← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁ - ကောင်းကင်ဘုံနန်းတော်

ထိုသို့ဖြင့် ကောင်းကင်ဘုံနန်းတော်အဖွဲ့ဝင်များနှင့် ဖီးနစ်စိမ်းတပ်သားများက ဆုံတွေ့သွားကြသည်။ နှစ်ဦးနှစ်ဖက်စလုံးက တစ်ဦးအပေါ်တစ်ဦး ရန်လိုနေကြပြီး သွေးသံရဲရဲတိုက်ပွဲက မလွဲမသွေ ဖြစ်လာပေတော့မည်။

ဤအချိန်မှာ လူတစ်ယောက်က တည်းခိုခန်းတံခါးကို အလျင်အမြန် တွန်းဖွင့်ပြီး ပြန်ပိတ်လိုက်၏။ အသက်လေးဆယ်ကျော်အရွယ် နောက်ထပ်လူတစ်ယောက်က လျှောက်လှမ်းဝင်ရောက်လာသည်။ ရုပ်ရည်က ကြည့်ကောင်းပြီး သူ့ခန္ဓာကိုယ်နှင့် ကိုက်ညီသော အစိမ်းရောင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ကို ပို၍ ရဲစွမ်းသတ္တိရှိသည့်ပုံ ပေါ်စေသည်။ သူ၏ ဆင်စွယ်ရောင် ယပ်တောင်ကသာ ဖီးနစ်စိမ်းတပ်သားဝတ်စုံနှင့် ကွဲလွဲနေ၏။

မျက်လုံးကို မှေးကျဉ်းထားသော ကျားရှန်က ဤလူ ဝင်ရောက်လာပြီးနောက် သူ၏ မျက်လုံးနှစ်ဖက်က မလိုမုန်းထားစိတ်ဖြင့် ပြည့်နှက်လာသည်။

ဆံဖြူလူအိုကြီးနှင့် အခြားသော ဖီးနစ်စိမ်းတပ်သားများက မြန်မြန်ဆန်ဆန် ထရပ်ပြီး ဝင်ရောက်လာသောသူကို ရိုသေလေးစားစွာဖြင့် အလေးပြုလိုက်ကြ၏။

“တပ်မှူးကြီး…”

ထိုလူက ယပ်တောင်ကို ဆတ်ခနဲ ဖြန့်ပြီး ညင်သာစွာ ခတ်လိုက်သည်။ ယပ်တောင်မှာ ချိတ်ဆွဲထားသည့် အဆင့်မြင့်ကျောက်စိမ်းဖြူက အတော်လေး ထင်ရှားပေါ်လွင်နေ၏။

ကျားရှန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

“မင်းနာမည်ကို ငါအခုထိ မမေးရသေးဘူး”

ထိုလူက ပြန်ဖြေလိုက်သည်။

“အဋ္ဌမ ထျန်းယန်”

ချီရွှမ်းစုက ဤနာမည်ကို ကြားသောအခါ အံ့အားသင့်သွား၏။ အဋ္ဌမ ဟူသော မျိုးရိုးနာမည်က တကယ်ကို ရှားပါးသောကြောင့် သူက ခဏကြာ စဉ်းစားလိုက်ရသည်။ ဤမျိုးရိုးနာမည်၏ မူလဇာစ်မြစ်သည် ရှေးတော်ဝင်မိသားစု ရှစ်စုကနေ လာလေသည်။

ကျားရှန်၏ မျက်နှာက တင်းမာသွားပြီး ဖြည်းဖြည်းချင်း ထရပ်ကာ ရှေ့ကို ခြေတစ်လှမ်းယူလိုက်သည်။

ဧည့်ကြိုခန်းထဲရှိ လေထုက ချက်ချင်းပင် တင်းမာပြီး မွန်းကျပ်ဖွယ်ရာကောင်းလာ၏။ ပြတင်းပေါက်များကနေ ဝင်နေသည့် ခပ်ဖျော့ဖျော့ အလင်းရောင်ကပင် မှေးမှိန်၍ ဧည့်ကြိုခန်းကို နဂိုရှိရင်းစွဲထက် ပို၍ မှောင်ကျသွားစေ၏။

