ဘဝမှာ နောင်တကင်းတဲ့နှလုံးသားကိုပဲ ပိုင်ဆိုင်ချင်တယ်
Vol. 34 Ch. 482
အခန်း (၄၈၂) ဘဝမှာ နောင်တကင်းတဲ့နှလုံးသားကိုပဲ ပိုင်ဆိုင်ချင်တယ်
ရွှေရောင်နေဝန်းကြီးတည်ရှိရာ သီးခြားကမ္ဘာမှာတော့ ရန်ကျောက်ကဲက နေဝန်းမျက်နှာပြင်ထက် မတ်တတ်ရပ်ရင်း အလယ်ဗဟိုတွင် ရှိနေသော ကြီးမားသည့် ရွှေနီရောင်စည်းတံဆိပ်ကြီးကို စူးစိုက်ကြည့်နေသည်။
ဘာဆက်လုပ်ရမည်လဲ တွေးနေစဉ် မိုးမြေတစ်ခုလုံး တုန်ခါသွားသည့်အလား ခံစားလိုက်ရသည်။
ရန်ကျောက်ကဲက သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားရင်း ထို စည်းတံဆိပ်ကြီးကို ဆက်လက် စူးစိုက်ကြည့်နေသည်။
ရုတ်တရက်...
စည်းတံဆိပ်အနားသတ်များတွင် အဆုံးမရှိသော ရွှေရောင်အလင်းတန်းများ သိပ်သည်းသွားပြီး လူတစ်ယောက်၏ပုံသဏ္ဌန်ဖြစ်တည်လာသည်ကို တွေ့လိုက်ရသည်။
အပြင်ဘက်မှ အရှေ့တက်နေဝန်းအရှင်နှင့် အခြားသူများတိုက်ခိုက်နေကြသဖြင့် ရွှေရောင်နေဝန်းကြီးက ပြင်းထန်စွာ တုန်ခါလျှက် ရှိသည်။ နေဝန်းကြီးက မည်သည့်ပျက်စီးမှုမှ မဖြစ်သော်လည်း ရွှေရောင်အလင်းတန်းများ လေထုထဲတွင် လှည့်ပတ်လျှက် ပတ်ဝန်းကျင်တစ်ခုလုံးအား တုန်ခါသွားစေသည်။
ဖန်ကျွင်းအောက်ဘက်ရှိ အပေါက်ကြီးကလည်း တုန်လှုပ်နေပြီး အနက်ရောင်အလင်းတန်းများကို အတွင်းသို့ အဆက်မပြတ် ဆွဲငင်နေသည်။ သို့သော် အနက်ရောင်အခိုးအငွေ့များက အနက်ရောင်ကြိုးများဖြင့် ချိတ်ဆက်နေလေရာ ပတ်ဝန်းကျင်တစ်ခုလုံးက ရှုတ်ထွေးလျှက် ပရမ်းပတာအခြေအနေ ဖြစ်ပေါ်နေသည်။
အနက်ရောင်အခိုးအငွေ့များနှင့် ရောယှက်နေသော အနက်ရောင်ကြိုးများသည် ယွမ်ကျန်းဖုန်းကို ပိုက်ကွန်နှင့်အုပ်သည့်ပမာ လွှမ်းခြုံထားလေရာ ထိုအနက်ရောင်ကြိုးများ ဗလာနယ်တွင်းနက်ထဲ ဆွဲငင်ခံရသည့်အခါ ယွမ်ကျန်းဖုန်းသည်လည်း ထိုတွင်းနက်ဆီသို့ ပါသွားလေ၏။
လေထုထဲတွင်ရှိနေသော နတ်ဆိုးလက်ကြီးနှစ်ဖက်ကလည်း ယွမ်ကျန်းဖုန်းကို အတူတကွ ကုတ်ခြစ်ချလိုက်သည်။
ယွမ်ကျန်းဖုန်းက သူ့ကိုတိုက်ခိုက်နေသော နတ်ဆိုးလက်နှစ်ဖက်ကို တားဆီးရန် သူ့လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လျှက် လက်ဖဝါးဖြင့် တွန်းထုတ်လိုက်သည်။
အနက်ရောင်ကြိုးများကလည်း ပြင်းထန်သောအရှိန်အဟုန်ဖြင့် ယွမ်ကျန်းဖုန်းကို တွင်းနက်ထဲဆွဲခေါ်နေဆဲ ဖြစ်သည်။ ယွမ်ကျန်းဖုန်းက မျက်မှောင်တစ်ချက်ကြုံ့ရင်း ထိုနတ်ဆိုးလက်နှစ်ဖက်ကို တွင်းနက်ထဲဆွဲခေါ်သွားရန် စဉ်းစားလိုက်၏။
