အခန်း ၁၂၆၉
Vol. 127 Ch. 1269
အခန်း (၁၂၆၉) အရှက်မရှိသော ယွင်မြောင်
အစစ်အမှန်အရှင် ယွင်မြောင်က တကယ်ကို လက်မလွှတ်ချင်ခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ဆရာဦးလေး ချင်းကွမ်းက ဒီကိစ္စကိုဆက်မပြောတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်၏။ "ဂျူနီယာညီလေး၊ ဂိုဏ်းထဲမှာ ရွှေမသေမျိုးတွေရဲ့ခေါင်းဆောင်နေရာနဲ့ ပတ်သက်ပြီး မကြာသေးခင်က ထွက်နေတဲ့ ကောလာဟလတွေကို မင်း ကြားပြီးပြီလား"
"စီနီယာအစ်ကိုက နောက်နေတာပဲ ဖြစ်ရမယ်။ ဒီလိုကိစ္စတွေက ကျွန်တော့်ရဲ့အလှမ်းအဝေးဆုံး အိပ်မက်တွေထက်တောင် ကျော်လွန်နေပါတယ်"
လင်းရွှီကျစ်က ဟန်လုပ်ပြုံးပြလိုက်၏။ စကားအရထိုသို့ပြောလိုက်သော်လည်း၊ သူ၏မျက်လုံးများက လွတ်ဟာနေသောနေရာကို စိုက်ကြည့်ရင်း မသေချာမရေရာမှုများဖြင့် လင်းလက်နေသည်။
တကယ်တမ်းတွင် ဂိုဏ်းချုပ်က တိုက်ကြီးလေးခု၏ ကိစ္စရပ်တွေကို ကြီးကြပ်ဖို့ရွှေမသေမျိုး ဆယ့်နှစ်ပါးကို ရွေးချယ်မည်ဆိုလျှင်ပင်၊ သူ့အလှည့်ရောက်လာစရာ အကြောင်းမရှိပေ။
သို့သော် အခြေအနေက ယခု ရှင်းလင်းနေပြီ ဖြစ်၏။ နယ်ပယ်နှစ်ခုစလုံးကို ကျော်လွန်နေသည့် ရွှေမသေမျိုးတွေကြားမှာပင် အဆင့်သတ်မှတ်ချက်တစ်ခုရှိဖို့ လိုအပ်နေသေးပြီး၊ ထိုအဆင့်သတ်မှတ်ချက်က ကပ်ဘေးအပြီးမှာ ဂိုဏ်းတစ်ခုစီက ယုံကြည်မှုစွမ်းအင် ဘယ်လောက်ရနိုင်မလဲဆိုတဲ့ အပေါ် လွှမ်းမိုးမှု ရှိနေသည်။
လင်းရွှီဂူ၏ လက်ရှိ အခြေအနေအရဆိုရင်၊ ၎င်းက အစွန်အဖျားတွေ၏ အစွန်အဖျားမှာသာ ရှိနေဖို့ များသည်။
လင်းရွှီကျစ်က တခြားသူတွေထက် သာလွန်ဖို့ မရည်မှန်းခဲ့သော်လည်း၊ ဤမျှအထိ ကျဆင်းသွားသည်ကို သူမည်ကဲ့သို့ ကျေနပ်နိုင်ပါ့မည်နည်း။
"တပည့်တွေကို ညွှန်ကြားစရာ ကိစ္စလေးတွေ ရှိသေးလို့ ကျွန်တော် အရင် သွားခွင့်ပြုပါဦး" သူက ဖြည်းညှင်းစွာ မတ်တပ်ရပ်ပြီး စီနီယာအစ်ကိုကို ဦးညွှတ်ကာတည်ငြိမ်သော အမူအရာဖြင့် ခန်းမထဲမှ ထွက်လာခဲ့သည်။
အစစ်အမှန်အရှင် ယွင်မြောင်က အထက်နေရာဆီသို့ လျင်မြန်စွာဦးညွှတ်လိုက်ပြီး သူ၏ဆရာနောက်သို့ အလျင်စလို လိုက်သွားခဲ့၏။
ချင်းကွမ်းဇီက ဆရာနှင့်တပည့် နှစ်ဦး ထွက်သွားသည်ကိုကြည့်ကာ လက်များကို တည်ငြိမ်စွာ အောက်ချလိုက်ပြီးနောက် ယိုယောင်ဘက်သို့ လှည့်လိုက်သည်။ "စောစောက မင်း ဘာပြောမလို့လဲ"
"ဘာမှမရှိပါဘူး"
