← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈ - လင်းယုန်နှင့် ခွေး သတ်ဖြတ်ခြင်း အစည်းအဝေး (၁)

ချီရွှမ်းစုသည် ရူယီအဆင့်သတ်မှတ်ချက်ကို ခဏမျှကြည့်ပြီးနောက် စိတ်ဝင်စားစရာတချို့ကို ရှာတွေ့သွား၏။ ဤစာရင်းထဲမှ တာအိုဆရာအများစုကို သူတို့၏ အဆင့်များ၊ ရာထူးများဖြင့် ဖော်ပြထားသည်။

သာမန်လူများအတွက်တော့ ဓားပျံ၊ မဟာလက်ဝါး၊ မိုးကြိုးဓား၊ ကျားကြီး၊ မျောက်ကြီးနှင့် ခုနစ်ပြည်ထောင် အကျော်ဇေယျ စသည်ဖြင့် နာမည်ပြောင်များကို သုံးထားကြသည်။ ဤနာမည်ပြောင်များက သူတို့၏ လက်နက်များ၊ သိုင်းပညာများနှင့် သွင်ပြင်လက္ခဏာများကို အခြေခံ၍ ပေးထားခြင်းဖြစ်၏။

ကျန်းယွဲ့လုကို နမူနာယူကြည့်နိုင်သည်။ လူအများစုသည် သူမကို ပညာရှိကျန်း သို့မဟုတ် လက်ထောက်ခန်းမသခင်ကျန်းဟု ခေါ်ဆိုကြသည်။ အဲဒါက လှပသော နာမည်တစ်ခု မဟုတ်သော်လည်း သူမ၏ အဆင့်အတန်းကို ပြသပေးနေ၏။ ထိုနာမည်နှစ်ခုနှင့်ယှဉ်လျှင် ဤကဲ့သို့သော နာမည်ပြောင်များက အတော်လေး အပေါစားဆန်လေသည်။

ထို့ကြောင့် တာအိုဂိုဏ်းတော်မှ လူအများစုသည် သူတို့ကိုယ်သူတို့ မိတ်ဆက်သည့်အခါ သူတို့၏ အဆင့်များကို အသုံးပြုကြသည်။ ချီရွှမ်းစုကတော့ လောကမှာ လှည့်လည်သွားလာစဉ်က နာမည်တစ်ခု မကျန်ခဲ့ပေ။ အံ့ဩစရာကောင်းသော အစ်မချီ၏ နာမည်ဂုဏ်သတင်းပင် ချင်းဖျင်အသင်းမှာသာ ကန့်သတ်ခံထားရသောကြောင့် အံ့အားသင့်စရာမရှိပေ။ အပြင်လူများက သူမအကြောင်းကို သိရှိစရာ အကြောင်းမရှိပေ။

အဆင့်သတ်မှတ်ချက်သုံးခုပေါ်က နာမည်စာရင်းများကို ဖတ်ပြီးနောက် ချီရွှမ်းစုသည် လင်းယုန်နှင့်ခွေး သတ်ဖြတ်ခြင်း အစည်းအဝေးနှင့်ပတ်သက်၍ နောက်ထပ်သတင်းရယူရန် စားသောက်ဆိုင်မှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်သည်။

ကျန်းယွဲ့လု၏ လွှမ်းမိုးမှုကြောင့် အရင်က မသောက်တတ်သော ချီရွှမ်းစုက မကြာခဏ သောက်တတ်လာသည်။ သူက စားပွဲထိုးကို သေရည်တစ်ကရား မှာပြီးနောက် ဧည့်ကြိုခန်း၏ မထင်မရှား ထောင့်တစ်နေရာမှာ ထိုင်လိုက်၏။

ဤစားသောက်ဆိုင်သည် ထိုက်ဖျင်တည်းခိုခန်းကဲ့သို့ တာအိုအဖွဲ့အစည်းပိုင် မဟုတ်သည့်အတွက် အလွှာပေါင်းစုံမှ ပိုမိုများပြားသောလူများ ရောက်ရှိနေကြသည်။ ခဏနေပြီးနောက် တည်းခိုခန်းအောက်ထပ်က လူများပြည့်နှက်သွား၏။

