အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း ၁၉၃ - လခြမ်းကွေးလွှသွားဓား
ချီရွှမ်းစုက ပြတင်းပေါက်ဘေးကိုရောက်လာပြီး တည်းခိုခန်းထဲကို ကြည့်လိုက်သည်။ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲပင်။ စောစောက သူ့ကိုစမ်းသပ်ခဲ့သည့် ရမ္မက်ပြင်းပြင်းအမျိုးသမီးကလည်း တိုက်ပွဲထဲမှာ ဝင်ပါနေ၏။ သူမက အင်္ကျီလက်ထဲကနေ ပါးလွှာသော ပိုးချည်မျှင်များကို ပစ်ထုတ်ရင်း ပေါ့ပါးဖျတ်လတ်စွာလှုပ်ရှားကာ ဖီးနစ်စိမ်းတပ်သားနှစ်ဦး၏ လည်ပင်းကို ရစ်ပတ်လိုက်၏။ တစ်ချက်ဆောင့်ဆွဲလိုက်စဉ် ဦးခေါင်းနှစ်လုံးက မြေပြင်ပေါ်ကို လိမ့်ဆင်းသွားသည်။
တစ်ဘက်မှာတော့ ဆံဖြူဖီးနစ်စိမ်းတပ်မှူး စွေ့ဖန်က ကောင်းကင်ဘုံနန်းတော်အဖွဲ့ဝင်များနှင့် တိုက်ခိုက်နေသည်။ သူက လက်တစ်ဖက်ဖြင့် ဆေဘာကိုကိုင်ပြီး ၎င်းကို တလိပ်လိပ်နွယ်တက်သွားစေသည်။ သူ၏ လက်ချောင်းငါးချောင်းကို လက်သည်းများအဖြစ်ပြောင်းပြီး အယူဝါဒမိစ္ဆာတစ်ဦး၏ ရင်ဘတ်ကို ထိုးဖောက်လိုက်၏။ သူ့လက်ကို ပြန်ရုပ်ပြီး ချိတ်ပါလာသော အယူဝါဒမိစ္ဆာ၏ နှလုံးကို အပိုင်းပိုင်းခြေမွှဖျက်ဆီးပစ်လိုက်သည်။
ထို့နောက် စွေ့ဖန်က သူ့လက်ကို ခါချပြီး မည်သည့်သွေးမှမကျန်ရှိဘဲ ပြောင်ရှင်းသွားစေ၏။ စွေ့ဖန်သည် အယူဝါဒမိစ္ဆာများ၏ နှလုံးများကို ထိုးဖောက်ဆုတ်ဖြဲခြင်းဖြင့် လျင်မြန်စွာသတ်ဖြတ်နေသည်။
အဋ္ဌမထျန်းယန်၊ ကျားရှန်နှင့် တင်းချောင်တို့အားလုံးက ယွီရှုကျင့်ကြံမှုအဆင့်မှာ ရှိနေကြပြီး စွေ့ဖန်နှင့် ရမ္မက်ပြင်းပြင်းအမျိုးသမီးက ခွန်လွင်အဆင့်မှာရှိကြသည်။ ချီရွှမ်းစု ခွန်လွင်အဆင့်မှာ ရှိစဉ်တုန်းက ခွန်လွင်အဆင့်မှာပင်ဖြစ်သော လီစန်ရှင်းနှင့် အကြိတ်အနယ်တိုက်ခိုက်ခဲ့ရသည်။ သို့သော် ယွီရှုအဆင့်မှာရှိသော ကျုးကောယုံမင်က သူ့ကို သေလုမတတ်ထိုးကြိတ်ခဲ့လေသည်။ ထို့ကြောင့် ဤလူများက လွယ်ကူသောပြိုင်ဘက်များမဟုတ်ကြောင်း ပြသပေးနေပြီး ချီရွှမ်းစုက လျှော့မတွက်ပေ။
ဤရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် ယီရှန်မြို့မှာ လင်းရှန်စုန်းကဝေဂိုဏ်းဝင်များနှင့် တိုက်ခဲ့သောတိုက်ပွဲကို အသေးအမွှားဟု မဆိုနိုင်ပေ။ သို့သော် နတ်သက်ကြွေအင်မော်တယ် ကျန်းယွဲ့လုနှင့်မှ ကြုံတွေ့ရခြင်းသည် လင်းရှန်စုန်းကဝေဂိုဏ်းဝင်များအတွက် ကံဆိုးခြင်းသာဖြစ်သည်။
တာအိုဂိုဏ်းတော်မှာ ၆ လတာ အမှုထမ်းပြီးနောက် ရလာသော အကျိုးအမြတ်များဖြင့် ချီရွှမ်းစုသည် ကျူးကောယုံမင်နှင့် ရင်ဆိုင်ခဲ့ရစဉ်ကထက် များစွာပိုတိုးတက်လာခဲ့ပြီဖြစ်သည်။ ယခု သူက တင်းချောင်၏အသက်ကို အလွယ်တကူနှုတ်ယူလိုက်နိုင်၏။ ထို့ကြောင့် ပြောရမည်ဆိုလျှင် ချီရွှမ်းစု၏ ပါဝင်ပတ်သက်မှုသည် တည်းခိုခန်းထဲက လက်ရှိတိုက်ပွဲ၏ ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်သည်။
လူအမျိုးမျိုး ရောနှောပါဝင်နေသည့် ဖီးနစ်စိမ်းတပ်သားများကို သူ သိပ်ဂရုမစိုက်ပေ။ သူတို့ထဲမှာ လူများစွာကိုသတ်ဖြတ်ခဲ့သော ကျောက်ကွမ်းကျီနှင့် လင်းရှန်စုန်းကဝေဂိုဏ်းဝင်ဖြစ်သော လင်းကျန်းယွမ်လိုလူများရှိသော်လည်း ဝမ်ကျိချန်လို မှန်ကန်ဖြောင့်မတ်သောသူများလည်း ရှိနေပြန်သည်။
ဖီးနစ်စိမ်းတပ်သားများဖြစ်ရုံနှင့် သူတို့ကို လူဆိုးလူကောင်းဟု ချီရွှမ်းစုက ခွဲခြားသတ်မှတ်လိမ့်မည် မဟုတ်ပေ။
အလားတူစွာ အရင်တုန်းက ဖီးနစ်စိမ်းတပ်သားများစွာကို သတ်ဖြတ်ခဲ့သော ချီရွှမ်းစုကိုလည်း လူဆိုးဟု မဆိုနိုင်ပေ။ အရာရာတိုင်းက အခြေအနေပေါ် များစွာမူတည်နေသည်။
ထို့ကြောင့် ချီရွှမ်းစုက ဤဖီးနစ်စိမ်းတပ်သားများကို ကူညီဖို့ အစက အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။ လျှို့ဝှက်အသင်းအဖွဲ့များကို ချေမှုန်းသုတ်သင်ရာမှာ အင်ပါယာနန်းတော်နှင့် တာအိုဂိုဏ်းတော်ကြား ပဋိပက္ခများစွာမရှိသည့်အတွက် သူက ထျန်ကန်းခန်းမ၏ အမှုဆောင်တစ်ဦးဖြစ်နေဦးမည်ဆိုလျှင် ကူညီပေးပေလိမ့်မည်။
