အမြဲထာဝရ “နောင်တ”
Vol. 34 Ch. 481
အခန်း (၄၈၁) အမြဲထာဝရ “နောင်တ”
ချန်လီထွက်ပြေးသွားသည်နှင့် ကြီးမားသောနတ်ဆိုးလက်ကြီးနှစ်ဖက်က ယွမ်ကျန်းဖုန်းအား ပစ်မှတ်ထားတိုက်ခိုက်လာကြသည်။
ခရမ်းရောင်မိစ္ဆာလက်ကြီးထံမှ အနက်ရောင်ကြိုးများက အဆုံးမရှိဆန့်ထွက်လာသည်။ အနက်ရောင်ကြိုးများရောယှက်လျှက် ကြီးမားသောပိုက်ကွန်ကြီးတစ်ခုဖြစ်တည်လာပြီး ယွမ်ကျန်းဖုန်းကို လွှမ်းခြုံသွားသည်။
ငရဲကိုးထပ်ရောင်ဝါနှင့်အတူ အနက်ရောင်အခိုးအငွေ့များ ပိုမိုပြင်းထန်လာပြီး ယွမ်ကျန်းဖုန်းကို ရေဝဲဂယက်များပမာ ပိတ်ဆို့ထားသည်။
“ဂိုဏ်းတူညီလေး’ရှဲ့’ ၊ ဂိုဏ်းတူညီမလေး’လီ’...”
နတ်ဆိုးလက်သည်းကြီးများအောက်တွင် လဲကျသွားသည့် ဝါဒတောင်မှ အကြီးအကဲနှစ်ယောက်ကို ယွမ်ကျန်းဖုန်း အော်ခေါ်လိုက်သည်။
ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ့မျက်ဝန်းများက နာကျင်မှုများဖြင့် ပြည့်နက်နေသည်။ သူတို့ကို ကယ်တင်ချင်သော်လည်း ရန်သူက ပိတ်ဆို့ထားသဖြင့် မတတ်နိုင်ခဲ့ပေ။
မြေကမ္ဘာနယ်မြေ ချောက်နက်ကြီးအတွင်း ဝင်ရောက်ခဲ့ကြသော လူသားသိုင်းသမားများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြပေပြီ။
အဆုံးသတ်မှာတော့ ဖရိုဖရဲ ကခုန်နေကြသော နတ်ဆိုးတစ်သိုင်သာ ချောက်နက်ထဲတွင် ကျန်ရစ်တော့၏။
“ဆရာ သတိထား”
ဖန်ကျွင်းက အော်လိုက်သည်။
ယွမ်ကျန်းဖုန်းနှင့် အနက်ရောင်နှင့်ရွှေရောင်အလင်းတန်းများကြားတွင်နစ်မြုပ်နေသော ဖန်ကျွင်းနှင့်သာလျှင် ထိခိုက်ခြင်းမရှိသေးဘဲ ကျန်ရစ်တော့သည်။ ဖန်ကျွင်းက ငရဲကိုးထပ်မှ မိစ္ဆာချီနှင့် ရွှေရောင်နေဝန်းမှ အလင်းတန်းများ၏စွမ်းအားကြားတွင် ပိတ်မိနေသဖြင့် လှုပ်ရှားနိုင်ခြင်း မရှိပေ။
သို့သော် သူ့အနောက်ဘက်တွင် လက်ထဲ၌ ဓားတစ်လက်ကိုင်ဆောင်ထားသော ကြီးမားသည့်ပုံရိပ်ကြီးတစ်ခု မြင့်မားစွာ မတ်တတ်ရပ်နေလေသည်။ ဓားဝိညာဉ်က ခမ်းနားကြီးကျယ်ပြီး မိုးမြေတစ်ခုလုံးသို့ လွှမ်းခြုံထားသည်။
ရန်ကျောက်ကဲ ယူဆောင်လာသည့် သွေးနီရောင်စေတီထဲမှ သဘောတရားများကို နှစ်ပေါင်းများစွာ ကျင့်ကြံလေ့လာပြီးနောက် ဖန်ကျွင်းက ကျင့်ကြံခြင်းတစ်ဆို့ခြင်းကို ချိုးဖျက်ကာ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်လာခဲ့သည်။