ချီရွှမ်းစုက တစ်ယောက်တည်းထိုင်ပြီး ခြုံထည်ကို ဖွင့်၍ ခေါင်းဆောင်းကို ချွတ်ကာ သူ၏ ဈေးကြီးသော တာအိုဝတ်ရုံနှင့် ခါးမှာချိတ်ဆွဲထားသော လက်နက်များကို ပေါ်ထွက်လာစေသည်။ ဒါ့အပြင် သူ၏ ထူးခြားသော စိတ်နေစရိုက်ကြောင့် လူများက သူ့ကို ရှိန်နေပြီး အနားကို မဆင်မခြင် မချဉ်းကပ်ရဲကြပေ။

ဤအချိန်မှာ လူသုံးယောက်က ဝင်လာကြ၏။ သူတို့က ဘေးဘီဝဲယာကို ကြည့်ရှုပြီးနောက် ဝိုင်းများအားလုံး လူပြည့်နေသည်ကို တွေ့လိုက်ရသည်။ ချီရွှမ်းစုက တစ်ယောက်တည်း စားပွဲတစ်ဝိုင်း ယူထားသည့်အတွက် သူတို့က သူ့အနားကို ချဉ်းကပ်လာရ၏။

“နောင်ကြီး... ကျုပ်တို့ ဒီမှာ မျှထိုင်လို့ ရမလား”

ချီရွှမ်းစုက လက်ထောင်ပြလိုက်၏။

“သဘောပဲ”

“ကျေးဇူးတင်ပါတယ်”

ထိုလူသုံးယောက်က ချီရွှမ်းစုကို ကျေးဇူးတင်စကားပြောပြီး လွတ်နေသော ခုံများမှာ ဝင်ထိုင်ကာ သေရည်မှာလိုက်ကြ၏။ ချီရွှမ်းစုက ဖော်ရွေမှု မရှိသည်ကို ကြည့်ပြီး သူတို့က စကားထပ်မစရဲဘဲ သူတို့အချင်းချင်းသာ ပြောဆိုနေကြ၏။

လူငယ်တစ်ဦးက အသံနှိမ့်ကာ ပြောလိုက်၏။

“ဒီလင်းယုန်နဲ့ခွေး သတ်ဖြတ်ခြင်း အစည်းအဝေးက မနက်ဖြန်မှာ ကျင်းပမှာ... အဲ့ဒါက ပွဲတော်ကြီးပဲ... ရှီဖျင်စီရင်စုက အလွှာပေါင်းစုံက သူရဲကောင်းတွေနဲ့ စည်ကားနေပြီ”

မျက်နှာမှာ အမာရွတ်ရှိသော နောက်ထပ်လူတစ်ယောက်က ဝင်ပြောလိုက်၏။

“ဟုတ်တာပေါ့... ဒီတစ်ခေါက် ကောင်းကင်ဘုံနန်းတော်က ဦးဆောင်လာတယ်... ဂိုဏ်းဂဏ အတော်များများကလည်း ပါဝင်လာကြလိမ့်မယ်... သူတို့ရဲ့ ကွန်ရက်ကို ဘယ်သူက မချဲ့ထွင်ချင်ဘဲ နေပါ့မလဲ”

“ကောင်းကင်ဘုံနန်းတော်ရဲ့ ကိုယ်စားလှယ်က ကောင်းကင်ဘုံနန်းတော်ရဲ့ အကြီးအကဲဆယ်ဦးထဲက တစ်ဦး လေနတ်ဘုရား ဖုန့်ပိုလို့ ငါကြားမိတယ်... သူက ရွှေမျိုးနွယ်စုခေါင်းဆောင်ရဲ့ တိုက်ရိုက်တပည့်ပဲ... ဒီလိုမျိုး ပွဲတော်ကြောင့် မဟုတ်ရင် သာမန်လူတွေက သူ့ကို မြင်တွေ့ခွင့်ရမှာ မဟုတ်ဘူး… လင်းယုန်နဲ့ခွေး သတ်ဖြတ်ခြင်း အစည်းအဝေးက လူအတော်များများကို ဆွဲဆောင်မိထားပြီ... အဲ့ဒါက သေချာပေါက် စည်ကားသက်ဝင်တဲ့ ပွဲတစ်ခု ဖြစ်လာလိမ့်မယ်”