ပြဿနာမှာ ယခု ချီရွှမ်းစုက ထျန်ကန်းခန်းမ၏ အဆင့် ၆ အမှုဆောင်တစ်ဦးဆက်လက်၍ မဟုတ်တော့ပေ။ ယခု သူက ဝေဝူကွေ့နှင့် ရွှေသွန်းဓားဟူသော နာမည်တုနှစ်ခုဖြင့် လှုပ်ရှားသွားလာနေသည့် ချင်းဖျင်အသင်းဝင်တစ်ဦး ဖြစ်နေလေပြီ။ သူက ဖီးနစ်စိမ်းတပ်သားများကို မဆင်မခြင်ကူညီပေးမိလျှင် တန်ပြန်ရိုက်ခတ်မှုနှင့် နောက်မှ နောင်တရစရာများနှင့် ကြုံတွေ့ရနိုင်သည်။
သို့သော် အကျိုးအပြစ်ကို ခဏမျှချိန်ဆပြီးနောက် ချီရွှမ်းစုက ဖီးနစ်စိမ်းတပ်သားများကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်၏။ သူက ကောင်းကင်ဘုံနန်းတော်မှ တင်းချောင်ကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်သောကြောင့်ပင်။ ကောင်းကင်ဘုံနန်းတော်က အငြိုးအတေးကြီးသောအုပ်စုဖြစ်ပြီး သူတိုအားလုံးကို ချေမှုန်းသုတ်သင်ပစ်တာက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ နောက်ပြီး သူ တည်းခိုခန်းထဲကို စစချင်းဝင်လာတုန်းက သူ့ကို တစ်ယောက်တည်း အေးအေးဆေးဆေးနေခွင့်ပေးခဲ့သည့်အတွက် ဤဖီးနစ်စိမ်းတပ်သားများက အကျိုးသင့်အကြောင်းသင့်ရှိပုံရသည်။ တစ်ဘက်မှာတော့ ကောင်းကင်ဘုံနန်းတော်အဖွဲ့ဝင်များသည် သူ့ကိုစမ်းသပ်ကာ ခြိမ်ခြောက်လာခဲ့သည်။ တည်းခိုခန်းထဲမှာ ဖီးနစ်စိမ်းတပ်သားများရှိမနေဘဲ ဤအယူဝါဒမိစ္ဆာများနှင့် သူတစ်ယောက်တည်း ကြုံတွေ့ရမည်ဆိုလျှင် သူက အရေအတွက်ဖြင့် အနိုင်ကျင့်ခြင်းခံရပေလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့လျှင် သူတို့အားလုံးကို သူတစ်ယောက်တည်း အနိုင်ယူနိုင်မည်မဟုတ်ဘဲ သဲမုန်တိုင်းထဲမှာ အသက်လုကာ ထွက်ပြေးရနိုင်သည်။
ဤအချက်အလက်များကို စဉ်းစားရင်း ချီရွှမ်းစုက ဆက်လက်၍ တုံ့ဆိုင်းမနေတော့ပေ။ သူက လူဦးခေါင်းထပ် အနည်းငယ်သာပိုကြီးသော ပြတင်းပေါက်လေးကနေ ကျော်ဝင်ကာ ဧည့်ကြိုခန်းထဲကိုပြန်ရောက်လာသည်။ သူက ယွီရှုအဆင့် သာမန်ကိုယ်ခံပညာသိုင်းသမားတစ်ဦးအဖြစ် ဆက်လက်၍ ဟန်ဆောင်နေပြီး ကျားရှန်ကို တိုက်ခိုက်လိုက်၏။
ကျားရှန်၏ မျက်နှာပေါ်မှာ ထိတ်လန့်တကြားအမူအရာက ပေါ်ထွက်လာသည်။ သူက အော်ပြောလိုက်၏။
