အခန်း ၁၉၉
Vol. 20 Ch. 199
အခန်း ၁၉၉ - လင်းယုန်နှင့်ခွေး သတ်ဖြတ်ခြင်းအစည်းအဝေး (၂)
ဖုန့်ပိုက စင်မြင့်ပေါ်ကနေ ပြောလိုက်၏။
“စည်းလုံးခြင်းက ခွန်အားပဲ... ဖီးနစ်စိမ်းတပ်ဖွဲ့ကို ရင်ဆိုင်ဖို့ လူတိုင်းက ပူးပေါင်းထားမယ်ဆိုရင် ငါတို့ သေချာပေါက် အောင်မြင်လိမ့်မယ်”
လူအုပ်ကြီးက အော်ဟစ်လိုက်ကြ၏။
“ငါတို့ အောင်မြင်ရမယ်”
ဖုန့်ပိုက ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ဖီးနစ်စိမ်းတပ်ဖွဲ့ကို ရင်ဆိုင်ဖို့ ငါတို့ မဆင်မခြင်လုပ်လို့မရဘူး... ငါတို့က ပေါ့ပါးဖျတ်လတ်ရမယ်... ဗျူဟာကျရမယ်... တစ်ယောက်ချင်းခွဲပြီး ရှေ့ကိုတက်မယ့်အစား ဟာကွက်မရှိတဲ့ အစီအစဉ်တစ်ခုကို ချမှတ်ရမယ်”
လူတိုင်းက သဘောတူထောက်ခံလိုက်ကြ၏။
“ဖုန့်ပိုပြောတာ မှန်ပါတယ်”
ဖုန့်ပိုက လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်၏။
“ဒီနေ့ ဒီနေရာမှာ ရောက်ရှိလာတဲ့ လူတိုင်းမှာ ခွန်အားကိုယ်စီ ရှိကြတယ်... ဒါပေမဲ့ ငါတို့ရဲ့ခွန်အားက ပြန့်ကျဲလွန်းနေတယ်... လူတိုင်းက ဂိုဏ်းတစ်ခု၊ အသင်းအဖွဲ့တစ်ခုကို ဝင်ရောက်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး... လူတိုင်းက အသင်းအဖွဲ့တစ်ခုကို ဝင်ရောက်ကြမယ်ဆိုရင်တောင် ငါတို့တွေက တာအိုဂိုဏ်းတော်နဲ့ အင်ပါယာနန်းတော်အတွက် ကြီးမားတဲ့ ပစ်မှတ်တစ်ခု ဖြစ်လာဖို့ပဲရှိမယ်... ဘယ်သူ့မှာ ဗျူဟာကျတဲ့ အစီအစဉ်ရှိလဲ”
လူတိုင်းက နှုတ်ဆိတ်သွားကြ၏။
ဤအချိန်မှာ ဖုန့်ပိုနှင့်အတူ ရောက်လာသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မေးလိုက်၏။
“ဖုန့်ပို... ခင်ဗျားမှာ အကြံပြုစရာ ဘာရှိလို့လဲ”
ဤစကားကို ကြားသောအခါ သူတို့က ဇာတ်တိုက်ထားသည်ကို ချီရွှမ်းစု သိရှိလိုက်၏။
ထင်မှတ်ထားသည့်အတိုင်း ဖုန့်ပိုက ပြောလိုက်သည်။
“ငါတို့ ဖီးနစ်စိမ်းတပ်ဖွဲ့ကို ရင်ဆိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် ကူညီနိုင်အောင် လျှို့ဝှက်မဟာမိတ်ဖွဲ့ထားကြရင် မကောင်းဘူးလား”
ဖုန့်ပိုက အစီအစဉ်ချပြီးမှ ရောက်ရှိလာခြင်းဖြစ်သည်။ ဤနေရာမှာ ရောက်ရှိနေသော လူတိုင်းက ဖီးနစ်စိမ်းတပ်ဖွဲ့ကို မုန်းတီးကြသော်လည်း ဤလူများမှာ အမျိုးမျိုးသော ဇာစ်မြစ်များ ရှိနေကြသည်။ လူတိုင်းက ကောင်းကင်ဘုံနန်းတော်ကို ဝင်ရောက်ဖို့ဆိုတာ တကယ်ကို ခဲယဉ်းလေသည်။ အထူးသဖြင့် သူတို့အတော်များများမှာ တခြားသော ဆက်သွယ်နှီးနွှယ်စရာများ ရှိနေသောကြောင့်ဖြစ်သည်။ သူက ထိုသူများကို အတင်းအကျပ် ခေါ်ယူစုဆောင်းမည်ဆိုလျှင် နောက်ထပ် ပဋိပက္ခများကို ဖြစ်လာစေပေလိမ့်မည်။