ထို့ကြောင့်ပင် သူက ချောက်နက်ကြီးနက်ရှိုင်းရာသို့ သက်ဆင်းပြီး ချိတ်ပိတ်ထားသော စည်းတံဆိပ်ကို စောင့်ကြည့်လေ့လာနိုင်ခဲ့ခြင်း ဖြစ်၏။ ယခု နတ်ဆိုးများက စည်းတံဆိပ်ကိုချိုးဖျက်ပြီး အပြင်သို့ထွက်လာတော့မည်ဖြစ်ရာ ဖန်ကျွင်း အခြေအနေမှာလည်း မရေမရာ ဖြစ်လာသည်။
သူ၏ အဆုံးမဲ့ကောင်းကင်ကိုယ်ခွဲပုံရိပ်က အနောက်ဘက်တွင် မြင့်မားစွာ မတ်တတ်ရပ်နေသော်လည်း များပြားလှစွာသော အနက်ရောင်ကြိုးများက ထိုပုံရိပ်ကြီးကို ရစ်ပတ်ချည်နှောင်ထားသည်။ စည်းတံဆိပ်အားနည်းလာသည်နှင့်အမျှ ရိုက်ခတ်နေသောအားနှစ်ခု မျှခြေဆုံးရှုံးသွားလေရာ ဖန်ကျွင်းမှာ မိစ္ဆာချီစွမ်းအားများ၏ ကြီးမားသောဖိအားကို ရင်ဆိုင်ရသည်။
ထိုအချိန် ယွမ်ကျန်းဖုန်း အန္တရယ်ကြားရောက်နေကြောင်း တွေ့မြင်ရသည့်အခါ သူ့မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာသည်။
သို့ပေသိ စိတ်ကိုတည်ငြိမ်အောင်ထိန်းရင်း မျက်လုံးများကို ပြန်လည်မှေးမှိတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ တုန်ခါစုစည်းနေပြီး တစ်စုံတစ်ခုထွက်ပေါ်လာစေရန် စောင့်မျှော်နေသည့်အလား ဖြစ်သည်။
ငရဲကိုးထပ်မှ မိစ္ဆာချီစွမ်းအားများပိုမိုအားကောင်းလာပြီး စည်းတံဆိပ်မှစွမ်းအားက အားနည်းသည်ထက် အားနည်းလာသည်။
ဖန်ကျွင်းခန္ဓာကိုယ်ထက်တွင် ရွှေရောင်အလင်းတန်းများပျောက်ကွယ်သွားပြီး အနက်ရောင်ကြိုးများသာ ကျန်ရစ်တော့သည့်အချိန် သူက ရုတ်တရက် မျက်လုံးဖွင့်ကြည့်လာသည်။
တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် နတ်ဆိုးလက်သည်းများဖြင့် ရင်ဆိုင်တိုက်ခိုက်နေသော ယွမ်ကျန်းဖုန်းက ဖန်ကျွင်းကို လှည့်ကြည့်လိုက်သည်။
ဖန်ကျွင်း၏ မျက်ဝန်းများက ကောင်းကင်ထက်မှ ကြယ်စင်များအလား တောက်ပနေပြီး ထိုမျက်ဝန်းများထဲတွင် အေးစက်သောအလင်းတန်းများက တည်ငြိမ်ပြတ်သားစွာ တောက်ပနေသည်။
ယွမ်ကျန်းဖုန်းနှင့် အကြည့်ချင်းဆုံလိုက်သည်နှင့် ဖန်ကျွင်းက ပြုံးရင်း...