“တာအိုခွေးက လင်းယုန်ခြေသည်းတွေနဲ့ ပူးပေါင်းသွားပြီ”
ဤနေရာမှာ ကွေ့ကျန်းအဆင့်ကို ရောက်လုနီးပါး ကျားရှန်၏ ကျင့်ကြံမှုအဆင့်က ချီရွှမ်းစုနှင့် အဋ္ဌမထျန်းယန်တို့ထက် အနည်းငယ်ပိုသာနေ၏။
ချီရွှမ်းစု ကြားဖြတ်ဝင်ရောက်လာခြင်းအတွက် အဋ္ဌမထျန်းယန်က စိတ်ကွက်ခြင်းမရှိဘဲ သူ့ကို ကျေးဇူးတင်စကားလှမ်းပြောလိုက်သည်။
ချီရွှမ်းစုသည် ဝမ်ရှန်းတာအိုနန်းတော်ကနေ ထွက်လာပြီးနောက် တစ်ယောက်တည်း လှည့်လည်သွားလာခြင်းဖြင့် သူ၏အချိန်အများစုကို ကုန်ဆုံးစေခဲ့ရာ နိမ့်ကျသောဝေါဟာရ တာအိုခွေးနှင့် ရင်းနှီးပြီးသားဖြစ်သည်။ သူက ကျားရှန်၏ စော်ကားပြောဆိုမှုကို များစွာဂရုစိုက်ခြင်းမရှိဘဲ ရှေ့ကိုပစ်ထိုးကာ ပြိုင်ဘက်၏ လှုပ်ရှားကွက်များထဲ ဟာကွက်ကိုရှာဖွေနေ၏။
မှတ်မိလွယ်သော ဓားတိုချင်းယွမ်ကို အသုံးမပြုနိုင်သော်လည်း နတ်နဂါးပစ္စတိုနှင့် သာမန်ချပ်ဝတ်ဖောက်ကျည်ဆန်များနှင့်အတူ ကျားရှန်ကို ဒဏ်ရာအပြင်းအထန်ရရှိစေနိုင်သည်။
မည်သို့ပင်ဆိုစေ နတ်နဂါးပစ္စတိုကို နတ်ဘုရားလက်နက်တိုက်က ထုတ်လုပ်ပေးထားပြီး မှောင်ခိုဈေးကွက်ထဲမှာလည်း ရရှိနိုင်သည်။ ငွေကြေးတတ်နိုင်သောဘယ်သူမဆို အဲဒါကို ဝယ်ယူနိုင်သည့်အတွက် သံသယဝင်ခံရလိမ့်မည်မဟုတ်ပေ။
အဋ္ဌမထျန်းယန်နှင့် ကျားရှန်က တစ်ချိန်တည်းမှာ ရှေ့ကိုပြေးဝင်လာကြ၏။ အဋ္ဌမထျန်းယန်က ထိန်ချန်ထားခြင်းမရှိသည့် ကျားရှန်ကို ခေါက်ယပ်တောင်ဖြင့် ထိုးလိုက်၏။ ကျားရှန်က သူ့လက်ဖဝါးထဲမှ ချီကိုလှည့်ပတ်ပြီး အဋ္ဌမထျန်းယန်၏ ယပ်တောင်ကို တားဆီးလိုက်၏။ သူ့ရင်ဘတ်အား အဋ္ဌမထျန်းယန်ကို ဖြတ်ရိုက်ခွင့်ပေးပြီး သူက အဋ္ဌမထျန်းယန်၏ နဖူးကို ပစ်ထိုးလိုက်၏။
သူတို့နှစ်ယောက်က လူချင်းပြန်ကွာသွားကြသည်။ ကျားရှန်က အနည်းငယ်ယိမ်းထိုး၍ နေရာမှာတင် ရပ်ကျန်ခဲ့သော်လည်း အဋ္ဌမထျန်းယန်က ကြိုးပြတ်သွားသောစွန်လို နောက်ကိုစင်ထွက်သွား၏။ သူက တည်းခိုခန်း၏ ထောက်တိုင်ကို ကျောဖြင့်ပစ်ဆောင့်တိုက်ပြီး ထုပ်တန်းပေါ်ကနေ ဖုန်များ ကျဆင်းလာစေ၏။
