အခန်း ၁၉၅
Vol. 20 Ch. 195
အခန်း ၁၉၅ - ညခင်းစကားပြောခြင်း
“လင်းယုန်နဲ့ခွေး သတ်ဖြတ်ခြင်းအစည်းအဝေးတဲ့လား”
ချီရွှမ်းစုက ဤဝေါဟာရကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ လမ်းဘေးဘန်းစကားများက အမြဲတမ်းပြောင်းလဲနေပြီး လအနည်းငယ်ကြာ ကင်းကွာပြီးနောက် သူက လိုက်မမီတော့သလို ခံစားရသည်။
“ညီအစ်ကိုဝေ... မင်းအဲဒါကို မကြားဖူးဘူးလား”
အဋ္ဌမထျန်းယန်က ဆက်ပြောလိုက်၏။
“လင်းယုန်နဲ့ခွေး သတ်ဖြတ်ခြင်းအစည်းအဝေးကို ရှီဖျင်စီရင်စုမှာ လုပ်ကြလိမ့်မယ်... သူရဲကောင်းတွေအားလုံး တက်ရောက်သင့်တယ်လို့ သူတို့က ကြေညာထားတယ်... ဒါပေမဲ့ အဲဒီလူတွေက သူရဲကောင်းတွေ မဟုတ်ဘူး... သူတို့က ပရမ်းပတာ ရာဇဝတ်သားတွေပဲ”
ချီရွှမ်းစုက ခဏမျှ တွေဝေနေပြီးနောက် ခန့်မှန်းလိုက်၏။
“လင်းယုန်နဲ့ခွေး သတ်ဖြတ်ခြင်းအစည်းအဝေးဆိုတော့… ဆိုလိုတာက…”
အဋ္ဌမထျန်းယန်က ခေါင်းညိတ်ပြလိုက်၏။
“လင်းယုန်ဆိုတာက အင်ပါယာနန်းတော်ကို ပြောတာ... ခွေးက တာအိုဂိုဏ်းတော်ကို ပြောတာပဲ... အဲဒီအစည်းအဝေးမှာ ပါဝင်တက်ရောက်မယ့် လူအများစုက လင်းရှန်စုန်းကဝေဂိုဏ်း၊ ကံကြမ္မာအယူဝါဒဂိုဏ်းနဲ့ ကျီကွမ်းအသင်းအပါအဝင် လျှို့ဝှက်အသင်းအဖွဲ့ဝင်တွေပဲ”
ချီရွှမ်းစုက ခဏမျှ ပြောစရာစကား ပျောက်ဆုံးသွားပြီးနောက် မေးလိုက်၏။
“သူတို့ ဘယ်လိုတောင် သတ္တိကောင်းနေတာလဲ... ဒါပေမဲ့ သူတို့က ရှီဖျင်စီရင်စုကို ဘာလို့ ရွေးချယ်တာလဲ”
အဋ္ဌမထျန်းယန်က ဖြေပေးလိုက်၏။
“ရှီဖျင်စီရင်စုက ခွန်လွင်ဘိုးဘေးကျောင်းတော်နဲ့ သိပ်မဝေးဘူး... အဲဒီအုပ်စုက သူတို့ဘာလုပ်နေလဲဆိုတာကို သိတယ်... ညီအစ်ကိုဝေ... တာအိုဂိုဏ်းတော်ရဲ့ လက်ရှိအခြေအနေကို မင်းလည်း သိမှာပေါ့... လက်ထောက်မဟာအကြီးအကဲသုံးဦးကြောင့် ကျောက်စိမ်းနေပြည်တော်မှာ ရေအောက်စီးကြောင်းတွေက ဗြောင်းဆန်လာပြီ... ခွန်လွင်တာအိုစံအိမ်က သူတို့ရဲ့တပ်တွေကို စုထားပြီး အနောက်ဘက်ဒေသ တာအိုစံအိမ်ကလည်း နတ်ဆရာဂိုဏ်းနဲ့ စစ်ဖြစ်နေတယ်”
