တိုက်ရိုက်တပည့် နှစ်ဦး
Vol. 7 Ch. 62
ရှုချွမ်းက တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှေးဟောင်း ရွှေနန်းတော်အကြောင်းနှင့် ၎င်း၏ အခြေခံ သတင်းအချက်အလက်များကို ကြားသိလိုက်ရသည်။
ထို့နောက် သူက ယန်ရှန်း၏ ဇာတ်ညွှန်း အချက်အလက်များကို တွေးတောမိသွားသည်။
ဒါက သူ့ကို အံ့အားသင့်သွားစေသည်။
စနစ်မှ ဖော်ပြထားသော ဇာတ်ညွှန်းအရ ယန်ရှန်းသည် ဤရှေးဟောင်း ရွှေနန်းတော်အတွင်းမှ အခွင့်အရေးများနှင့် အမွေအနှစ်များကို ရရှိပြီး နောက်ဆုံးတွင် ပြိုင်ဘက်ကင်း သိုင်းပညာရှင်ကြီး ဖြစ်လာမည် မဟုတ်ပါလား။
“ရှေးဟောင်း ရွှေနန်းတော်က ဒီလောက် မြန်မြန် ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး”
ရွှေနန်းတော် ပေါ်လာခြင်းက သူ၏ အစီအစဉ်များကို ပျက်ပြားသွားစေသည်။
မူလက သူသည် တစ်နှစ်အကြာတွင် ကျင်းပမည့် “တာအိုဖလှယ် ပွဲ” အတွက် တံခါးပိတ် ကျင့်ကြံ ပြင်ဆင်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
သို့သော် ယခု ရွှေနန်းတော် ပေါ်လာပြီ ဖြစ်သဖြင့် သူ ထိုနေရာသို့ အသေအချာ သွားရပေမည်။
ဤခရီး၏ ရည်ရွယ်ချက်မှာ ယန်ရှန်းထံသို့ ရောက်ရှိမည့် အခွင့်အရေးများကို လုယူရန်ပင် ဖြစ်သည်။
သို့သော် သူသည် ရှေးဟောင်း ရွှေနန်းတော်သို့ သွားရန် ခွင့်တောင်းခြင်း မပြုရသေးမီမှာပင် တိုက်ယိ မြင့်မြတ် အရှင်ထံမှ သတင်းစကား ရောက်ရှိလာခဲ့ပြီး ရှုချွမ်းအား ရှေးဟောင်း ရွှေနန်းတော်သို့ သွားရောက်ရန် ပြင်ဆင်ခိုင်းလေသည်။
မထွက်ခွာမီ...
စစ်တုလင်းက ရှုချွမ်းကို ခေါ်ယူလိုက်သည်။
“ဆရာ... ဘာများ မှာကြားစရာ ရှိလို့လဲ”
ရှုချွမ်းက ရိုသေစွာ ဂါရဝပြုပြီး မေးလိုက်သည်။
“ဒီတစ်ခါ ရွှေနန်းတော် ခရီးစဉ်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေပြီး အရမ်းကို ရက်စက်ကြမ်းကြုတ်လိမ့်မယ်”
“အထဲကို ရောက်သွားရင် အရှေ့ဘက်ဒေသက အင်အားကြီး အဖွဲ့အစည်းတွေရဲ့ ပါရမီရှင်တွေကို ရင်ဆိုင်ရရုံတင်မကဘဲ ရှေးဟောင်း ရွှေနန်းတော်အတွင်းမှာ ရှိနေနိုင်တဲ့ အန္တရာယ်တွေကိုလည်း သတိထားရမယ်။ အမှားအယွင်း အနည်းငယ်က အသက်ဆုံးရှုံးစေနိုင်တယ်”