ဤအချိန်မှာ ချီရွှမ်းစုက မြေပြင်ကို ပြင်းထန်စွာဆောင့်နင်းပြီး ခြေကန်အားဖြင့် ကျားရှန်ထံခုန်ဝင်သွား၏။ သူက ကျားရှန်နှင့် ဆယ်ပေအကွာအဝေးလောက် ရောက်ရှိသည့်အချိန်မှာ ရုတ်တရက် အရှိန်သတ်လိုက်သည်။ ခြေတစ်လှမ်းပင်နောက်ဆုတ်ပြီး သူ့ခန္ဓာက လေးကိုင်းလို ကွေးညွှတ်သွား၏။ ရှိသမျှအင်အားကိုထုတ်ဖော်ပြီး သူ့လက်သီးကို မြားတစ်စင်းလို ရှေ့သို့ပစ်ထုတ်လိုက်သည်။
ကျားရှန်က လက်နှစ်ဖက်ကိုယှက်ပြီး ချီရွှမ်းစု၏ လက်သီးကို ဖမ်းဆွဲကာ ရိုက်ခတ်မှုကို ကာဆီးလိုက်၏။ သို့သော်လည်း ထိုးချက်၏ ခွန်အားက သူ့ကို လဲကျသွားစေဆဲပင်။
ချီရွှမ်းစု၏ ထိုးချက်က စွေ့ဖန် သို့မဟုတ် ရမ္မက်ပြင်းပြင်းအမျိုးသမီးပေါ်သို့ ကျရောက်မည်ဆိုလျှင် သူတို့က ဒဏ်ရာအပြင်းအထန်ရရှိသွားပေလိမ့်မည်။ သို့သော် ကျားရှန်က လဲကျပြီးနောက် ချက်ချင်းဆိုသလို ပြန်ထလာ၏။ ထိုးချက်ကြောင့် အနည်းငယ်ဖြူဖျော့သွားသော သူ့မျက်နှာက စက္ကန့်အနည်းငယ်အတွင်း ပုံမှန်အတိုင်းပြန်ဖြစ်လာသည်။
ကျားရှန်၏ အင်္ကျီလက် လှုပ်ခါသွားသည်ကို ချီရွှမ်းစုက သတိထားမိလိုက်၏။ သူ့အင်္ကျီလက်ထဲကနေ မြွေစိမ်းတစ်ကောင်လို အစိမ်းရောင်အလင်းတစ်ခု ပစ်လွင့်လာ၏။
ချီရွှမ်းစုက အဲဒါကို သတိထားမိပြီးသားဖြစ်၍ ကြိုတင်ရှောင်တိမ်းလိုက်သော်လည်း ထက်ရှသောအစိမ်းရောင်အလင်းက သူ့လည်ပင်းကို ပွတ်တိုက်သွားဆဲဖြစ်၏။ သွေးစတချို့က စီးကျလာ၏။ ချီရွှမ်းစု၏ တစ်မူထူးခြား ကိုယ်ကာယကြောင့်မဟုတ်လျှင် သူက ဒဏ်ရာအပြင်းအထန်ရရှိသွားပေလိမ့်မည်။
အစိမ်းရောင်အလင်းက ချီရွှမ်းစုထံ နောက်တစ်ဖန်ပြန်လှည့်ဝင်လာ၏။ ကံကောင်းစွာဖြင့် ချီရွှမ်းစုက ဤတစ်ခေါက်မှာ သတိကပ်ထားသည်။ အရေးကြီးဆုံးအချိန်မှာ သူက နတ်နဂါးပစ္စတိုကိုထုတ်ပြီး အစိမ်းရောင်အလင်း၏ အလည်တည့်တည့်ကိုပစ်ခတ်ကာ ၎င်းကို ရပ်တန့်သွားစေ၏။
အစိမ်းရောင်အလင်း၏ အစစ်အမှန်ပုံသဏ္ဌာန်က နောက်ဆုံးမှာ ပေါ်ထွက်လာသည်။ ယင်းက ချီသန့်စင်သူတစ်ဦး၏ ဓားပျံဖြစ်၏။