“အဲဒါကြောင့် တာအိုစံအိမ်နှစ်ခုက လူသူအင်အား လျော့ကျနေတယ်... အဲဒါကြောင့်ပဲ သူတို့က တာအိုဂိုဏ်းတော်ကို ရန်သွားမစသရွေ့ ဟိုက သူတို့ကို အရေးမလုပ်အားဘူးဆိုတာ အဲဒီလျှို့ဝှက်အသင်းအဖွဲ့တွေက သိထားကြတယ်”
ချီရွှမ်းစုက ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီး ပြောလိုက်၏။
“ဒါဆို ခင်ဗျားတို့ကလည်း ရှီဖျင်စီရင်စုကို သွားမှာပေါ့”
အဋ္ဌမထျန်းယန်က ခေါင်းညိတ်ပြလိုက်၏။
“ယုံကျိုး ဒုစစ်ကဲရုံးက အပြောင်းအလဲတချို့ကြောင့် ယုံကျိုး၊ လျန်ကျိုးနဲ့ ရှုကျိုး ဒုစစ်ကဲရုံးတွေက အဲဒီကိစ္စကို ပူးပေါင်းတာဝန်ယူဖို့ အင်ပါယာသက်တော်စောင့်ရုံးက အမိန့်ထုတ်ပြန်ထားတယ်... ကျုပ်က ရှီဖျင်စီရင်စုက အခြေအနေကို စုံစမ်းစစ်ဆေးဖို့ အမိန့်နဲ့ရောက်လာတာ... ဒါပေမဲ့ လမ်းတစ်ဝက်မှာတင် ကောင်းကင်ဘုံနန်းတော်က ဒီမိစ္ဆာအုပ်စုနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ထင်မထားဘူး”
ဖီးနစ်စိမ်းတပ်ဖွဲ့၏ တပ်မှူးကြီးများအားလုံးက ဒုစစ်ကဲရုံးမှာ တာဝန်ထမ်းဆောင်ကြခြင်း မဟုတ်ပေ။ တစ်ခါတလေမှာ တပ်မှူးကြီးတစ်ဦးသည် နေရာအနှံ့ ပြန့်ကျဲနေသော တပ်မှူးရုံး တစ်ရုံးရုံးမှာ တာဝန်ယူထားတတ်ကြသည်။ ထို့ကြောင့် အဋ္ဌမထျန်းယန်တို့အုပ်စုက ဆားကန်ကို ဖြတ်လာသည်မှာ ယုတ္တိတန်လေသည်။
ချီရွှမ်းစုက အဋ္ဌမထျန်းယန်နှင့် အခြားသူများ၏ အရာရှိဝတ်စုံများကို လက်ညှိုးထိုးပြလိုက်၏။
“ခင်ဗျားတို့က ရုပ်ဖျက်ပြီးတော့ မသွားကြဘူးနဲ့တူတယ်”
အဋ္ဌမထျန်းယန်က ခေါင်းညိတ်ပြလိုက်သည်။
“အထူးသဖြင့် ဂိတ်တွေကိုဖြတ်တဲ့အခါ ဒါမှမဟုတ် တည်းခိုခန်းတွေမှာ တည်းခိုတဲ့အခါ အရာရှိဝတ်စုံနဲ့က ခရီးသွားလာရ ပိုပြီးတော့ အဆင်ပြေတယ်... ငါတို့က ရှီဖျင်စီရင်စုကို ရောက်ပြီးမှ အရပ်ဝတ်ပြောင်းဝတ်ဖို့ စီစဉ်ထားတယ်”
အဋ္ဌမထျန်းယန်က ခနဲ့တဲ့တဲ့အပြုံးနှင့် ပြောလိုက်၏။
သူတို့ စကားပြောဆိုနေစဉ် ဆိုင်ရှင်က ကြမ်းပြင်ပေါ်က သွေးများကို ဂရုစိုက်ပုံမရဘဲ နောက်ဖေးဘက် မီးဖိုခန်းထဲကနေ ထွက်လာပြီဖြစ်သည်။ သူက အမဲနှပ်ပန်းကန်ကို ကိုင်ပြီး ကောင်တာပေါ် တင်လိုက်၏။