အစစ်အမှန်အရှင်မ ယိုယောင်က သူမ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။ လင်းရွှီကျစ် ဝင်ရောက်နှောင့်ယှက်ပြီးနောက် ရှုယွီနှင့် ပတ်သက်သည့် ကိစ္စကို သူမက ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ သူမဂျူနီယာမောင်လေး၏ လုပ်ရပ်တွေက သူတို့ဆရာ၏ ဂုဏ်သတင်းကို လုံးဝ လျစ်လျူရှုခဲ့ခြင်ပင်။ သူ့၏အဆင်အခြင်မဲ့မှုအတွက် သူကအတိုင်းအတာတစ်ခုအထိ နာကျင်မှုကို ခံစားသင့်လေ၏။
ထို့အပြင် သူမတွင်ခိုင်လုံသည့် သက်သေအထောက်အထားမရှိဘဲ သံသယတွေသာရှိနေ၏။ ထို့အပြင် မြောက်ပိုင်းတိုက်ကြီးမှာ ပြဿနာရှာနေသည့် ဘုန်းကြီးတွေလည်း ရှိနေပြီ ဖြစ်သည်။
ဤအရာကို ထုတ်ဖော်လိုက်ပါက သူမက ဗောဓိဂိုဏ်းကိုမကိုင်တွယ်နိုင်သောကြောင့် အဆင့်နိမ့် ကျင့်ကြံသူတစ်ယောက်အပေါ် အပြစ်ပုံချနေသလိုမျိုး သူမ၏ အရည်အချင်းညံ့ဖျင်းမှုကို ပြသရာ ရောက်သွားလိမ့်မည်။
ဤကိစ္စကို ဖြေရှင်းပြီး၊ တရားခံ၏ခေါင်းကို ဆက်သကာ၊ သူမ ဆရာအားရှင်းပြလိုက်ခြင်းက ပိုကောင်းပေမည်။
...
သူတို့နှစ်ဦးက လင်းရွှီဂူသို့ တိတ်ဆိတ်စွာ ပြန်လာခဲ့ကြ၏။
သူတို့က တစ်ပိုင်းပြိုကမ်းပါးသို့ ရောက်ရှိလာကြသည်။
လင်းရွှီကျစ်က ကမ်းပါးစွန်းတွင် လက်နောက်ပစ်လျက်ရပ်နေ၏။ သူ လှည့်မကြည့်နိုင်မီမှာပင်၊ အစစ်အမှန်အရှင် ယွင်မြောင်က မြေကြီးပေါ်တွင် ဒူးထောက်ကာ အကြိမ်ကြိမ် ဦးချနေခဲ့ပြီ ဖြစ်သည်။ "ဆရာ၊ကျေးဇူးပြုပြီး ဒေါသကို ထိန်းပါ။ ဒီတပည့်မှာ တကယ်ကို ရွေးချယ်စရာ မရှိတော့လို့ပါ"
"..."
လင်းရွှီကျစ်၏မျက်နှာက အေးစက်ပြီး မာထန်နေ၏။ သူ့ကို မကြည့်ဘဲ သူက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ "မင်းမှာ ဘယ်လို ရွေးချယ်စရာမရှိခဲ့ဘူးဆိုတာ ရှင်းပြစမ်း"
မြောက်ပိုင်းတိုက်ကြီးမှ တတိယအဆင့်ပြီးပြည့်စုံခြင်း မဟာကျင့်ကြံသူတစ်ယောက်အား ရွယ်တူတစ်ယောက်၏လက်အောက်သို့ မျက်နှာပြောင်တိုက်ပြီးခိုလှုံစေရန် မည်သည့်အရာက ဖိအားပေးခဲ့သည်ကို သူက သိချင်နေခဲ့သည်။
"အရာအားလုံးက ချင်းကွမ်းဂူကနေ စတင်ခဲ့တာပါ" အစစ်အမှန်အရှင် ယွင်မြောင်က အပြစ်အားလုံးကို လျင်မြန်စွာလွှဲချရင်း ဆက်တိုက် ဦးချနေခဲ့၏။
"တောင်ပိုင်းတိုက်ကြီးရဲ့ကိစ္စတွေမှာ ဝင်စွက်ဖက်ချင်ခဲ့တာ ချင်းကွမ်းဂူပါ။ ပိုးကောင်နတ်ဆိုး တပည့်က ဒီကိုထွက်ပြေးလွတ်မြောက်လာတော့ ဆရာဦးလေးချင်းကွမ်းက တာဝန်မယူချင်တာနဲ့ ကြိုးကြာကလေးကိုကျွန်တော်တို့ လင်းရွှီဂူဆီ လွှတ်လိုက်တာပါ... အဲဒီအချိန်က ဆရာကလည်း မရှိဘူးဆိုတော့၊ ကျွန်တော်က ဆရာဦးလေးချင်းကွမ်းကို ဘယ်လိုလုပ်ပြီး စော်ကားရဲမှာလဲ"