အခြားသော အသင်းအဖွဲ့များကို ရန်စမည့်အစား ဖုန့်ပိုက နောက်ထပ်နည်းလမ်းတစ်ခုကို စဉ်းစားတွေးတောထားသည်။ သူတို့က မဟာမိတ်ဖွဲ့နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ ကွန်ဖြူးရှပ်များကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် မဟာယာနဘုန်းကြီးများနှင့် တာအိုဆရာများ ပူးပေါင်းခဲ့သလို မည်သည့် မကျေမချမ်းမှုနှင့် ပဋိပက္ခမှ ရှိလာတော့မည် မဟုတ်ပေ။
ကွန်ဖြူးရှပ်များနှင့် ဆန့်ကျင်တိုက်ခိုက်ရာမှာ တာအိုဂိုဏ်းတော်က ပင်မအင်အားစုဖြစ်ခဲ့သော်လည်း မဟာယာနဘုန်းကြီးများက အဲဒါကို လက်ခံနိုင်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ မဟာယာနဘုန်းကြီးများစွာက သူတို့ကိုယ်သူတို့ တာအိုဆရာများအဖြစ် စတင်၍ ခံယူလာကြ၏။ သူတော်စင်စီဟန်မျိုးဆက်သည် အစက မဟာယာနဘုန်းကြီးများဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ တာအိုဆရာများအဖြစ် ကူးပြောင်းခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် မဟာမိတ်တစ်ခု ဖွဲ့ပြီးလျှင် သင့်လျော်သည့် အဖွဲ့ဝင်များကို တဖြည်းဖြည်း စည်းရုံးခေါ်ယူဖို့က ပို၍ လွယ်ကူသွားပေလိမ့်မည်။
ပြောရမည်ဆိုလျှင် မဟာမိတ်ဖွဲ့ခြင်းက ချုပ်နှောင်မှုမရှိဘဲ လွတ်လပ်သည်။ ထိုသို့ပြုလုပ်ခြင်းမှာ ဘက်ပြောင်းစရာ သို့မဟုတ် သစ္စာခံစရာ မလိုအပ်ပေ။ ထို့ကြောင့် လူတိုင်းက ဖုန့်ပို၏ စိတ်ကူးကို သဘောကျနေကြ၏။
လူတစ်ယောက်က ထပြောလိုက်သည်။
“ဒါဆိုရင် ခေါင်းဆောင်က ဘယ်သူလုပ်မှာလဲ”
ဖုန့်ပိုက ကြေညာလိုက်၏။
“ဒါက ဖီးနစ်စိမ်းတပ်သားတွေနဲ့ ဆန့်ကျင်တိုက်ခိုက်ဖို့ မဟာမိတ်ဖွဲ့ထားရုံပဲ... ငါတို့က အသင်းအဖွဲ့အသစ်တစ်ခုကို တည်ထောင်မှာ မဟုတ်ဘူး... ဒီမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်က အသင်းအဖွဲ့တွေအကြား ညှိနှိုင်းပေးဖို့အတွက် ဆက်သွယ်ညှိနှိုင်းရေးမှူးအဖြစ်ပဲ ထမ်းဆောင်ရလိမ့်မယ်... တခြားအသင်းအဖွဲ့တွေရဲ့ အရေးကိစ္စမှာ ကြားဝင်စွက်ဖက်ခွင့် မရှိဘူး”
