားပွဲတစ်ဒါဇင်ကျော်ကို အရေးပေါ် မှာယူပေးခဲ့ရသည်။
စာမေးပွဲမေးခွန်းလွှာများကိုတော့ နည်းပညာဌာနတွင် စုဆောင်းထားခဲ့လေ၏။
နည်းပညာဌာနက အတော်လေး ဝေးလံသော နေရာတွင် တည်ရှိပြီး သုတေသနအဖွဲ့နှင့်လည်း နီးကပ်သည်။
ထိုဌာနက သုတေသနအဖွဲ့ပြီးလျှင် စက်ရုံတစ်ခုလုံးတွင် လုံခြုံရေးအဆင့်အတန်း အမြင့်ဆုံးနေရာ ဖြစ်သောကြောင့် စာမေးပွဲမေးခွန်းလွှာများကို ဤနေရာတွင် သိမ်းဆည်းထားခြင်းဖြစ်လေ၏။
ဒါရိုက်တာဝမ်က လက်ရှိအချိန်တွင် နှစ်မကုန်မီတွင် အိမ်ထောင်ပြုနိုင်ရန်အတွက် မျှော်လင့်ချက်ဖြင့် အိမ်ထောင်ဖက်ရှာရန် တက်ကြွစွာ သွားနေခဲ့လေပြီ။
သူက နှစ်မကုန်မီ ဇနီးတစ်ယောက် ရှာဖွေနိုင်ရန် မျှော်လင့်နေခဲ့သည်။
ကံဆိုးစွာဖြင့် ကြင်ဖက်တွေ့ခြင်းမှတစ်ဆင့် အိမ်ထောင်ဖက်ရှာဖွေသော လမ်းကြောင်းက မအောင်မြင်ခဲ့ပေ။
ဒါရိုက်တာဝမ်၏ ဇနီးလောင်းအပေါ် ထားရှိသော သတ်မှတ်ချက်များက အတော်လေး ထူးဆန်းလွန်း၏။
သူမတွင် ကလေးမရှိရ၊ သူ့ကိုလည်း စိတ်အနှောင့်အယှက် မပေးရဟူ၏။
သူ ဤသို့ ပြောလိုက်သည်နှင့် အမျိုးသမီးအားလုံးက အလွန်ပင် ဒေါသထွက်သွားကြသည်။
သူမတို့က ချက်ခြင်းလှည့်ပြန်သွားကြပြီး အောင်သွယ်သူများကိုလည်း ကျိန်းမောင်းပြောဆိုကြလေတော့၏။
ဒါရိုက်တာဝမ်၏ အိမ်ထောင်ဖက်ရှာဖွေရေးအတွက် ဂုဏ်သတင်းကလည်း အတော်လေးဆိုးရွားလာခဲ့ရတော့သည်။
နောက်ဆုံးတွင် သူ့အတွက် မည်သူကမျှ ကြင်ဖက်တွေ့ရန် စီစဉ်မပေးကြတော့သည့် အခြေအနေသို့ပင် ရောက်ရှိသွားခဲ့ရလေ၏။
*