← Chapters

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄

Vol. 20 Ch. 194

အခန်း ၁၉၄ - တာအိုဆရာဟောင်း

အယူဝါဒမိစ္ဆာများ၏ ခေါင်းဆောင် ကျားရှန်သေဆုံးသွားသည်နှင့် ကောင်းကင်ဘုံနန်းတော်၏ ကျန်ရှိနေသောအဖွဲ့ဝင်များက ချက်ချင်းပင် ထွက်ပြေးကုန်ကြ၏။ ကံဆိုးစွာပင် အပြင်ဘက်မှာ သဲမုန်တိုင်းရှိနေပြီး သူတို့မှာ ထွက်ပြေးစရာနေရာမရှိပေ။ သူတို့က အသေခံပြန်တိုက်ခိုက်မလား သို့မဟုတ် အသာတကြည်အသတ်ခံမလားသာ ရွေးချယ်စရာရှိတော့သည်။

ဖီးနစ်စိမ်းတပ်သားများကလည်း သနားညှာတာမှုမပြကြပေ။ သူတို့၏ ရဲဘော်ရဲဘက်များ သတ်ဖြတ်ခံခဲ့ရသောကြောင့် သူတို့က ဤအယူဝါဒမိစ္ဆာများကို အသက်နှင့်ပြန်ပေးဆပ်စေလိုသည်။

အဋ္ဌမထျန်းယန်က အော်ဟစ်အမိန့်ပေးလိုက်သည်။

“သူတို့အားလုံးကို သတ်ကြ”

ထိုသို့ပြောပြီးနောက် အဋ္ဌမထျန်းယန်က သူ၏ ခေါက်ယပ်တောင်ကိုဖြန့်ပြီး ရှေ့ကိုခုန်တက်လိုက်၏။ လခြမ်းကွေးလွှသွားဓားက တဖျတ်ဖျတ်လက်၍ မှောင်ရိပ်ကျနေသော ဧည့်ကြိုခန်းကို ချက်ချင်းပင် လင်းထိန်သွားစေ၏။ အဋ္ဌမထျန်းယန် ပြန်ပေါ်လာသည်နှင့် အယူဝါဒမိစ္ဆာတစ်ဦး၏ ခန္ဓာကိုယ်က နှစ်ပိုင်းပြတ်ကျသွား၏။

လခြမ်းကွေးလွှသွားဓားက မြန်ဆန်လွန်း ထက်ရှလွန်းပြီး ဤကောင်းကင်ဘုံနန်းတော်အဖွဲ့ဝင်များက နာကျင်မှုကို ချက်ချင်းမခံစားရပေ။ မြေပြင်ကနေပြန်ကျုံးထချင်သည့်အခါမှသာ သူတို့၏ ခန္ဓာကိုယ်အောက်ပိုင်းက နေရာမှာတင် မတ်တတ်ရပ်နေသေးသည်ကို တုန်လှုပ်စွာဖြင့် တွေ့မြင်လိုက်ရ၏။

ခဏနေပြီးနောက် သေအံ့ဆဲဆဲ အယူဝါဒမိစ္ဆာများ၏ အော်ဟစ်သံများက တည်းခိုခန်းထဲမှာ ပွက်ပွက်ညံသွားသည်။

ရမ္မက်ပြင်းပြင်းအမျိုးသမီး၏ မျက်ရစ်က အနည်းငယ်လှုပ်သွား၏။ တစ်ခါတစ်လေမှာ မြန်မြန်ဆန်ဆန်သေဆုံးခြင်းသည် ဤအယူဝါဒမိစ္ဆာများအတွက် သနားညှာတာမှုတစ်မျိုးဟု ဆိုနိုင်သည်။

အဋ္ဌမထျန်းယန်က လက်တစ်ဖက်ကိုနောက်ပစ်ထားပြီး ခေါက်ယပ်တောင်ကို ရှေ့မှာကိုင်ထား၏။ ယပ်တောင်က စွန်းထင်းခြင်းမရှိသော်လည်း သူ့ခြေရင်းမှာ သွေးများက အိုင်ထွန်းနေလေသည်။

သွေးသံရဲရဲဤမြင်ကွင်းမှာ လုံးဝမဖြုံဘဲ ချီရွှမ်းစု၏ မျက်နှာက မှင်သေသေဖြင့်ရှိနေသည်။

ချင်းဖျင်အသင်းကို သူဝင်ရောက်သည့်ပထမဆုံးနေ့က အစစ်အမှန်လောကသည် ကြမ်းတမ်းသောနေရာတစ်ခုဖြစ်ကြောင်း အစ်မချီက ပြောပြခဲ့သည်။ သူက မည်သူ့ကိုမဆို လူကောင်းတစ်ယောက်ဟု မသတ်မှတ်သင့်ပေ။ ထိုစကားက အငြင်းပွားဖွယ်ရာဖြစ်သည်ဟု ခံစားမိသော်လည်း အဲဒါကို ငြင်းဆန်ဖို့ သင့်တော်သည့် အကြောင်းပြချက်ရှာမတွေ့ဘဲ လက်ခံခဲ့ရသည်။