“လူကြီးမင်း... ခင်ဗျားမှာထားတဲ့ အမဲသား ရပါပြီ”
“ဒါဆို ကျေးဇူးပြုပြီး ကျုပ်ကို သွားခွင့်ပြုပါဦး”
ချီရွှမ်းစုက ခွင့်တောင်း၍ ကောင်တာဆီသွားကာ အမဲနှပ်ပန်းကန်နှင့် အခန်းသော့ကို ယူလိုက်သည်။ ထို့နောက် သူက ဒုတိယထပ်မှာရှိသော အိပ်ခန်းသို့ တန်းသွားလိုက်၏။
အိပ်ခန်းမှာ ကုတင်တစ်လုံးနှင့် စားပွဲတစ်လုံးသာ ရှိပြီး အတော်လေး သေသပ်၍ ရိုးရှင်းလေသည်။ ချီရွှမ်းစုက စားပွဲကို ဆွဲယူ၍ ကုတင်ပေါ်မှာ ထိုင်ပြီး အသားစားကာ ဖြည်းဖြည်းချင်း အရက်သောက်နေ၏။
သူက သောက်ရင်း ကျန်းယွဲ့လုအကြောင်းကို တွေးမိလာသည်။
သူ အခုလောက်ဆို ကျောက်စိမ်းနေပြည်တော်ကို ပြန်ရောက်သွားလောက်ပြီ… အခုနေ သူ ဘာတွေများ လုပ်နေမလဲ… သူ ပူဆွေးဝမ်းနည်းမှုကို ဖြေဖျောက်ဖို့ သောက်နေမလား… ဒါမှမဟုတ် ရုံးကိစ္စတွေနဲ့ အလုပ်များနေမလား…
အဋ္ဌမထျန်းယန်က ဧည့်ကြိုခန်းထဲမှာ ဆက်ထိုင်နေ၏။ ဖီးနစ်စိမ်းတပ်သားတစ်ဦးက ကောင်တာဆီသွားပြီး ခေါက်လိုက်၏။ ဆိုင်ရှင်မိန်းမ ထရပ်လာသောအခါ တပ်သားက ထိုက်ဖျင်ဒင်္ဂါး တစ်ဆယ်ကို တင်ပေးလိုက်သည်။ ကျန်ရှိနေသော တပ်သားများက အလောင်းများကို ခြံဝင်းထဲသို့ သယ်ထုတ်သွားကြသည်။ တံခါးဖွင့်လိုက်သည့်အချိန်မှာ ပြင်းထန်ကြမ်းတမ်းသော လေက သဲများနှင့်အတူ ဧည့်ကြိုခန်းထဲကို ဝင်ရောက်လာ၏။ သို့သော် တစ်ညလုံး သွေးနံ့ဟောင်နေတာထက်စာလျှင် ယခုလို လုပ်သည်က ပိုကောင်းသည်။
နောက်တစ်နေ့မှာ သဲမုန်တိုင်းက ရပ်တန့်သွားသည်။ တံခါးအပြင်ဘက်မှာ သဲများက ပုံထပ်နေပြီဖြစ်၏။ ပစ်ထုတ်ထားသော အလောင်းများက တောင်ပို့ငယ်များနှင့် တူနေသည်။ ဖီးနစ်စိမ်းတပ်သားများက အလောင်းများကို တည်းခိုခန်းကနေ ဝေးရာသို့ ဆွဲထုတ်သွားပြီးနောက် တွင်းနက်နက်တစ်တွင်းတူးကာ သူတို့ကို မြှုပ်နှံလိုက်သည်။
အဋ္ဌမထျန်းယန်က သူတို့နှင့်အတူ ရှီဖျင်စီရင်စုကို လိုက်ခဲ့ဖို့ ချီရွှမ်းစုကို ဖိတ်ခေါ်လိုက်၏။ ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် ချီရွှမ်းစုက သဘောတူလက်ခံလိုက်သည်။ အဋ္ဌမထျန်းယန်က သူ့ကို မြင်းတစ်ကောင်ပင် ပေးလိုက်၏။ တစ်ရက်ကြာ မြင်းစီးပြီးနောက် သူတို့က နောက်ဆုံး ဆားကန်ဧရိယာကနေ ထွက်လာကြသည်။
