အခန်း ၁၉၇
Vol. 20 Ch. 197
အခန်း ၁၉၇ - အဆင့်သတ်မှတ်ချက်
ညနက်လာသည်နှင့် ချီရွှမ်းစု၊ စွေ့ဖန်နှင့် အဋ္ဌမထျန်းယန်က စကားဝိုင်းကိုရပ်နားပြီး မီးပုံဘေးမှာ တိတ်တဆိတ်ထိုင်လိုက်ကြသည်။ သူတို့က တစ်ယောက်တစ်လှည့်စီ ကင်းစောင့်လိုက်၊ တရားထိုင်လိုက် လုပ်လိုက်ကြ၏။
နောက်နေ့မနက်စောစောမှာ သူတို့အုပ်စုက ရှီဖျင်စီရင်စုသို့ ခရီးဆက်လိုက်ကြ၏။ ရပ်အတန်ကြာခရီးသွားပြီးနောက် မြို့ကြီးတစ်မြို့ကို အဝေးကနေမြင်ရပြီဖြစ်သည်။
ချီရွှမ်းစုက ဖီးနစ်စိမ်းတပ်သားများနှင့် မြို့ထဲကိုမဝင်ရောက်လိုဘဲ အဋ္ဌမထျန်းယန်ကို နှုတ်ဆက်လိုက်၏၊ သူတို့မှာ တရားဝင်အလုပ်ကိစ္စများပါလာသောကြောင့် ချီရွှမ်းစုကို ဆွဲမထားတော့ပေ။ ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်စကားသာထပ်ပြောလိုက်ကြ၏။
မြို့ထဲကိုတစ်ယောက်တည်းဝင်လာပြီးနောက် ချီရွှမ်းစုက ကြုံရာကျပန်းစားသောက်ဆိုင်တစ်ဆိုင်ကို ရှာလိုက်၏။ ဧည့်ကြိုခန်းထဲသို့ ဝင်လိုက်သည်နှင့် ကြေညာဘုတ်ပြားတစ်ခုပေါ်မှာ နာမည်စာရင်းပါသည့် စာရွက်များကပ်ထားသည်ကို တွေ့မြင်လိုက်ရ၏။
၎င်းသည် ယခင်က အဋ္ဌမထျန်းယန်ပြောခဲ့သော အဆင့်သတ်မှတ်ချက်များဖြစ်သည်။ ရွှေအဆင့်သတ်မှတ်ချက်က နာမည်ဆယ်ခုသာပါပြီး အသေသပ်ဆုံးဖြစ်သည်။ ထို့ကြောင့် စာကြောင်းများနှင့် စာလုံးများကို ကောင်းကောင်းခြားပေးထား၏။ နာမည်တစ်ခုချင်းစီကို တစ်ချက်ကြည့်ရုံနှင့် ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ တစ်ဘက်မှာ ကြေးအဆင့်သတ်မှတ်ချက်ကတော့ နာမည်ပေါင်း သုံးရာကျော်ရှိပြီး ပြွတ်သိပ်နေ၏။
ဒါ့အပြင် ရွှေအဆင့်သတ်မှတ်ချက်ပေါ်မှ သူများကို နာမည်အရင်းနှင့်မဟုတ်ဘဲ သူတို့၏ဘွဲ့များနှင့် ဖော်ပြထားသည်။ ဥပမာအားဖြင့် ရွှေအဆင့်သတ်မှတ်ချက်၏ အဆင့်တစ်နေရာကိုယူထားသော ကောင်းကင်ဘုံနန်းတော်တည်ထောင်သူကို ရွှေမျိုးနွယ်စုခေါင်းဆောင်ဟု ဖော်ပြထားသည်။
ဤအဆင့်သတ်မှတ်ချက်ကိုထုတ်ပြန်ထားသည်မှာ တစ်လကျော်ကြာသွားပြီဖြစ်ပြီး လူစိတ်ဝင်စားမှုသိပ်မရှိတော့ပေ။ ယခုအချိန်မှာ ထိုနာမည်စာရင်းများကိုလိုက်ဖတ်နေသည့်သူက အနည်းအကျဉ်းသာရှိတော့သည်။ သို့သော် စစချင်း ဤစာရွက်များကပ်ခဲ့တုန်းက အတော်လေးစည်ကားခဲ့သည်။