ခေါင်းဆောင်အသစ်၏ ထိန်းချုပ်ခြင်းခံရမည်ကို စိုးရိမ်နေသူများစွာ ရှိနေကြသည်။ သို့သော် ဖုန့်ပို၏ ဖြေရှင်းချက်ကို နားထောင်ပြီးနောက် သူတို့၏ သံသယများက ရှင်းလင်းသွားကြ၏။
နောက်တစ်ဆင့်သည် ဤမဟာမိတ်အဖွဲ့အတွက် ခေါင်းဆောင်ကို ရွေးချယ်တင်မြှောက်ရန်ဖြစ်သည်။
ဤနေရာကို ဖုန့်ပိုက ယူတော့မည်ကို ချီရွှမ်းစုက ပြောနိုင်၏။
ချီရွှမ်းစုသည် မြင်သင့်သလောက် မြင်ရပြီးနောက် ဤနေရာကနေ ထွက်ခွာဖို့ ကြံလိုက်၏။
ဤအချိန်မှာ အသံတစ်သံက ကြားဖြတ်ဝင်ရောက်လာသည်။
“အယူဝါဒမိစ္ဆာကောင်တွေ... ဘယ်လောက်တောင် လူပါးဝနေကြလဲ... မင်းတို့က မဟာမိတ်တောင် ဖွဲ့ရဲတယ်ပေါ့”
ထိုအသံက မကျယ်လွန်းသော်လည်း လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ လူတိုင်းက အသံထွက်လာရာဘက်သို့ လှည့်ကြည့်ပြီး သစ်ပင်ကြီးတစ်ပင်ထိပ်မှာ အစိမ်းရောင်ဝတ်စုံဖြင့် မတ်တတ်ရပ်နေသည့် လူတစ်ယောက်ကို တွေ့မြင်လိုက်ကြရ၏။ ထိုအရာသည် ဖီးနစ်စိမ်းတပ်ဖွဲ့၏ အရာရှိဝတ်စုံဖြစ်သည်။
ရုတ်တရက် လူတိုင်းက ထရပ်ပြီး သူတို့၏ လက်နက်များကို ကိုင်စွဲလိုက်ကြ၏။ တချို့က သူတို့၏ ဒူးလေးနှင့် သေနတ်တို့ကိုပင် ကိုင်မြှောက်ပြီး ထိုအစောင့်တပ်သားကို ချိန်ရွယ်လိုက်ကြ၏။
ဖီးနစ်စိမ်းတပ်သားက လူအုပ်ကြီး၏ ရန်လိုမှုမှာ လုံးဝ ဖြုံသွားခြင်းမရှိပေ။
ဖုန့်ပိုက မျက်လုံးနှစ်ဖက်ကို မှေးကျဉ်းပြီး အော်ပြောလိုက်၏။
“မင်းက ဒီနေရာကို တစ်ယောက်တည်း ရောက်လာတယ်ဆိုတော့ တော်တော်ရဲတာပဲ... မင်းနာမည်ကို ပြောစမ်းပါဦး”
ထိုလူက ဖြေပေးလိုက်၏။
“ငါက လျန်ကျိုးရဲ့ ဒုစစ်ကဲ ယန်ကျိုးဝေပဲ... ဖုန့်ပို... မင်းက နာမည်ဂုဏ်သတင်းနဲ့ လိုက်ဖက်ပါပေတယ်”
ရုတ်တရက် လူအုပ်ကြားထဲမှာ တိုင်ပင်ဆွေးနွေးသံများ ထွက်ပေါ်လာ၏။ ဒုစစ်ကဲတစ်ဦးက ဤအစည်းအဝေးမှာ ပေါ်ထွက်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
ဖုန့်ပိုက သတိပေးလိုက်၏။
“မင်း ဒီနေ့ ဒီနေရာကို ရောက်လာပြီဆိုမှတော့ ပြန်ထွက်သွားဖို့ မကြံနဲ့တော့”
“ငါက ဘာလို့ ပြန်ထွက်ရမှာလဲ”
ယန်ကျိုးဝေက ဟားတိုက်ရယ်မောလိုက်၏။ သူ့ခန္ဓာကိုယ်က တသိမ့်သိမ့်လှုပ်ခါပြီး သူရပ်နေသော သစ်ပင်ကနေ သစ်ရွက်များက ဆီးနှင်းပွင့်များကဲ့သို့ ကြွေကျလာ၏။
“မင်းက ဒီလူဆိုးလူမိုက်တွေကို ဒီနေရာမှာ ခေါ်ယူစုဝေးလိုက်တော့ ငါ့အတွက် အချိန်ကုန် အတော်လေး သက်သာသွားတာပဲ... ငါ မင်းတို့တွေကို တစ်ခါတည်း ဖမ်းလိုက်ရုံပေါ့”
ဖုန့်ပို၏ မျက်နှာက သုန်မှုန်လာ၏။