“ရှေးဟောင်း နန်းတော်ရဲ့ စည်းမျဉ်းတွေကြောင့် ငါ မင်းကို ဘာအကူအညီမှ ပေးလို့မရဘူး။ မင်းအနေနဲ့ အမြဲတမ်း နိုးနိုးကြားကြား ရှိနေဖို့နဲ့ ဘယ်တော့မှ ပေါ့ပေါ့ဆဆ မလုပ်ဖို့ ငါ မျှော်လင့်တယ်။ တစ်ခါတလေမှာ လူ့နှလုံးသားက ကြောက်စရာအကောင်းဆုံးပဲ”
စစ်တုလင်းက ရှုချွမ်းကို အလေးအနက် မှာကြားနေပြီး စကားပြောနေစဉ် သူ၏ မျက်နှာမှာ အလွန် တည်ကြည်နေသည်။
ရွှေနန်းတော်မှာ နှစ်ပေါင်း တစ်ထောင်မှ တစ်ကြိမ်သာ ပေါ်လာတတ်ပြီး သူ ငယ်စဉ်က ၎င်းအတွင်းသို့ ဝင်ရောက်ခဲ့ဖူးသည်။
ထိုစဉ်က ထိုက်ယိ မြင့်မြတ်နယ်မြေ တိုက်ရိုက် တပည့် ခြောက်ဦး စေလွှတ်ခဲ့သော်လည်း နောက်ဆုံးတွင် သူတစ်ဦးတည်းသာ ပြန်လာနိုင်ခဲ့သည်။
ကျန်ရှိသော ငါးဦးလုံးမှာ အခြားသော ပါရမီရှင်များနှင့် တိုက်ပွဲများအတွင်း သေဆုံးသွားခဲ့ကြသည်။
သူ၏ ယခုကဲ့သို့ အောင်မြင်မှုများမှာ သူ၏ ပါရမီကြောင့်သာမက ရွှေနန်းတော်အတွင်းမှ ရရှိခဲ့သော အခွင့်အရေးများကြောင့်လည်း ဖြစ်သည်။
“တပည့် နားလည်ပါပြီ ဆရာ... စိတ်ချပါ”
ရှုချွမ်းက အလေးအနက် ပြောလိုက်သည်။
“ဒီခရီးကနေ တစ်ခုခု ရရှိလာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါ့အပြင် ဒီအခွင့်အရေးကို အသုံးချပြီး လောကမှာ ကျော်ကြားအောင် လုပ်မှာပါ၊ ရှုချွမ်းဆိုတဲ့ အမည်ကို လူတိုင်း သိစေရမယ်”
ယခုအခါ သူသည် ‘သူတော်စင် လောင်းလျာ’ ဖြစ်နေပြီ ဖြစ်သဖြင့် လူမသိသူမသိ နေရန် အစီအစဉ် မရှိပေ။
ကျော်ကြားမှုနှင့် ဂုဏ်သတင်းမှာလည်း သူတော်စင် ရွေးချယ်ရာတွင် အရေးပါသော အချက်များ ဖြစ်သည် မဟုတ်ပါလား။
သူသည် နတ်ဘုရား စွမ်းအားနယ်ပယ်သို့ ခြေလှမ်းစတင်ရုံသာ ရှိသေးသော်လည်း နတ်ဘုရား စွမ်းအားနယ်ပယ်အတွင်းရှိ မည်သူမဆို သူ့ကို အနိုင်မယူ နိုင်ကြောင်း ယုံကြည်မှု အပြည့် ရှိနေသည်။
“မင်းကတော့ ကြွားတာပဲ။ မင်းထက် တော်တဲ့သူတွေ အမြဲရှိနေနိုင်တယ်ဆိုတာကို သိထားရမယ်၊ မင်းထက် မြင့်တဲ့ အဆင့်တွေလည်း ရှိနေဦးမှာပဲ။ သတိထားတာ အကောင်းဆုံးပဲ”
ရှုချွမ်း၏ ယုံကြည်ချက်အပေါ် စစ်တုလင်းက နှုတ်ဖြင့် မညှာမတာ ပြောလိုက်သည်။
သို့သော် စိတ်ထဲတွင်မူ သူ အလွန် ကျေနပ်နေမိသည်။
