အခန်း ၁၉၂
Vol. 20 Ch. 192
အခန်း ၁၉၂ - တီထွင်မှုများ၏ လျှို့ဝှက်ချက်များ
လျှို့ဝှက်အသင်းအဖွဲ့ဝင်များသည် သူတို့၏ အယူအဆများနှင့် ယုံကြည်မှုများကို အကောင်းဆုံးဟု လက်ခံထားသောကြောင့် သူတို့ကိုယ်သူတို့ အယူဝါဒမိစ္ဆာများဟု သတ်မှတ်လိမ့်မည် မဟုတ်ပေ။ အယူဝါဒမိစ္ဆာနှင့် လျှို့ဝှက်အသင်းအဖွဲ့ဟူသော ဝေါဟာရကို တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်ကဲ့သို့ တရားဝင်အုပ်ချုပ်သူအဖွဲ့အစည်းများကသာ သုံးကြသည်။
ထို့ကြောင့် ချီရွှမ်းစုသည် ကောင်းကင်ဘုံနန်းတော်အဖွဲ့ဝင်များကို အယူဝါဒမိစ္ဆာများဟု ရည်ညွှန်းခေါ်ဆိုသည့်အခါ ချီရွှမ်းစုက တာအိုဂိုဏ်းတော်မှ ဖြစ်သည်ကို သူတို့က ချက်ချင်းပင် သိရှိသွားခဲ့ကြသည်။ အထူးသဖြင့် သူ၏ အဝတ်အစားများကြောင့်လည်း ဖြစ်သည်။
တာအိုဂိုဏ်းတော်မှာ မနေဖူးသော လူများအနေဖြင့် လျှို့ဝှက်အသင်းအဖွဲ့ဟူသော စကားလုံးများမှာ ဖုံးကွယ်ထားသည့် အထင်အမြင်သေးမှုကို တုပနိုင်ဖို့ ခဲယဉ်းသည်။ ချီရွှမ်းစုက သာမန်ခရီးသွားတစ်ဦးသာဆိုလျှင် ကောင်းကင်ဘုံနန်းတော်၏ ခြိမ်းခြောက်မှုမှာ သူက ကြောက်လန့်သွားသင့်သည်။
ကောင်းကင်ဘုံနန်းတော်သည် ကျီကွမ်းအသင်း၊ ကံကြမ္မာအယူဝါဒဂိုဏ်းနှင့် လင်းရှန်စုန်းကဝေဂိုဏ်းတို့နှင့်မတူဘဲ တာအိုဂိုဏ်းတော်ကို ပေါ်ပေါ်ထင်ထင် ရင်မဆိုင်ဝံ့ပေ။ သို့သော်လည်း သူတို့သည် လေလွင့်လာသော တာအိုတပည့်ဂိုဏ်းသားတစ်ဦးကို ဖမ်းဆီးဖို့ ဝန်လေးနေမည်မဟုတ်ပေ။
ရွှမ်ကျောက်စိမ်းကို ရရှိသွားပြီးသော ချီရွှမ်းစုနှင့် ဆုံတွေ့ရသည်မှာ သူတို့အတွက် ကံဆိုးခြင်းပင်။ တာအိုအဖွဲ့အစည်းမှာ ချီရွှမ်းစုကို အဆင့်နိမ့်တာအိုဆရာများကြား အတော်ဆုံးဟု သတ်မှတ်နိုင်သည်။ သူက အစွမ်းအစ သိပ်မရှိသော အဆင့် ၄ ကျီကျိုးတာအိုဆရာများနှင့်လည်း တိုက်ခိုက်နိုင်သည်။ သူ့ခွန်အားကို လျှော့မတွက်သင့်ပေ။