နောက်ခဏ၌ ကျားရှန်က ခြေတစ်ချက်ဆောင့်နင်းပြီး အခိုင်အမာ ရပ်လိုက်၏။ မျက်စိဖြင့် မြင်နိုင်သော ချီစက်ဝန်းတစ်ခုက သူ့ထံကနေ ဖြာထွက်သွားသည်။

အဋ္ဌမထျန်းယန်က သူ့ကို မရှောင်ဘဲ ရှေ့ကို ခြေတစ်လှမ်းယူလိုက်၏။ သူက ယပ်တောင်ကို ဆတ်ခနဲ စုပြီး ညင်သာစွာ ခတ်ထုတ်ကာ ချီဝဲဂယက်ကို ပျောက်ကွယ်သွားစေသည်။

ကျားရှန်သည် ညအချိန်မှာ အော်နေသော ဇီးကွက်လိုအသံဖြင့် ရယ်မောလိုက်၏။

“ငါ အဲဒါကို မမြင်တာ ကန်းနေလို့ပဲ ဖြစ်ရမယ်”

အဋ္ဌမထျန်းယန်က နောက်ကို ခြေတစ်လှမ်းဆုတ်ပြီး ယပ်တောင်ကို ပြန်ဖွင့်လိုက်သည်။

ဆိုင်ရှင်မိန်းမက ဤကဲ့သို့သော တိုက်ခိုက်မှုများကို မကြာခဏ တွေ့မြင်ဖူးထားခြင်း ဖြစ်လောက်သည်။ သူမက ထိတ်လန့်တကြား ရှိမနေဘဲ ကောင်တာနောက်မှာသာ ငုတ်တုတ်ထိုင်နေ၏။ မကြာမကြာဆိုသလို ကောင်တာပေါ်ကနေ အခြေအနေကို လှမ်း၍ အကဲခတ်ကြည့်နေ၏။ ဆိုင်ရှင်ကလည်း နောက်ဘေးဖက် မီးဖိုချောင်ထဲမှာပင် ရှိနေသည်။

ချီရွှမ်းစုက သူမှာထားသော အမဲသားကို မရသေးသော်လည်း ထောင့်တစ်နေရာမှာ ဆက်ထိုင်နေဆဲဖြစ်သည်။

ရုတ်တရက် ကောင်းကင်ဘုံနန်းတော်မှ အမျိုးသမီးတစ်ဦးက ချီရွှမ်းစုကို လှည့်ကြည့်ပြီး စွဲမက်ဖွယ်ရာ ပြုံးပြလိုက်၏။ သူမ၏ နူးညံ့သော နှုတ်ခမ်းနီနီက ပွင့်ဟသွားသည်။

“လူကြီးမင်း... ရှင့်ပုံစံက တကယ်ကို ထူးခြားတာပဲ... ရှင့်နာမည်ကို သိပါရစေ”

ချီရွှမ်းစုက ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဖြေပေးလိုက်၏။

“ဝေဝူကွေ့… ငါက ဒီတိုင်း ဖြတ်သွားဖြတ်လာပဲ”

အမျိုးသမီးက ချီရွှမ်းစု၏ စားပွဲရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး ရှေ့သို့ကိုင်းကာ သူမ၏ ဖွံ့ဖွံ့ထွားထွား ရင်သားများကို ပြလိုက်၏။

“လူကြီးမင်း... ကျွန်မ ရှင့်ကို အရက်တစ်ခွက် တိုက်ပါရစေ”

သူမက စားပွဲကို အသာအယာ ခေါက်လိုက်သောအခါ အရက်တစ်ခွက်က ချီရွှမ်းစု ရှိရာသို့ လည်၍ ဝင်လာ၏။

ချီရွှမ်းစုက အရက်ခွက်ကို သက်သောင့်သက်သာ ဖမ်းယူပြီး ဖန်မှုန့်များအဖြစ် ဖိခြေကာ သူ၏လက်ချောင်းများကြားမှ လျှောကျသွားစေ၏။

ထို့နောက် ချီရွှမ်းစုက ကရားခွက်ကို မြှောက်ပြီး ပြောလိုက်၏။

“ငါက ကရားခွက်နဲ့ ဒီတိုင်းသောက်ရတာပဲ ပိုကြိုက်တယ်”