ညရောက်သည့်အခါ ဖီးနစ်စိမ်းတပ်သားများက မီးပုံတစ်ခုဖို၍ စခန်းချလိုက်ကြ၏။ ချီရွှမ်းစုက ဤကဲ့သို့သော အရာများနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပြီး ဒဏ်ရာရရှိနေသော ဖီးနစ်စိမ်းတပ်သားများကို ကူညီ၍ ရွက်ဖျင်တဲများ ထိုးပေးလိုက်သည်။ သို့သော်လည်း သူက ရွက်ဖျင်တဲထဲမှာ မနေဘဲ သူ၊ အဋ္ဌမထျန်းယန်နှင့် စွေ့ဖန်က မီးပုံဘေးမှာ ထိုင်၍ ကင်းစောင့်ရင်း စကားပြောလိုက်ကြ၏။
အခြားသော ဖီးနစ်စိမ်းတပ်သားများက ရှန်းထျန်သက်ရှိများ မဟုတ်သောကြောင့် ဤကဲ့သို့ ပြင်းထန်ကြမ်းတမ်းစွာ ခရီးနှင်ခြင်းက သူတို့ကို အားအင်များစွာ ကုန်ဆုံးစေသည်။ သူတို့ အတော်များများက ဒဏ်ရာလည်း ရထားကြပြီး စောစောစီးစီး အနားယူလိုက်ကြ၏။
တာအိုဆရာဟောင်းတစ်ဦးနှင့် ဖီးနစ်စိမ်းတပ်သားနှစ်ဦးက မီးပုံဘေးမှာ ထိုင်ကာ လက်ရှိ လောကအရေးကိစ္စများကို ဆွေးနွေးနေကြ၏။
အဋ္ဌမထျန်းယန်က သက်ပြင်းချလိုက်၏။
“အရင်တုန်းက တာအိုဂိုဏ်းတော်မှာ ရွှမ်အဆင့် သတ်မှတ်ချက် သုံးခု ရှိခဲ့တယ်... အရှင်သူမြတ် ရွှမ်အဆင့်သတ်မှတ်ချက်ရယ်၊ လက်ရွေးစင် ရွှမ်အဆင့်သတ်မှတ်ချက်ရယ်၊ အငယ်တန်း ရွှမ်အဆင့်သတ်မှတ်ချက်ရယ်... အရှင်သူမြတ် ရွှမ်အဆင့်သတ်မှတ်ချက်က အင်မော်တယ်တွေအတွက်ပဲ... လက်ရွေးစင် ရွှမ်အဆင့်သတ်မှတ်ချက်က ကောင်းကင်သက်ရှိတွေအတွက်... အငယ်တန်း ရွှမ်အဆင့်သတ်မှတ်ချက်ကတော့ အသက်သုံးဆယ်အောက် ပါရမီရှင်တွေအတွက်ပဲ... တာအိုဂိုဏ်းတော်က မဟုတ်ရင်တောင် အားလုံးက ပါဝင်ယှဉ်ပြိုင်နိုင်ကြတယ်... အဲဒီခေတ်တုန်းက အဓိက ယုံကြည်ကိုးကွယ်မှုဖြစ်တဲ့ ကွန်ဖြူးရှပ်တွေပဲ မပါဝင်နိုင်တာ”
စွေ့ဖန်က ဝင်ပြောလိုက်၏။
