← Chapters

ရှေးဟောင်းနန်းတော် ပွင့်လာခြင်း

Vol. 7 Ch. 64

ရှေးဟောင်းနန်းတော် ပွင့်လာခြင်း

Vol. 7 Ch. 64

ရှုချွမ်းက ကျွန်းပေါ်တွင် ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေမိသည်။

သို့သော် တိုက်ဆိုင်ချင်တော့ ယခင်က ထိပ်တိုက်တွေ့ခဲ့ဖူးသော ငွေလ မြင့်မြတ်နယ်မြေ၏ စခန်းချရာ နေရာအနီးသို့ ရောက်သွားခဲ့သည်။

ထိုနေရာတွင် ငွေလ မြင့်မြတ်နယ်မြေမှ တပည့်များထဲ၌ အသံအကျယ်ဆုံး အော်ဟစ်ခဲ့သော ခေါင်းဆောင်ဖြစ်သူကို သူက မြင်လိုက်ရသည်။

ရှုချွမ်းက မျက်မှောင်ကြုတ်ကြည့်လိုက်ရာ ထိုသူ၏ အချက်အလက်များက မျက်စိရှေ့တွင် ပေါ်လာတော့သည်။

【အမည် - ယွမ်လီ】

【နယ်ပယ် - နိဗ္ဗာနနယ်ပယ် အဆင့်၄】

【ပါရမီ - နှစ်တစ်ထောင်မှ တစ်ယောက်ပေါ်သော ပါရမီ】

【ကံကြမ္မာ - လမင်းတောက်ပခြင်း တမန်တော် (အနီရောင်)၊ သက်တမ်းတိုမည့်လူ (အဖြူရောင်)】

【နတ်ဘုရား အစွမ်း - လမင်းတောက်ပခြင်း ဖန်တီးမှု】

【ဘဝဇာတ်ညွှန်း - ဇာတ်လမ်းမှ ဇာတ်ပို့တစ်ဦး】

【ဘဝလမ်းကြောင်း - ငယ်စဉ်ကပင် ငွေလ မြင့်မြတ်နယ်မြေသို့ ဝင်ရောက်ခဲ့ပြီး ပါရမီ အသင့်အတင့် ရှိသဖြင့် တိုက်ရိုက် တပည့် ဖြစ်လာခဲ့သည်။ ရှေးဟောင်း ရွှေနန်းတော် ပွင့်ချိန်တွင် ဝင်ရောက်ခဲ့သော်လည်း အသင်းဖော် များ၏ စွန့်ပစ်ခြင်းကို ခံရပြီး နောက်ဆုံးတွင် နန်းတော်ရှိ ရုပ်သေးရုပ်များ၏ လက်ချက်ဖြင့် သေဆုံးရလိမ့်မည်။】

【အခွင့်အရေး - ရှေးဟောင်းနန်းတော် အတွင်းရှိ သိုင်းပညာရှင်ကြီး တစ်ဦး၏ ရုပ်အလောင်းပေါ်မှ ဆန်းကြယ်သော ပုတီးစေ့တစ်ခုကို တွေ့ရှိလိမ့်မည်။】

...

ရှုချွမ်းက တည်ငြိမ်သွားသည်။

အသံအကျယ်ဆုံး အော်ဟစ်နေသော ခေါင်းဆောင်မှာ အလွန် အစွမ်းထက်လိမ့်မည်ဟု သူက ထင်ထားခဲ့ခြင်း ဖြစ်သည်။

ဒါပဲလား။

သူက ရွှေနန်းတော်ထဲ ရောက်တာနဲ့ ဘာမှတောင် မလုပ်ရသေးဘဲ သေမှာပဲ။

'သက်တမ်းတိုမည့် လူ' ဆိုတဲ့ အဖြူရောင် ကံကြမ္မာ ပါနေမှတော့ သူက ကြာကြာ အသက်မရှင်ရမှာ သေချာနေတာပေါ့။

ထိုသူကို ဂရုမစိုက်တော့ဘဲ ရှုချွမ်းက အခြားသော အင်အားကြီး အဖွဲ့အစည်းများမှ ပါရမီရှင်များကို ကြည့်ရန် ထွက်လာခဲ့သည်။

တစ်ဆက်တည်းမှာပင် သူတို့၌ မည်သည့် အခွင့်အရေးများ ရှိနေသလဲဆိုသည်ကို သူက စစ်ဆေးသွားမည် ဖြစ်သည်။ သို့မှသာ သူက လုယူရန် ပို၍ လွယ်ကူမည် မဟုတ်ပါလား။