“မင်း ဘာတွေလာပြီး ဇောင်းကြွနေတာလဲ”
ယန်ကျိုးဝေက ဆက်လက်၍ မပြောတော့ပေ။ သူ လက်တင်ထားသော ပင်စည်က မီးတောက်နီရောင်အဖြစ် ပြောင်းလဲသွား၏။ ထို့နောက် မီးက သစ်ပင်တစ်ပင်လုံးကို လျင်မြန်စွာ ပျံ့နှံ့သွား၏။
တစ်ခဏချင်းမှာပင် သူ မတ်တတ်ရပ်နေသော သစ်ပင်ကြီးက အလျှံညီးညီး မီးရှူးမီးတိုင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မီးတောက်များက ကောင်းကင်ထက်ကို ထိုးတက်သွား၏။
ခဏနေပြီးနောက် စူးရှသော လေခွင်းသံက ချဉ်းကပ်လာသည်။
လူတိုင်းက အလိုလိုမော့ကြည့်ပြီး သူတို့အပေါ် ကျဆင်းလာသည့် မီးစွဲနေသော ဥက္ကာပျံတစ်ခုကို တွေ့မြင်လိုက်ရ၏။
“ဒါက…”
ချီရွှမ်းစုက မှင်တက်သွား၏။
ဖုန့်ပို၏ အမူအရာကလည်း ရုတ်ချည်းပြောင်းလဲသွားသည်။ သူက ယခင်ကလို ဆက်လက်၍ ခံ့ညားခြင်း မရှိတော့ဘဲ ဖီးနစ်စိမ်းတပ်သားကို ကျိန်ဆဲကာ အော်ပြောလိုက်၏။
“အဲဒါ ဖီးနစ်မျက်လုံးဗုံးပဲ”
ထို့နောက် ဖုန့်ပိုသည် လေပြေတစ်ခုအဖြစ် ပြောင်းပြီး နေရာကနေ ချက်ချင်းပျောက်ကွယ်သွား၏။
ယန်ကျိုးဝေကလည်း တစ်ချိန်တည်းမှာ ပျောက်ကွယ်သွားသည်။
ကောင်းကင်ထက်ကနေ ကျဆင်းလာသည့် မီးစွဲနေသော ဥက္ကာပျံက ဖီးနစ်စိမ်းမျက်လုံးဗုံး ဖြစ်လိမ့်မည်ဟု ချီရွှမ်းစု ထင်မှတ်မထားခဲ့ပေ။ ဒက်စ်မန်ကို သတ်ဖြတ်တုန်းက အဲဒါကို အသုံးပြုဖူးသည့်အတွက် ဖီးနစ်မျက်လုံးဗုံး၏ စွမ်းအားကို သူသိရှိထား၏။ ထို့ကြောင့် အခြားသူများ မတုံ့ပြန်ခင် သူက အသက်လုကာ ချက်ချင်းပင် ထွက်ပြေးလိုက်သည်။
ကံကောင်းစွာဖြင့် ချီရွှမ်းစုသည် လူအုပ်ကြီး၏ အစပ်မှာသာ ရှိနေပြီး အဟန့်အတားမရှိဘဲ ချက်ချင်းထွက်ပြေးနိုင်သည်။
သူ ပေတစ်ရာလောက် ပြေးလာပြီးနောက် ဖီးနစ်မျက်လုံးဗုံးက ကောင်းကင်ထက်ကနေ ကျဆင်းကာ ပေါက်ကွဲထွက်သွား၏။ အပေါ်စီးကနေ ကြည့်မည်ဆိုလျှင် ကြီးမားသော မီးတောက်နီရောင် ကြာပန်းတစ်ခု ဖူးပွင့်၍ ကောင်းကင်တစ်ခုလုံးအား လျင်မြန်စွာ ဖုံးလွှမ်းသွားသလို တွေ့မြင်ရပေလိမ့်မည်။ တောင်ကုန်းထိပ်အလယ်မှာရှိသော လူအုပ်ကြီးက ချက်ချင်းပင် လောင်ကျွမ်းပြာကျသွား၏။ မီးတောက်များ ဖြတ်သွားသော နေရာတိုင်းမှာ မည်းနက်၍ အက်ကွဲနေသော မြေပြင်သာ ကျန်ခဲ့သည်။