ချီရွှမ်းစုသည် တင်းရှောင်ကို ကိုင်တွယ်ပြီးနောက် သဲမုန်တိုင်းထဲမှာ မတ်တတ်ရပ်ကာ တည်းခိုခန်းထဲကို ဝင်ဖို့ အလောတကြီး ရှိမနေပေ။ သူက သဲမုန်တိုင်းထဲမှာ လွတ်လွတ်လပ်လပ် မသွားလာနိုင်သော်လည်း ခဏတစ်ဖြုတ် နေနိုင်သည်။ တည်းခိုခန်း၏ ခြံဝင်းတံတိုင်းကလည်း မုန်တိုင်းနှင့် တိုက်ရိုက်မထိတွေ့အောင် ကာပေးထား၏။
မကြာသေးခင်က ချီရွှမ်းစုနှင့် အစ်မချီသည် မိခင်ကလေးအဆောင်နှင့် ဆက်သွယ်ပြောဆိုပြီး လျှို့ဝှက်ချက်များစွာကို သူ သိရှိခဲ့ရသည်။
[အောက်တွင် တာအိုဂိုဏ်းတော်၏ လျှို့ဝှက်ချက်များနှင့် ခန်းမများအကြောင်း အဓိကထား ဖော်ပြမည်ဖြစ်၍ စိတ်ဝင်စားမှု မရှိပါက ဤတစ်ခန်းလုံးကို ကျော်ဖတ်နိုင်ပါသည်။]
ယွီလန်ဘုရားကျောင်းက ရွှမ်ကျောက်စိမ်းသည် အသက်ဓာတ်ကို ကိုယ်စားပြုပြီး လူတစ်ယောက်၏ သွေးချီကို ထိန်းချုပ်ရန် ၎င်းကို အသုံးပြုနိုင်သည်။ ထို့ကြောင့်ပင် ချီရွှမ်းစုသည် အသွေးအသားနယ်ပယ် ကိုယ်ခံပညာသိုင်းသမားတစ်ဦးနှင့် ဆင်တူသော သဘာဝလွန် ပြန်လည်ကုသနိုင်စွမ်းနှင့်အတူ လမ်းစဉ်နှစ်ခုကို ကျင့်ကြံနေသည်ဟု ထင်ရသည်။
တကယ်တော့ ချီရွှမ်းစုမှာ ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ပေါင်းစည်းစေသည့် ကိုယ်ခံပညာသိုင်းသမားများ၏ အမြုတေ မရှိပေ။ အလားတူစွာ ပင်ကိုယ်ချီကို ကျင့်ကြံသည့် လူတစ်ယောက်ကို ချီသန့်စင်သူတစ်ဦးဟု တပ်အပ်သေချာပြောလို့ မရပေ။ ထိုသူက လေလွင့်ကျင့်ကြံသူတစ်ဦး သို့မဟုတ် နတ်သက်ကြွေအင်မော်တယ်တစ်ဦး ဖြစ်နိုင်သည်။
တကယ်တော့ အမျိုးမျိုးသော မှော်စွမ်းအားများနှင့် ရွှမ်ကျောက်စိမ်း အမျိုးအစားများစွာ ရှိနေသည်။ လူတစ်ယောက်က ရွှမ်ကျောက်စိမ်း၏ မှော်စွမ်းအားများကိုလည်း စုဆောင်းနိုင်သည်။ ချီရွှမ်းစုက နောက်ထပ် အသက်ဓာတ်ရွှမ်ကျောက်စိမ်းတစ်ပိုင်းကို ရရှိနိုင်မည်ဆိုလျှင် သူ၏သွေးချီက ပို၍ သန်မာလာပေမည်။ သူ၏ ပြန်လည်ကုသနိုင်စွမ်းက ထပ်ဆင့်တိုးလာပြီး သူက ခေါင်းဖြတ်ခံရမည်ဆိုလျှင်ပင် သူ့ခေါင်းကနေ ခန္ဓာကိုယ်အသစ်တစ်ခု ပြန်ထွက်လာနိုင်သည်။