ဤကာလအတွင်း လေ့လာကြည့်ပြီးနောက် ရှုချွမ်းသည် ပြတ်သားပြီး တည်ငြိမ်ကြောင်း၊ အမြော်အမြင်ရှိပြီး သေချာ စဉ်းစားပြီးမှ လုပ်ဆောင်တတ်ကြောင်း သူ တွေ့ရှိခဲ့သည်။
ဤအရည်အချင်းကောင်းများက သူ့ကို ရှုချွမ်းအပေါ် အထင်ကြီးစေခဲ့ပြီး ရှုချွမ်းကို တပည့်အဖြစ် လက်ခံခဲ့သည်မှာ မမှားကြောင်း ပိုမို အတည်ပြုပေးလိုက်သည်။
အချိန်တစ်ခု ရလာပါက သူသည် အင်အားကြီး သိုင်းပညာရှင်တစ်ဦး ဖြစ်လာမည်ဖြစ်ပြီး အရှေ့ဘက်ဒေသမှာ သူ၏ နောက်ဆုံးပန်းတိုင် ဖြစ်လာလိမ့်မည် မဟုတ်ပေ။
ဒါကတော့ စစ်တုလင်း၏ စိတ်ထဲတွင် တွေးနေခြင်းသာ ဖြစ်သည်။ ရှုချွမ်း ဘဝင်မြင့်သွားမည် စိုးသဖြင့် သူ အပြင်ပန်းတွင်မူ ထုတ်မပြချေ။
“လွန်ခဲ့တဲ့ ရက်ပိုင်းတွေက မင်းကျင့်ကြံနေတုန်း မင်းဆီကနေ အားကောင်းတဲ့ မီးတောက် စွမ်းအား တွေ ထွက်နေတာကို ဆရာသတိထားမိတယ်၊ ဒါပေမဲ့ အဲဒီ စွမ်းအားက တက်လိုက်ကျလိုက် ဖြစ်နေတယ်။ မင်းအနေနဲ့ မီးထိန်းချုပ်တဲ့ သိုင်းပညာ တစ်ခု လိုအပ်နေမယ်လို့ ဆရာ ထင်တယ်။ ဒါက ဆရာ အရင်က အမှတ်မထင် ရခဲ့တဲ့ သိုင်းပညာ တစ်ခုပဲ။ မင်းရဲ့ ခုခံကာကွယ်နိုင်စွမ်း တိုးလာအောင် ဒါကို လေ့ကျင့်ထားပါ”
ထိုသို့ ဆိုပြီးနောက် စစ်တုလင်းက သူ၏ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူကာ ရှုချွမ်းထံ ကမ်းပေးလိုက်သည်။
ရှုချွမ်း ယူကြည့်လိုက်သောအခါ ၎င်းမှာ "ရှင်းယန် မီးထိန်းချုပ်ခြင်း သိုင်းပညာ " ဟု ခေါ်သော မြေကြီးအဆင့် အဆင့်နိမ့် သိုင်းပညာ တစ်ခု ဖြစ်နေသည်။
ဒါကို မြင်လိုက်ရတော့ ရှုချွမ်း အလွန် ဝမ်းသာသွားသည်။
သူသည် မူလက ကျင့်စဉ်မျှော်စင် သို့ ထပ်မံသွားရောက်ရန် စီစဉ်ထားသော်လည်း မမျှော်လင့်ဘဲ သူ၏ ဆရာက သူ့အတွက် အသင့်ပြင်ပေးထားခဲ့သည်။
သူ မဟန်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ “ဆရာတစ်ယောက် ရှိရတာ ဒီလို ခံစားချက်မျိုးလား”
“ဆရာ့ကို ကျေးဇူး အထူးတင်ပါတယ်”
ရှုချွမ်းက ဦးညွှတ် အရိုအသေပေး လိုက်သည်။
စစ်တုလင်းက ခေါင်းညိတ်ကာ ဆက်ပြောသည်။ “ဒါ့အပြင် အဲဒီ ကျောက်စိမ်းပြားထဲမှာ ဆရာ အရင်က ပြန်လာတုန်းက ဆွဲထားခဲ့တဲ့ မြေပုံတစ်ခုလည်း ပါသေးတယ်။ ဒါကို မင်း လေ့လာထားလို့ ရပေမဲ့ လုံးဝကြီးတော့ မယုံလိုက်နဲ့၊ ဘာလို့လဲဆိုတော့ ရှေးဟောင်း နန်းတော်ထဲက ပတ်ဝန်းကျင်က အချိန် တစ်ခုတိုင်းမှာ ပြောင်းလဲနေတတ်လို့ပဲ”