“ဒါနဲ့ ရွှမ်အရှင်မြတ်က အသက်နှစ်ဆယ်မပြည့်ခင် အငယ်တန်း ရွှမ်အဆင့်သတ်မှတ်ချက်မှာ ပထမနေရာကို ရခဲ့တယ်လို့ ပြောတယ်... သူ ကောင်းကင်သက်ရှိ ဖြစ်လာပြီးတဲ့နောက် လက်ရွေးစင် ရွှမ်အဆင့်သတ်မှတ်ချက်မှာလည်း ပထမနေရာကို သိမ်းပိုက်ခဲ့တယ်... နောက်ပိုင်း သူက ကွန်ဖြူးရှပ်ကျောင်းနဲ့ မဟာယာနဗုဒ္ဓဂိုဏ်းရဲ့ ခေါင်းဆောင်တွေကို အနိုင်ယူပြီး အရှင်သူမြတ် ရွှမ်အဆင့်သတ်မှတ်ချက်မှာ ပထမနေရာကို ယူခဲ့တယ်... သူက အဆင့်သတ်မှတ်ချက် သုံးခုစလုံးမှာ လွှမ်းမိုးခြယ်လှယ်ခဲ့တယ်”
အဋ္ဌမထျန်းယန်က ထပ်ပြောလိုက်၏။
“တုံဟွမ်ကလည်း အငယ်တန်းအဆင့်သတ်မှတ်ချက်နဲ့ လက်ရွေးစင်အဆင့်သတ်မှတ်ချက်မှာ ပထမနေရာကို ရယူခဲ့တာပဲ... ဒါပေမဲ့ သူ အင်မော်တယ် ဖြစ်လာပြီးတဲ့နောက် အရှင်သူမြတ် ရွှမ်အဆင့်သတ်မှတ်ချက်မှာ ပထမနေရာကို မယူနိုင်တော့ဘူး... သူက ရွှမ်အရှင်မြတ်ကိုတော့ မယှဉ်နိုင်သေးဘူး”
စွေ့ဖန်က ရယ်မောကာ ပြောလိုက်၏။
“သူတို့က ညီအစ်ကိုတွေပဲ... သူ့အစ်ကိုကို ရှုံးနိမ့်တာက ဂုဏ်ငယ်စရာတော့ မရှိပါဘူး”
ချီရွှမ်းစုကလည်း ဤအကြောင်းကို ကြားဖူးထားပြီး မေးလိုက်၏။
“အခု ရွှမ်အဆင့် သတ်မှတ်ချက် သုံးခုလို အရာမျိုး ဘာလို့ မရှိတော့တာလဲ”
အဋ္ဌမထျန်းယန်က ရှင်းပြလိုက်သည်။
“အကြောင်းပြချက်တွေ အများကြီးရှိတယ်... ပထမတစ်ချက်ကတော့ ရွှမ်ဆိုတဲ့ နာမည်က ရွှမ်အရှင်မြတ်နဲ့ မဟာရွှမ်မင်းဆက်တို့ရဲ့ နာမည်တွေနဲ့ အငြင်းပွားစရာ ဖြစ်နေတယ်... ဒါပေမဲ့ အရေးကြီးဆုံး အကြောင်းပြချက်ကတော့ သူတို့က လူတွေကို မတိုက်ခိုက်စေချင်တော့ဘူး... ဒီလိုမျိုး အဆင့်သတ်မှတ်ချက် ရှိလာမယ်ဆိုရင် သူတို့က မဟာအကြီးအကဲ ဒါမှမဟုတ် လက်ထောက်မဟာအကြီးအကဲသုံးဦးကို ဘယ်လိုအကဲဖြတ်ကြမလဲ... သူတို့သုံးယောက်က တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြမှာလား... သူတို့က ဘယ်သူဗိုလ်လည်း ဂရုမစိုက်ဘူးဆိုရင်တောင် သူတို့ရဲ့ တပည့်ဂိုဏ်းသားတွေကတော့ ငြင်းခုံကြလိမ့်မယ်... အဲဒါက တာအိုဂိုဏ်းတွေကြားမှာ အငြင်းပွားစရာနဲ့ အချင်းများစရာတွေကိုပဲ ဖြစ်လာစေလိမ့်မယ်”
စွေ့ဖန်က ထပ်ပြောလိုက်၏။