သို့သော် လူတိုင်းက ရွှမ်ကျောက်စိမ်း၏ စွမ်းရည်များကို သူတို့၏ ခန္ဓာကိုယ်များထဲ ထည့်သွင်းပေါင်းစည်းနိုင်ခြင်း မရှိကြပေ။ ရွှမ်ကျောက်စိမ်းကို အသုံးပြုနိုင်သည့် လူအများစုသည် ကျင့်ကြံမှုအဆင့် မြင့်မားသော ကောင်းကင်သက်ရှိများ သို့မဟုတ် ချီရွှမ်းစုလို အရံနှလုံးနှင့် ထူးထူးခြားခြား အသွင်ပြောင်းလဲခံထားရသည့် လူများဖြစ်သည်။
အရံနှလုံးနှင့် ရွှမ်ကျောက်စိမ်း နှစ်မျိုးစလုံးသည် တီထွင်မှုများကို အားပေးအားမြှောက်ပြုခဲ့သည့် ရွှမ်အရှင်မြတ်ခေတ်၏ အစောပိုင်းနှစ်များကနေ လာခဲ့သည်။ ထိုစဉ်တုန်းက ရွှမ်အရှင်မြတ်သည် တစ္ဆေသရဲများ၊ နတ်ဘုရားများနှင့် ပတ်သက်ဆက်စပ်သော သဘာဝလွန်ကိစ္စများမှာ ကျန်းယီဂိုဏ်းကို တာဝန်ယူခိုင်းထားသည်။ လူသားအရေးကိစ္စများမှာ ထိုက်ဖျင်ဂိုဏ်းကို တာဝန်ယူခိုင်းထားပြီး တီထွင်မှုများကို ချွမ်ကျန်းဂိုဏ်းအား တာဝန်ယူစေသည်။
ထိုတီထွင်မှုကာလမှာ အလွန်တရာ သိသာထင်ရှားသော သက်ရောက်မှုများ ရှိခဲ့သည်။ ထိုကဲ့သို့သော တီထွင်မှုများမှာ စိတ်ဝိညာဉ်တပ်သားများ၊ လေလွင့်ကျင့်ကြံသူများ၊ မျိုးနွယ်ရှစ်စု၊ ထျန်ကျိခန်းမ၊ ဟွာရှန်ခန်းမ၊ ချုံးချီသွေးတု၊ မီးနဂါးသွေးတု၊ အလောင်းအဆိပ်၊ ဝိညာဉ်ပြန်ခေါ်အမွှေးနံ့သာ၊ ဝေဟင်ပျံသင်္ဘောများ၊ အဆင့်မြင့် မိခင်ကလေးအဆောင်များ စသည်တို့ ပါဝင်ခဲ့သည်။ ဤတီထွင်မှုများသည် လောကကို ကြီးမားစွာ ပြောင်းလဲပေးခဲ့သည်။
ထိုအချိန်တုန်းက ချွမ်ကျန်းဂိုဏ်းသည် တီထွင်မှုများကို တာဝန်ယူထားပြီး ရှေးဟောင်းအင်မော်တယ်များနှင့် တာအိုဂိုဏ်းတော်၏ အစောပိုင်း စစ်ပွဲကာလများမှာ ချွမ်ကျန်းဂိုဏ်းက ရှေ့ကိုပေါ်ထွက်လာခဲသည်။ ရှေးဟောင်းအင်မော်တယ်များက ကျောက်စိမ်းနေပြည်တော်သို့ စိမ့်ဝင်ထိုးဖောက်ခဲ့စဉ်ကပင် လက်ထောက်မဟာအကြီးအကဲ နှစ်ဦးကသာ သူတို့နှင့် တိုက်ခိုက်ခဲ့သည်။ ချွမ်ကျန်းဂိုဏ်း၏ မဟာအကြီးအကဲက ပြင်းထန်ကြမ်းတမ်းသော ထိုတိုက်ပွဲမှာ ပေါ်ထွက်မလာခဲ့ပေ။