ပတ်ဝန်းကျင်မှ နတ်ဆိုးများကို တွင်းနက်ထဲမှ ဝဲဂယက်ကြီးက အောက်ခြေရောက်သည်အထိ စုပ်ယူသွားသလို ယွမ်ကျန်းဖုန်းကိုလည်း ၎င်းဝဲဂယက်ကြီးက ချုပ်နှောင်ထားသည်။ အနက်ရောင်ကြိုးများနှင့် လွှမ်းခြုံခံထားရသော ယွမ်ကျန်းဖုန်းမှာလည်း ထိုကြိုးများနှင့်အတူ တွင်းနက်ထဲသို့ စုပ်ယူခံနေရသည်။
သူ၏ခန္ဓာကိုယ်တစ်ဝက်ခန့်က ဝဲဂယက်ထဲ နစ်မြုပ်နေပြီး ဖန်ကျွင်းထက်ပင် ပိုမိုနက်ရှိုင်းစွာ စုပ်ယူခံနေရသည်။
ဖန်ကျွင်းက ဓားဝိညာဉ်တစ်ခုဖန်ဆင်းလိုက်ပြီး ညာဘက်လက်ကိုဝှေ့ယမ်းကာ ဓားဝိညာဉ်ကို ချောက်နက်ကြီးအတွင်းပိုင်းသို့ ထိုးစိုက်ချလိုက်သည်။ ဓားအလင်းတန်းများစွာထွက်ပေါ်လာပြီး ယွမ်ကျန်းဖုန်းကို ချုပ်နှောင်ထားသည့် အန္တရယ်ချီများကို ဖယ်ရှားရန် ကြိုးစားသည်။
ယွမ်ကျန်းဖုန်းက သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့စေလျှက် တွင်းနက်ထဲမှ စုပ်ယူအားကို ခုခံထားသည်။
သို့သော် ကြီးမားသော နတ်ဆိုးလက်ကြီးနှစ်ဖက်က အပေါ်ဘက်မှ အဆက်မပြတ် ဖိနှိပ်ချနေသည်။
ယွမ်ကျန်းဖုန်းက လက်ကိုပင့်မြှောက်လျှက် ကောင်းကင်ဘုံအရှင်က စေတီကိုပင့်မြှောက်သည့်အလား အရှိန်အဟုန်ဖြင့် နတ်ဆိုးလက်ကြီးများ ကျဆင်းလာသည်ကို တားဆီးထား၏။
ကြီးမားသောဖိအားကြီးကို ခံစားရစဉ် ယွမ်ကျန်းဖုန်း မျက်ဝန်းများက ဆုံးဖြတ်ချက်ခိုင်မာစွာ တောက်ပလာပြီး ပင့်မြှောက်ထားသောသူ၏လက်က စွန်ကုပ်လက်သည်းသဏ္ဌန် ပြောင်းလဲသွားသည်။ သူက နတ်ဆိုးလက်နှစ်ဖက်ကို ခုခံခြင်းမရှိတော့ဘဲ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လျှက် စွမ်းအားအပြည့်ဖြင့် သူ့ထံသို့ ဆွဲယူလိုက်သည်။
နတ်ဆိုးလက်ကြီးများကို ဆွဲယူလိုက်သောအရှိန်ကြောင့် ယွမ်ကျန်းဖုန်း တွင်းနက်ထဲသို့ အရှိန်အဟုန်ဖြင့် နစ်မြုပ်သွားသော်လည်း သူ၏စွမ်းအားက အမြင့်ဆုံးအဆင့် ရောက်ရှိသွားပြီး ထို နတ်ဆိုးလက်နှစ်ဖက်ကို သူနှင့်အတူ သေတွင်းထဲခေါ်ဆောင်သွားရန် အသင့်ဖြစ်နေသည်။
အချိန်နှင့်နေရာ ရှုတ်ထွေးကာ ပရမ်းပတာဖြစ်နေသော တွင်းထက်ထဲတွင် ထာဝရပိတ်မိနေမည်ဆိုလျှင်တောင်မှ ထို နတ်ဆိုးလက်နှစ်ဖက်ကို သူနှင့်အတူ ခေါ်ဆောင်သွားမည် ဖြစ်သည်။