ဤအဆင့်သတ်မှတ်ချက်များကို ပထမဆုံးထုတ်ပြန်ခဲ့တုန်းက ချီရွှမ်းစုသည် ယွင်ကျင်းတောင်မှာ ရောက်ရှိနေခဲ့သည်။ ယွင်ကျင်းတောင်ကလူများသည် လာပါးပွဲတော်နှင့် ချွမ်ကျန်းဂိုဏ်း၏ လာရောက်လည်ပတ်မှုကိုသာ အာရုံစိုက်ထားပြီး ထိုအကြောင်းကို ဘယ်သူကမှ မပြောခဲ့ကြပေ။ ဤသည်မှာ တာအိုအဖွဲ့အစည်းနှင့် အပြင်လောကအကြား ခြားနားချက်ကို မီးမောင်းထိုးပြနေသည်။ သာမန်လူများအတွက် ပြောလောက်စရာ ဤဖြစ်ရပ်ကြီးများအားလုံးက တာအိုအဖွဲ့အစည်းအတွင်းမှာ ဘာမှမဟုတ်ပေ။
တစ်နည်းအားဖြင့်ဆိုသော် ချီရွှမ်းစုက တစ်နည်းတစ်ဖုံအားဖြင့် ကြေးအဆင့်သတ်မှတ်ချက်၏ အဆင့်တစ်နေရာမှာရပ်တည်နေမည်ဆိုလျှင်ပင် သူ၏ တာအိုဆရာအဆင့်နှင့် လျော်ညီသော ခံစားခွင့်နှင့် ပြုမူဆက်ဆံခွင့်ကိုသာ ရရှိပေဦးမည်။
ချီရွှမ်းစုသည် ကြေညာဘုတ်ပြားအနားကိုလျှောက်သွားပြီး စာရွက်များကို ဖတ်ရှုလိုက်၏။ ရွှေအဆင့်သတ်မှတ်ချက်ပေါ်မှနာမည်များကို သူမသိပေ။ သူတို့အများစုက လျှို့ဝှက်အသင်းအဖွဲ့များ၏ ခေါင်းဆောင်များဖြစ်ကြသည်။
နောက်ထပ် ငွေအဆင့်သတ်မှတ်ချက်မှာလည်း အဓိကယုံကြည်ကိုးကွယ်မှုသုံးခုနှင့် အင်ပါယာနန်းတော်မှလူများကို ဖယ်ထုတ်ထားသည်။ လျှို့ဝှက်အသင်းအဖွဲ့များမှ ပညာရှိများအပြင် သာမန်အသင်းအဖွဲ့များမှ ပညာရှင်တချို့လည်းပါဝင်နေသည်။ လျှို့ဝှက်အသင်းအဖွဲ့များနှင့် သာမန်အသင်းအဖွဲ့များကြား ခြားနားချက်မှာ သာမန်အသင်းအဖွဲ့များကို တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်က အသိအမှတ်ပြုထားပြီး သူတို့ကို တရားဝင်သည်ဟု ဆိုနိုင်သည်။ လျှို့ဝှက်အသင်းအဖွဲ့များကတော့ တရားမဝင်ဖြစ်သည်။
များသောအားဖြင့် သာမန်အသင်းအဖွဲ့များကို ဂိုဏ်းဂဏများဟု ခေါ်ဆိုလေ့ရှိကြပြီး လျှို့ဝှက်အသင်းအဖွဲ့များကိုတော့ အယူဝါဒမိစ္ဆာများဟု ခေါ်ဆိုကြသည်။ ချင်းဖျင်အသင်း၊ ရတနာခုနှစ်သွယ်မဏ္ဍပ်နှင့် တည်းခိုခန်းတို့ကို တာအိုဂိုဏ်းတော်က လျှို့ဝှက်အသင်းအဖွဲ့များဟု ခေါ်ဆိုသော်လည်း အပြင်လောကမှာတော့ သူတို့ကို သာမန်အသင်းအဖွဲ့များဟုသာဆိုနိုင်သည်။
