ထိပ်သီးပါရမီရှင်များ စုရုံးရောက်ရှိလာခြင်း
Vol. 7 Ch. 63
ထိုက်ယိမြင့်မြတ်နယ်မြေနှင့် အဆုံးမဲ့ပင်လယ်သည် အလွန်ဝေးကွာလှသည်မဟုတ်သော်လည်း နီးကပ်လှသည်တော့ မဟုတ်ပေ။
သားရဲကြီး၏ ကျောပေါ်တွင် တစ်ရက်ခန့် ပျံသန်းပြီးနောက် နောက်ဆုံးတွင် သူတို့က အဆုံးမဲ့ပင်လယ်သို့ ရောက်ရှိလာခဲ့သည်။
ဤအခိုက်အတန့်တွင် လူသူကင်းမဲ့နေရမည့် အဆုံးမဲ့ပင်လယ်ပြင်ကြီးမှာ အရွယ်စုံ သင်္ဘောများဖြင့် ပြည့်နှက်နေသည်။
၎င်းတို့မှာ ရှေးဟောင်း ရွှေနန်းတော်ကို ရှာဖွေရန် ရောက်ရှိလာကြသည့် သိုင်းသမားများပင် ဖြစ်သည်။
ကောင်းကင်ယံတွင်လည်း သိုင်းသမားများ အပြည့်တင်ဆောင်လာသော ပျံသန်းနိုင်သည့် သားရဲမျိုးစုံနှင့် ပျံသန်းနိုင်သော လှေများကို တွေ့မြင်နေရသည်။
ပင်လယ်ပြင်ရှိ လူအများစုမှာ လှေဖြင့်သာ သွားနိုင်သည့် တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်ကြသည်။
ကောင်းကင်ယံမှ သိုင်းသမားများမှာမူ အလယ်အလတ် နှင့် အသေးစား အင်အားစုများ၊ မိသားစုများမှ ဖြစ်ကြသည်။
ထိုလူများသည် အင်အား သိပ်မကြီးကြပေ။ အများစုမှာ သေမျိုးအဆင့်ကျော်လွန်ခြင်းနယ်ပယ် တွင်သာ ရှိကြပြီး နတ်ဘုရား စွမ်းအားနယ်ပယ် ရောက်သူမှာ အလွန်ပင် ရှားပါးလှသည်။
ထို့အပြင် ခပ်လှမ်းလှမ်းတွင် အလွန် ခန့်ညားထည်ဝါသော သင်္ဘောကြီး အချို့ကိုလည်း ဖြည်းညှင်းစွာ ရွက်လွှင့်နေသည်ကို တွေ့ရသည်။
ပြောစရာပင် မလိုတော့ဘဲ ထိုသင်္ဘောပေါ်မှ လူများသည် အရှေ့ဘက်ဒေသ၏ ထိပ်သီး မြင့်မြတ်နယ်မြေများနှင့် မိသားစုကြီးများမှ လာကြသူများ ဖြစ်သည်။
သူတို့၏ ကျင့်ကြံခြင်းနယ်ပယ် မှာ အားမနည်းလှပေ။ အများစုမှာ နတ်ဘုရား စွမ်းအားနယ်ပယ်တွင် ရှိကြပြီး အချို့မှာ နိဗ္ဗာနနယ်ပယ်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။
ထိုတစ်ကိုယ်တော် ကျင့်ကြံသူများနှင့် ဂိုဏ်းငယ်များမှ တပည့်များနှင့် နှိုင်းယှဉ်လျှင် ဤသူများမှာသာ ယခုအကြိမ် ရွှေနန်းတော် ခရီးစဉ်၏ စစ်မှန်သော ပြိုင်ဘက်များ ဖြစ်ကြသည်။
ရှုချွမ်းက သားရဲကြီး၏ ကျောပေါ်တွင် ရပ်လျက် အောက်မှ မြင်ကွင်းကို ငေးကြည့်နေမိသည်။
'ယန်ရှန်းက ဒီလို ပါရမီရှင်တွေကြားထဲကနေ ရွှေနန်းတော်ရဲ့ အကြီးမားဆုံး အခွင့်အရေးကို ဘယ်လိုများ လုယူနိုင်ခဲ့တာလဲ'
ဒါက ရှုချွမ်းကို တွေးရခက်စေသည်။
ဤလူများကြားတွင် ယန်ရှန်း၏ ကျင့်ကြံခြင်းနယ်ပယ် မှာ အံ့ဩစရာ မရှိလှဘဲ အချို့သော တစ်ကိုယ်တော် ကျင့်ကြံသူများကိုပင် မမီချေ။
သို့သော် သူကသာ နောက်ဆုံးတွင် အောင်နိုင်သူ ဖြစ်ခဲ့သည်။
ဒါက 'ဇာတ်လိုက်' တွေ ရရှိတတ်တဲ့ အထူးအခွင့်အရေးမျိုးလား။
ရားး..