ထိုအချိန် ရွှေရောင်နေဝန်းကြီးက တုန်ခါသွားပြီး ချိတ်ပိတ်ထားသော စည်းတံဆိပ်က ပျက်ဆီးလုနီးပါး ဖြစ်နေပေပြီ။
ငရဲကိုးထပ်မှအန္တရယ်ချီများက ပိုမိုအားကောင်းလာပြီး အမှောင်ထုထဲမှနတ်ဆိုးအစစ်များ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ အမှန်တကယ် ဝင်ရောက်လာတော့မည့်အလား ထင်မှတ်ရသည်။ ယွမ်ကျန်းဖုန်းသည် သူ၏ သေခြင်းရှင်ခြင်းကို အရေးမစိုက်တော့ပေ။ သူက ငရဲကိုးထပ်မှ ထို နတ်ဆိုးလက်နှစ်ဖက်ကို တွင်းနက်ထဲသို့ သူနှင့်အတူဆွဲခေါ်သွားကာ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဖျက်ဆီးခွင့်မပေးရန် ဆုံးဖြတ်ထားသည်။
အရှေ့တက်နေဝန်းအရှင်၏မျက်နှာထက်မှအပြုံးက မှုံမှိုင်းအေးစက်သွား၏။
ယွမ်ကျန်းဖုန်းက သူ့ကို ကြောက်ရွံ့ခြင်းမရှိဘဲ တည်ကြည်ပြတ်သားစွာ စူးစိုက်ကြည့်ရင်း...
“ဒီကမ္ဘာက တကယ့်ကိုကောင်းလွန်းတယ် ၊ ဒါကြောင့် မင်းတို့ကို မပေးနိုင်ဘူး”
ညနေခင်းအရှင်၏မျက်ဝန်းများက အဝါရောင်တောက်ပနေပြီး သူက နတ်ဆိုးပူးခံရခြင်းမဟုတ်ဘဲ အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားခြင်းသာ ဖြစ်သည်။
သူက ယွမ်ကျန်းဖုန်းကို ကြည့်ရင်း...
“ကောင်းကင်ခြေရာတိုင်းသူ သိုင်းသူတော်စင် ‘ယွမ်ကျန်းဖုန်း’ ၊ မင်းက ဘာလို့ ဒီလောက်ကြိုးစားနေရတာလဲ ၊ ကြည့်စမ်း... အစိမ်းရောင်မိုးကြိုးသိုင်းသူတော်စင်’ချန်လီ’ ကတောင်မှ မင်းထက် ဉာဏ်ကောင်းသေးတယ်”
ယွမ်ကျန်းဖုန်းက ခေါင်းခါယမ်းရင်း...
“ငရဲကိုးထပ်ကိုဖိနှိပ်ထားတဲ့ စည်းတံဆိပ်ရှိနေတာတောင် ဒီလောက်တိုက်ခိုက်ရခက်ခဲနေရင် ငရဲကိုးထပ်ကနတ်ဆိုးတွေ ငါတို့ကမ္ဘာထဲရောက်လာရင် ဘယ်လိုလုပ် တိုက်ခိုက်နိုင်တော့မလဲ ၊ ငရဲကိုးထပ်မှာ ဒီ နတ်ဆိုးလက်နှစ်ဖက်ထက် အစွမ်းထက်တဲ့သူတွေ အများကြီးရှိတယ် ၊ ဒီ စည်းတံဆိပ်ကိုမပြုပြင်နိုင်ရင် နတ်ဆိုးအစစ်တွေ ငါတို့ကမ္ဘာကို ထပ်ပြီးအာရုံစိုက်လာမယ် မဟုတ်လား”
“ချန်လီက မစဉ်းစားမဆင်ခြင်ဘဲ လုပ်လိုက်တယ်ဆိုတာ ဒီအဘိုးကြီး ရိုးသားစွာ ယုံကြည်ပါတယ် ၊ ဒါပေမဲ့ သူ ထွက်ပြေးသွားလို့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို နတ်ဆိုးအစစ်တွေ ရောက်လာတဲ့အခါ သူ ဘယ်မှာသွားပုန်းနေမှာလဲ ၊ မီးတောက်မိစ္ဆာကမ္ဘာထဲ သွားပုန်းလို့ ရမတဲ့လား”
ထိုစကားကိုကြားတော့ ညနေခင်းအရှင်က ကျယ်လောင်စွာ ရယ်မောရင်း...