“ဆရာ... ဒီတပည့်က အရည်အချင်းမရှိပါဘူး ၊ အရင်က အကျိုးဆက်ကိုမစဉ်းစားဘဲ ရူးရူးမိုက်မိုက် ရှေ့ဆက်ခဲ့တယ် ၊ နောက်ဆုံးတော့ ကပ်ဘေးတစ်ခု ကျရောက်စေခဲ့တယ် ၊ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကို တည်ထောင်ခဲ့တဲ့သူက ရှင်းတုန်းဖင်း ဆိုပေမယ့် ဒီပြဿနာရဲ့ တကယ့်ရင်းမြစ်က ကျွန်တော် ကိုယ်တိုင်ပါပဲ”
သူက ဆက်ပြောသည်။
“ကျွန်တော့်ကြောင့် အဖြစ်အပျက်တွေအများကြီး ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တယ် ၊ ဂိုဏ်းတူအစ်ကိုကြီး’ရှီတိ’ နဲ့ တခြား ဂိုဏ်းတူမောင်နှမတွေ အသက်ဆုံးခဲ့ရတယ် ၊ အချိန်ကြာလာတာနဲ့အမျှ... မြေကမ္ဘာနယ်မြေက စည်းတံဆိပ်က အားနည်းလာတာကြောင့် ငရဲကိုးထပ် ဒီကမ္ဘာကို ကျူးကျော်ဝင်ရောက်ဖို့ ဖြစ်လာတယ် ၊ မြေကမ္ဘာနယ်မြေနဲ့ ငရဲကိုးထပ်အပေါ် ကျွန်တော့်ရဲ့ သုတေသနပြုချက်တွေဟာ အခုချိန်မှာ ကံအားလျော်စွာ အသုံးချနိုင်ခဲ့ပြီး ငရဲကိုးထပ် ဆင်းသက်လာမှုကို တားဆီးနိုင်ခဲ့တယ်”
“ဒါပေမဲ့... ဒီအတွက်ကြောင့် ဆုံးရှုံးခဲ့ရတဲ့အရာတွေကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိမှာ မဟုတ်ပါဘူး ၊ အခု အတိတ်က ကျွန်တော့်ရဲ့ အမှားတွေကို နည်းနည်းလောက် ပြန်လည်ပြုပြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
စကားဆုံးသွားသည်နှင့် ဖန်ကျွင်း၏ အနောက်ဘက်မှ အဆုံးမဲ့ကောင်းကင် ကိုယ်ခွဲပုံရိပ်ကြီးက ရုတ်တရက် ဝိညာဉ်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်အတွင်းသို့ ဆုတ်ခွာသွားသည်။ ထိုဝိညာဉ်အလင်းတန်းကို ရစ်ပတ်ထားသော အနက်ရောင်အလင်းတန်းများကလည်း ဖန်ကျွင်းခန္ဓာကိုယ်ဆီသို့ လိုက်ပါသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဖန်ကျွင်း၏မျက်နှာက ဖြူဖျော့သွားသော်လည်း သူ့မျက်ဝန်းများက ယခင်ကထက် ပိုမိုတောက်ပလာသည်ပင်။
သူက ခပ်တိုးတိုးကြုံးဝါးသံတစ်သံပြုလိုက်စဉ် သူ့ကိုလွှမ်းခြုံထားသော အနက်ရောင်အလင်းတန်းများက ဖန်ကျွင်းကို ဗဟိုပြုပြီး ရုတ်တရက် လျှင်မြန်စွာ လှည့်ပတ်လာသည်။ ဖန်ကျွင်းက လေထဲတွင် တင်ပျဉ်ခွေထိုင်နေပြီး သူ၏အောက်ဘက် လေထုထဲတွင် အနက်ရောင်စီးကြောင်းများစုစုံလျှက် ဗလာနယ်က ပုံပျက်သွားသည်။
ထိုသို့ ဗလာနယ် ပုံပျက်သွားခြင်းတွင် လေထုက အက်ကွဲသွားပြီ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာကာ အနက်ရောင်အလင်းတန်းများက အရူးအမူးမြင့်တက်လာပြီး ထိုအပေါက်ထဲသို့ ဝင်ရောက်သွားကြသည်။
ဖန်ကျွင်းပတ်ပတ်လည်မှ ဗလာနယ်သည်လည်း အဆက်မပြတ် တုန်ခါလာသည်။ သူ့ခန္ဓာကိုယ်က အောက်ဘက်သို့ ဖြည်းညင်းစွာကျဆင်းသွားပြီး အနက်ရောင်ဝဲဂယက်များအတွင်း နစ်မြုပ်သွားလျှက် အတွင်းထဲသို့ စုပ်ယူခြင်းခံရသည်။
မြင်ကွင်းကိုကြည့်ရင်း ယွမ်ကျန်းဖုန်း ခန္ဓာကိုယ် တုန်ခါသွားသည်။
“ဖန်ကျွင်း... မင်း...”