မီးခိုးရောင် မုတ်ဆိတ်နှင့် အခြားသော လူတစ်ယောက်က လှောင်ရယ်လိုက်၏။

“အဲ့ဒါက သူရဲကောင်းတွေကိုတင် မဟုတ်ဘဲ လင်းယုန်ခြေသည်းတွေကိုပါ ဆွဲဆောင်မိမှာ ငါစိုးမိတယ်... ဒီတစ်ခေါက် ကျိကွမ်းအသင်း၊ ကံကြမ္မာအယူဝါဒဂိုဏ်းနဲ့ လင်းရှန်စုန်းကဝေဂိုဏ်းတွေကို ဖိတ်ခေါ်မထားဘူး... အဲ့ဒါကြောင့် တာအိုဂိုဏ်းကလည်း ပေါ်ထွက်လာမှာ မဟုတ်ဘူး... ဒါပေမဲ့ ဖီးနစ်စိမ်းတပ်ဖွဲ့ဝင်တွေကတော့ ရောက်လာလောက်တယ်”

အမာရွတ်မျက်နှာနှင့် လူက သတိပေးလိုက်၏။

“သတိထားတာတော့ ပိုကောင်းမယ်... ကောင်းကင်ဘုံနန်းတော်က ဟိုအယူဝါဒဂိုဏ်း သုံးဂိုဏ်းလို တာအိုဂိုဏ်းတော်ကို ရန်စရဲမှာ မဟုတ်ဘူး... ဖီးနစ်စိမ်းတပ်သားတွေက ဘယ်လောက်ပဲ စွမ်းအားကြီးမားပါစေ ဝတ်ရုံနက်တွေကို တပ်ဖြန့်ခိုင်းမထားသရွေ့ သူတို့ သိပ်ပြီး ထိထိရောက်ရောက် လုပ်နိုင်မှာ မဟုတ်ဘူး”

“မှန်တယ်”

အခြားနှစ်ယောက်ကလည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။

ဘေးဝိုင်းမှာရှိသော လူများကလည်း သူတို့ပြောဆိုနေသည့်စကားကို ကြားပြီး ဝင်ပါလာကြသည်။

“ဖီးနစ်စိမ်းတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ်တွေမှာ တကယ်ကို မောက်မာလာကြတာ”

“လက်ရှိ ဧကရာဇ်ကလည်း ဖီးနစ်စိမ်းတပ်ဖွဲ့ကို အလေးပေးထားတာကိုး”

“အရင်တုန်းကဆို ဆား၊ လက်ဖက်နဲ့ မြင်းမှောင်ခိုလုပ်တာတွေက ခက်ခဲပေမဲ့ အခုလောက်တော့ လုပ်ရကိုင်ရမကျပ်ဘူး... ပြီးခဲ့တဲ့နှစ်တွေမှာ လုပ်ရကိုင်ရတာ ပိုပိုပြီးတော့ ခက်လာပြီ... မင်းတို့ ဖမ်းမိမယ်ဆိုရင် ချက်ချင်းအသတ်ခံရလိမ့်မယ်”

“လျောင်တုန်မှာ ဂျင်ဆင်းတူးတာကလည်း မလွယ်တော့ဘူး... ဖီးနစ်စိမ်းတပ်ဖွဲ့က အဲ့ဒီနေရာမှာ နောက်ထပ်ရုံးတွေ ထပ်တိုးထားတယ်... တပ်သားတွေက မြင်းစီးပြီး သေနတ်ရှည်တွေနဲ့ နေ့တိုင်းကင်းလှည့်နေတာ... ငါ့ညီအစ်ကိုတွေဆို နှင်းတောထဲမှာ အကြာကြီး ပုန်းအောင်းနေပြီးမှ ထွက်လာနိုင်ခဲ့တယ်”