ချီရွှမ်းစုက ဒဏ်ရာကိုလက်ဖြင့်စမ်းပြီး တည်တံ့သောအမူအရာဖြင့် သေးငယ်သောဓားပျံကို မျက်စိမှေးကာ ကြည့်နေ၏။
ကောင်းကင်သက်ရှိမဟုတ်သောဘယ်သူမဆို ချီသန့်စင်သူတစ်ဦး၏ ဓားပျံကို ချိုးနှိမ်ဖို့ အခက်တွေ့ရပေလိမ့်မည်။ အထူးသဖြင့် ဓားပျံက အရည်အသွေးကောင်းနေစဉ်မှာဖြစ်၏။
ကျားရှန်လှုပ်ရှားသည်ကို ဘယ်သူကမှမမြင်ရသော်လည်း အစိမ်းရောင်ဓားက ချီရွှမ်းစုကို ဆက်လက်၍လှည့်ပတ်နေ၏။ ၎င်းက အတော်လေးမြန်ဆန်လာပြီး တရိပ်ရိပ်အစိမ်းရောင်အလင်းကိုသာ တွေ့မြင်ရတော့သည်။
ဓားပျံက ချီရွှမ်းစုနောက်ကို တောက်လျှောက်လိုက်နေပြီး သူက ပေါ့ပေါ့ဆဆ မပြုမူရဲပေ။ ဓားပျံကိုဖမ်းဆွဲဖို့ အကြိမ်များစွာကြိုးစားခဲ့သော်လည်း ကြိုးစားမှုအားလုံးက မအောင်မြင်ခဲ့ပေ။ ထိုအစား ဓားပျံက သူ့လက်ပေါ်မှာ ဒဏ်ရာများစွာကို ကျန်ရစ်ခဲ့စေ၏။ ရုတ်တရက် ချီရွှမ်းစုက နောက်ကိုလှန်ချလိုက်၏။ အစိမ်းရောင်အလင်းက ဖျတ်ခနဲလက်ပြီး သူ့နဖူးမှာ ဒဏ်ရာတစ်ခုချန်၍ သူ၏ဆံစတစ်ခွေကို ပြတ်ကျသွားစေ၏။
ချီရွှမ်းစုက အရမ်းကာရောမတိုက်ခိုက်သေးဘဲ အချိန်သင့်အခါသင့်ကို စောင့်ဆိုင်းနေ၏။ ဓားပျံထိန်းချုပ်ရာလမ်းကြောင်းကို သူ တွက်ဆနိုင်သည်နှင့် တိုက်ခိုက်ပေလိမ့်မည်။၊
ခဏကြာပြီးနောက် ချီရွှမ်းစုက လှုပ်ရှားမှုပြုလုပ်လိုက်၏။ ဓားပျံကို သူ့လက်ဖဝါးအားထိုးဖောက်ခွင့်ပေးပြီး ၎င်းကို အရှိန်သတ်စေကာ လက်ညှိုးဖြင့် ပစ်ထိုးလိုက်၏။
သူ့လက်ညှိုးက လေထဲမှာ တန်းလန်းဖြစ်နေသည်ဟု ထင်ရသော်လည်း သတ္တုနှင့်ကျောက်တုံးထိခတ်သလို ပြင်းထန်ကြမ်းတမ်းသည့်အသံက ထွက်ပေါ်လာ၏။
ဓားပျံကနေ ခပ်စူးစူးအသံထွက်၍ ၎င်းက ကျားရှန်ဘက်ကို စင်ထွက်သွား၏။ ဓားပျံရပ်တန့်သွားသည့်အချိန်မှာ ၎င်း၏ ဘေးပတ်လည်ရှိ ဓားချီကလည်း သိသိသာသာ မှေးမှိန်သွား၏။
ချီရွှမ်းစုက ခေါင်းငုံ့၍ ပြန်လည်ကုသနိုင်းစွမ်းဖြင့် ဖြည်းဖြည်းချင်း သက်သာလာနေသော သူ့လက်ဖဝါးက အပေါက်ကို တစ်ချက်ကြည့်လိုက်၏။