ချီရွှမ်းစုက လူသတ်ရသည်ကို သဘောမကျသော်လည်း သတ်ဖြတ်ဖို့ လိုအပ်လာသည့်အခါမှာ ဘယ်တုန်းကမှ တွေဝေတုံ့ဆိုင်းမနေခဲ့ပေ။ လူအများစုသည် ကိုယ်ကျင့်တရားထက် ဩဇာအာဏာကို ပို၍ကြောက်ရွံ့ကြသည်။ သူတို့က ကြင်နာမှုကို မှတ်ထားမည့်အစား အငြိုးအတေးများကိုသာ ကိုင်စွဲထားလိုကြသည်။

ဖီးနစ်စိမ်းတပ်ဖွဲ့ကို သူကူညီဖို့ ဆုံးဖြတ်ခဲ့သည်ဆိုမှတော့ ဤအယူဝါဒမိစ္ဆာများကို အမြစ်ပြတ် ရှင်းလင်းရပေမည်။ ဤမြင်ကွင်းကိုကြည့်ပြီး သူတို့မှာ ထွက်လမ်းမရှိတော့သည်ကို ကောင်းကင်ဘုံနန်းတော်မှ ကျန်ရှိနေသော အဖွဲ့ဝင်များက သိရှိလိုက်ကာ အသေခံတိုက်ရန် အဋ္ဌမထျန်းယန်ထံ ပြေးဝင်လာကြသည်။

အဋ္ဌမထျန်းယန်က ရက်စက်ကြမ်းတမ်းသလို ကောင်းကင်ဘုံနန်းတော်မှ ဤလူများကလည်း လက်သင်များမဟုတ်ကြပေ။ အထူးသဖြင့် သတ်မလား အသေခံမလား အခြေအနေမှာ သူတို့က ပို၍ ရက်စက်ပြတ်သားလာကြသည်။ ဆက်လက်၍ ထိန်ချန်ထားခြင်းမရှိတော့ဘဲ အစွမ်းကုန်ထုတ်ဖော်ကာ တိုက်ခိုက်လိုက်ကြ၏။

ခွန်အားကွာဟချက်က သိပ်ပြီးမကြီးမားဘူးဆိုလျှင် သူတို့၏ တဇွတ်ထိုးအားထုတ်မှုက အသုံးဝင်ကောင်းဝင်ပေလိမ့်မည်။ သို့သော် ကွာဟချက်က ကြီးမားနေပြီး သူတို့က မြန်မြန်ဆန်ဆန်သေရရုံသာ ရှိပေလိမ့်မည်။

အဋ္ဌမထျန်းယန်က ပေါ့ပေါ့ပါးပါးလှုပ်ရှားပြီး လက်ထဲက ခေါက်ယပ်တောင်နှင့် သူတို့ကို တစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်နေ၏။

ရမ္မက်ပြင်းပြင်းအမျိုးသမီးက နောက်ဆုံးမှာ ဆက်လက်၍ သည်းမခံနိုင်တော့ပေ။ အဋ္ဌမထျန်းယန်က လူတစ်ယောက်ကို ခေါင်းဖြတ်သတ်ပြီးနောက် သူ့လက်ကိုပြန်ရုပ်လိုက်စဉ် အမျိုးသမီးက အဋ္ဌမထျန်းယန်၏ လည်ပင်းကို ချည်မျှင်ဖြင့်ချိန်ရွယ်ကာ ရှေ့သို့ ရုတ်တရက် ခုန်ဝင်လိုက်၏။

အဋ္ဌမထျန်းယန်က သူ့ခေါက်ယပ်တောင်ကိုစုပြီး ညင်သာစွာလှည့်ကာ အမျိုးသမီး၏ ချည်ကို ရစ်ပတ်လိုက်၏။

အမျိုးသမီးက ချည်မျှင်ကို ခက်ခက်ခဲခဲပြန်ဆွဲယူသော်လည်း အချည်းနှီးသာဖြစ်သည်။ အဋ္ဌမထျန်းယန်က အမျိုးသမီး၏ရင်ဘတ်ကို ခေါက်ယပ်တောင်ဖြင့် ပစ်ထိုးလိုက်၏။ ဤသည်ကိုကြည့်ပြီး အမျိုးသမီးက သူမ၏ ချည်မျှင်ကို ပြန်ဆွဲမယူတော့ဘဲ နောက်သို့ခုန်ဆုတ်လိုက်၏။ သို့သော် အဋ္ဌမထျန်းယန်က ထက်ကြပ်မကွာလိုက်ပါလာပြီး သူမကို လက်ဖဝါးဖြင့် ပစ်ရိုက်ချလိုက်၏။