အမျိုးသမီး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ ချီရွှမ်းစု၏ ခွန်အားကို စမ်းသပ်လိုသော်လည်း ထိုသူက ဤမျှအထိ ကြမ်းတမ်းလိမ့်မည်ဟု ထင်မှတ်မထားပေ။

သူမက တုံ့ပြန်တော့မည့်ဆဲဆဲမှာ ကောင်းကင်က လုံးဝကို မှောင်ကျသွားပြီး သဲမုန်တိုင်းက ဖြတ်ကျော်လာသည်။

တစ်ယောက်ယောက်က အပြင်မှာ ရှိနေဦးမည်ဆိုလျှင် ကောင်းကင်တစ်ခုလုံးဆီ လျင်မြန်စွာ ဖြန့်ကြက်သွားသည့် မိုးကုတ်စက်ဝိုင်းပေါ်က အမှောင်ထုမျဉ်းကြောင်းကိုသာ တွေ့မြင်ရပေလိမ့်မည်။ မုန်တိုင်းက ကန္တာရကို ဖြတ်ကျော်လာစဉ် သဲနှင့် ဖုန်မှုန့်တို့က ပြည့်နှက်၍ ကောင်းကင်နှင့် မြေပြင်ကြားကို ခွဲခြားဖို့ ခက်ခဲသွားစေသည်။ အရာအားလုံးက ဝေဝါးနေ၏။

ပြင်းထန်ကြမ်းတမ်းသော သဲမုန်တိုင်းထဲမှာ တည်းခိုခန်းသည် မထင်မရှား ကျောက်ဆောင်တစ်ခုကဲ့သို့ ဖြစ်သည်။ မုန်တိုင်းက ဆက်လက်၍ တိုက်ခတ်နေမည်ဆိုလျှင် နောက်ဆုံးမှာ တည်းခိုခန်းကို သဲများက ဖုံးအုပ်သွားပေလိမ့်မည်။

တည်းခိုခန်းထဲမှာ ရှိသော လူများသည် အပြင်ဘက် နံရံများကို လာရောက်ရိုက်ခတ်နေသည့် လေနှင့် သဲ၏ ကြမ်းတမ်းသော အသံများကိုသာ ကြားနေရသည်။

ခေါင်းဖြူတပ်မှူး စွေ့ဖန်က တံခါးပိတ်ဖို့ သူ၏ လက်အောက်ငယ်သားများကို အချက်ပြလိုက်၏။ ဤအချိန်မှာ တည်းခိုခန်းတံခါးက ဝုန်းခနဲ ပွင့်သွားပြီး လူတစ်ယောက်က အထဲကို လျှောထိုးဝင်လာသည်။

ယခုတင် ဝင်ရောက်လာသော အသက်ကြီးကြီး အမျိုးသမီးက အရပ်ပုပုနှင့် သုန်မှုန်နေသော မျက်နှာထား ရှိလေသည်။ သူမက ပြင်းထန်ကြမ်းတမ်းသော သတ်ဖြတ်ခြင်းအော်ရာကို ထုတ်ဖော်ထားပြီး သုန်မှုန်နေသော မျက်လုံးများဖြင့် ဧည့်ကြိုခန်းကို ဝေ့ကြည့်လိုက်၏။

ကျားရှန်က နှုတ်ဆက်လိုက်သည်။

“တင်းရှောင်... မင်း နောက်ဆုံးတော့ ရောက်လာပြီပေါ့”

အသက်ကြီးကြီးအမျိုးသမီးက ပြောလိုက်၏။

“ငါ လမ်းမှာ ကိစ္စတစ်ခုနဲ့ ကြုံနေရလို့”

တင်းရှောင် ရောက်ရှိလာပြီးနောက် ကျားရှန်က ပို၍ ရဲတင်းလာ၏။ သူက ချီရွှမ်းစုဘက်ကို လှည့်ပြီး ပြောလိုက်၏။