“ဟား ဟား... ငရဲကိုးထပ်မှာ အစွမ်းထက်တဲ့နတ်ဆိုးအစစ်တွေ အများကြီးရှိတယ်ဆိုတာ မင်းသိတယ်ပေါ့ ၊ အေး ဟုတ်တယ်... ဒါပေမဲ့ အခုချိန်ထိ အစွန်းရောက်ရှစ်ပါးကမ္ဘာကို စိတ်ဝင်စားနေတဲ့ နတ်ဆိုးက နှစ်ယောက်ပဲ ရှိသေးတယ်ကွ”
သူက ဆက်ပြောသည်။
“ဆိုတော့ ဒီနေရာကို နတ်ဆိုးတွေ ပိုပိုပြီး သတိထားမိလာတဲ့အခါ မင်းဘာလုပ်နိုင်မလဲ ၊ မြင်းရထားကို ရပ်တန့်ချင်တဲ့ နှံကောင်လိုပဲ ဖြစ်မှာပဲ ၊ မင်း... ချန်လီ ... ပြီးတော့ လူတိုင်းပဲ အနှေးနဲ့အမြန် ပျက်ဆီးကြရမှာပဲ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ ကံကြမ္မာက အစကတည်းက ပြဌာန်းထားပြီးသားပါ”
“ဘာလို့ စိတ်ကိုလွှတ်ချပြီး ငါတို့လိုမျိုး မပြောင်းလဲလိုက်တာလဲ ၊ မင်း ဖြစ်ချင်တာတွေအကုန် ဖြစ်လာတဲ့အခါ ဒီကမ္ဘာလောကကြီးက သူ့ဟာနဲ့သူ အံ့သြစရာကောင်းတယ်ဆိုတာ မင်း တွေ့ခွင့်ရမှာပါ”
သူ့စကားကြောင့် ယွမ်ကျန်းဖုန်းက တုန်လှုပ်ဟန် မရှိဘဲ...
“ဒီ နတ်ဆိုးနှစ်ကောင်ရဲ့ လက်နှစ်ဖက်ကိုသာ ဗလာနယ်တွင်းနက်ထဲ ဆွဲယူသွားနိုင်ရင် အစွန်းရောက်ရှစ်ပါးကမ္ဘာကို အန္တရယ်ပြုနိုင်တော့မှာ မဟုတ်ဘူး”
သူက ဆက်ပြောသည်။
“ပြီးတော့... ဒီနေရာကို တခြားနတ်ဆိုးတွေ သတိမထားမိခင်မှာ ရွှေရောင်နေဝန်းနဲ့ ငရဲတံခါးကို ပြန်ပြီးချတ်ပိတ်လိုက်နိုင်လိမ့်မယ်”
သူက အရှေ့တက်နေဝန်းအရှင်နှင့် ညနေခင်းအရှင်ကို ကြည့်ရင်း...
“မင်းတို့က နတ်ဆိုးပူးခံရတဲ့သူတွေနဲ့ အမှောင်ဘက်ခြမ်းကျသွားတဲ့သူတွေပဲ ၊ မင်းတို့စွမ်းအားလောက်နဲ့ ဒီ ရွှေရောင်နေဝန်းကြီးကို ဖျက်ဆီးလို့ရမယ်မထင်နဲ့ ၊ ဒီအဘိုးကြီးက ဖြစ်နိုင်ခြေရှိသမျှ လောင်းကြေးထပ်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာရှင်သန်နိုင်ဖို့အတွက် စွန့်စားမှာပဲ”
အရှေ့တက်နေဝန်းအရှင်၏ မျက်နှာထက်တွင် လှောင်ပြောင်သရော်သော အကြည့်တစ်ချက်ပေါ်လာပြီး...
“မင်းတစ်ယောက်တည်းနဲ့ ဘာတတ်နိုင်မှာလဲ ၊ လက်နှစ်ဖက်လောက် ဒီနေရာကိုရောက်လာတာနဲ့ ငရဲကိုးထပ်တစ်ခုလုံး ဒီနေရာကိုရောက်လာတာ မတူဘူးဆိုတာ မင်းသိသင့်တယ် ၊ ငါတို့အကုန်လုံးသာ ဒီနေရာကိုရောက်လာရင် တန်ခိုးစွမ်းအားက မိုးမြေတစ်ခုလုံးကို ကျော်လွန်သွားမှာ”
ယွမ်ကျန်းဖုန်းက တည်ငြိမ်စွာပြုံးရင်း...