နောက်ပိုင်းမှာ ရွှမ်အရှင်မြတ်သည် ဘိုးဘေးကျောင်းတော်ကို ပြန်လည်တည်ဆောက်ပြီး ခန်းမကိုးဆောင်ကို ဖွဲ့စည်းခဲ့သည်။ အစက မွန်မြတ်မဟာသူတော်စင်များ တာဝန်ယူထားသည့် အမှုထမ်းရေးရာ စီစဉ်မှုများ၊ ဘဏ္ဍာရေးများနှင့် အခမ်းအနားများကို ကျီဝေခန်းမ၊ တူကျစ်ခန်းမနှင့် စီကျိခန်းမတို့ထံ အသီးသီးလွှဲပြောင်းပေးခဲ့သည်။ အစက ကျန်းယီဂိုဏ်း တာဝန်ယူထားသည့် တစ္ဆေသရဲများ၊ နတ်ဘုရားများနှင့် ပတ်သက်ဆက်စပ်သည့် သဘာဝလွန်ကိစ္စများကို ပေချန်ခန်းမနှင့် ထျန်ကန်းခန်းမထံ လွှဲပြောင်းပေးခဲ့သည်။
တစ်ချိန်တည်းမှာ အစက ထိုက်ဖျင်ဂိုဏ်း တာဝန်ယူထားသည့် လူသားရေးရာ ကိစ္စများကို ရှစ်ပိုခန်းမနှင့် ဖုန့်ရှန်ခန်းမထံ လွှဲပြောင်းပေးခဲ့သည်။ အစက ချွမ်ကျန်းဂိုဏ်း တာဝန်ယူထားသော တီထွင်မှုများက ထျန်ကျိခန်းမနှင့် ဟွာရှန်ခန်းမထံ ရောက်ရှိသွား၏။ ထိုသို့ဖြင့် ရွှမ်အရှင်မြတ်သည် ဂိုဏ်းကြီးသုံးဂိုဏ်း၏ တာဝန်ယူထားသည့်အရာများကို မဟာအကြီးအကဲ၏ လက်အောက်မှာ တိုက်ရိုက်ရှိနေသော ခန်းမကိုးဆောင်ထံ လွှဲပြောင်းပေးခဲ့လေသည်။
ဤသည်မှာ စည်းလုံးမှုရှိသော တာအိုဂိုဏ်းတော်ဖြစ်လာဖို့ မျှော်လင့်ချက်နှင့် ဂိုဏ်းကြီးသုံးဂိုဏ်းကို ဖြိုချရန်အတွက် လမ်းဖောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း မဟာယာနဗုဒ္ဓဂိုဏ်းနှင့် တာအိုဂိုဏ်းတော်အကြား ပဋိပက္ခသည် ဂိုဏ်းကြီးသုံးဂိုဏ်းကို ဖြိုချရန် ရွှမ်အရှင်မြတ်၏ အစီအစဉ်များကို ဟန့်တားနှောင့်ယှက်လာခဲ့သည်။ ထို့သို့ဖြင့် ဂိုဏ်းကြီးသုံးဂိုဏ်းက ခန်းမကိုးဆောင်နှင့် အတူယှဉ်ကာ ဆက်ရှိနေခဲ့သည်။
ချွမ်ကျန်းဂိုဏ်းသည် အရင်တုန်းက တီထွင်မှုများကို တာဝန်ယူထားစဉ် ဂိုဏ်းအတွင်းမှာ ထင်မြင်ယူဆချက် တစ်မျိုးစီနှင့် အမျိုးမျိုးသော အဖွဲ့များ ပေါ်ထွက်လာခဲ့သည်။ တချို့က သေနတ်များနှင့် စက်ယန္တရားများကို အာရုံစိုက်ပြီး တချို့က ပူဇော်ပသစွမ်းအားကို အာရုံစိုက်ကာ တချို့က အစီအရင်နှင့် အဆောင်လက်ဖွဲ့များကို အာရုံစိုက်ထားကြသည်။