အနှံ့လျှောက်ကြည့်ပြီးနောက် ရှုချွမ်းက ချင်းရွှမ်ဂိုဏ်းဟု ခေါ်သော အဖွဲ့အစည်း၏ စခန်းချရာ နေရာအနီးသို့ ရောက်ရှိလာသည်။

သူက လမ်းတစ်လျှောက် ဘယ်ညာ ဝေ့ကြည့်နေမိသည်။

သူက မြင်သမျှ အခွင့်အရေး အားလုံးကို မှတ်သားထားလိုက်သည်။

ဤနေရာမှာ ပါရမီရှင်များ စုဝေးရာ နေရာဖြစ်ပြီး ရှေးဟောင်း ရွှေနန်းတော် ပွင့်တော့မည် ဖြစ်သဖြင့် အခွင့်အရေးများမှာ နေရာအနှံ့ ရှိနေသည်။

အခြေခံအားဖြင့် သူတွေ့သမျှ လူတိုင်းမှာ အခွင့်အရေး တစ်ခုခုကို ဆောင်ကြဉ်းလာသူများ ဖြစ်နေတတ်သည်။

ကွာခြားချက်မှာ အခွင့်အရေး၏ အနိမ့်အမြင့် အဆင့်အတန်းသာ ဖြစ်သည်။

ဤနေရာသို့ လာရန် ဆုံးချက်ချခဲ့သည်မှာ မှန်ကန်ကြောင်း ရှုချွမ်းက ခံစားလိုက်ရသည်။

ဒါက စနစ်ကို အသုံးပြုရမည့် မှန်ကန်သော နည်းလမ်းပင်။

မြင့်မြတ်နယ်မြေထဲမှာပဲ အောင်းနေလျှင် ဤမျှ များပြားသော အခွင့်အရေးများကို မြင်တွေ့နိုင်မည် မဟုတ်သလို အတွေ့အကြုံလည်း ရလိမ့်မည် မဟုတ်ပေ။

သူ၏ ပန်းတိုင်မှာ ဧကရာဇ်အရှင် ဖြစ်လာရန် ဖြစ်သဖြင့် ဤကဲ့သို့ပင် ဆက်သွားရပေမည်။

သူက ချင်းရွှမ်ဂိုဏ်း၏ စခန်း အနီးတစ်ဝိုက်သို့ တစ်ပတ် လှည့်ပတ်ကြည့်လိုက်သည်။

အတွင်းရှိ တပည့်များ အားလုံးကို စစ်ဆေးပြီးနောက် ရှုချွမ်းက လှည့်ပြန်ရန် ပြင်လိုက်ပြီး သူ၏ နေအိမ်ဆီသို့ ဦးတည်လိုက်သည်။

ရုတ်တရက် လူရိပ်တစ်ခုက သူ၏ ဘေးမှ ဖြတ်ပြေးသွားပြီး အနီးရှိ တောအုပ်ထဲသို့ ဝင်ရောက် ပုန်းကွယ်သွားသည်။

သူ၏ နောက်ကွယ်မှ ဆူညံသံများ ထွက်ပေါ်လာသည်။

“လိုက်စမ်း ငါ့ရဲ့ သိုလှောင်လက်စွပ်ကို ခိုးသွားတဲ့သူ အဝေးကြီး မရောက်နိုင်သေးဘူး”

“ဟေ့... ဟိုရှေ့က လူ၊ အခုချက်ချင်း ရပ်လိုက်စမ်း”

နောက်မှ လိုက်လာသူများသည် ရှုချွမ်းကို မြင်သောအခါ သူ့ကို အော်ဟစ် တားဆီးကြတော့သည်။

သို့သော် ရှုချွမ်းက သူတို့ကို ဂရုမစိုက်ဘဲ ထိုက်ယိမြင့်မြတ်နယ်မြေ၏ စခန်းရှိရာသို့ ဆက်လက် လျှောက်လှမ်းနေခဲ့သည်။

ဒါပေမဲ့ နောက်က လူတွေက ရှုချွမ်းကို လွယ်လွယ်နဲ့ လွှတ်ပေးဖို့ အစီအစဉ် မရှိကြပေ ။

သူတို့က အရှိန်မြှင့်လိုက်ပြီး ရှုချွမ်း၏ ရှေ့သို့ ပိတ်ရပ်ကာ သူ့ကို တားဆီးလိုက်ကြသည်။