“ကောင်းကင်ဘုံနန်းတော်က လောကအနှံ့ ဒေသနာကို ပို့ချထားတယ်... မင်း ဘယ်ကလဲဆိုတာ ငါဂရုမစိုက်ဘူး... ဒီလင်းယုန်ခြေသည်းတွေကို ရှင်းထုတ်ဖို့ မင်းကူညီပေးတာနဲ့ ကောင်းကင်ဘုံနန်းတော်က မင်းအပေါ်မှာ အကြွေးတစ်ခု တင်သွားလိမ့်မယ်... နောက်ပိုင်း မင်းက ကောင်းကင်ဘုံနန်းတော်ရဲ့ အထူးဧည့်သည်တစ်ဦး ဖြစ်လာမယ်... ငါတို့ဆီကနေ အဆင့်မြင့် ထွန်းပေါက်မှု ကျင့်စဉ်တွေကိုလည်း သင်ယူနိုင်မယ်”

ချီရွှမ်းစုက မျက်မှောင်ကြုတ်ပြီး ထပ်ပြောလိုက်၏။

“ကျုပ်က ဒီတိုင်း ဖြတ်သွားဖြတ်လာပါပဲ”

ကျားရှန်၏ အသံမှာ ခြိမ်းခြောက်မှုက ပို၍ ပါဝင်လာသည်။

“ဒါဆို မင်း ငါတို့ဘက်မှာ မရပ်တည်ဘူးပေါ့”

ချီရွှမ်းစုက ဘာမှ ဆက်မပြောတော့ပေ။

“မင်းက ငါတို့ရဲ့ မိတ်ဆွေလည်း ဖြစ်နိုင်တယ်... ရန်သူလည်း ဖြစ်နိုင်တယ်”

ကျားရှန်၏ စိတ်သဘောထားက ပို၍ အေးစက်လာသည်။

ချီရွှမ်းစုသည် ဘိုးဘေးကျောင်းတော်မှာ လအတန်ကြာအောင် နေခဲ့ပြီး တာအိုဝါဒအယူအဆတချို့၏ လွှမ်းမိုးခြင်း ခံလာရသည်။ အထူးသဖြင့် ဝေဟင်ပျံသင်္ဘော ပျက်ကျအပြီးမှာ ချီရွှမ်းစုသည် ဤလျှို့ဝှက်အသင်းအဖွဲ့များကို ပို၍ ရွံရှာစက်ဆုပ်လာ၏။ သူက ခပ်ပေါ့ပေါ့ပင် ထေ့ငေါ့လိုက်သည်။

“မင်းတို့လို အယူဝါဒ မိစ္ဆာတွေက အသက်ရှင်မနေသင့်ဘူး”

တင်းရှောင်က လှောင်ရယ်လိုက်၏။

“သူက တာအိုခွေးဆိုတာ ငါသိသားပဲ”

ချီရွှမ်းစုသည် တာအိုဂိုဏ်းတော်မှ လူတစ်ယောက်နှင့် တူသည်ကို ဖီးနစ်စိမ်းတပ်မှူး စွေ့ဖန်က ပြောနိုင်သည်။ ကျားရှန်ကလည်း အဲဒါကို ခန့်မှန်းမိသော်လည်း ချီရွှမ်းစုသည် ထုံးတမ်းစဉ်လာ တာအိုဝတ်စုံကို ဝတ်ဆင်မထားသည့်အတွက် တပ်အပ်သေချာ ပြောဖို့ခက်ပြီး စောစောက အမျိုးသမီးနှင့် ချီရွှမ်းစုကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ ချီရွှမ်းစု၏ ခွန်အားကို တွေ့မြင်ပြီးနောက် ကျားရှန်က ချီရွှမ်းစုကို သူတို့ဘက် ပါလာဖို့ စည်းရုံးလိုသည်။ နောက်ဆုံးမှာတော့ ချီရွှမ်းစုက ရန်သူတစ်ဦး ဖြစ်သည်ကို ကျားရှန်က တပ်အပ်သေချာ ပြောနိုင်သွား၏။