“အဲ့ဒါက ပင်လယ်ဘက်ကို ထွက်တာထက်စာရင်တော့ ပိုကောင်းပါသေးတယ်... တာအိုဂိုဏ်းတော်ရဲ့ ရှစ်ပိုခန်းမက သင်္ဘောသားတွေကို ခေါ်ယူစုဆောင်းနေတယ်လို့ ငါကြားတယ်... ဒါပေမဲ့ အဲ့ဒီအလုပ်က တကယ့်ကို စိတ်ပျက်စရာပဲ... ပြဿနာကတော့ မင်းက သင်္ဘောပေါ်ကို ရောက်တာနဲ့ အဲ့ဒီမှာ လပေါင်းများစွာ သောင်တင်နေလိမ့်မယ်... အဲ့ဒါက တကယ်ဆိုရင် အကျဉ်းထောင်တစ်ခုပဲ”

လူတစ်ယောက်က ကျယ်လောင်စွာ ပြောလိုက်၏။

“ဖီးနစ်စိမ်းတပ်ဖွဲ့က ငါတို့ရဲ့ ရဲဘော်ရဲဘက်တွေကို နှစ်စဉ်နှစ်တိုင်း သတ်ဖြတ်နေတဲ့ အင်ပါယာနန်းတော်ရဲ့ လက်ပါးစေပဲ... လူတိုင်း သူတို့ကြောင့် ဒုက္ခရောက်ရတယ်... အဲ့ဒါကြောင့် သူတို့ကို သတ်ဖြတ်ဖို့ အခွင့်အရေးပေါ်လာတဲ့အချိန်မှာ လူတိုင်း တုံ့ပြန်ရမယ်”

ခဏနေပြီးနောက် စားသောက်ဆိုင်အောက်ထပ်သည် ဖီးနစ်စိမ်းတပ်ဖွဲ့ကို ဆန့်ကျင်ပုန်ကန်မည့် အစည်းအဝေးခန်းမတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ့မိတ်ဆွေသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ လက်ချက်ဖြင့် သေခဲ့ရသည်ဟု လူတစ်ယောက်က ပြောသည်။ သူသည် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဖီးနစ်စိမ်းတပ်ဖွဲ့၏ ပစ်ခတ်ခြင်း ခံခဲ့ရသည်ဟု နောက်ထပ်လူတစ်ယောက်က ဝင်ပြောသည်။ လူအုပ်ကြီးက ဆူပူအုံကြွလာ၏။

စားသောက်ဆိုင်ပိုင်ရှင်၏ မျက်နှာက ဖြူဖျော့လာပြီး လျင်မြန်စွာ ကြားဖြတ်ပြောလိုက်၏။

“ကဲ ကဲ... အားလုံးပဲ ကျေးဇူးပြုပြီး စကားကို ထိန်းထိန်းသိမ်းသိမ်းပြောကြပါ... မလိုအပ်ဘဲ ဒုက္ခရောက်မခံကြပါနဲ့... ကျုပ်တို့ အခုရောက်နေတာက အနီးအနားမှာ ဒုစစ်ကဲရုံးရှိတဲ့ မြို့ကြီးပဲ... ကျုပ်တို့ရဲ့ ထင်မြင်ယူဆချက်တွေကို ရင်ထဲမှာပဲ သိမ်းထားတာ ပိုကောင်းလိမ့်မယ်”

လူတိုင်းက ဖီးနစ်စိမ်းတပ်ဖွဲ့နှင့်ပတ်သက်၍ မကျေနပ်ကြသော်လည်း သူတို့က ပြဿနာတက်မည်ကိုလည်း စိုးကြသည်။ ထိုသို့ဖြင့် တဖြည်းဖြည်း ငြိမ်သက်သွားကြ၏။

ခဏနေပြီးနောက် ဧည့်သည်များက ကျသင့်ငွေကို ရှင်းပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ စောစောက ဆူညံပွက်လောရိုက်နေသော စားသောက်ဆိုင်က ရုတ်တရက် တိတ်ဆိတ်ခြောက်ကပ်သွား၏။

ချီရွှမ်းစုက သူ့ရှေ့မှာရှိသော လူများကို မေးလိုက်၏။

“ဒီလင်းယုန်နဲ့ခွေး သတ်ဖြတ်အစည်းအဝေးကို ဘယ်မှာ ကျင်းပမှာလဲ”

လူသုံးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး မဆင်မခြင်မပြောရဲကြပေ။ ချီရွှမ်းစုက ဖီးနစ်စိမ်းတပ်သား ဖြစ်နေမလား သူတို့က စိုးရိမ်နေခြင်းဖြစ်သည်။