“မင်းကို ရပ်ခိုင်းနေတာ မကြားချင်ယောင် ဆောင်နေတာလား”

ခေါင်းဆောင်ဖြစ်သူက ရှုချွမ်းကို စိုက်ကြည့်ရင်း အေးစက်သော အသံဖြင့် ပြော လိုက်သည်။

“ငါ့ရဲ့ သိုလှောင်လက်စွပ် ပျောက်သွားပြီ။ မင်းက ဒီလောက် အလျင်အစလို ထွက်ပြေးနေတာဆိုတော့ မင်း ခိုးတာ သေချာတယ်”

“အခုချက်ချင်း ပြန်ပေးစမ်း”

ဤ ချင်းရွှမ်ဂိုဏ်းမှ တပည့်မှာ အသည်းအသန် ဖြစ်နေသဖြင့် တွေ့သမျှလူကို ဆွဲထည့်နေခြင်း ဖြစ်သည်။

သူ၏ သိုလှောင်လက်စွပ်ထဲတွင် ချင်းရွှမ်ဂိုဏ်း သခင်လေး၏ နေ့စဉ် အသုံးအဆောင်များ ပါရှိသည်။ မထင်မှတ်ဘဲ သူက သတိမထားမိခင်မှာပင် တစ်စုံတစ်ဦးက ထိုလက်စွပ်ကို ခိုးယူသွားခြင်း ဖြစ်သည်။

အဆိုးဆုံးမှာ သူက ထိုသူခိုးကို မဖမ်းမိလိုက်ခြင်းပင်။

ဂိုဏ်းသခင်လေး၏ ရက်စက်သော ဒေါသကို တွေးမိရင်း သူက တုန်ရင်သွားမိသည်။

သူက တစ်စုံတစ်ဦးကို အပြစ်ပုံချရမည်၊ မဟုတ်လျှင် သူ၏ ဘဝမှာ သေတာထက် ဆိုးပေလိမ့်မည်။

အနီးအနားမှာ ရှိနေသော ရှုချွမ်းက သူတို့၏ ပစ်မှတ် ဖြစ်သွားခဲ့သည်။

“ငါ မင်းတို့ကို အခွင့်အရေး တစ်ခု ပေးမယ်။ အခုချက်ချင်း နောက်ဆုတ်လိုက်ရင် ဒါကို ဘာမှ မဖြစ်ခဲ့သလို ငါက သဘောထားပေးမယ်”

ရှုချွမ်း၏ မျက်လုံးများမှာ အေးစက်နေသည်။

နတ်ဘုရား စွမ်းအားနယ်ပယ် အဆင့် ရှစ်၊ အဆင့် ကိုး ခန့်သာ ရှိသော သိုင်းသမား အနည်းငယ်က သူ့ကို အကွက်ဆင်ရန် ကြိုးစားနေကြသည်။

မျက်စိရှိသူတိုင်း ခုနက လူတစ်ယောက် သူ၏ ဘေးမှ ဖြတ်ပြေးသွားသည်ကို မြင်နိုင်သော်လည်း ဤလူအုပ်စုကမူ သူ့အပေါ် အပြစ်ပုံချရန်သာ ဇွတ်လုပ်နေကြသည်။

သူ့ကို တကယ်ပဲ အနိုင်ကျင့်ရလွယ်တဲ့သူလို့ ထင်နေကြတာလား။

သို့သော် ယခုမှာ အခြားအဖွဲ့အစည်း၏ နယ်မြေအတွင်း ရောက်နေသဖြင့် ရှုချွမ်းက မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန် သူတို့ကို အခွင့်အရေး ထပ်ပေးလိုက်ခြင်း ဖြစ်သည်။ သူတို့ အသုံးချနိုင်မလားဆိုတာ စောင့်ကြည့်ရပေမည်။

သို့သော် ထိုလူအုပ်စုမှာ သူ့ကို အပိုင်တွက်ထားပုံရပြီး သူ၏ စကားကို ဂရုမစိုက်သည့်အပြင် လှောင်ပြောင်သော အမူအရာများပင် ပြသကြသည်။

“ပြန်ပေးစမ်း ငါ အကုန်မြင်လိုက်တယ်။ မင်းပဲ အဲဒီ လက်စွပ်ကို ခိုးသွားတာ”

“ဟုတ်တယ်၊ သူ့လက်ထဲက ဘာလဲ ကြည့်လိုက်ဦး၊ အဲဒါ ငါတို့ ခေါင်းဆောင် ပျောက်သွားတဲ့ လက်စွပ် မမဟုတ်ဘူးလား”