မည်သို့ပင်ဆိုစေ တာအိုဂိုဏ်းတော်၏ လေသံနှင့် လျှို့ဝှက်အသင်းအဖွဲ့များအပေါ် သူတို့၏ အထင်မြင်သေးမှုက တခြားသူများ တုပနိုင်သောအရာ မဟုတ်ပေ။ တည်းခိုခန်းထဲရှိ ဖီးနစ်စိမ်းတပ်သားများက စိတ်သက်သာရာရသွားကြ၏။ တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်ကြား နိုင်ငံရေး အရှုပ်အထွေးများက မည်ကဲ့သို့ပင် ရှိနေသည်ဖြစ်စေ… အယူဝါဒမိစ္ဆာများနှင့် ကိုင်တွယ်သည့်အခါ ထိုနှစ်ဖွဲ့က စည်းလုံးမှု ရှိကြသည်။ သို့သော် ချီရွှမ်းစုက တာအိုတပည့်ဂိုဏ်းသားအဖြစ် သူ၏ သရုပ်သကန်ကို ဘာကြောင့် မထုတ်ဖော်လိုသလဲ စွေ့ဖန် နားမလည်နိုင်ပေ။ ချီရွှမ်းစုသည် တာအိုဂိုဏ်းတော်အတွက် တခြားအရေးကြီးသော တာဝန်များကို ယူထားသလား သူစဉ်းစားနေမိ၏။

တင်းရှောင်က ရိပ်ခနဲ ပျောက်ကွယ်သွားပြီး ချီရွှမ်းစုရှေ့ကို ရောက်လာသည်။ သူမက အမှောင်အော်ရာ ဖြာထွက်နေသည့် လက်ချောင်းငါးချောင်းကို ကွေးညွှတ်ပြီး ချီရွှမ်းစု၏ ဦးခေါင်းကို ရိုက်ချလိုက်၏။

ချီရွှမ်းစုသည် မလိုလားအပ်သော ပြဿနာမှာ ဝင်မပါလိုသော်လည်း သူက ကြောက်ရွံ့မနေဘဲ တင်းရှောင်၏ လက်သည်းကုတ်ချက်ကို ထိုးချက်တစ်ချက်ဖြင့် တုံ့ပြန်လိုက်၏။

ထိတွေ့ရိုက်ခတ်မှုက ဧည့်ကြိုခန်းထဲမှာ ပဲ့တင်ထပ်ပြီး မျက်စိဖြင့် မြင်နိုင်သော ချီစက်ကွင်းတစ်ခုက သူတို့၏ ဘေးပတ်လည်ကနေ ဖြာထွက်သွား၏။ ကောင်းကင်ဘုံနန်းတော်နှင့် ဖီးနစ်စိမ်းတပ်ဖွဲ့မှ လူများက နောက်သို့ ဆုတ်လိုက်ကြ၏။

ချီရွှမ်းစုက ကျန်းယွဲ့လု၏ အဆင့်ကို မရောက်ရှိသေးသော်လည်း သူက သာမန် ကွေ့ကျန်းအဆင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်နိုင်ဆဲဖြစ်သည်။ သို့သော် သူ၏ အစစ်အမှန် သရုပ်သကန်ကို မပေါက်ကြားစေချင်သောကြောင့် အသွေးအသားနယ်ပယ် ကိုယ်ခံပညာ သိုင်းသမားတစ်ဦးအဖြစ် တမင်သက်သက် ဟန်ဆောင်လိုက်၏။ ကံကောင်းစွာဖြင့် တင်းရှောင်ကလည်း ယွီရှုအဆင့်မှာ ရှိပြီး ထူးခြားအံ့မခန်း ပြိုင်ဘက်မဟုတ်ပေ။

သူတို့နှစ်ယောက်က တရိပ်ရိပ် လှုပ်ရှားလိုက်ကြ၏။ တခဏချင်းမှာပင် တင်းရှောင်နှင့် ချီရွှမ်းစုသည် ခိုလှုံရာ တည်းခိုခန်းထဲကနေ ထွက်ခွာပြီး ဒေါသူပုန်ထနေသော သဲမုန်တိုင်းထဲမှာ တိုက်ခိုက်နေကြပြီဖြစ်သည်။