“လူသားတွေက တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားပြီးရင် ကျန်တာက မိုးကောင်းကင်ရဲ့ အကြံအစည်အတိုင်းပါပဲ ၊ အကောင်းဆုံးကြိုးစားခဲ့ပြီးပြီဆိုရင်တော့ မိုးကောင်းကင်က ဆောင်ကြဉ်းလာမယ့်ကံကြမ္မာကို အေးအေးဆေးဆေး လက်ခံရုံပဲပေါ့”
သူက ဆက်ပြောသည်။
“ဘဝဆိုတာ တစ်ဘဝပဲ အသက်ရှင်ရတာ ၊ ဂုဏ်သိက္ခာနဲ့ပဲ ရှင်သန်ချင်တယ်... လိပ်ပြာလုံချင်တယ်... အရှက်မရချင်ဘူး ၊ ဘဝမှာ နောင်တကင်းတဲ့နှလုံးသားကိုပဲ ပိုင်ဆိုင်ချင်တယ်”
ထိုစကားကိုကြားတော့ ဘေးနားတွင်ရှိနေသည့် ဖန်ကျွင်းက နားလည်သဘောပေါက်ဟန်ဖြင့် ပြုံးလိုက်သည်။
ထို့နောက်သူက ညာဘက် လက်ညိုးနှင့်လက်ခလယ်အသုံပြုပြီး ဓားဝိညာဉ်တစ်ခုဖန်ဆင်းကာ ဘယ်ဘက်လက်ကောက်ဝတ်ရှိ သွေးကြောကို ဖြတ်ချလိုက်သည်။
ဖန်ကျွင်း၏ သွေးစွမ်းအားအနှစ်သာရထွက်ပေါ်လာပြီး ဓားဝိညာဉ်နှင့်အတူ သွေးစီးကြောင်းများ လေထဲတွင်လွင့်မျောလျှက် သွေးနီရောင်ကြိုးမျှင်များအဖြစ် ပြောင်းလဲသွားသည်။ သွေးနီရောင်ကြိုးမျှင်များက ကြိုးတစ်ချောင်းပမာစုစည်းသွားပြီး ကြီးမားသော နတ်ဆိုးလက်နှစ်ဖက်ဖြစ်သော အနက်ရောင်လက်နှင့် ခရမ်းရောင်လက်တို့ကို မြဲမြံစွာ ချည်နှောင်လိုက်သည်။
ဒေါသထွက်နေသည့် နတ်ဆိုးလက်နှစ်ဖက် တုန်လှုပ်သွားပြီး သွေးနီရောင်ကြိုးများမှ ရုန်းထွက်ရန်အတွက် ပြင်းထန်သောစွမ်းအားများ ထုတ်လွှတ်လိုက်ကြ၏။
ထိုအချိန် ဖန်ကျွင်းက သူ၏ညာဘက်လက်ဖြင့် ဓားကွက်တစ်ခုထုတ်ဖော်လိုက်ပြီး ဓားဝိညာဉ်ကို အောက်ဘက်သို့ ထိုးညွှန်လျှက် ညာဘက်လက်မှသွေးများကို အချိန်နှင့်အာကာသပုံပျက်နေသော တွင်းနက်ထဲသို့ ကျဆင်းစေလိုက်သည်။ ထိုခဏတွင် ဖန်ကျွင်းအား တွင်းနက်ထဲစုပ်ယူခံရခြင်းမှာလည်း မြန်နှုန်းမြင့်တက်လာသည်။
ထို့နောက် နတ်ဆိုးလက်နှစ်ဖက်ကို ချည်နှောင်ထားသော သူ၏ဘယ်ဘက်လက်မှ သွေးနီးရောင်ကြိုးက မမြင်နိုင်သောစွမ်းအားများ ထုတ်လွှတ်လိုက်ပြီး ပတ်ဝန်းကျင်လေထုက အဆက်မပြတ်အက်ကွဲသွားလေရာ နတ်ဆိုးလက်နှစ်ဖက်မှာ ယာယီအားဖြင့် မလှုပ်နိုင် ဖြစ်သွားရသည်။
တွင်းနက်ထဲသို့ ဖန်ကျွင်းကျဆင်းသည့်အရှိန်မြင့်လာသည့်တိုင် ယွမ်ကျန်းဖုန်းက နတ်ဆိုးလက်နှစ်ဖက်ကို တွင်းနက်ထဲဆွဲယူရာတွင် များစွာ အကူအညီဖြစ်ခဲ့သည်။