“ကဲ... မင်း အမြန် သွားတော့။ သတိထားပါ၊ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ”
စစ်တုလင်းက လက်ဝှေ့ယမ်းကာ ရှုချွမ်းကို ထွက်ခွာရန် ပြော လိုက်သည်။
နောက်ဆုံးတွင်လည်း သူသည် အကြံပြုစကား ပြောရန် မမေ့ခဲ့ပေ။
“ဟုတ်ကဲ့... တပည့်ကို ခွင့်ပြုပါဦး ဆရာ”
ရှုချွမ်းက နောက်တစ်ကြိမ် ဂါရဝပြု နှုတ်ဆက်ကာ ထွက်လာခဲ့သည်။
ထိုအချိန်မှာပင် အရှေ့ဘက်ဒေသ တစ်ခဒလုံးမှ အရည်အချင်းရှိသော ပါရမီရှင်များသည်လည်း ပေါ်ထွက်လာကြပြီ ဖြစ်သည်။
သူတို့သည် ပုံမှန်အားဖြင့် တစ်ကိုယ်တည်း ကျင့်ကြံလေ့ရှိသော်လည်း ယခုအခါတွင်မူ သူတို့၏ အင်အားများကို စုစည်းကာ အဆုံးမဲ့ပင်လယ်ဆီသို့ ဦးတည်နေကြပြီ ဖြစ်သည်။
ထိပ်သီး ပါရမီရှင်များ၏ တိုက်ပွဲကြီးမှာ ဤအခိုက်အတန့်မှ စတင်၍ တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။
.....
နေ့တစ်ဝက်ခန့် ကြာပြီးနောက်...
တိုက်ယိ မြင့်မြတ်နယ်မြေ ၏ ကောင်းကင်ယံတွင် ကြီးမားလှသော ပျံသန်းနိုင်သည့် သားရဲကြီး တစ်ကောင် ပေါ်လာသည်။
သားရဲကြီး၏ ကျောပေါ်တွင် ခရမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦး ရပ်နေသည်။
သူ၏ထံမှ စွမ်းအားကြီးမားသော အော်ရာ များ ထွက်ပေါ်နေပြီး သူ၏ မျက်လုံးများမှာ နက်ရှိုင်းကာ ရင့်ကျက်လှသည်။ သူ၏ ခန့်ညားလှသော အော်ရာ များက သူ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို သက်သေပြနေသည်။
ဤသူကား အခြားသူမဟုတ်၊ ကျိယန် တောင်ထိပ်သခင် လီဝူကျိ ပင် ဖြစ်သည်။
သူသည် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၉ ရှိသော အစွမ်းထက် သိုင်းပညာရှင်ကြီး ဖြစ်သည်။
သူသည် ဤရှေးဟောင်း ရွှေနန်းတော် ခရီးစဉ်တွင် အဖွဲ့ကို ဦးဆောင်မည် ဖြစ်သည်။
ဒါ့အပြင် ကမ္မ နယ်ပယ်မှ အကြီးအကဲ အချို့ကလည်း သူတို့နှင့်အတူ လိုက်ပါလာကြသည်။
ထိုလူများသည် ရှေးဟောင်း ရွှေနန်းတော်သို့ သွားမည့် တိုက်ရိုက်တပည့် အချို့၏ ဘေးကင်းလုံခြုံရေးကို စောင့်ရှောက်ရန် လိုက်ပါလာခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်...