အဆုံးမဲ့ပင်လယ်ပေါ်တွင် ခဏမျှ ပျံသန်းပြီးနောက် သားရဲကြီးမှာ အရှိန်လျှော့လိုက်ပြီး နောက်ဆုံးတွင် ကျွန်းကြီးတစ်ကျွန်းပေါ်သို့ ဆင်းသက်လိုက်သည်။
ကျွန်းပေါ်သို့ အချို့သော လူများမှာ အရင်ဦးစွာ ရောက်ရှိနှင့်နေပြီ ဖြစ်သည်။
သူတို့က အနားယူရန်နှင့် ခွန်အား ပြန်လည် ဖြည့်တင်းရန် ဤနေရာတွင် စခန်းချနေကြသည်။
ဤလူများသည်လည်း ထိပ်သီး အင်အားစုများမှ ပါရမီရှင်များပင် ဖြစ်ကြသည်။
ဤထူးချွန်လှသော လူငယ်များသည် အနည်းဆုံး နတ်ဘုရား စွမ်းအားနယ်ပယ် အဆင့်၅ တွင် ရှိကြပြီး အများစုမှာအဆင့် ၉ သို့မဟုတ် ထိုထက် မြင့်မားကြသည်။
ပြောရမည်ဆိုလျှင် ရှုချွမ်းက ဤလူစုထဲတွင် ကျင့်ကြံခြင်းနယ်ပယ် အနိမ့်ဆုံး အုပ်စုထဲ၌ ပါဝင်နေသည်။
သူတို့ ရှေ့မှ ကျွန်းကြီးမှာ ခွန်အားကြီး သိုင်းပညာရှင်များနှင့် ပါရမီရှင်များဖြင့် စည်ကားနေသည်။
“ဒါတွေ အားလုံးက ရွှေနန်းတော်ထဲ ဝင်မယ့်သူတွေလား၊ ဘာလို့ ဒီလောက်တောင် များနေရတာလဲ”
ရှုချွမ်းက ကျွန်းကို တစ်ချက်ဝေ့ကြည့်ရင်း အံ့ဩတကြီး ပြော လိုက်သည်။
ပုံမှန်အားဖြင့် ဆိုလျှင် ဤကဲ့သို့သော ထိပ်သီး ပါရမီရှင်များကို တွေ့ရန်ပင် အလွန် ခက်ခဲလှသော်လည်း ယခုမူ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံဖြင့် အင်အားကြီး အဖွဲ့အစည်းတစ်ခုခုမှ တပည့်တစ်ဦးကို တွေ့နိုင်နေပြီ ဖြစ်သည်။
“ရွှေနန်းတော်ထဲက အခွင့်အရေးတွေက အလွန် အရေးကြီးတယ်၊ ထိပ်သီး အဖွဲ့အစည်းတွေ အားလုံးက ဒါကို လက်လွှတ်ခံမှာ မဟုတ်ဘူး။ ဒီကျွန်းပေါ်ကနဲ့ သင်္ဘောပေါ်က ပါရမီရှင်တွေဟာ မင်းရဲ့ စစ်မှန်တဲ့ ပြိုင်ဘက်တွေပဲ”
“ဘယ်ပါရမီရှင်ကိုမှ အထင်မသေးနဲ့၊ မဟုတ်ရင် မင်း ပြန်လမ်းမရှိတဲ့ ချောက်ထဲကို ကျသွားနိုင်တယ်၊ နားလည်လား”
လီဝူကျိက အလေးအနက် ပြောလိုက်သည်။
“စိတ်ချပါ တောင်ထိပ်သခင်၊ ကျွန်တော်တို့ နားလည်ပါတယ်”
သူတို့ သုံးဦးလုံး ခေါင်းညိတ်ကာ လေးနက်စွာ ပြန်ပြောလိုက်ကြသည်။
ဟီးးးးး..