“ဒီကမ္ဘာမှာ ဆိုရိုးတစ်ခုရှိတယ်မဟုတ်လား ၊ ညီရင်းအစ်ကိုတွေက ကျားကို အတူတူအမဲလိုက်သတ်ဖြတ်ကြတယ် ၊ အဖေနဲ့သားကတော့ တိုက်ပွဲမှာ အတူတကွ စစ်သည်တော်တွေလိုရပ်တည်တယ်”
ဖန်ကျွင်းက ဆင်ပြောသည်။
“ဆရာနဲ့ ဒီတပည့်လည်း အတူတူပဲ မဟုတ်လား”
ယွမ်ကျန်းဖုန်းက သူ့တပည့်ကို ဝမ်းနည်းစွာ ကြည့်နေသည်။
ဤ ဗလာနယ်တွင်းနက်ထဲ ကျရောက်သွားပါက အကောင်းအဆိုး ဘာဖြစ်မည်လဲ ခန့်မှန်းမရနိုင်ပေ။ အချိန်နှင့်နေရာ ပြင်းထန်စွာစီးဆင်းပြေင်းလဲမှုကြောင့် အသက်ဆုံးရနိုင်သလို အခြားသော အမည်မသိ ကမ္ဘာတစ်ခုသို့လည်း ရောက်ရှိသွားနိုင်သည်။
သို့သော် ဖန်ကျွင်း လက်ရှိအသုံးပြုနေသော နည်းလမ်းက သူ့ခန္ဓာကိုယ်ထဲမှ သွေးစွမ်းအားအနှစ်သာရကို ထုတ်ဖော်ခြင်းဖြစ်သဖြင့် သူ၏အသက်ဓာတ်စွမ်းအားကိုပါ လောင်ကျွမ်းစေခဲ့သည်။ မကောင်းဆိုးဝါးနတ်ဆိုးများနှင့် ဖရိုဖရဲဖြစ်နေသည့်ဗလာနယ်တွင်းနက်က သူ့အသက်ကို နှုတ်ယူခြင်းမရှိလျှင်တောင်မှ သူ သေရပေတော့မည်။
“ဒီကလေး... မင်းက ငယ်ငယ်ကတည်းက ဒီအတိုင်းပဲ ၊ မင်းက နူးညံ့သိမ်မွေ့ပြီး အေးဆေးတည်ငြိမ်တယ် ၊ ဒါပေမဲ့ မင်းအရိုးထဲအထိ စိတ်ဓာတ်ပြင်းထန်လွန်းတယ်”
ယွမ်ကျန်းဖုန်းမျက်နှာထက်မှ ကြေကွဲဝမ်းနည်းမှုများ ပျောက်ကွယ်သွားပြီး သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ကောင်းပြီ... ငါတို့ ဆရာတပည့် အတူတူတိုက်ကြတာပေါ့”
ဆရာတပည့်နှစ်ယောက်သည် အမြင့်ဆုံးအဆင့်စွမ်းအားများကိုအသုံးပြုပြီး နတ်ဆိုးလက်ကြီးနှစ်ဖက်ကို တွင်းနက်ကြီးထဲ အတင်းဆွဲယူလျှက် တညီတညွတ်တည်း ကျယ်လောင်စွာ ကြုံးဝါးလိုက်ကြသည်။
ယွမ်ကျန်းဖုန်းနှင့် ဖန်ကျွင်းတို့၏၏ခန္ဓာကိုယ်များ တွင်းနက်ကြီးထဲ ကျဆင်းသွးသည်နှင့် နတ်ဆိုးလက်ကြီးနှစ်ဖက်ဖြစ်သော ခရမ်းရောင်လက်ကြီးနှင့် အနက်ရောင်လက်ကြီးသည်လည်း တွင်းနက်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။
ဤသည်ကိုမြင်တော့ အရှေ့တက်နေဝန်းအရှင်နှင့် အခြားသူများ တစ်ပြိုင်တည်းအော်ဟစ်လိုက်ကြပြီး နတ်ဆိုးများစွာ၏ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံများက ချောက်နက်ကြီးတစ်ခုလုံး ဆူညံပြည့်နက်သွားလေတော့၏။