ပေါက်ကွဲမှုကနေ ထွက်ပေါ်လာသည့် ကြီးမားသော တုန်ခါလှိုင်းက ဒေါသူပုန်ထနေသော မီးတောက်များကို ထပ်မံ၍ ပျံ့နှံ့သွားစေ၏။ နောက်ခဏ၌ သူ့နောက်ကနေ သူ့ကို ဝါးမျိုတော့မည့် မခံမရပ်နိုင်သော အပူလှိုင်းတစ်ခု ချဉ်းကပ်လာသည်ကို ချီရွှမ်းစု ခံစားမိလိုက်၏။ ကံကောင်းစွာဖြင့် သူက တောင်ဆင်းလမ်းမှာ ရှိနေပြီး တွေဝေခြင်းမရှိဘဲ တောင်အောက်ကို လှိမ့်ချလိုက်၏။ မြေဆွဲအားကို သုံး၍ မီးတောက်များကို အပေါ်ကနေ လျှံထွက်သွားစေသည်။
ဒေါသူပုန်ထနေသော မီးတောက်များက ကျိုးဝါတောက်ကုန်းကို လွှမ်းခြုံသွားပြီး မီးညွန့်များက ကောင်းကင်ထက်ကို ထိုးတက်ကာ အရှင်လတ်လတ် မီးရှို့ခံနေရသော လူများထံမှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာ၏။ အနည်းဆုံး လူတစ်ရာလောက် သေဆုံးသွားပြီး တချို့က ပြာဖြစ်ကာ တချို့က လောင်ကျွမ်းတူးချစ်နေသော အလောင်းများအဖြစ် ပြောင်းလဲသွားသည်။ မသေသေးသောသူများကလည်း မီးစွဲခံနေရ၏။ သူတို့အားလုံးက ဆိုးဆိုးဝါးဝါး အခြေအနေမှာ ရောက်ရှိနေကြသည်။
ရှင်သန်ကျန်ရစ်သူများက အကူအညီတောင်းကာ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ပြီး ထွက်ပြေးနေကြ၏။ တချို့က အော်ဟစ်လိုက်ကြသည်။
“ငါတို့ ထောင်ချောက်မိသွားပြီ... ထောင်ချောက်မိသွားပြီ”
“အဲဒါက ဖီးနစ်စိမ်းတပ်ဖွဲ့ မဟုတ်ဘူး... ဝတ်ရုံနက်တွေပဲ”
“သေစမ်း... ဖုန့်ပို ဘယ်ရောက်သွားတာလဲ”
ဖီးနစ်စိမ်းတပ်ဖွဲ့က သူတို့ချည်းသက်သက်ဖြင့် ဤကဲ့သို့ ကြီးမားသော လူအုပ်ကြီးကို မဖိနှိမ်နိုင်ဘူးဆိုတာကို သိရှိထားကြပြီး ဝတ်ရုံနက်များကို အကူအညီတောင်းထားသည်။ ဝတ်ရုံနက်များသည် အစုအဖွဲ့နှင့် တိုက်ခိုက်ရာမှာ တော်ကြသည်။ သူတို့၏ မြင်းတပ်များနှင့် အမြောက်တပ်များကို အဝေးကနေ သတိထားမိနိုင်သည့်အတွက် သူတို့က ချောင်းမြောင်းတိုက်ခိုက်ရာမှာ မတော်ကြပေ။ ထို့ကြောင့် သူတို့က ကျိုးဝါတောင်ကုန်းအနားကို ချဉ်းကပ်မလာနိုင်ဘဲ ယန်ကျိုးဝေ အချက်ပြပြီးမှ ဖီးနစ်မျက်လုံးဗုံးကို သုံးကာ အဝေးကနေ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
ဤအစည်းအဝေးကို မြို့ထဲမှာ ကျင်းပမည်ဆိုလျှင် ဤကဲ့သို့ အဖျက်စွမ်းအား မြင့်မားသော ခဲယမ်းများကို အသုံးပြုဖို့ ခက်ခဲပေလိမ့်မည်။ သို့သော် ယခုအချိန်မှာ လူဆိုးလူမိုက်များအားလုံးက လူသူအရောက်အပေါက်မရှိသော ဤတောင်ကုန်းပေါ်မှာ စုဝေးရောက်ရှိနေကြပြီး ဗုံးကြဲတိုက်ခိုက်ဖို့အတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်လာစေသည်။ ဤတိုက်ခိုက်မှုသည် လူတစ်ရာကျော်ကို ချက်ချင်းပင် ပြာကျစေပြီး လူပေါင်းရာချီက လောင်ကျွမ်းတူးချစ်နေသော အလောင်းများအဖြစ် ပြောင်းလဲသွားသည်။