ရုတ်တရက် ကောင်းကင်ယံမှ တုန်ဟည်းနေသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ရှုချွမ်းနှင့် အခြားသူများမှာ အလိုအလျောက်ပင် မော့ကြည့်လိုက်ကြသည်။
ထိုအခါ မလှမ်းမကမ်းတွင် အလွန် ခန့်ညားလှသော ရထားလုံးကြီး တစ်စီးကို သန်မာလှသော နွားရိုင်းကြီး အချို့က ဆွဲကာ ကျွန်းဆီသို့ ဦးတည်လာသည်ကို တွေ့လိုက်ရသည်။
ရထားလုံး၏ နောက်တွင် ခံ့ညားလှသော စီတန်း မှုကြီး လိုက်ပါလာသည်။
ဧကရာဇ် တစ်ပါး၏ ခရီး ထွက်တော်မူ သကဲ့သို့ပင်။
မကြာမီမှာပင် ရထားလုံးသည် ကျွန်းပေါ်သို့ ဆိုက်ရောက်လာပြီး ထိုက်ယိမြင့်မြတ်နယ်မြေ၏ စခန်းနှင့် မျက်နှာချင်းဆိုင်တွင် ရပ်တန့်လိုက်သည်။
ရွှေရောင် ပန်းခက်ပုံစံများ ပါရှိသော အပြာရောင် ဝတ်စုံဝတ် လူငယ်အချို့ ရထားလုံးပေါ်မှ ဆင်းလာကြပြီး ရှေ့ဆုံးမှ ဆံပင်ဖြူဖွေးနေသော အဘွားအိုတစ်ဦး ဦးဆောင်လာသည်။
လီဝူကျိသည် ထိုလူများကို မြင်လိုက်ရသောအခါ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။
သူက သွားကြိတ်ကာ ထိုလူအုပ်စုကို ညွှန်ပြလျက် ရှုချွမ်းနှင့် အခြားသူများကို ပြောလိုက်သည်။ “ဒီလူတွေက ငွေလ မြင့်မြတ်နယ်မြေကပဲ။ သူတို့က ငါတို့ ထိုက်ယိမြင့်မြတ်နယ်မြေနဲ့ ပြန်လည် စေ့စပ်လို့ မရနိုင်တဲ့အထိ ရန်ငြိုးကြီးကြတယ်”
သူက ဆက်ပြောသည်။ “ပြီးခဲ့တဲ့ အကြိမ် လျှို့ဝှက်နယ်မြေ တစ်ခု ပွင့်တုန်းက ငွေလ မြင့်မြတ်နယ်မြေက လူတွေက ငါတို့ တပည့် တစ်ဝက်နီးပါးကို သတ်ခဲ့ကြတယ်။ ဒါပေမဲ့ ငါတို့မှာ သက်သေ မရှိလို့ လက်စားမချေနိုင်ခဲ့ဘူး”
“ဒါကြောင့် ရွှေနန်းတော်ထဲမှာ သူတို့နဲ့ တွေ့ရင် အစွမ်းကုန်သာ တိုက်ကြ။ ဘာဖြစ်ဖြစ် ငါ တာဝန်ယူတယ်”
မျက်နှာချင်းဆိုင်မှ အဘွားအိုမှာလည်း လီဝူကျိကို မြင်သောအခါ သူမ၏ တပည့်များကို ခေါ်ကာ တိုက်ရိုက်ပင် လျှောက်လာခဲ့သည်။
“အို... ဒါ ထိုက်ယိမြင့်မြတ်နယ်မြေက တောင်ထိပ်သခင် လီ မဟုတ်လား၊ ဒီတစ်ခါ မင်းပဲ အဖွဲ့ကို ဦးဆောင်လာတာလား၊ မင်းတို့ ထိုက်ယိမြင့်မြတ်နယ်မြေမှာ လူကုန်သွားလို့လား”
အဘွားအိုမှာ ပါးစပ်ဖွင့်လိုက်သည်နှင့် လီဝူကျိကို ချက်ချင်း လှောင်ပြောင်တော့သည်။
“ထျန်းယွမ်... ထိုက်ယိ မြင့်မြတ်နယ်မြေ အကြောင်း ပြောဖို့ မင်းမှာ အရည်အချင်း မရှိဘူး၊ မင်းလို ယောက်ျားမဟုတ် မိန်းမမဟုတ်တဲ့ အခြောက်မ”