ရင်ဘတ်တည့်တည့်ကို အရိုက်ခံလိုက်ရသောအမျိုးသမီးက ပေတစ်ရာလောက်စင်ထွက်သွား၏။ ကြမ်းပြင်ပေါ်ကိုကျပြီးနောက် သူမ၏ ပါးစပ်ထဲကနေ သွေးများစီးကျလာသည်။ သူမ အသက်ရှိသေးသလား သေပြီးလား မသိရပေ။

တစ်ချိန်တည်းမှာ စွေ့ဖန်သည် ကျန်ရှိနေသော ဖီးနစ်စိမ်းတပ်သားများကို ဦးဆောင်ပြီး ကျန်ရှိနေသော အယူဝါဒမိစ္ဆာများကို လိုက်လံသတ်ဖြတ်နေ၏။ ခဏနေပြီးနောက် ဧည့်ကြိုခန်းက အလောင်းများဖြင့်ပြန့်ကျဲ၍ သွေးနံ့က ဟောင်ထွက်လာသည်။

ဖီးနစ်စိမ်းတပ်သားတစ်ဦးက ညွှန်ကြားချက်တောင်းခံလိုက်သည်။

“ဆိုင်ရှင်ကို ဘယ်လိုလုပ်ရမလဲ”

စွေ့ဖန်က လက်မြှောက်ပြီးပြောလိုက်သည်။

“သူတို့တွေက သာမန်ပြည်သူတွေပဲ... ငါတို့က အပြစ်မရှိတဲ့သူတွေကို လက်လွှတ်စပါယ်မထိခိုက်စေသင့်ဘူး... သူတို့ကို လျော်ကြေးအနေနဲ့ ထိုက်ဖျင်ဒင်္ဂါးတစ်ဆယ်ပေးလိုက်”

“ကောင်းပါပြီ”

ဖီးနစ်စိမ်းတပ်သားက လျင်မြန်စွာတုံ့ပြန်လိုက်၏။

အဋ္ဌမထျန်းယန်က နောက်ဆက်တွဲကို ဂရုမိုက်တော့ဘဲ လက်နှစ်ဖက်ယှက်ကာ ချီရွှမ်းစုကို ဦးညွှတ်လိုက်၏။

“အခုလို ကူညီပေးတာကျေးဇူးတင်ပါတယ်”

ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။

“ဒီအယူဝါဒမိစ္ဆာတွေကိုသတ်ဖြတ်ရမှာ ကျုပ်တို့ရဲ့တာဝန်ပဲလေ”

“ခင်ဗျားက တာအိုဂိုဏ်းတော်ကလား...”

အဋ္ဌမထျန်းယန်က မေးလိုက်၏။

ချီရွှမ်းစုက ခေါင်းခါပြီး ပြန်ဖြေလိုက်၏။

“ကျုပ်... ဟုတ်ခဲ့ဖူးတယ်... အခုတော့ လေလွင့်နေသူတစ်ဦးပါပဲ”

ဤအချိန်မှာ သူသေဆုံးသွားပြီဟု အားလုံးက ယူဆထားသောကြောင့် သူ၏ အဆင့်နှင့်ရာထူးကို ဖြုတ်ချထားလိမ့်မည်ဟု ချီရွှမ်းစုတွေးလိုက်၏။ တကယ်တော့ သူ မသိသည်မှာ ကျန်းယွဲ့လုသည် ဝေဟင်ပျံသင်္ဘောပျက်ကျပြီးနောက် သူ့ကို သေဆုံးစာရင်းအစား ပျောက်ဆုံးစာရင်းသာ သွင်းထားလေသည်။

အဋ္ဌမထျန်းယန်ကလည်း တာအိုဂိုဏ်းတော်၏ စည်းမျဉ်းစည်းကမ်းများကို သိရှိထားပြီး ပြောလိုက်၏။

“ကျုပ် သဘောပေါက်ပြီ... ဘယ်လိုပဲဖြစ်ဖြစ် အခုလို ကူညီပေးတာ ကျေးဇူးတင်ရပါတယ်... ဒါနဲ့ ခင်ဗျားနာမည်ကို မသိရသေးဘူးနော်”

“ကျုပ်နာမည်က ဝေဝူကွေ့”

ချီရွှမ်းစုက မေးလိုက်၏။

“ဒါနဲ့ ကောင်းကင်ဘုံနန်းတော်က ဒီလူတွေက ယုံကျိုးကို ဘာလာလုပ်တာလဲ... သူတို့ရဲ့ အခြေစိုက်စခန်းက လင်းနန်မှာရှိတာမဟုတ်ဘူးလား”

အဋ္ဌမထျန်းယန်က တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။

“လင်းယုန်နဲ့ခွေး သတ်ဖြတ်ခြင်းအစည်းအဝေးကြောင့် သူတို့ရောက်လာတာလို့ထင်တယ်။”

All Chapters