ထိုအဖွဲ့များထဲမှ တစ်ဖွဲ့သည် လူသားခန္ဓာကိုယ်ထဲ ထည့်သွင်းပေါင်းစပ်လိုသော ရည်ရွယ်ချက်ဖြင့် အမျိုးမျိုးသော ဒဏ္ဍာရီလာ တောကောင်များ၏ သွေးများကို သုတေသနပြုခဲ့ကြသည်။ နောက်တစ်ဖွဲ့က လူသေစစ်တပ်များ ဖွဲ့စည်းဖို့ ရည်ရွယ်ချက်ဖြင့် ဖုတ်ကောင်များ မွေးမြူခြင်းကို အထူးပြုလေ့လာခဲ့သည်။ အမျိုးမျိုးသော တီထွင်ဆန်းသစ်မှု၊ အယူအဆများနှင့် အဖွဲ့အစည်းများက ဆယ်ခုမက ရှိခဲ့သည်။
ထိုအချိန်တုန်းက ရွှမ်အရှင်မြတ်နှင့် မြေကမ္ဘာဆရာသခင်သည် အစည်းအဝေးထိုင်ပြီးနောက် ဤအယူအဆများထဲမှ တချို့ကို ပယ်ချခဲ့သည်။ ပယ်ချလိုက်သော အယူအဆများမှာ ကိုယ်ခံပညာသိုင်းသမားများ၏ အစစ်အမှန်ပုံစံကို ပွားယူလိုသော်လည်း နောက်ဆုံးမှာ လူမဆန်သော မိစ္ဆာများကို ဖန်တီးမိသည့် လူသားခန္ဓာလေ့လာခြင်း ပါဝင်သည်။ နောက်ထပ်တစ်ခုမှာ တောရိုင်းကောင်များ၏ သွေးကို လေ့လာပြီး အမျိုးမျိုးသော သားရဲတစ်ပိုင်းများကို ဖန်တီးခြင်းဖြစ်သည်။
ပယ်ချလိုက်သော အယူအဆများက ရက်စက်ကြမ်းတမ်းလွန်းခြင်း၊ လူ့ကျင့်ဝတ်များကို ဖောက်ဖျက်ခြင်း သို့မဟုတ် ခက်ခဲလွန်းပြီး လက်တွေ့မဆန်လွန်းခြင်းတို့ကြောင့်ဖြစ်သည်။ ပယ်ချလိုက်သော ထိုအဖွဲ့များထဲ ရှစ်ခုက နောက်ပိုင်းမှာ တာအိုဂိုဏ်းတော်ကနေ ထွက်ခွာပြီး သူတို့ဘာသာသူတို့ သုတေသနများကို ဆက်လက်ပြုလုပ်ကာ မျိုးနွယ်ရှစ်စုဟု ခေါ်ဆိုသော လျှို့ဝှက်အဖွဲ့အစည်းကို ဖြစ်ပေါ်လာစေခဲ့သည်။
တခြားသော အဖွဲ့အစည်းတချို့နှင့် တခြားသော လျှို့ဝှက်အသင်းအဖွဲ့များသို့ ဝင်ရောက်သွားသည့် တစ်ဦးတစ်ယောက်ချင်းများလည်း ရှိကြလေသည်။ ဥပမာ ချင်းဖျင်အသင်းနှင့် ကံကြမ္မာအယူဝါဒဂိုဏ်းတို့ ဖြစ်သည်။ သူတို့ကို တားဆီးခဲ့သင့်သော်လည်း ထိုအချိန်တုန်းက တာအိုဂိုဏ်းတော်သည် မဟာယာနဗုဒ္ဓဂိုဏ်းနှင့် စစ်ပွဲဆင်နွှဲပြီး ဗျာများနေခဲ့သည်။ ထို့ကြောင့် ဤလူများက ဆက်လက်၍ လှုပ်ရှားခွင့်ရခဲ့ကြသည်။