သို့သော် ကျိကွမ်းအသင်း၊ ကံကြမ္မာအယူဝါဒဂိုဏ်းနှင့် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းတို့ကိုတော့ ဆိုးသွမ်းသောမိစ္ဆာဂိုဏ်းများအဖြစ် လူတိုင်းက သတ်မှတ်ထားကြသည်။ သာမန်လူများက ထိုအယူဝါဒဂိုဏ်းသုံးဂိုဏ်းကို ရန်မစရဲကြပေ။
ချီရွှမ်းစုသည် ငွေအဆင့်သတ်မှတ်ချက်ပေါ်မှနာမည်များကို လိုက်လံဖတ်ရှုနေသော်လည်း မည်သူ့ကိုမှမသိရှိပေ။ ထို့နောက် သူ့အကြည့်က ကြေးအဆင့်သတ်မှတ်ချက်ပေါ်သို့ ရောက်ရှိသွား၏။ ရွှေအဆင့်သတ်မှတ်ချက်နှင့် ငွေအဆင့်သတ်မှတ်ချက်ပေါ်က အင်မော်တယ်တစ်ပိုင်းများနှင့် ကောင်းကင်သက်ရှိများက သူနှင့်အလှမ်းကွာလွန်းပြီး စိတ်ဝင်စားစရာသိပ်မရှိပေ။ သူ၏ စိတ်အာရုံက ကြေးအဆင့်သတ်မှတ်ချက်ပေါ်မှာ ရှိနေဆဲပင်။
ကြေးအဆင့်သတ်မှတ်ချက်ပေါ်မှာ ပထမဆုံးလူက တာအိုဂိုဏ်းတော်မှဖြစ်သည်။
[လီချန်ကဲ
ကွေ့ကျန်းအဆင့် နတ်သက်ကြွေအင်မော်တယ်
အဆင့် ၅ တာအိုဆရာ၊ တရားဝင်ရာထူးမရှိ
သူတော်စင်ချင်းဝေ၏ တပည့် (ထိုက်ဖျင်ဂိုဏ်း)]
ချီရွှမ်းစုသည် လီမိသားစုအတွင်း သူမ၏ ဝါစဉ်ကိုကြည့်ကာ တုန်လှုပ်သွား၏။ ရွှမ်အရှင်မြတ်နှင့်တုံဟွမ်သည် ရူမျိုးဆက်မှာဖြစ်ကြသည်။ ထိုက်ဖျင်ဂိုဏ်း၏ လက်ရှိမဟာသူတော်စင်က ချန်မျိုးဆက်မှဖြစ်ပြီး ရွှမ်အရှင်မြတ်ထက် မျိုးဆက်နှစ်ဆက်နောက်ကျသည်။ လီချန်ကဲသည်လည်း ချန်မျိုးဆက်မှပင်ဖြစ်သော်လည်း သူက ကျန်းယွဲ့လုနှင့် သက်တူရွယ်တူသာဖြစ်သည်။ မျိုးဆက်တစ်ဆက်ကြား ဤမျှအထိ အသက်ကွာဟခြင်းက မိသားစုကြီးတစ်ခုမှာပင် အတော်လေးရှားရှားပါးပါးဖြစ်သည်။
ယခင်က လီမိသားစု၏ ဝါစဉ်အနိမ့်အမြင့်များအကြောင်း ကျန်းယွဲ့လုပြောခဲ့သည်ကို ချီရွှမ်းစု မှတ်မိနေသည်။ လီမိသားစု၏ ကာလရှည်ကြာပြိုင်ဘက်များအနေဖြင့် ကျန်းမိသားစုက လီမိသားစုအကြောင်း အတော်လေးနှံ့နှံ့စပ်စပ်သိရှိထားသည်။ ကျန်းယွဲ့လုပြောပုံအရ ရွှမ်အရှင်မြတ်သည် လီမိသားစု၏ ရူမျိုးဆက်မှာပါဝင်သော်လည်း ထိုမျိုးဆက်မှ လီကလေးများကြားမှာ ကြီးမားသော အသက်အရွယ်ကွာခြားချက်ရှိလေသည်။
ရူမျိုးဆက်မှာ အကြီးဆုံးလူက ရွှမ်အရှင်မြတ်၏ အဖိုးအရွယ်လောက်ရှိပြီး အငယ်ဆုံးသူက ရွှမ်အရှင်မြတ်ထက် ဆယ်နှစ်ကျော်ပိုငယ်သည်။ ထို့ကြောင့် ရူမျိုးဆက်၏ သားသမီးများနှင့် မြေးမြစ်များကြားမှာလည်း ကြီးမားသော အသက်အရွယ်ကွာဟချက်ရှိနေပေလိမ့်မည်။