လီဝူကျိကလည်း အားမနာတမ်း ပြန်လည် တုံ့ပြန်လိုက်သည်။
ဒါကို ကြားလိုက်ရတော့ မျက်နှာချင်းဆိုင်မှ အဘွားအိုမှာ မျက်နှာ ချက်ချင်း ပျက်သွားသည်။
သူမသည် 'ယောက်ျားမဟုတ် မိန်းမမဟုတ်' ဟု အပြောခံရခြင်းကို အမုန်းဆုံး ဖြစ်သည်။
ငွေလ မြင့်မြတ်နယ်မြေ၏ အမည်မှာ ၎င်း၏ တပည့်များသည် လ၏ အဆီအနှစ်ကို စုပ်ယူ ကျင့်ကြံကြသဖြင့် အလွန် ပြင်းထန်သော 'ယင်'စွမ်းအင်များ ရှိနေကြခြင်းကို အစွဲပြု၍ ခေါ်ခြင်း ဖြစ်သည်။ ထို့ကြောင့် မြင့်မြတ်နယ်မြေမှ တပည့်များသည် 'ယင်' ဆန်သော အမူအရာ ရှိတတ်ကြသည်။
သူမမှာ မူလက အမျိုးသား ဖြစ်သော်လည်း ငယ်စဉ်က ကျင့်စဉ် အမှားအယွင်းကြောင့် ခန္ဓာကိုယ် တစ်ခုလုံးကို 'ယင်' စွမ်းအင်များ ဖုံးလွှမ်းသွားကာ 'ယန်' စွမ်းအင်များ ကင်းမဲ့သွားခဲ့သဖြင့် ယခုကဲ့သို့ ဖြစ်သွားရခြင်း ဖြစ်သည်။
ထို့ကြောင့် သူမကို မျက်နှာချင်းဆိုင်တွင် ဤသို့ ခေါ်ခြင်းကို သူမ အလွန် နာကျင်ရသည်။
လီဝူကျိ၏ စကားမှာ သူမ၏ အနာကို တည့်တည့်မှန်သွားခြင်း ဖြစ်သည်။
သူမသည် လီဝူကျိကို စိုက်ကြည့်ကာ သူမ၏ အကြည့်ကို အနောက်မှ လူများဆီသို့ လွှဲလိုက်သည်။
ရှုချွမ်းနှင့် ယန်ရှန်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများမှာ သားကောင်သစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသလို ဝင်းလက်သွားသည်။
“ဟေး... လီဝူကျိ၊ မင်းတို့ ထိုက်ယိမြင့်မြတ်နယ်မြေက သေမျိုးအဆင့်ကျော်လွန်ခြင်း အဆင့်၉ နဲ့ နတ်ဘုရား စွမ်းအားနယ်ပယ် အဆင့် ၁ တပည့်တွေကိုတောင် ခေါ်လာရတာလား၊ ငါ ပြောတာ မှန်နေတာပဲ၊ ထိုက်ယိမြင့်မြတ်နယ်မြေမှာ တကယ်ပဲ လူကုန်သွားပြီထင်တယ်”
ထို့နောက် သူမက နောက်မှ တပည့်များကို ပြောလိုက်သည်။ “ကလေးတို့... ဟိုရှေ့က နှစ်ယောက်ကို မြင်လား၊ ရွှေနန်းတော်ထဲ ရောက်ရင် ဒီကျင့်ကြံခြင်းနယ်ပယ် နိမ့်တဲ့ ဂျူနီယာ ညီလေး နှစ်ယောက်ကို သေချာ ဂရုစိုက်ပေးလိုက်ကြဦး”
သူမ၏ အနောက်မှ တပည့်များသည်လည်း လက်ဝါးချင်း ပွတ်ကာ ရက်စက်စွာ ပြန်ပြောကြသည်။ “ဟုတ်ကဲ့ပါ... ဆရာ့ရဲ့ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
ရှုချွမ်းကမူ သူမ၏ ခြိမ်းခြောက်စကားနှင့် အထင်သေးစကားများကို ဂရုမစိုက်သော်လည်း ယန်ရှန်းမှာမူ ဒေါသထွက်သွားကာ ငွေလ မြင့်မြတ်နယ်မြေမှ လူများကို မျက်မှောင်ကြုတ် ကြည့်နေမိသည်။