ချီရွှမ်းစုက သူတို့၏ အမူအရာကို အကဲခတ်မိပြီး ပြောလိုက်၏။

“ဖီးနစ်စိမ်းတပ်သားတစ်ဦးက ဒီသတင်းအချက်အလက်ကို စားသောက်ဆိုင်တစ်ဆိုင်ကနေ မေးမြန်းစုံစမ်းစရာ လိုလို့လား... သူတို့မှာလည်း သတင်းအချက်အလက် ရယူဖို့ လမ်းကြောင်းသက်သက် ရှိမှာပဲ”

“ခင်ဗျားပြောတာ မှန်တယ်... အဲ့ဒီ လင်းယုန်ခြေသည်းတွေမှာ သတင်းအချက်အလက် စုဆောင်းတဲ့ သူတို့ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်... ကျုပ်တို့ အခုပြောနေတဲ့အချိန်မှာပဲ သူတို့က လမ်းတစ်ဝက်ကို ရောက်နေလောက်ပြီ”

လူငယ်တစ်ယောက်က မကျေမနပ် ရေရွတ်လိုက်၏။

အခြားသော နှစ်ယောက်ကလည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသည်။ သူတို့ပင်လျှင် ဤသတင်းအချက်အလက်ကို သိရှိထားသည့်အတွက် ဖီးနစ်စိမ်းတပ်သားများကလည်း သိရှိထားကြပေလိမ့်မည်။ သူတို့ထဲမှ တစ်ယောက်က ပြောလိုက်၏။

“ဒီလိုမျိုး ကြီးကျယ်ခမ်းနားတဲ့ အစည်းအဝေးတစ်ခုကို မြို့ထဲမှာ ကျင်းပလို့တော့ မဖြစ်ဘူး... အဲ့ဒါကို မြို့ပြင်ဘက်က တောင်ကုန်းထိပ်တစ်ခုမှာ ကျင်းပကြလိမ့်မယ်”

ချီရွှမ်းစုက မေးလိုက်၏။

“အဲ့ဒီတောင်ကုန်း နာမည်က ဘာတဲ့လဲ”

ထိုလူက ဖြေပေးလိုက်၏။

“ကျိုးဝါတောင်ကုန်း... မြို့ထဲကနေ ထွက်သွားပြီးရင် အနောက်ဘက်ကို သွားလိုက်... ခင်ဗျား ဝူလျှိုစျေး၊ နန်သီမြို့၊ ထုံမင်ဈေးတို့ကို ဖြတ်သွားရလိမ့်မယ်... အဲ့ဒီကနေ လွန်ရင် ကျိုးဝါတောင်ကို တွေ့ရတဲ့အထိ မြောက်ဘက်ကို ဆက်သွားလိုက်”

“ကျေးဇူးပဲ”

ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။ သူက ရူယီဒင်္ဂါး လက်တစ်ဆုပ်စာကို စားပွဲပေါ်တင်ပြီး ဆိုင်ထဲကနေ ထွက်ခွာသွား၏။

သို့သော်လည်း ချီရွှမ်းစုက မြို့ထဲကနေ ထွက်ဖို့ အလောတကြီး ရှိမနေပေ။ သူက စည်ကားသော မြို့ထဲမှာ လှည့်လည်သွားလာပြီး နောက်ဆုံးမှာ ဆိုင်တစ်ဆိုင်ထဲကို ဝင်၍ မထင်မရှား စာပေသမားဝတ်စုံတစ်စုံကို ဝယ်ယူလိုက်သည်။ ထို့နောက် ကျောက်စိမ်းနေပြည်တော်ကမှန်း သိသာထင်ရှားသော သူ၏ ခြုံထည်နှင့် တာအိုဝတ်ရုံကို စာပေသမားဝတ်ရုံနှင့် လဲဝတ်လိုက်၏။

ထိုသို့ဖြင့် သူ့ကို တာအိုဆရာတစ်ဦးဟု ဘယ်သူကမှ ခန့်မှန်းမိတော့မည် မဟုတ်ပေ။

သူ အဝတ်အစားလဲပြီး ထွက်လာသည့်အချိန်မှာ မှောင်နေပြီဖြစ်သည်။ ချီရွှမ်းစုက မြို့ပြင်ဘက်ကို ဦးတည်လိုက်၏။ ရှီဖျင်စီရင်စုကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သော်လည်း နေရာတစ်ခု၏ နာမည်ကို သိရှိထားသည်နှင့်​ မေးမြန်းစုံစမ်းလို့ ရလေသည်။