“မှန်တယ်၊ အဲဒါပဲ။ ဟေ့လူငယ်... အခုချက်ချင်း ထုတ်ပေးလိုက်တာ မကောင်းဘူးလား”

သူတို့ကတော့ အပြစ်ပုံချဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ အဆုံးထိ သွားမည့်ပုံပင်။

သူတို့က လမ်းခုလတ်မှာ လက်လျှော့မည့် အမျိုးအစား မဟုတ်ကြပေ။

ဒါ့အပြင် ရှုချွမ်းက နတ်ဘုရား စွမ်းအားနယ်ပယ် အဆင့်၁ ပဲ ရှိတာ၊ သူက ဘာလုပ်နိုင်မှာ မို့လို့လဲ။

“မင်းတို့က သေလမ်းကို ရွေးလိုက်ပြီဆိုတော့လည်း ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့တော့”

ရှုချွမ်း၏ မျက်လုံးများမှာ အေးစက်သွားပြီးနောက် ဒေါသတကြီးဖြင့် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ရှေ့ဆုံးမှ တပည့်မှာ ရှုချွမ်းက အရင် လက်ဦးမှု ယူလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

သူ့ထက် ကျင့်ကြံခြင်းနယ်ပယ် မြင့်သော သိုင်းသမား အုပ်စုကို ရင်ဆိုင်နေရပါလျက် ထွက်ပြေးရန် မကြိုးစားဘဲ ပြန်လည် တိုက်ခိုက်ရဲသည်လား။

သူက ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ လက်သီးမှာ သူ၏ ရင်ဘတ်ကို တည့်တည့် မှန်သွားသည်။

ဖူး..

ထိုသူ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး ရင်ဘတ်မှာလည်း ချိုင့်ဝင်သွားကာ ဆယ်မီတာကျော်ခန့် လွင့်ထွက်သွားသည်။

သစ်ပင်ကြီး တစ်ပင်ကို ဝင်တိုက်မိပြီးမှသာ ရပ်တန့်သွားတော့သည်။

သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျနေပြီး အသက်ရှူပင် မနည်း လုပ်နေရသည်။

သူက ထိုနေရာမှာတင် သေလုမြောပါး ဖြစ်သွားခဲ့ပြီ။

ကျန်ရှိနေသူများမှာ ဤမြင်ကွင်းကို ကြည့်ကာ မယုံနိုင်ဘဲ ကြောင်အ သွားကြပြီး မည်သူမျှ မလှုပ်ရှားရဲကြတော့ပေ။

လွင့်ထွက်သွားသော တပည့်မှာ သူတို့ထဲတွင် အသန်မာဆုံး ဖြစ်ပြီး နိဗ္ဗာနနယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သူ ဖြစ်ကြောင်း သိထားသင့်သည်။

သို့သော် သူက ရှုချွမ်း၏ လက်သီးတစ်ချက်ကိုပင် တောင့်မခံနိုင်ခဲ့ပေ။

ဒီလူက တကယ်ပဲ နတ်ဘုရား စွမ်းအားနယ်ပယ် အဆင့်၁ လား။

ဒါကို ပြောရင် ဘယ်သူက ယုံမှာလဲ။

ထိုအချိန်မှသာ သူတို့က သံပြား ကို သွားကန် မိပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

သို့သော် သူတို့က နောင်တရခြင်း မရှိပေ။

ထိုအစား ရှုချွမ်းအပေါ် ရန်ငြိုးများသာ ထားလိုက်ကြသည်။

'မင်းက ဒီလောက် သန်မာနေရင်လည်း စောစောက ပြောပါလား၊ မင်း ဒါကို တမင်လုပ်တာ မဟုတ်လား'

သို့သော် ဤအရာမှာ ရှုချွမ်းက လက်တွန့်ပြီး တိုက်ခိုက်ခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း သူတို့က မသိကြချေ။

အကယ်၍ သူက အစွမ်းကုန် တိုက်ခိုက်ခဲ့လျှင် ထိုလူမှာ ယနေ့ မီးသင်္ဂြိုဟ်ရန်ပင် လိုမည်မဟုတ်ဘဲ ပြာအဖြစ် ပြောင်းသွားပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ဤနေရာတွင် မြင့်မြတ်နယ်မြေများနှင့် ဂိုဏ်းပေါင်းစုံ ရှိနေသဖြင့် လူမြင်ကွင်းတွင် လူသတ်ခြင်းက အဖွဲ့အစည်းများကြား ပဋိပက္ခ ဖြစ်စေနိုင်သည်။