ဖန်ကျွင်း၏ မျက်နှာအမူအရာက တည်ငြိမ်အေးဆေးနေသည်။
“ဆရာက ကျွန်တော့်ကို ကူညီပေးပေါ ၊ ဒီလိုလုပ်တာက အဖြေတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်မှာပါ”
သူက ဆက်ပြောသည်။
“စိတ်မကောင်းစရာက ဒီနည်းလမ်းက အများအတွက် တစ်ယောက်က စတေးပေးရခြင်းပါပဲ ၊ မဟုတ်ရင် အခြားထိပ်သီးသိုင်းဂိုဏ်းတွေက တပည့်တွေနဲ့ သိုင်းကျင့်ကြံသူတွေ စတေးခံရမှာပေါ့”
ယွမ်ကျန်းဖုန်းက ဖန်ကျွင်းကို စူးစိုက်ကြည့်နေသည်။
ဤတပည့်က ဘယ်သောအခါမှ သူ့ကို စိတ်ပူပန်အောင်မလုပ်ဘဲ စံပြနမူနာအဖြစ် အကောင်းဆုံးစွမ်းဆောင်နိုင်သူဖြစ်ပြီး လူတိုင်းကလည်း သူ့လုပ်ရပ်များအတွက် ကျေနပ်ကြပေသည်။ ယွမ်ကျန်းဖုန်းအမြင်တွင် ဖန်ကျွင်းသည် တခါတရံ အစွန်းရောက်လွန်းသော်လည်း လမ်းမှားမရောက်အောင် ရှောင်တိမ်းနိုင်သူဖြစ်ကာ အရာအားလုံးကို ထိရောက်စွာ စနစ်တကျကိုင်တွယ်နိုင်သော ပြီးပြည့်စုံသူတစ်ယောက်ပင်။
ငယ်စဉ်ကပင် ဖန်ကျွင်း ပြာယာခတ်ပြီး ကူရာကယ်ရာမဲ့နေပုံကို ယွမ်ကျန်းဖုန်း တစ်ခါမှ မတွေ့မြင်ခဲ့ဖူးပေ။
သူက အမြဲတမ်း စိတ်တည်ငြိမ်တတ်ပြီး စိတ်ရှုတ်ထွေးတတ်သူ မဟုတ်ပေ။
ယခုလည်း သူ့ကိုယ်သူ သေတွင်းပို့နေခြင်းဖြစ်သည့်တိုင် တည်ငြိမ်နေဆဲပင်။ သူ့ခန္ဓာကိုယ်တစ်ဝက်လောက်က ဝဲဂယက်အပေါက်ကြီးထဲ တဖြည်းဖြည်းနစ်မြုပ်သွားသည့်တိုင် ယွမ်ကျန်းဖုန်းကိုကြည့်နေရင်း သူ့နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တို့ ထင်ဟပ်နေဆဲ ဖြစ်၏။
ယွမ်ကျန်းဖုန်း ခဏမျှတိတ်ဆိတ်သွားပြီးနောက် ကြုံးဝါးသံတစ်ချက် ပြုလိုက်သည်။
မရေမတွက်နိုင်သော အနက်ရောင်ကြိုးများက ယွမ်ကျန်းဖုန်းကို ဝန်းရံထားပြီး သူက လက်နှစ်ဖက်ကို ယှက်လိုက်ချိန် ပတ်ဝန်းကျင်လေထုက တုန်ခါသွားသည်။
ချောက်နက်ကြီးအတွင်းတွင် မိုးမြေတစ်ခုလုံးပြေင်းပြန်လှန်သွားသည့်အလား ဗလာနယ်က အက်ကွဲသွားသည်။ သို့သော် ဤအဖြစ်အပျက်က ရွှေရောင်နေဝန်းကြီးအပေါ် သက်ရောက်ခြင်းမရှိပေ။ ဖန်ကျွင်းအောက်မှ ဗလာနယ်အပေါက်ကြီးက ချောက်နက်ကြီးအတွင်းမှ အနက်ရောင်အခိုးအငွေ့များ၏ ကြီးမားသောပမာဏများကို စုပ်ယူသွားသည်။
ထူးဆန်းသည်မှာ ငရဲကိုးထပ်မှ အန္တရယ်ချီများ စုပ်ယူခံရလေလေ တွင်းနက်ကြီး၏စုပ်ယူအားက ပိုမိုအားကောင်းလာလေ ဖြစ်၏။