မြို့ထဲကနေ ထွက်လာပြီးနောက် ချီရွှမ်းစုက တရားဝင်လမ်းမအတိုင်း အနောက်ဘက်ကို ဦးတည်လိုက်၏။ ဤအချိန်မှာ လူအတော်များများက ကျိုးဝါတောင်ကုန်းကို သွားနေကြပြီဖြစ်သည်။

ချီရွှမ်းစုက ကြုံရာလူတစ်ယောက်ထံ နေရာတချို့၏ နာမည်များ မေးမြန်းစုံစမ်းလိုက်၏။ မိုင် ၃၀ကျော် လျှောက်သွားပြီးနောက် သူ နောက်ဆုံးမှာ ကျိုးဝါတောင်ကုန်းကို ရောက်လာသည်။

အဝေးကနေ ကြည့်လျှင် ကျိုးဝါတောင်ကုန်းက သိပ်ပြီး မြင့်မားခြင်းမရှိပေ။ ထိုနေရာမှာ တောင်ကြောလမ်းတစ်ခုနှင့် တောင်ကုန်းထိပ်မှာ ရှင်းလင်းထားသော နေရာလွတ်တစ်ခု ရှိနေသည်။ အစည်းအဝေးကို နောက်နေ့မှာ ပြုလုပ်မည် ဖြစ်သော်လည်း အနွေးဓာတ်ရစေဖို့ မီးပုံငယ်များဖို၍ ထိုင်နေသော လူများစွာ ရောက်ရှိနေပြီဖြစ်၏။

ချီရွှမ်းစုမှာ သန်မာသောသွေးချီ ရှိသည့်အတွက် ဤမျှ အအေးဓာတ်က သူ့အတွက် ဘာမှမဟုတ်ပေ။ သူက သစ်ပင်ကြီးတစ်ပင်ထိပ်ကို တက်ပြီး စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေ၏။

နောက်မနက်မှာ ပိုမိုများပြားသော လူများက စုဝေးရောက်ရှိလာပြီး မွန်းတည့်ချိန်မှာ နေရာတစ်ခုလုံး ပြည့်နှက်သွား၏။ တောင်ထိပ်က ရှင်းလင်းထားသော နေရာလွတ်မှာ စင်မြင့်တစ်ခု ထိုးထားလေသည်။ ချီရွှမ်းစုက သစ်ပင်ထိပ်မှာ ထိုင်ပြီး ဘေးဘက်လည်ကို တစ်ချက်ကြည့်လိုက်၏။ အနည်းဆုံး လူတစ်ထောင်လောက် ရှိသော်လည်း သူတို့ထဲမှာ ဖီးနစ်စိမ်းတပ်သားများက ဘယ်လောက်၊ လျှို့ဝှက်အသင်းအဖွဲ့ဝင်များက ဘယ်လောက် ဆိုတာကို ခန့်မှန်းဖို့ခက်သည်။

နှစ်နာရီကြာပြီးနောက် လူအုပ်ကြားထဲကနေ ကျယ်လောင်သော အော်ဟစ်အားပေးသံများ ထွက်ပေါ်လာ၏။ လူဆယ်ယောက်ကျော်က အစိမ်းရောင်ဝတ် လူအိုကြီးတစ်ယောက်ကို ခြံရံ၍ အလယ်မှာရှိသော နေရာလွတ်ဆီ လျှောက်လှမ်းလာကြ၏။

ဤလူအိုကြီးမှာ ရှည်လျားသော မုတ်ဆိတ်ဖြူနှင့် ထူးခြားသော သွင်ပြင်ဟန်ပန်ရှိပြီး တတိယအဆင့် ယိုယီတာအိုအကြီးအကဲတစ်ဦးထက် မနိမ့်ကျပေ။ သူက ကျောက်တုံးများ ခုထားသည့် စင်မြင့်ပေါ်ကို တက်ပြီး ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုကာ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။ သူ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ညီအစ်ကိုရောင်းရင်းတို့... မင်္ဂလာပါ”