သူက မကြောက်သော်လည်း ဖြစ်နိုင်လျှင် ရှောင်ရှားချင်သည်။

ရွှေနန်းတော်ထဲ ရောက်သွားလျှင်တော့ သူတို့ကို ရှင်းပစ်ရန် အခွင့်အရေးများစွာ ရှိပါသည်။

ထိုအချိန်ကျမှတော့ သူက ရက်စက်သည်ဟု အပြစ်မတင်ကြပါနှင့်။

ကျန်ရှိနေသူများကို လျစ်လျူရှုကာ ရှုချွမ်းက ထွက်ခွာရန် ပြင်လိုက်သည်။

မထွက်ခွာမီ ရှုချွမ်းက လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြီးမားသော စွမ်းအားလှိုင်းတစ်ခုက ပုန်းကွယ်နေသော သူခိုးကို ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲပစ်လိုက်သည်။

သူ့ကို အကာအကွယ်အဖြစ် အသုံးပြုရဲသည်လား။ သေဖို့သာ ပြင်ထားပေတော့။

ရှုချွမ်းက ပျောက်ကွယ်သွားသည်နှင့် ချင်းရွှမ်ဂိုဏ်းမှ တပည့်များသည် ဒဏ်ရာပြင်းထန်စွာ ရသွားသော သူတို့၏ အဖော်ကို မကာ စိတ်ဓာတ်ကျစွာဖြင့် သူတို့ စခန်းဆီသို့ ပြန်သွားကြတော့သည်။

.....

ရှေးဟောင်း ရွှေနန်းတော် ပွင့်မည့်အချိန် နီးကပ်လာသည်နှင့်အမျှ ကျွန်းပေါ်တွင် သိုင်းသမားများ ပို၍ ပို၍ များပြားလာသည်။

ကျွန်းပတ်ပတ်လည်ရှိ ပင်လယ်ပြင်မှာလည်း သင်္ဘောများဖြင့် ပြည့်နှက်နေသည်။

လူတိုင်းက ရွှေနန်းတော် ပွင့်မည့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။

နောက်ဆုံးတွင်တော့...

နာရီအနည်းငယ် ကြာပြီးနောက်။

ဝုန်း...

ကြီးမားလှသော ရွှမ်လိပ်ကြီးသည် ပင်လယ်ထဲမှ ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် ၎င်း၏ ကျောပေါ်ရှိ ရှေးဟောင်း ရွှေနန်းတော်သည်လည်း ၎င်း၏ စူးရှသော အလင်းတန်းများကို တဖြည်းဖြည်း လျှော့ချလိုက်ပြီး ၎င်း၏ စစ်မှန်သော ပုံသဏ္ဌာန်ကို ဖော်ပြလာသည်။

၎င်း၏ တံခါးကြီးမှာလည်း ဖြည်းညှင်းစွာ ပွင့်လာနေပြီ ဖြစ်သည်။

“ရွှေနန်းတော် ပွင့်တော့မယ်”

တစ်စုံတစ်ယောက်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။

ဤနေရာရှိ သိုင်းသမား အားလုံးမှာ ထိုတံခါးကြီးကို စိုက်ကြည့်နေကြသည်။

သူတို့၏ အကြည့်များအောက်တွင် တံခါးကြီးမှာ နောက်ဆုံး၌ လုံးဝ ပွင့်သွားခဲ့ပြီ ဖြစ်သည်။

ရှေးဟောင်းဆန်ပြီး အထီးကျန်ဆန်သော အော်ရာ တစ်ခု ၎င်းအတွင်းမှ ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် တံခါးဝတွင် ကြီးမားသော ဝဲကတော့ ကြီးတစ်ခု ပေါ်လာပြီး ၎င်းအတွင်းမှ တောက်ပသော ရွှေရောင် အလင်းတန်းများ ထွက်လာကာ ဆန်းကြယ်သော ဖြစ်ရပ်များ ပေါ်ပေါက်လာသည်။

ဤမြင်ကွင်းကို ကြည့်ရသည်မှာ ရှေးဦးကမ္ဘာကြီးထဲ ရောက်နေသကဲ့သို့ပင် အလွန် စွဲမက်စရာ ကောင်းလှပေတော့သည်။

All Chapters