တကယ်ဆို လေလွင့်ကျင့်ကြံသူများသည်လည်း ထိုအဖွဲ့အစည်းများထဲ တစ်ခုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ မူလရည်ရွယ်ချက်သည် နတ်သက်ကြွေအင်မော်တယ်များကို တုပပြီး အမြောက်အမြား မွေးထုတ်နိုင်ဖို့ဖြစ်သည်။ ရလဒ်က အောင်မြင်ခဲ့သော်လည်း မတန်တဆ စရိတ်စကများကြောင့် နတ်သက်ကြွေအင်မော်တယ်များကို ဖန်တီးဖို့က လက်တွေ့မဆန်တော့ပေ။ ထို့ကြောင့် စမ်းသပ်မှု၏ တစ်ဝက်တစ်ပျက်ရလဒ် လေလွင့်ကျင့်ကြံသူများသာ ကျန်ခဲ့သည်။
နောက်ဆုံး ရွှမ်အရှင်မြတ်က ဤစီမံကိန်းများကို ဖျက်သိမ်းပြီးနောက် ပညာရှင်များကို ထျန်ကျိခန်းမနှင့် ဟွာရှန်ခန်းမထံ ခွဲဝေပို့ခဲ့သည်။ ခန်းမနှစ်ခု၏ လုပ်ဆောင်ပုံက ဆင်တူပြီး ပစ္စည်းအသစ်အဆန်းများ တီထွင်ရာမှာ အာရုံစိုက်ထားကြသည်။ သို့သော် ထျန်ကျိခန်းမက ပြင်ပလက်နက်ပစ္စည်းများကို တာဝန်ယူထုတ်လုပ်ပြီး ဟွာရှန်ခန်းမက ကိုယ်ခန္ဓာကို ကြံ့ခိုင်စေဖို့အတွက် ဆေးဝါးများနှင့် ဆေးပညာကို တာဝန်ယူထားသည်။
ဤခန်းမနှစ်ဆောင်သည် တူကျစ်ခန်းမနှင့် မလုံလောက်သည့် ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းရန် ငွေရှာခန်းမအခွဲများကို ဖွင့်လှစ်ခဲ့ကြသည်။ သူတို့၏ သုတေသနကနေ ထွက်လာသည့် အမျိုးမျိုးသော ပစ္စည်းများကို ထိုက်ဖျင်ဒင်္ဂါးများနှင့် လဲယူပြီး အရှုံးအမြတ်ကို တစ်ဖွဲ့ချင်းစီက တာဝန်ယူရသည်။
ချီရွှမ်းစုသည် ကျောက်စိမ်းနေပြည်တော်မှာ ရှိခဲ့စဉ်က ဤလျှို့ဝှက်ချက်များကို ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။ ကျန်းယွဲ့လုပင် ဤလျှို့ဝှက်ချက်များထဲမှ တချို့ကို သိချင်မှ သိပေလိမ့်မည်။ သို့သော် အစ်မချီက ဤသတင်းအချက်အလက်များကို သိရှိထာပြီး သူမသည် အဆင့်မြင့်တာအိုဆရာတစ်ဦး ဖြစ်ခဲ့ဖူးကာ ချင်းဖျင်အသင်း၏ ခေါင်းဆောင်ကလည်း တာအိုဂိုဏ်းတော်မှ ဆရာကြီးတစ်ပါး ဖြစ်သည်ဟု ညွှန်ပြပေးနေသည်။
ရွှမ်ကျောက်စိမ်း၏ စွမ်းအားကို နတ်ဘုရားစွမ်းအား သို့မဟုတ် ပူဇော်ပသစွမ်းအားဖြင့် အသက်သွင်းရမည်ကို ချီရွှမ်းစုက ပုံဖော်မိသွားပြီ ဖြစ်၏။