“ရွှမ်အရှင်မြတ်ခေတ်တုန်းက တာအိုဂိုဏ်းတွေကြားမှာ ယှဉ်ပြိုင်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်... ကွန်ဖြူးရှပ်တွေ၊ တာအိုဆရာတွေနဲ့ မဟာယာနဘုန်းကြီးတွေကလည်း တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ရတာကို ကြိုက်ကြတယ်... အဲဒီအချိန်တုန်းက မဟာရွှမ်မင်းဆက်က အရင် ဝေမင်းဆက်ကို အစားထိုးကာစပဲ... အဲဒါကြောင့် စစ်ပွဲတွေက နေရာအနှံ့မှာ ဖြစ်ပွားနေတုန်းပဲ... အဲဒီတုန်းက တစ်ယောက်နဲ့တစ်ယောက် အသေအကြေတိုက်ခိုက်ကြတဲ့ ယှဉ်ပြိုင်မှုတွေက သိပ်တော့ မထူးဆန်းဘူး”
“တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ဖို့ လူဆယ်ယောက်စီကို ရွေးချယ်ကြလိမ့်မယ်... အဆင့်သတ်မှတ်ချက်ထဲ ဝင်ချင်တဲ့ ဘယ်သူမဆို ကိုယ်တိုင်တိုက်ခိုက်ရလိမ့်မယ်... အဲဒီတုန်းက လက်ထောက်မဟာအကြီးအကဲတွေက သိပ်ပြီးတော့ ဘဝင်ကိုင်တာတွေ… လျှို့ဝှက်ဆန်းကြယ်သယောင် လုပ်တာတွေ မရှိကြဘူး... ရွှမ်အရှင်မြတ်တောင်မှ ကိုယ်တိုင်ဝင်ပြီး တိုက်ခိုက်ခဲ့တယ်... အဲဒါကြောင့် ဘယ်သူက ဘယ်သူ့ထက် သာတယ်ဆိုတာကို ခွဲခြားဖို့ လွယ်တယ်... အဆင့်သတ်မှတ်ချက်ပေါ်က အဆင့်တွေကလည်း ယှဉ်ပြိုင်တိုက်ခိုက်မှုသက်သက်ပေါ် အခြေခံထားတာ”
ချီရွှမ်းစုက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
တာအိုဂိုဏ်းတော်က ဩဇာအာဏာ ကြီးထွားလာသည်နှင့် အထက်ပိုင်း အကြီးအကဲများက သူတို့၏ အလျင်လူများကဲ့သို့ ကိစ္စတိုင်းကို ကိုယ်တိုင်ဝင်လုပ်စရာ မလိုတော့ပေ။ ဩဇာအာဏာကို ကိုင်စွဲထားသည့် လူများမှာ တိုက်ခိုက်ဖို့ အခွင့်အရေး ပို၍နည်းလာသည်။
ချီရွှမ်းစုသည် ယွင်ကျင်းတောင်မှာ သူတွေ့မြင်ခဲ့သည့်အရာကို အမှတ်ရသွား၏။ ရွှမ်အရှင်မြတ်၏ အမျက်ဒေါသကြောင့် တောင်ထွတ်တစ်ခုက ပြိုကျသွားခဲ့ရသည်။ ထိုကဲ့သို့ စွမ်းအားကြီးမားသည့် လူများက မကြာခဏ မတိုက်ခိုက်သည်မှာ တကယ်ပင် ကောင်းသောအရာ ဖြစ်နိုင်သည်။ နတ်ဘုရားများ တိုက်ခိုက်ကြသည့်အခါ သာမန်လူများက မလွဲမသွေ မြေစာပင် ဖြစ်ရသောကြောင့်ပင်။