တစ်ယောက်ယောက်က သူ့ဓားပျံထိန်းချုပ်နည်းစနစ်ကို ထွင်းဖောက်မြင်သွားလိမ့်မည်ဟု ကျားရှန်လုံးဝထင်မှတ်မထားခဲ့ပေ။ သူက ခဏမျှမှင်တက်ပြီးနောက် လှောင်ရယ်လိုက်၏။
“ကောင်းလိုက်တဲ့လှည့်ကွက်… မင်းက ငါ့ရဲ့ဓားပျံကိုချိုးဖျက်နိုင်ရင်တောင် မင်းလက်ဖဝါးထဲက မရီးဒါန်တွေက အခု ကြေမွသွားပြီ… ငါ့ရဲ့ဓားပျံ အရှိန်ပြန်ရလာတာနဲ့ မင်းမှာ လက်ဘယ်နှဖက် အပိုရှိမလဲ ကြည့်ရသေးတာပေါ့”
ချီရွှမ်းစုက မှင်သေသေဖြင့်ပြောလိုက်၏။
“သိပ်ပြီးတော့ အူမြူးမနေနဲ့ မင်းဓားပျံက ခဏတဖြုတ်နဲ့ အရှိန်ပြန်ရမှာမဟုတ်ဘူး… ထိုက်ဖျင်ဂိုဏ်းက ပင်မတပည့်တွေမှာတောင် ဓားပျံနှစ်လက်ရှိမှာမဟုတ်ဘူး… မင်းမှာ တစ်လက်ရှိတာ ကံကောင်းနေပြီ”
သူက ဆက်လက်၍ မပြောဆိုတော့ဘဲ ဒဏ်ရာမရှိသော သူ့လက်ကို ဆတ်ခနဲဆုပ်ကာ ကျားရှန်၏နဖူးကို ပစ်ထိုးလိုက်သည်။ လက်သီးချက်၏ လေအဟုန်က ကျားရှန်၏ ဆံပင်များကို နောက်လန်ကျသွားစေသည်။
သို့သော် သူ့လက်သီးက ကျားရှန်၏ နဖူးနှင့် အနည်းငယ်သာကွာတော့သည့်အချိန်မှာ ကျားရှန်က နောက်ကိုခုန်ဆုတ်၍ ထိုးချက်ကို ပွတ်ကာသီကာရှောင်တိမ်းလိုက်၏။
ဤအချိန်မှာ အဋ္ဌမထျန်းယန်က ကျားရှန်၏ နောက်မှာပေါ်လာပြီး လခြမ်းကွေးဓားသွားနှင့်ဆင်တူသော သူ့ခေါက်ယပ်တောင်ကို ဖြန့်လိုက်သည်။
ယခုတင် ဟန်ချက်ထိန်းလိုက်သော ကျားရှန်၏ မျက်နှာက ရုတ်တရက် ဖြူဖပ်ဖြူရော်ဖြစ်သွား၏။ သူက အောက်ကို ဖြည်းဖြည်းချင်းငုံ့ပြီး သူ့ခါးမှာ ပေါ်ထွက်လာသည့် အနီရောင်မျဉ်းကြောင်းကိုကြည့်လိုက်၏။
အဋ္ဌမထျန်းယန်က တည်ငြိမ်စွာဖြင့် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။
ခဏနေပြီးနောက် ကျားရှန်၏ ခန္ဓာကိုယ်အပေါ်ပိုင်းက ခါးလယ်ကနေပြတ်ကျပြီး ဝမ်းလျားထိုးနေ၏။ သို့သော် သူ့ခန္ဓာကိုယ်အောက်ပိုင်းက မလှုပ်မယှက် ရပ်လျက်ကျန်ခဲ့သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးက လခြမ်းကွေးလွှသွားဓားဖြင့် နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရသည်။