လူတိုင်းက မတ်တပ်ထရပ်ပြီး ပြန်လည်ဦးညွှတ်ကာ သံပြိုင်အော်လိုက်ကြ၏။

“မင်္ဂလာပါ ဖုန့်ပို”

ထိုအခါမှသာ သူ့ရှေ့မှ လူအိုကြီးက ကောင်းကင်ဘုံနန်းတော်မှ လေနတ်ဘုရား ဖုန့်ပိုဖြစ်သည်ကို ချီရွှမ်းစု သိရှိလိုက်၏။ ဤလူကြီးက ငွေအဆင့်သတ်မှတ်ချက်ပေါ်မှာ ရှိသော်လည်း သူ့အဆင့်ကို ချီရွှမ်းစု မမှတ်မိတော့ပေ။

ဖုန့်ပိုက ဆက်ပြောလိုက်၏။

“ချစ်ခင်လေးစားရတဲ့ မိတ်ဆွေအပေါင်းအသင်းတို့... ကျုပ်တို့ ဒီနေ့ ဒီနေရာမှာ စုဝေးရောက်ရှိနေတယ်ဆိုတာ ဒီနှစ်တွေထဲမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ကျုပ်တို့ရဲ့ ရဲဘော်ရဲဘက်တွေအတွက် လက်စားချေဖို့ပဲ... အဓိက လက်သည်တရားခံကတော့ ယုတ်မာရိုင်းစိုင်းလွန်းတဲ့…”

လူတိုင်း သံပြိုင်အော်လိုက်ကြ၏။

“ဖီးနစ်စိမ်းတပ်သားတွေ...”

လူပေါင်းတစ်ထောင်ကျော်က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး ကျယ်လောင်သော တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာ၏။

ထို့နောက် လူတစ်ယောက်က အော်ပြောလိုက်သည်။

“လင်းယုန်ခြေသည်းတွေ…”

လူအုပ်ကြီးက တုံ့ပြန်ကာ အော်ဟစ်လိုက်၏။

သူ့အောက်မှာရှိသော သစ်ပင်ကြီးက လှုပ်ခါသွားသည်ဟု ချီရွှမ်းစု ခံစားမိသည်။ ကောင်းကင်ဘုံနန်းတော်သည် ဖီးနစ်စိမ်းတပ်ဖွဲ့ကို ရင်ဆိုင်ဖို့အတွက် ဤလူအုပ်ကြီးကို ခေါ်ယူစုဆောင်းလိုသည်။ သူတို့အများစုက ဟောက်ထျန်သက်ရှိများ ဖြစ်သော်လည်း သူတို့၏ များပြားလှသော အရေအတွက်ကို လျှော့မတွက်သင့်ပေ။ ဖီးနစ်စိမ်းတပ်ဖွဲ့သည် သူတို့ကို ကိုင်တွယ်ဖို့အတွက် ဒုစစ်ကဲရုံး သုံးရုံးကို စေလွှတ်ခဲ့သည်မှာ မထူးဆန်းတော့ပေ။ သို့သော် ထိုသို့ဆိုလျှင်တောင် အဲဒါက မလုံလောက်ဟု ချီရွှမ်းစု ခံစားမိနေ၏။

ဤအချိန်မှာ ဖုန့်ပိုက လက်မြှောက်ပြီး ညင်သာစွာ ပြန်ချလိုက်၏။ တောင်ပေါ်မှာ လေပြေတစ်ချက် အော်မြည်တိုက်ခတ်သွားသည်။

လူတိုင်းသည် သူတို့၏ မျက်နှာကို လာရောက်ရိုက်ခတ်သည့် လေပြေကို ခံစားမိပြီး အသံတိတ်သွားကြ၏။

ချက်ချင်းပင် တောင်ကုန်းထိပ်မှာ တိတ်ဆိတ်မှုက ပြန်လည်ကြီးစိုးသွားသည်။

ချီရွှမ်းစုက ရင်ထဲမှာ တုန်ယင်သွား၏။

ဒါက ကောင်းကင်သက်ရှိတစ်ဦးရဲ့ စွမ်းအားလား…

All Chapters