လီမိသားစုမှ အကြီးအကဲတစ်ဦးသည် အသက်ကြီးလာမှ လီချန်ကဲကို မွေးခဲ့ခြင်းဖြစ်မည်ဟု ချီရွှမ်းစုခန့်မှန်းမိ၏။
နှိုင်းယှဉ်ကြည့်လျှင် ထျန်မျိုးဆက်မှ လီထျန်ကျန်းသည် လီချန်ကဲထက် မျိုးဆက်နှစ်ဆက်နောက်ကျပြီး မင်မျိုးဆက်မှ လီမင်ဟွမ်သည် လီချန်ကဲနှင့် မျိုးဆက်သုံးဆက်ကွာဟနေသည်။ သူတော်စင်ချင်းဝေသည် ထိုက်ဖျင်ဂိုဏ်းကနေ ဘွဲ့ထူးအပ်နှင်းပေးသော တာအိုဘုန်းကြီးအနည်းငယ်ထဲမှတစ်ပါးဖြစ်သည်။ လူတိုင်းက သူ့ကို လီမိသားစု၏ ပင်မအဖွဲ့ဝင်တစ်ဦးဟု သတ်မှတ်ထားဆဲဖြစ်သော်လည်း သူက တာအိုဘုန်းကြီးဘဝကို ခံယူခဲ့ပြီဖြစ်သောကြောင့် မိသားစုစာရင်းထဲမှာ ဆက်လက်၍ မပါဝင်တော့ပေ။
ထို့ကြောင့် သူတော်စင်ချင်းဝေသည် မျိုးဆက်ဝါစဉ်ကို ဂရုမစိုက်ပေ။ တာအိုဂိုဏ်းတော်မှ သူ၏ဝါစဉ်ကိုသာ ဂရုစိုက်ပြီး ထို့ကြောင့်ပင် လီချန်ကဲကို တပည့်အဖြစ်လက်ခံခဲ့ခြင်းဖြစ်ပေမည်။
အသက်အရွယ်သက်သက်အရ လီချန်ကဲသည် ထိုက်ဖျင်ဂိုဏ်းမှ မဟာသူတော်စင်၏ ခေါင်းကိုင်သားနှင့်တူသည်။ သူက ချီရွှမ်းစု၊ ကျန်းယွဲ့လုတို့နှင့် အသက်အရွယ်တူညီသည်။ သို့သော်လည်း သူ့နာမည်ကို အရင်က မကြားဖူးခဲ့သည်မှာ ထူးဆန်းသည်ဟု ချီရွှမ်းစုခံစားမိသည်။
လူများက လီမိသားစု၏ ထူးချွန်ထက်မြတ်သောလူငယ်များအကြောင်း ပြောဆိုသည့်အချိန်မှာ လီချန်ကဲမဟုတ်ဘဲ လီထျန်ကျန်းအကြောင်းသာဖြစ်သည်။ ထိုသူက ရုတ်တရက်ပေါ်ထွက်လာပုံရသည်။ အဲဒီအတွက် အကြောင်းပြချက်တစ်ခုရှိနေမလား။
လီချန်ကဲသည် လီမိသားစု၏ အစစ်အမှန်ပါရမီရှင်ဖြစ်ပြီး လီထျန်ကျန်းက သူ့ကိုကာဖို့အတွက် ရှေ့ထွက်ပြထားရုံသာဖြစ်နေမလား။ သို့သော် ဤတစ်ခေါက်မှာ ချင်းဖျင်အသင်း၏လက်ချက်ဖြင့် လီချန်ကဲ၏သရုပ်သကန်က ပေါက်ကြားသွားခဲ့လေပြီ။
ချီရွှမ်းစုက ဤအကြောင်းကို ဆက်မစဉ်းစားတော့ဘဲ အဆင့်သတ်မှတ်ချက်ထဲမှ နောက်ထပ်တစ်ယောက်ကို ဆက်ကြည့်လိုက်၏။ သူက တာအိုဂိုဏ်းတော်က ဖြစ်နေဆဲပင်။
[ယောင်ဖေး
ကွေ့ကျန်းအဆင့် နတ်သက်ကြွေအင်မော်တယ်
အဆင့် ၅ တာအိုဆရာ၊ တရားဝင်ရာထူးမရှိ
သူတော်စင်တန်ဟွား၏ တပည့် (ချွမ်ကျန်းဂိုဏ်း)]