ချီရွှမ်းစုက ကြောက်ရွံ့မှုမရှိဘဲ တင်းရှောင်ကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။ သူက တောင်တစ်လုံးကဲ့သို့ ခြေကုပ်ယူထားသည်။ သူ၏ ထိုးချက်များက ပြင်းထန်ကြမ်းတမ်းသော တုန်ခါလှိုင်းများကို ဖြစ်စေပြီး မုန်တိုင်းထဲမှာ လွင့်ပျံနေသော ကျောက်ခဲတချို့က အပိုင်းပိုင်းကြေမွသွားသည်။ သူက လျှို့ဝှက်ဆန်းကြယ် စွမ်းရည်များကို အသုံးမပြုသော်လည်း သူ၏ထိုးချက်များမှာ အစီအရင်များကို ချိုးဖျက်နိုင်သည့် သန်မာသော သွေးချီ ပါဝင်နေသည်။ သူက ရှေ့ကို ပစ်ထိုး၍ ကျောက်တုံးကြီး နှစ်တုံးကို တင်းရှောင်ရှိရာသို့ ပစ်တွန်းလိုက်သည်။ တစ်ချိန်တည်းမှာပင် မြေပြင်ကို ဆောင့်နင်းလိုက်သော အားဖြင့် အရွယ်အစားအမျိုးမျိုး လွင့်ပျံနေသော ကျောက်ခဲများကို ကန်ထုတ်ကာ တင်းရှောင်ပေါ်ကို မိုးပေါက်များလို ဝင်ရောက်သွားစေသည်။

တင်းရှောင်က သူမ၏ လက်နှစ်ဖက်ကို အရူးအမူး ဝှေ့ယမ်း၍ ပင်ကိုယ်ချီကို ထုတ်ဖော်ကာ ဝင်ရောက်လာသော ကျောက်ခဲများကို တားဆီးလိုက်၏။

တစ်ဖက်မှာတော့ ကျားရှန်က အဋ္ဌမထျန်းယန်ရှိရာသို့ ပြေးဝင်သွားသည်။

ကျားရှန်လို ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရချိန်မှာတောင် အဋ္ဌမထျန်းယန်က ထိတ်လန့်တကြား ရှိမနေပေ။ ကျားရှန်က ဆက်လက်၍ တွေဝေမနေတော့ဘဲ ရှေ့သို့ ခြေတစ်လှမ်းယူကာ အဋ္ဌမထျန်းယန်ကို ဖမ်းဆွဲလိုက်သော်လည်း ထိုသူက နောက်သို့ မျှောချသွား၏။

ကျားရှန်က ပြေးလိုက်ရင်း သူ၏လက်ချောင်းများ ကြားကနေ အဖြူရောင် မြူခိုးများကို ပစ်ထုတ်ကာ အဋ္ဌမထျန်းယန်ကို ချက်ချင်းပင် လွှမ်းခြုံသွားစေ၏။

အဋ္ဌမထျန်းယန်က စုထားသော ယပ်တောင်ကို မြှောက်ပြီး ကျားရှန်၏ သေကွင်းသေကွက်များကို ထိုးညွှန်လိုက်သည်။ ကျားရှန်က မမြင်ရသော ချီဖြင့် ချဉ်းကပ်ခြင်း မခံရအောင် ရှောင်လိုက်ရသည်။

သူတို့၏ လက်အောက်ငယ်သားများကလည်း တည်းခိုခန်းထဲမှာ တိုက်ခိုက်နေကြပြီဖြစ်သည်။

ဖီးနစ်စိမ်းတပ်သားတစ်ဦးသည် ဓားကိုင်ထားသော ကိုယ်တော်တစ်ပါးကို ပစ္စတိုဖြင့် သတ်ဖြတ်ပြီးနောက် သံပေတံကိုင်ထားသော စာပေသမားကို ပစ္စတိုဖြင့် ပစ်ပေါက်လိုက်၏။ ဖီးနစ်စိမ်းတပ်သားသည် စာပေသမားကို ဆေဘာဖြင့် ပစ်ထိုးလိုက်သော်လည်း ချက်ချင်းဆိုသလို တာအိုဆရာတစ်ဦးက သူ့ကို သတ်ဖြတ်လိုက်သည်။

နောက်ထပ် ဖီးနစ်စိမ်းတပ်သားတစ်ဦးက ကိုယ်တော်တစ်ပါး၏ ခြေထောက်များကို ခုတ်ဖြတ်လိုက်၏။ တောင်ဝှေးကို ရူးသွပ်စွာ လွှဲယမ်းနေသည့် ကိုယ်တော်က နောက်ပြန်လန်ကျပြီး ရုန်းကန်နေရ၏။ သို့သော် ဖီးနစ်စိမ်းတပ်သားတစ်ဦးက သူ့ကို ဒူးလေးမြှားဖြင့် အသေပစ်သတ်လိုက်သည်။