အဋ္ဌမထျန်းယန်က သေရည်ထည့်ထားသော အိတ်တစ်လုံးကို ထုတ်ယူပြီး ချီရွှမ်းစုကို ပစ်ပေးလိုက်၏။
“သောက်ပါဦးလား”
ချီရွှမ်းစုက သေရည်အိတ်ကို ဖမ်းယူလိုက်၏။ သူ၏ အမူးခံနိုင်စွမ်းက မြင့်တက်လာသောကြောင့် သဘောတူလက်ခံလိုက်သည်။
“သောက်မယ်လေ”
သူက အိတ်အနားနှင့် မထိဘဲ ပါးစပ်ထဲကို သေရည်လောင်းထည့်လိုက်၏။ သာမန်အဆိပ်များက သူ့အပေါ်မှာ အလုပ်မဖြစ်သောကြောင့် အဆိပ်ခတ်ခံရမည်ကို ကြောက်ရွံ့မနေပေ။ သူက သွေးချီနှင့် ပင်ကိုယ်ချီ နှစ်မျိုးစလုံးကို ကျင့်ကြံထားပြီး သာမန်အဆိပ်များက ချီတစ်မျိုးတည်း ကျင့်ကြံသူများကိုသာ ပစ်မှတ်ထားနိုင်သောကြောင့် ဖြစ်သည်။ သူ့ကို ဒုက္ခပေးနိုင်သည့် အဆိပ်ကလည်း အလွန်ဈေးကြီးပြီး အလွယ်တကူ မရနိုင်ပေ။
ချီရွှမ်းစုက သေရည်အိတ်ကို အဋ္ဌမထျန်းယန်ထံ ပြန်ပစ်ပေးလိုက်၏။
အဋ္ဌမထျန်းယန်က တစ်ငုံသောက်ပြီး ဆက်ပြောလိုက်၏။
“ရွှမ်အဆင့်သတ်မှတ်ချက်သုံးခုက မရှိတော့ပေမဲ့ အခု ဝူယိုအဆင့်သတ်မှတ်ချက်၊ ထိုက်ဖျင်အဆင့်သတ်မှတ်ချက်နဲ့ ရူယီအဆင့်သတ်မှတ်ချက်ဆိုတဲ့ အဆင့်သတ်မှတ်ချက် အသစ်သုံးမျိုး ထွက်ပေါ်လာတယ်”
ချီရွှမ်းစုက မှင်တက်သွား၏။
“အဲဒါက ဝူယိုဒင်္ဂါး၊ ထိုက်ဖျင်ဒင်္ဂါးနဲ့ ရူယီဒင်္ဂါးရဲ့ နာမည်တွေကို ယူထားတာလား”
အဋ္ဌမထျန်းယန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တာပေါ့... အဲဒါကြောင့် အဲဒီအဆင့်သတ်မှတ်ချက်သုံးခုကို ရွှေအဆင့်သတ်မှတ်ချက်၊ ငွေအဆင့်သတ်မှတ်ချက်နဲ့ ကြေးအဆင့်သတ်မှတ်ချက်လို့လည်း ခေါ်ကြတယ်”
ချီရွှမ်းစုက ခေါင်းခါပြီး ရယ်လိုက်၏။
“ကျုပ် နှစ်တွေအကြာကြီး နယ်လှည့်သွားလာခဲ့ဖူးတယ်... ဒါပေမဲ့ အဲဒီအဆင့်သတ်မှတ်ချက် သုံးခုကို မကြားဖူးခဲ့ဘူး”
“မထူးဆန်းဘူးလေ... အဲဒါက ပြီးခဲ့တဲ့ လကမှ ပေါ်ထွက်လာခဲ့တာ... ဒါပေမဲ့ ဒီသတင်းကို တစ်လအတွင်း လောကအနှံ့ ဖြန့်ဖို့အတွက် နောက်ကွယ်က လူတွေက ငွေကြေးအမြောက်အမြား သုံးစွဲထားတာ ဖြစ်ရမယ်”
ချီရွှမ်းစုက မေးမြန်းလိုက်၏။
“နောက်ကွယ်က လူတွေက ဘယ်သူတွေလဲ”
အဋ္ဌမထျန်းယန်က ဖြေပေးလိုက်၏။
“ချင်းဖျင်အသင်း…”