အမှောင်ဘက်ခြမ်းကျရောက်သွားသော သိုင်းသမားအချို့က ဖန်ကျွင်းကိုတိုက်ခိုက်ရန် ကြိုးစားကြသည်။ သို့သော် ဗလာနယ်အပေါက်ကြီးထဲမှ ဆွဲငင်အားကို တွန်းလှန်နိုင်ခြင်း မရှိဘဲ အတွင်းသို့ စုပ်ယူခြင်းကို ခံလိုက်ရသည်။
ထိုမြင်ကွင်းကိုတွေ့သည်နှင့် အရှေ့တက်နေဝန်းအရှင်၏နှုတ်ခမ်းထက်တွင် ထူးဆန်းသောအပြုံးတစ်ခု ရုတ်တရက် ထင်ဟပ်လာသည်။
သူက ဖန်ကျွင်းနှင့် ယွမ်ကျန်းဖုန်းတို့ကို တိုင်ခိုက်ရန် မစဉ်းစားတော့ဘဲ အောက်ဘက်ရှိ ရွှေရောင်နေဝန်းကြီးဆီသို့ ဦးတည်ထွက်ခွာသွားသည်။ သူ၏ ဦးဆောင်မှုအောက်တွင် အခြားသော နတ်ဆိုးများကလည်း လိုက်ပါသွားကြ၏။
အချိန်ကာလကြာလာသည်နှင့်အမျှ စွမ်းအားများ လျော့နည်းလာပြီး နတ်ဆိုးများ၏တိုက်ခတ်မှုကြောင့် လှုပ်ခါလာသော ရွှေရောင်နေဝန်းကြီးသည် လက်ရှိမှာတော့ တိတ်ဆိတ်ငြိမ်သက်လျှက်ပင်။ သို့သော် မည်သူမှ ထိုအရာကို မထိရဲပေ။ စွမ်းအားမြင့်မားသော အဖျက်စွမ်းအားများကြောင့် အနားကပ်သွားသောနတ်ဆိုးများမှာ ချက်ချင်း ပြာမှုန့်ဖြစ်ကုန်ကြရသည်။
အရှေ့တက်နေဝန်းအရှင်ကတော့ မျက်နှာအမူအရာတည်ငြိမ်နေဆဲဖြစ်ပြီး လက်တစ်ဖက်ကိုမြှောက်လိုက်သည်။ ထိုအခါ အနက်ရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ဤသည်က နေသူတော်စင်ဂိုဏ်း၏ ကိုယ်ပိုင်သိုင်းပညာကို ထုတ်ဖော်လိုက်ခြင်းဖြစ်ပြီး ထိုသိုင်းပညာက ရွှေရောင်နေဝန်းကြီးနှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူယိုးမှာ ဖြစ်လေသည်။
နေသူတော်စင်ဂိုဏ်းမှ အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားသူများနှင့် နတ်ဆိုးပူးခံရသူများဖြစ်သော ညနေခင်းအရှင်နှင့် အခြားသောသိုင်းသမားများက ထူးဆန်းစွာပြုံးလိုက်ကြသည်။
သူတို့က ရန်ကျောက်ကဲကဲ့သို့ ရွှေရောင်နေဝန်းကြီးအတွင်းသို့ ဝင်ရောက်လိုခြင်းမဟုတ်ဘဲ ရွှေရောင်နေဝန်းကြီး ပြိုလဲသွားစေရန် အပြင်ဘက်မှ ဖိအားပေးတိုက်ခိုက်လိုခြင်း ဖြစ်၏။
ဒါကိုမြင်တော့ ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းတို့၏မျက်ဝန်းများက တင်းမာသွားသည်။
စောစောက ရန်ကျောက်ကဲ ရွှေရောင်နေဝန်းအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ယွမ်ကျန်းဖုန်းရော ဖန်ကျွင်းပါ တွေ့မြင်ခဲ့ကြသော်လည်း အကြောင်းရင်းကိုတော့ နားလည်နိုင်ခြင်း မရှိကြပေ။