လူနှစ်ဦးက လူချင်းကပ်သွားပြီး တစ်ယောက်ကိုတစ်ယောက် တစ်ဖက်သွားဓားများဖြင့် ပစ်ထိုးနေကြသည်။ ဖီးနစ်စိမ်းတပ်သားက အယူဝါဒမိစ္ဆာတစ်ဦးကို ခေါင်းဖြတ်ချလိုက်သော်လည်း သူ၏ဝမ်းဗိုက်က ပွင့်ထွက်သွား၏။ သွေးများက အဆက်မပြတ် စီးကျ၍ အူခွေများက ထွက်ကျလုမတတ် ဖြစ်သည်။ ဖီးနစ်စိမ်းတပ်သားက နောက်သို့ ခြေလှမ်းအနည်းငယ် ဒယီးဒယိုင် ဆုတ်ခွာသွားပြီးနောက် အသေပစ်သတ် ခံလိုက်ရသည်။

နောက်ထပ် ဖီးနစ်စိမ်းတပ်သားတစ်ဦးက အယူဝါဒမိစ္ဆာတစ်ဦး၏ ရင်ဘတ်ကို ဓားရှည်ဖြင့် ပစ်ထိုးလိုက်၏။ တစ်ချိန်တည်းမှာပင် ပစ္စတိုပစ်ချက်ဖြင့် သူ့ခေါင်းက ပွင့်ထွက်သွားသည်။ သူတို့နှစ်ယောက်စလုံးက ချက်ချင်းပင် သေဆုံးသွားကြသည်။

ကျွမ်းကျင်ဖီးနစ်စိမ်းတပ်သားတစ်ဦးက အယူဝါဒမိစ္ဆာတစ်ဦး၏ ခေါင်းကို ခုတ်ဖြတ်လိုက်၏။ သို့သော် သူက နောက်ထပ် လှုပ်ရှားမှု မပြုလုပ်ခင် ပြင်းထန်သော လေအဟုန်ကို ခံစားရပြီး သူ့ဦးခေါင်းက ပေါင်တူဖြင့် ထုခွဲခံလိုက်ရသည်။ သူ့ခေါင်းက ပွင့်ထွက်သွားပြီး နေရာမှာတင် ချက်ချင်း သေဆုံးသွား၏။

တိုက်ပွဲက သွေးသံရဲရဲဖြင့် ပြင်းထန်ကြမ်းတမ်းလွန်းသည်။ နှစ်ဖက်စလုံးမှာ သေကြေပျက်စီးထိခိုက်မှုများစွာ ရှိနေ၏။

တည်းခိုခန်း အပြင်ဘက်မှာ ကိုယ်ခံပညာသိုင်းသမားတစ်ဦးအဖြစ် ဟန်ဆောင်ထားသော ချီရွှမ်းစုသည် သဲမုန်တိုင်းက သူ၏ လှုပ်ရှားမှုများအား ကောင်းကောင်းဖုံးကွယ်ပေးနိုင်သည်ကို သိလိုက်သည်။ ရုတ်တရက် သူ၏ ပင်ကိုယ်ချီက ပြင်းထန်ကြမ်းတမ်းသော လှိုင်းလုံးတစ်လုံးကဲ့သို့ ကန်ထွက်လာပြီး တင်းရှောင်၏ နဖူးကို ဖြတ်ရိုက်ကာ စင်ထွက်သွားစေ၏။

သူ၏ လှုပ်ရှားမှုက အရမ်းကို မြန်ဆန်ပြီး တင်းရှောင်က တုံ့ပြန်ဖို့ပင် အချိန်မရလိုက်ပေ။ တင်းရှောင်က မြေပြင်ပေါ်ကို ပြင်းထန်စွာ ကျဆင်းပြီးနောက် အလူးအလဲ ပြန်ထရပ်လိုက်၏။ ဤအချိန်မှာ ချီရွှမ်းစုက သူမ၏ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး နောက်တစ်ဖန် ပစ်ထိုးလိုက်၏။ တင်းရှောင်၏ ခန္ဓာကိုယ်က ခဏကြာအောင် ပြင်းထန်စွာ လှုပ်ခါပြီးနောက် ပြိုလဲကျသွားသည်။

All Chapters