ရှေးဟောင်း ရွှေနန်းတော်မှာ သာမန်နေရာ မဟုတ်ပေ ၊ ၎င်းအတွင်း၌ မျိုးဆက်ပေါင်းများစွာမှ လက်ဆင့်ကမ်းလာသော ရတနာ အမြောက်အမြား ရှိနေသည်။
အကယ်၍ တစ်ယောက်ယောက်က ထူးကဲသော အခွင့်အရေးကို ရရှိသွားခဲ့လျှင် သူ နန်းတော်မှ ထွက်လာသည်နှင့်တစ်ပြိုင်နက် အများ၏ ပစ်မှတ်ထားခြင်းကို ခံရပေလိမ့်မည်။
ထိုအချိန်တွင် သူ့နောက်၌ အားကိုးရမည့် ခွန်အားကြီးသူ မရှိပါက သူ၏ ကံကြမ္မာမှာ မတွေးဝံ့စရာပင်။
“အချိန်နီးလာပြီ၊ မင်းတို့ အားလုံး ထွက်ခွာဖို့ အချိန်တန်ပြီ”
ထိုအချိန်တွင် လီဝူကျိက စကားပြောလိုက်သည်။
သူ စကားပြောပြီးသည်နှင့် ယန်ရှန်းသည် သူ၏ အနောက် မှ ထွက်လာခဲ့သည်။ သူ၏ တိုက်ခိုက်လိုစိတ်များမှာ လုံးဝ ပျောက်ကွယ်နေသည်။
လွန်ခဲ့သော လဝက်ခန့်က သူ၏ ရှုံးနိမ့်မှုအပြီးတွင် သူသည် သူ၏ အတွေ့အကြုံကို ပြန်လည် ဆင်ခြင်သုံးသပ်ကာ သူ့ကိုယ်သူ တိုးတက်အောင် ကြိုးစားခဲ့သည်။
ယခုအခါ သူသည် သေမျိုးအဆင့်ကေျာ်လွန်ခြင်းနယ်ပယ် အဆင့် ၉ သို့ ရောက်ရှိနေပြီဖြစ်ပြီး နတ်ဘုရား စွမ်းအားနယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ဤရွှေနန်းတော် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ နယ်ပယ် တက်လှမ်း နိုင်မည့် အခွင့်အရေးကို ရှာဖွေရန်ပင် ဖြစ်သည်။
ဒါ့အပြင် ယခင်က အရှက်ရခဲ့မှုကို လက်စားချေရန်လည်း ဖြစ်သည်။
ယန်ရှန်းသည် လီဝူကျိကို ဂါရဝပြုပြီးနောက် ဘေးတွင် ရပ်ကာ စောင့်ဆိုင်းနေသည်။
ထို့နောက် ကောင်းကင်ယံမှ ကြီးမားသော တူကြီးတစ်ချောင်း ပျံသန်းလာပြီး တူ၏ ထိပ်တွင် ကတုံးနှင့် လူငယ်တစ်ဦး ရပ်နေသည်။
အခြားသူများက ဓားစီးပြီး ပျံသန်းကြသော်လည်း သူကမူ ထူးခြားသော လမ်းစဉ်ကို ရွေးချယ်ကာ တူစီးပြီး ပျံသန်းလာခြင်း ဖြစ်သည်။
ဤသူကား ချွေ့ကျန်း ဖြစ်ပြီး လဲ့ယန်တောင်ထိပ်၏ စီနီယာအစ်ကို ကြီး ဖြစ်သည်။
သူသည် မြင့်မြတ်နယ်မြေ တွင် ကျော်ကြားသော လက်နက်ပန်းပဲဆရာ တစ်ဦးဖြစ်ပြီး ထိုက်ယိမြင့်မြတ်နယ်မြေတပည့်များအတွက် လက်နက်များကို အခမဲ့ မကြာခဏ ပြုလုပ်ပေးတတ်သည်။
သူ၏ အမှန်တကယ် ခွန်အားမှာလည်း ကြောက်စရာကောင်းလှပြီး နိဗ္ဗာနနယ်ပယ် အဆင့်၅ တွင် ရှိသည်။
ထိုသူနှစ်ဦး ရောက်ရှိပြီး မကြာမီမှာပင်...