ဗုံးကြဲတိုက်ခိုက်ပြီးနောက် အင်အားကြီးမားသော စစ်တပ်တစ်တပ်က အဝေးကနေ ချီတက်လာကြသည်။
ထိုသူများက သူတို့၏ မြင်းများပေါ်ကနေ ဆင်းလာသည့် ဝတ်ရုံနက်များ ဖြစ်ကြသည်။ အားလုံးက ကြမ်းကြုတ်ခက်ထန်သော ကျားပုံပါသည့် အနက်ရောင် ဒိုင်းကာများကို ကိုင်စွဲထားကြပြီး ဒိုင်းကာတံတိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။ ဒိုင်းကာတံတိုင်းနောက်ကနေ အနက်ရောင်လှံများစွာက ပြူထွက်လာကြသည်။
ကျင့်ကြံမှုအဆင့်အရ ဤဝတ်ရုံနက်များသည် ဟောက်ထျန်သက်ရှိများသာ ဖြစ်ကြသည်။ သို့သော် ဤကဲ့သို့ အစုအဖွဲ့နှင့် တိုက်ခိုက်ရာမှာ သူတို့က ရှင်သန်ကျန်ရစ်သူများကို အလွယ်တကူ လှဲချနိုင်သည်။ ရှင်သန်ကျန်ရစ်သော ထိုသူများကလည်း ဗုံးကြဲတိုက်ခိုက်ခြင်းမှာ ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်၏။ မည်သူကမှ ဝတ်ရုံနက်များနှင့် ရင်မဆိုင်ဝံ့ဘဲ အခြားသော အရပ်မျက်နှာများသို့ လျင်မြန်စွာ ထွက်ပြေးလိုက်ကြ၏။
အခြားတစ်ဖက်မှာ ဖီးနစ်စိမ်းတပ်သားများက ပေါ်ထွက်လာကြသည်။ သူတို့က သိပ်သည်းလေးလံသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားခြင်း မရှိသလို ကြီးမားသော ဒိုင်းကာများနှင့် လှံများကိုလည်း ကိုင်စွဲမထားကြပေ။ ထိုအစား သူတို့ ကိုင်ဆောင်နေကျ သေနတ်များနှင့် ဒူးလေးများကိုသာ ကိုင်စွဲထားကြသည်။ ဖီးနစ်စိမ်းတပ်သားများသည် တစ်ဦးချင်း တိုက်ခိုက်ခြင်းနှင့် အညှာအတာမဲ့စွာ သတ်ဖြတ်ခြင်းမှာ ပိုတော်ကြသည်။
ဤလူဆိုးလူမိုက်အုပ်စုသည် ကောင်းကောင်းလေ့ကျင့်ပေးထားသော တပ်သားများကို လုံးဝ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ဤသည်ကို ကြည့်ပြီး ချီရွှမ်းစုက သက်ပြင်းချမိ၏။ ဤလင်းယုန်နှင့်ခွေး သတ်ဖြတ်ခြင်းအစည်းအဝေးက သိသာရှင်းလင်းစွာဖြင့် ပျက်စီးသွားသည်။ ထိတ်လန့်တကြားဖြစ်နေသော ဤလူများက သတ်ဖြတ်ခံရမည်ကို စောင့်ဆိုင်းနေသည့် ကြက်များ၊ ဝက်များကဲ့သို့ ဖြစ်လာကြသည်။
ကံကောင်းစွာဖြင့် ဝတ်ရုံနက်များနှင့် ဖီးနစ်စိမ်းတပ်သားများက နေရာတစ်ခုလုံးကို လုံးလုံးလျားလျား ပိတ်ဆို့ထားခြင်းမရှိဘဲ ချီရွှမ်းစုသည် အကြားအလပ်နေရာတစ်ခုကနေ ဖောက်ထွက်လာနိုင်ခဲ့သည်။