ချီရွှမ်းစုက နောက်ဆုံးမှာ အခြေအနေကို နားလည်သဘောပေါက်သွားသည်။ ယောင်ဖေးနှင့် လီချန်ကဲသည် နာမည်ဂုဏ်သတင်းကြီးမားသော မိသားစုကြီးများမှဖြစ်ပြီး သူလိုငါလို ရာထူးတာဝန်များကို ယူထားစရာမလိုအပ်ပေ။ ထိုအစား သူတို့၏ ကျင့်ကြံမှုအဆင့် မြှင့်တင်ခြင်းကိုသာ အာရုံစိုက်ထားပြီး တတ်နိုင်သမျှမြန်မြန် ကောင်းကင်သက်ရှိများဖြစ်လာဖို့ ကြိုးပမ်းနေကြသည်။
သူတို့ ကောင်းကင်သက်ရှိများဖြစ်လာလျှင် ရာထူးသက်တမ်းစနစ်ကိုလိုက်နာစရာမလိုဘဲ တတိယအဆင့်ကို တစ်ခါတည်း ရောက်ရှိနိုင်သောကြောင့်ဖြစ်သည်။ သူတို့ကို ကျောထောက်နောက်ခံပေးထားသူများ၏ ကြီးမားသော ကွန်ရက်နှင့်အတူ သူတို့က အကျိုးဆောင်မှုတချို့ကို အလွယ်တကူရရှိနိုင်သည်။ ထိုသို့ဖြင့် သူတို့၏ လမ်းက ချောချောမွေ့မွေ့ရှိပြီး နှစ်အနည်းငယ်မျှမှာ ဒုတိယအဆင့်ကိုတက်လှမ်းဖို့က ခဲယဉ်းတော့မည်မဟုတ်ပေ။
နှိုင်းယှဉ်ကြည့်လျှင် ကျန်းယွဲ့လု၏ ဘဝလမ်းခရီးက ထိုမျှအထိ ချောချောမွေ့မွေ့မရှိခဲ့ပေ။ ကျန်းယွဲ့လုသည် ကိုယ်တိုင်ကြိုးစားအားထုတ်မှုဖြင့် လက်ရှိနေရာကို တက်လှမ်းလာသည်ဟု အစ်မချီပြောခဲ့သည်မှာ မထူးဆန်းတော့ပေ။ အခြားသော နတ်သက်ကြွေအင်မော်တယ်များက လောကအရေးကိစ္စများကိ လျစ်လျူရှုထားနိုင်စဉ် ကျန်းယွဲ့လုကတော့ ပေချန်ခန်းမနှင့် ထျန်ကန်းခန်းမမှာ သူမ၏ တာဝန်များကိ ကောင်းကောင်းထမ်းဆောင်ခဲ့သည်။
ကျန်းယွဲ့လုသည် အသက်နှင့်ရင်းစွန့်စားကာ ကျန်းနန်အမှုကြီးကိုကိုင်တွယ်ခဲ့ပြီး တာအိုအဖွဲ့အစည်းအတွင်းမှာ နာမည်တစ်ခုရလာခဲ့သည်။ ထို့ကြောင့်ပင် ကျန်းယွဲ့လုက ပို၍လူသိများသော်လည်း ဤအဆင့်သတ်မှတ်ချက်မှာ နတ်သက်ကြွေအင်မော်တယ်နှစ်ဦး၏ နောက်ကို ရောက်နေခြင်းဖြစ်သည်။
ရူယီအဆင့်သတ်မှတ်ချက်ပေါ်ရှိ တတိယမြောက်လူမှာ မဟာရွှမ်မင်းဆက်၏ တော်ဝင်မိသားစုမှဖြစ်ပြီး စတုတ္ထမြောက်လူက မဟာယာနဗုဒ္ဓဂိုဏ်းမှဖြစ်သည်။ ချီရွှမ်းစုက သူတို့ကိုလည်းမကြားဖူးပေ။ ကွန်ဖြူးရှပ်ကျောင်းတော်သည် ယခင်ကလောက် ကြီးကျယ်ခမ်းနားခြင်းမရှိတော့သလို ဤအဆင့်သတ်မှတ်ချက်မှာလည်း ထိပ်ဆုံးငါးယောက်ထဲ ပါဝင်ခြင်းမရှိပေ။