“မင်းလို မျက်နှာနှစ်မျိုးနဲ့ ကောင်က စကားတွေ အရမ်းများနေတာပဲ။ မင်းရဲ့ တပည့်တွေထဲက ဘယ်နှစ်ယောက် အသက်ရှင်ပြီး ပြန်ထွက်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
လီဝူကျိမှာ သူမနှင့် ဆက်လက် အငြင်းပွားရန် ပျင်းရိနေသဖြင့် ခပ်ပြတ်ပြတ်ပင် ပြန်ပြောကာ ထိုက်ယိမြင့်မြတ်နယ်မြေ၏ စခန်းချရာ နေရာသို့ အုပ်စုကို ဦးဆောင် ခေါ်သွားတော့သည်။
လွန်ခဲ့သော ရက်အနည်းငယ်ကပင် မြင့်မြတ်နယ်မြေမှ အစေခံများက ဤနေရာတွင် စခန်းကို အသင့်ပြင်ဆင်ပေးထားခဲ့ကြသည်။
ရှုချွမ်းတို့ အုပ်စု ထွက်သွားသည်ကို ကြည့်ကာ ထျန်းယွမ်က လီဝူကျိကို မနာလိုဝန်တိုစိတ်ဖြင့် စိုက်ကြည့်ရင်း အေးစက်သော အသံဖြင့် ပြော လိုက်သည်။
“ထိုက်ယိမြင့်မြတ်နယ်မြေက ဒီလူတွေကို အသက်ရှင်ပြီး ပြန်မထွက်လာစေနဲ့၊ နားလည်လား”
“ဟုတ်ကဲ့”
သူမ၏ အမူအရာကို ကြည့်ကာ အနောက်မှ လူများက ကြောက်ရွံ့စွာ ပြန်ဖြေလိုက်ကြသည်။
....
တစ်ဖက်တွင်လည်း လီဝူကျိသည် လမ်းလျှောက်ရင်း ကျွန်းပေါ်ရှိ အခြားသော အင်အားစုများကို ရှုချွမ်းတို့အား ပြောနေသည်။
မည်သည့် အင်အားစုက မိတ်ဆွေဖြစ်ပြီး မည်သူက ရန်သူဖြစ်ကြောင်း၊ မည်သူက အခွင့်အရေးသမား ဖြစ်ကြောင်း စသည်ဖြင့်ပေါ့
ရှုချွမ်းတို့ အုပ်စုမှာလည်း အသေအချာ နားထောင်ကာ ထိုလူများ၏ မျက်နှာများကို တစ်ဦးချင်း မှတ်သားထားကြသည်။ သတ်သင့်သူကို သတ်ရန်နှင့် လွှတ်သင့်သူကို လွှတ်ရန် ဖြစ်သည်။
လူအုပ်ကြားတွင် ရပ်နေသော ယန်ရှန်း တစ်ဦးတည်းသာလျှင် အတွေးကမ္ဘာထဲတွင် နစ်မြောကာ စိတ်လွင့်နေပုံ ရသည်။
မကြာမီမှာပင် သူတို့ စခန်းသို့ ရောက်ရှိသွားကြသည်။
လီဝူကျိက မှာကြားစရာ အနည်းငယ် ပြောပြီးနောက် သူ၏ နားနေဆောင်သို့ သွားရောက် အနားယူလိုက်သည်။
ချွေ့ကျန်းမှာမူ စခန်းသို့ ရောက်သည်နှင့် ရွှေနန်းတော် မပွင့်မီ ကျင့်ကြံရန်အတွက် အထဲသို့ ဝင်သွားတော့သည်။
ရှုချွမ်းနှင့် ယန်ရှန်းတို့သာ ကျန်ရစ်ခဲ့သော်လည်း သူတို့နှစ်ဦးမှာ စကားတစ်ခွန်းမျှ မပြောဖြစ်ကြချေ။
ရှုချွမ်းမှာ ပျင်းရိလာသဖြင့် စခန်းတွင် မနေလိုတော့ဘဲ ကျွန်းပေါ်သို့ လှည့်ပတ်ကြည့်ရန် ထွက်လာခဲ့သည်။
ယန်ရှန်း တစ်ဦးတည်းသာ ထိုနေရာတွင် ကျန်ရစ်ခဲ့တော့သည်။