ချီရွှမ်းစုမှာ နောက်ထပ် မေးခွန်းတချို့လည်း ရှိနေခဲ့သည်။ ရွှမ်ကျောက်စိမ်း၏ မူလဇာစ်မြစ်၊ သူတို့၏ အရေအတွက်နှင့် ရွှမ်ကျောက်စိမ်းက လောကတစ်ဝှမ်း ဘာကြောင့် ပြန့်ကျဲနေခဲ့တာလဲ။ နှစ် ၂၀၀ ကြာ ရှာဖွေပြီးတဲ့နောက် တာအိုဂိုဏ်းတော်က ထိုပစ္စည်းများကို ဘာကြောင့် ရှာမတွေ့သေးတာလဲ။ သို့မဟုတ် ရွှမ်ကျောက်စိမ်းသည် မကြာသေးခင်ကမှ ပေါ်ထွက်လာခဲ့တာလား။ ထိုက်ဖျင်ဂိုဏ်းက ရွှမ်ကျောက်စိမ်းကို ဘာကြောင့် လိုချင်နေတာလဲ။ တာအိုဂိုဏ်းတော်က ရွှမ်ကျောက်စိမ်း၏ တည်ရှိမှုကို သိရှိထားသလား။ သိရှိမည်ဆိုလျှင် သူတို့၏ စိတ်သဘောထားက ဘယ်လိုရှိမလဲ။ ရွှမ်ကျောက်စိမ်းသည် လေလွင့်ကျင့်ကြံသူများနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေသလား။
သို့သော်လည်း အစ်မချီက ဤမေးခွန်းများကို ရှင်းရှင်းလင်းလင်းမဖြေဘဲ ရှောင်ထွက်သွားခဲ့သည်။ ချီရွှမ်းစုကလည်း သူသိရသလောက်နှင့် ကျေနပ်နေပြီဖြစ်၏။ ဒါ့အပြင် မိခင်ကလေးအဆောင်ကနေ ဆက်သွယ်သည့် အချိန်အတိုင်းအတာက အကန့်အသတ်ရှိပြီး သူက ထပ်မံ၍ တိတိကျကျ လိုက်မေးမနေခဲ့ပေ။
ထိုသို့ဖြင့် ချီရွှမ်းစုသည် တာအိုဂိုဏ်းတော်၏ ဩဇာအာဏာနှင့် စွမ်းအားကို ခံစားမိလာသည်။ သူ တွေ့မြင်ရသည်မှာ ရေခဲတောင်၏ ထိပ်ဖျားမျှသာ ဖြစ်၏။
ရွှမ်အရှင်မြတ်သည် ထျန်ကန်းခန်းမနှင့် ပေချန်ခန်းမကြား သဘာဝလွန်အရေးကိစ္စများနှင့် ရှစ်ပိုခန်းမနှင့် ဖုန့်ရှန်ခန်းမကြား လူသားရေးရာကိစ္စများကို ခွဲဝေပေးစဉ်က ကြီးမားသော အတိုက်အခံများနှင့် ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးမှသာ အောင်မြင်ခဲ့သည်။
ဖုန့်ရှန်ခန်းမသည် ချီရွှမ်းစု မကြားဖူးခဲ့သည့် ခန်းမကိုးဆောင်ထဲမှ တစ်ခုဖြစ်သည်။ သူတို့က စီကျိခန်းမ၏ ဝိညာဉ်ငြိမ်းချမ်းရေးဌာနသို့ လွှဲပြောင်းခံရနိုင်သည်ဟု ကျန်းယွဲ့လု ပြောခဲ့စဉ်က စီကျိခန်းမကို သူကြားဖူးခဲ့သည်။