ရုတ်တရက် မလှမ်းမကမ်းတွင် ရွှေရောင် အလင်းတန်းတစ်ခု ဖျတ်ခနဲ ပေါ်လာသည်။
၎င်းသည် သားရဲကြီး၏ ကျောပေါ်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့ရာ လီဝူကျိပင် တုံ့ပြန်ရန် အချိန်မရလိုက်လောက်အောင် မြန်ဆန်လှသည်။
ရောက်ရှိလာသူမှာ ရှုချွမ်း ဖြစ်သည်။
သူ၏ ခုနက လှုပ်ရှားမှုမှာ သူ၏ နတ်ဘုရား အစွမ်းဖြစ်သော "ရွှေကျီးကန်း သက်တံ့အသွင်ပြောင်းခြင်း" ကို စမ်းသပ်ကြည့်ခြင်းသာ ဖြစ်သည်။
ထိုအမြန်နှုန်း မှာ တကယ်ကို ကြောက်စရာကောင်းလှပေသည်။
သို့သော် ရှုချွမ်း ပေါ်လာသည်နှင့် ယန်ရှန်းမှာ မျက်မှောင်ကြုတ်သွားသည်။
တစ်ခုခုကြောင့် သူသည် ရှုချွမ်းကို မြင်လိုက်ရတိုင်း စိတ်ထဲတွင် သက်သောင့်သက်သာ မရှိသလို ခံစားနေရသည်။
“တောင်ထိပ်သခင်ကို ဂါရဝပြုပါတယ်”
ရှုချွမ်းက လီဝူကျိထံသို့ ချဉ်းကပ်ကာ ရိုသေစွာ အရိုအသေပေး လိုက်သည်။
“ဒီလိုတွေ လုပ်စရာ မလိုပါဘူး။ မင်းရောက်လာပြီဆိုတော့ လူစုံပြီ၊ ကဲ... ထွက်ကြစို့”
လီဝူကျိက ပြုံးလျက် ပြော လိုက်သည်။
ဤရှေးဟောင်း ရွှေနန်းတော် ခရီးစဉ်အတွက် တိုက်ယိ မြင့်မြတ်နယ်မြေက သူတို့ သုံးဦးတည်းကိုသာ စေလွှတ်ခဲ့သည်။
အဓိကမှာ အရေအတွက် မဟုတ်ဘဲ အရည်အချင်းသာ ဖြစ်သည်။
ရှုချွမ်းနှင့် ချွေ့ကျန်း နှစ်ဦးစလုံးမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်စွမ်း ရှိသူများ ဖြစ်ကြသည်။
ယန်ရှန်းကိုမူ လီဝူကျိက အရှေ့ဘက်ဒေသမှ ပါရမီရှင်များကို မြင်တွေ့စေရန် အတင်းအကျပ် ထည့်သွင်းပေးလိုက်ခြင်း ဖြစ်သည်။
သားရဲကြီးသည် တောင်ပံများကို ဖြန့်ကာ လီဝူကျိ၏ ဦးဆောင်မှုအောက်တွင် အုပ်စုသည် အဆုံးမဲ့ပင်လယ်ဆီသို့ ဦးတည် ထွက်သွားကြတော့သည်။