ယွီလန်ဘုရားကျောင်းမှ ရှဲ့ကျိုးနျန်နှင့် ကျန်းယွဲ့လုကြားတိုက်ပွဲက သရေကျခဲ့သော်လည်း ထိုမတိုင်ခင်က ကျန်းယွဲ့လုသည် ကွေ့ကျန်းအဆင့်ပညာရှင်နှစ်ဦးကို ဆက်တိုက်အနိုင်ယူပြီး ခြေကုန်လက်ပန်းကျနေခဲ့သည်။
အဆင့်သတ်မှတ်ချက်ပေါ်မှ ပဥ္စမမြောက်လူကတော့ ချီရွှမ်းစုနှင့်ရင်းနှီးသောနာမည်ဖြစ်သည်။
[ကျန်းယွဲ့လု
ကွေ့ကျန်းအဆင့် နတ်သက်ကြွေအင်မော်တယ်
အဆင့် ၄ တာအိုဆရာ၊ ထျန်ကန်းလက်ထောက်ခန်းမသခင်
သူတော်စင်စီဟန်၏ တပည့် (ကျန်းယီဂိုဏ်း)]
လက်ထောက်ခန်းမသခင်ဟူသော ကျန်းယွဲ့လု၏ ရာထူးက အတော်လေးထင်ရှားပေါ်လွင်နေသည်။
တခြားဘာမှလုပ်စရာမလိုခြင်းတွင် စိတ်အာရုံပျံ့လွင့်စရာမရှိဘဲ ကျင့်ကြံမှုအဆင့်မြှင့်တင်ခြင်းကိုသာ အာရုံစိုက်နိုင်ခြင်းကဲ့သို့ အားသာချက်များရှိသည်။ သို့သော် တရားဝင်ရာထူးတစ်ခုကို ရယူထားခြင်းမှာလည်း အထင်ကြီးစရာကောင်းသော ကိုယ်ရေးမှတ်တမ်းကဲ့သို့ အကျိုးအမြတ်များရှိနေ၏။ ကျန်းယွဲ့လု၏ ကျင့်ကြံမှုအဆင့်က များစွာနောက်ကျမကျန်ခဲ့သရွေ့ သူမ၏ တာဝန်ထမ်းဆောင်ခြင်းအတွေ့အကြုံနှင့်ပင် အခြားသော နတ်သက်ကြွေအင်မော်တယ်နှစ်ဦးကို အနိုင်ယူနိုင်ပေလိမ့်မည်။
ယခုအချိန်မှာ ကျန်းယွဲ့လုသည် ကျန်းနန်အမှုကြီးကိုဖြေရှင်းခြင်း၊ အနောက်ဘက်ဒေသ ယုံကျိုးနှင့် အခြားသောနေရာဒေသများမှာ အယူဝါဒမိစ္ဆာများကို နှိမ်နင်းခြင်းတို့ဖြင့် အကျိုးဆောင်မှုများကို ရယူထားနိုင်သည်။ ဤသည်မှာ ကျန်းယွဲ့လု၏ အားသာချက်ဖြစ်သည်။
ထို့နောက် ချိရွှမ်းစုက ယန်လျှို၏ နာမည်ကို ရှာဖွေကြည့်လိုက်သည်။ ထိုဗုဒ္ဓပုတ္တက သိပ်မနိမ့်ဘဲ အဆင့် ၁၉ မှာရပ်တည်နေ၏။ ချီရွှမ်းစုနှင့် ထိုကိုယ်တော်ကြား ကြီးမားသောကွာဟချက်တစ်ခု ရှိနေပြီး လက်စားချေဖို့က အလှမ်းကွာသေးပုံရသည်။
ရှဲ့ချိုးနျန်က နာမည်တုတစ်ခုသာဖြစ်သောကြောင့် ထိုနာမည်ကိုလည်း ချီရွှမ်းစုရှာမတွေ့ပေ။
သူမှတ်မိသည့် နောက်ထပ်နာမည်နှစ်ခုရှိနေသည်။ ဝမ်ရှို့ဝူနှင့် ယွဲ့ရှိုလီဖြစ်သည်။ သို့သော် သူတို့က ကျန်းယွဲ့လု၏ အောက် များစွာရောက်ပြီး ထိပ်ဆုံးတစ်ရာထဲမှာပင် မရှိပေ။
နောက်ဆုံးမှာတော့ ချီရွှမ်းစုသည် အောက်ဆုံးဆယ်ယောက်ထဲမှာ သူ့နာမည်ကို အဆင့် ၃၅၂ အဖြစ် တွေ့ရှိလိုက်ရသည်။