သဘောတရားအရ ဖုန့်ရှန်ခန်းမသည် စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေးနှင့် အပြစ်ပေးခြင်း၊ ကွပ်မျက်သုတ်သင်ခြင်းတို့ကို တာဝန်ယူထားသည်။ ဖုန့်ရှန်ခန်းမသည် အဆင့်အားလုံးမှာရှိသော တာအိုဆရာများကို စွဲချက်တင်ခြင်း၊ မှားယွင်းစွပ်စွဲခံရသော တာအိုဆရာများကို လွတ်ငြိမ်းခွင့်ပြုခြင်းနှင့် ဒေသဆိုင်ရာ တာအိုစံအိမ်များကို ကြီးကြပ်ကွပ်ကဲခြင်းကဲ့သို့ အရေးကိစ္စများမှာ ဩဇာအာဏာရှိပြီး မဟာအကြီးအကဲ၏ မျက်စိနှင့် နားတို့ဖြစ်သည်။ အာဏာကို အလွဲသုံးစားလုပ်သည့် သို့မဟုတ် တာအိုဂိုဏ်းတော်ကို ပျက်စီးထိခိုက်စေမည့် ဂိုဏ်းအုပ်စုများ ဖွဲ့သည့် ဘယ်သူမဆို အပြစ်ပေးခံရပေလိမ့်မည်။
ကျိဝေခန်းမသည် ရာထူးတိုးများ မျှတမှု ရှိစေရန် တာအိုဆရာများအား စမ်းသပ်စစ်ဆေးခြင်းများကို ဖုန့်ရှန်ခန်းမနှင့် ညှိနှိုင်းဆောင်ရွက်သည်။ ပေချန်ခန်းမသည် ကြီးလေးသော အမှုများမှာ တရားစီရင်မှု မျှတစေရန် သို့မဟုတ် သေဒဏ်ပေးခြင်းကို အတည်ပြုရန် ဖုန့်ရှန်ခန်းမနှင့် ညှိနှိုင်းကာ စီရင်ချက်ချရသည်။
ချီရွှမ်းစု နားလည်ထားသလောက် သူ့ကို ပေချန်ခန်းမက ဖမ်းဆီးမည်ဆိုလျှင် သူ သေမည်၊ ရှင်မည်က ဖုန့်ရှန်ခန်းမ၏ အဆုံးအဖြတ်အပေါ် မူတည်နေသည်။ တကယ်တော့ သူက ဖမ်းဆီးမှုကို ငြင်းဆန်မည်ဆိုလျှင် ပေချန်ခန်းမက သူ့ကို နေရာမှာတင် သတ်ဖြတ်နိုင်သည်။
အယူဝါဒမိစ္ဆာများကတော့ များသောအားဖြင့် ဖုန့်ရှန်ခန်းမ၏ စစ်ဆေးမေးမြန်းခြင်းဆီသို့ မရောက်ရှိတတ်ပေ။ လွှမ်းမိုးမှု ကြီးမားသည့် အယူဝါဒခေါင်းဆောင်များက လွဲလျှင် ထျန်ကန်းခန်းမနှင့် ပေချန်ခန်းမသည် အယူဝါဒမိစ္ဆာများကို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ နေရာမှာတင် သတ်ဖြတ်ပိုင်ခွင့်ရှိသည်။
သို့သော် အမှုကြီးများစွာ၏ နောက်ဆုံးရလဒ်သည် ရွှေနန်းမြင့်မျှော်စင် ကွပ်ကွဲရေးအဖွဲ့အပေါ် မူတည်နေဆဲဖြစ်သည်။ ဥပမာအားဖြင့် ကျန်းနန်အမှုကြီးမှာ ဖုန့်ရှန်ခန်းမသည် အဓိက ပြစ်မှုကျူးလွန်သူကို စီရင်ချက်ချရန် ဟန်ပြသက်သက် ပါဝင်ပေးခဲ့ရခြင်းသာ ဖြစ်သည်။