"ကျွန်တော့်မှာ ပိုးကောင်နတ်ဆိုး တပည့်ကို ဒီမှာပဲ ထားဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီလူက အရမ်းရည်မှန်းချက်ကြီးပြီး ဂူတစ်ခုတည်းနဲ့ မကျေနပ်ခဲ့ဘူး။ ဂျူနီယာညီမလေးနဲ့ တိုင်ပင်ပြီးတဲ့နောက်မှာတော့ ကောင်းကင်မျှော်စင်တောင်ရဲ့တစ်စိတ်တစ်ပိုင်းကို သူ့ကို ပေးလိုက်ရတယ်"
"ဒါတောင် သူကဘယ်တော့မှ မကျေနပ်ဘဲ၊ ဂျူနီယာညီမလေးကို အပြင်ရောက်သွားအောင် ပေါ်တင်ရောနောက်ကွယ်ပါ ကြိုးစားခဲ့တယ်။ အဲဒါကြောင့်မို့ဂျူနီယာညီမလေးက စိတ်ပြေလက်ပျောက် အပြင်ထွက်သွားရင်း ဗောဓိဂိုဏ်းရဲ့လက်ထဲကို ကျရောက်သွားရတာပါ"
"စီနီယာအစ်ကို တစ်ယောက်အနေနဲ့ ယွင်မြောင်က လက်စားချေဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်းတကယ် မလုပ်နိုင်ခဲ့ပါဘူး။ ဂျူနီယာညီမလေးအတွက် တရားမျှတမှုရှာဖွေပေးဖို့ ချင်းကွမ်းဂူကို အကူအညီ သွားတောင်းခဲ့ရတာပါ။ ဆရာ နားလည်ပေးဖို့ တောင်းပန်ပါတယ်"
ယခုအချိန်မှာတော့ ယွင်မြောင်၏မျက်လုံးများက အနည်းငယ် နီရဲနေ၏။ တစ်ဖက်မှာ ချင်းကွမ်းဂူ၊ အခြားတစ်ဖက်မှာ ဗောဓိဂိုဏ်း ရှိနေတာကြောင့် သူကကြားညပ်ပြီး တစ်ယောက်တည်း ရုန်းကန်နေရသလိုမျိုး ဖြစ်နေစေသည်။
"ဟွန့်"
လင်းရွှီကျစ်က နောက်ဆုံးတွင် ဖြည်းညှင်းစွာ လှည့်လာပြီး သူ၏တပည့်ကို ငုံ့ကြည့်လိုက်၏။
သူက ရင်ထဲတွင် ခါးသီးစွာ ပြုံးလိုက်သည်။
ယွင်မြောင်ကို သူ့ကိုယ်တိုင်ပြုစုပျိုးထောင်လာခဲ့ပြီး သူ၏စရိုက်ကို ကောင်းစွာ သိမနေခဲ့ပါက၊ သူက ဤဇာတ်လမ်းကို ယုံကြည်သွားမိလိမ့်မည်။
"စိတ်ချပါ ဆရာ။ ကျွန်တော် လောကီထဲဝင်ရောက်ခဲ့ပြီဆိုတော့၊ လင်းရွှီဂူကို ဘယ်သူမှ အထင်သေးခွင့် ပြုမှာ မဟုတ်ပါဘူး"
ဆရာ၏သဘောထား ပျော့ပျောင်းလာသည်ကို မြင်သောအခါ၊ ယွင်မြောင်က ချက်ချင်း ခေါင်းမော့ပြီး ကြေညာလိုက်၏။ "ကျွန်တော့် ကိစ္စတွေက ဒုတိယပါ။ အဓိက စိုးရိမ်တာက ဂျူနီယာညီမလေးရဲ့ကြီးမားတဲ့ လက်စားချေမှုပါ။ ဘုန်းကြီးတွေက ရှောင်ဖယ်နေကြပေမယ့်၊ တောင်ပိုင်းတိုက်ကြီးက ပိုးကောင်နတ်ဆိုးတပည့်က ဂျူနီယာညီမလေးကို မောင်းထုတ်ခဲ့တာပါ။ သူမ သေဆုံးသွားတဲ့ သတင်းကိုကြားတာနဲ့ သူက မသေမျိုး ဗိမာန်တစ်ခု တည်ဆောက်ဖို့တောင် မစောင့်နိုင်တော့ဘူး"
"ဂျူနီယာညီမလေးရဲ့ ကောင်းကင်မျှော်စင်တောင်က ဒီလိုယုတ်မာတဲ့ လူတစ်ယောက်ရဲ့ လက်ထဲကို ဘယ်လိုလုပ် ကျရောက်သွားနိုင်မှာလဲ။ ဒီလောက် ရည်မှန်းချက်ကြီးမားတာတောင် သူက ဆရာ့လက်အောက်ကို ဝင်ဖို့ အိပ်မက်မက်နေတုန်းပဲ။ ဒီလူယုတ်မာကို လုံးဝ မောင်းထုတ်ပစ်ဖို့ ရက်အနည်းငယ်အတွင်း လှုပ်ရှားမယ်လို့ စီနီယာအစ်မ ယိုယောင်နဲ့ ကျွန်တော် သဘောတူထားပြီးပါပြီ"
ယွင်မြောင်၏ဒေါသထွက်ပြီး စိတ်ပိုင်းဖြတ်ထားသော မျက်နှာကို ကြည့်ရင်း၊ လင်းရွှီကျစ်က နက်ရှိုင်းသော စိတ်ပျက်မှုတစ်ခုကို ခံစားလိုက်ရသည်။
တောင်ပိုင်းတိုက်ကြီးက ကျင့်ကြံသူတစ်ဦးက လင်းစုကိုသေဆုံးအောင် တွန်းပို့ခဲ့ပြီး၊ ယွင်မြောင်က စီနီယာအစ်ကို တစ်ယောက်အနေနဲ့ သူရဲ့နယ်ပယ်ထက်အများကြီး နိမ့်ကျတဲ့ ကျင့်ကြံသူတစ်ယောက်ကိုကိုင်တွယ်ဖို့ အကူအညီလိုအပ်နေတယ်ပေါ့။
လိမ်မာရေးခြားရှိပြီး အသိဉာဏ်ရှိပုံပေါ်တဲ့ ဒီလိုစရိုက်မျိုးကို သာမန်အချိန်တွေမှာ သိရှိဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ဒီလို အကျပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ သူ့ရဲ့အစစ်အမှန် အရောင်အသွေးတွေကပေါ်လာပြီး သူက အားကိုးလို့မရဘူးဆိုတာကို သက်သေပြလိုက်တာပါပဲ။
"မင်း သဘောအတိုင်း လုပ်ပါ။ မင်း ဘာပဲလုပ်ချင်လုပ်ချင်၊ ဆက်လုပ်လိုက်ပါ" လင်းရွှီကျစ်က သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းကာ လှည့်ထွက်သွားပြီးတိမ်တိုက်များနှင့် မြူခိုးများကို ဆက်လက် ငေးကြည့်နေ၏။
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ" ဤသည်ကို မြင်သောအခါ၊ ယွင်မြောင်က နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်သွားသည်။
သူ၏ဆရာ စိတ်ပျက်သွားမှန်း သူက သိသော်လည်း၊ အနည်းဆုံးတော့ သူက ဤစမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့၏။ နောက်ပိုင်းမှာ ပြန်လည် ပြင်ဆင်ရန် အချိန်ရှိပါလိမ့်မည်။
မည်သို့ပင်ဖြစ်စေ၊ သူ၏ဂျူနီယာညီမလေးအတွက် တရားမျှတမှုရှာဖွေပေးခြင်းက လုံးဝမမှားပေ။
ဤအကြောင်းကို တွေးမိသည်နှင့်၊ မာနကြီးပြီး ရိုင်းစိုင်းသော ပိုးကောင်နတ်ဆိုး တပည့်တစ်ဦးဖြစ်သည့် ထိုရွံရှာဖွယ်ပုံရိပ်က သူ၏ စိတ်ထဲတွင် လင်းလက်သွား၏။
ယိုယောင်နှင့် ပူးပေါင်းမည်ဆိုသည့်အရာက သူက လိမ်လည်ပြောဆိုနေခြင်း ဖြစ်နိုင်သော်လည်း၊ ခိုင်ယွမ်စီရင်စုကို ကိုင်တွယ်ဖြေရှင်းမည် ဆိုသည်မှာ အစစ်အမှန်ပင်။
မြောက်ပိုင်းတိုက်ကြီး၏ ထိုသို့သောနာမည်ကြီး ကောင်းကင်ပါရမီရှင် တစ်ယောက်၏လက်ထဲတွင်သာဆိုလျှင် ထိုထိုက်ရွှီဆေးဧကရာဇ်က သူ့ဆရာကဲ့သို့သိပ်မကြာခင်မှာပင် သေဆုံးရမည့်ပိုးကောင်တစ်ကောင် ဖြစ်လာပါလိမ့်မည်။