အခန်း ၂၄၂
Vol. 17 Ch. 242
အပိုင်း ( 242 )
ငါက သူတို့ရဲ့ ကောင်းကျိုးအတွက် လုပ်ပေးနေတာလေ
ပင်လယ်ပြင်မှ လေမဲ့ လှိုင်းမဲ့ကာ တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိသည်။ သို့သော် ငါးမျှားနေကြသူများမှာ မည်သို့မျှ တည်ငြိမ်မနေနိုင်ကြတော့ပေ။ သူတို့၏ လက်များအတွင်းတွင် ရှိနေသည့် ငါးမျှားတံများက ရေပြင်ကို လှုပ်ခတ်သွားစေကာ လှိုင်းတွန့်လေးများကို ဖန်တီးနေခဲ့သည်။
လုချန်ရှန်းကမူ သူ၏ အကြီးအကဲ အသွင်အဟန်ကို ထိန်းသိမ်းထားကာ ငြိမ်သက်စွာ ထိုင်နေရင်းဖြင့် သူ့အရှေ့ရှိ မြေပြင်ကို တိတ်တဆိတ် စူးစမ်းလေ့လာနေခဲ့၏။
“ စီနီယာ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ရှင်းပြပေးပါဦး “
တစ်စုံတစ်ဦးက အရင်ဦးဆုံး စကားစပြောလာခဲ့သည်။
လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ စိတ်ရှည်ရှည်ထားပြီးတော့ ဖြည်းဖြည်းချင်း လိုက်ရှာလိုက်။ မင်းက သေချာပေါက် ရှာတွေ့ပါလိမ့်မယ် “
“ စီနီယာ ကျွန်တော်တို့ဆီမှာ အချိန်အများကြီး မရှိဘူးဗျ။ ကျွန်တော်တို့က လမ်းကြောင်းမပိတ်ခင် မြန်မြန်ပြန်ရမှာပါ ကြာကြာနေလို့မရပါဘူး “ ထိုလူများမှာ အနည်းငယ် အခက်တွေ့နေပုံရသည်။ သို့သော် သူ့အား လေးလေးစားစား ဆက်ဆံနေသေး၏။
သူတို့က မေးမြန်းရန်အတွက် နှိမ့်ချခြင်းဆိုသည့် အဓိပ္ပါယ်ကို အပြည့်အဝ ပြသနေကြ၏။
လုချန်ရှန်းမှာလည်း မသိုဝှက်ထားခဲ့ဘဲ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည် “ တကယ်လို့ မင်းတို့က တကယ်ရှာချင်ကြတယ်ဆိုရင် ငါက အဲ့တာကို ရှာဖို့ ခေါ်သွားပေးလို့ရတယ်။ ဒါပင်မဲ့ အဲ့ဒီအခွင့်အလမ်းကို ရဖို့က တော်တော်မလွယ်ဘူး “
“ ဘာဖြစ်လို့လဲဗျ “
“ အဲ့နေရာရဲ့ ဇစ်မြစ်က တော်တော်ထူးခြားတယ်။ အဲ့တာကို လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုက ကာကွယ်ပေးထားတယ်။ အဲ့တာကို ရဖို့က တော်တော်လေးကို ခက်တယ် “ လုချန်ရှန်းသည် ဖြည်းဖြည်းချင်း ရှင်းပြနေခဲ့ကာ သူသိထားသမျှ အရာအားလုံးကို ပြောပြနေခဲ့သည်။
တစ်ခြားလူများသည် ၎င်းတို့ကို နားထောင်နေရင်းဖြင့် စိတ်လှုပ်ရှားသွားကြသည်။ တောင်ကြားစမ်းချောင်းအတွင်းမှ မျိုးစေ့များ ချောက်ကမ်းပါးပေါ်မှ နတ်ဆေးများ တောင်ထိပ်ပေါ်မှ ယင်ယန်သစ်သီး ….. စသည်ဖြင့် ထိုစကားလုံးများကို ကြားလိုက်ရပြီးသည့်နောက်တွင် အဆွဲဆောင်မခံလိုက်ရသည့် လူဆိုသည်မှာ မရှိသလောက်နီးပါး ရှားပါးလှသည်။
တစ်စုံတစ်ဦးက သံသယတို့ဖြင့် မေးမြန်းလာခဲ့၏ “ စီနီယာ အဲ့တာကို သိတယ်ဆိုမှတော့ ဘာဖြစ်လို့ ကိုယ့်ဘာသာ မသွားလိုက်ရတာလဲဗျ “
ထိုကဲ့သို့သော မေးခွန်းများကလည်း သူမှန်းဆထားသည့် အတိုင်းအတာအတွင်းတွင် ရှိနေသေးသည်။
သူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ အဲ့တာက ငါ့အတွက် အသုံးမဝင်မှတော့ ဘာဖြစ်လို့ ယူနေရမှာလဲ “
ဟမ်
လူတိုင်း မျက်မှောင်ကြုတ်သွားကာ ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်သွားကြသည်။
သို့ရာတွင် လုချန်ရှန်းက စကားဆက်ပြောနေတော့၏ “ ဒါပင်မဲ့ အချက်တစ်ချက်တော့ ရှိတယ်။ မသွားခင်အချိန်မှာ မင်းတို့အားလုံးက ၁၀၀%အထိ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်။ အခွင့်အရေးက တစ်ခါပဲရှိတယ်။ တကယ်လို့ မင်းတို့က ကျရှုံးသွားမယ်ဆိုရင် ငါဝင်ယူလိုက်မယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် အဲ့တာက မကောင်းဆိုးဝါးဝိညာဥ်တွေအတွက် အကျိုးရှိသွားလိမ့်မယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။ သူတို့က မည်သည့်အတွက်ကြောင့်လဲဆိုသည်ကို နားမလည်ကြသော်လည်း ခေါင်းငြိမ့်ပြလိုက်ကြသေး၏။
“ ကျေးဇူးတင်ပါတယ် စီနီယာ “
သူတို့သည် လုချန်ရှန်းက လမ်းကြောင်းကို ဦးဆောင်သွားစေလိုသည်။
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ လှေငယ်ဖြင့် ပင်လယ်ပြင်ဆီသို့ ရွက်လွှင့်သွားတော့သည်။ အားလုံးက သူ့နောက်သို့ လိုက်သွားကြပြီး သူသည် ထိုလူများကို တောင်ကြားစမ်းချောင်းဆီသို့ ဦးဆောင်သွားကာ ထို့နောက်တွင် ချောက်ကမ်းပါးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
သူသည် သူသိထားသမျှ အရာအားလုံးကို လိုက်ပြနေခဲ့သည်။
အဆိုပါ ပစ္စည်းများကို မြင်ခဲ့ရပြီးသည့်နောက်တွင် လူတိုင်း ရူးသွပ်လုမတတ် ဖြစ်သွားကြသည်။
“ အဲ့တာက ယင်ယန်သစ်သီး …. တကယ့်ယင်ယန်သစ်သီးဟ။ ပြီးတော့ နတ်ဆေးရောပဲ။ အဲ့ဒီမျိုးစေ့တွေက မြင့်မြတ်သန့်စင်တဲ့ အလင်းတန်းကို ဖြာထွက်စေပြီးတော့ ခုနတုန်းက ကြွေကျသွားတဲ့ သစ်ရွက်တွေမှာလည်း သန့်စင်မွန်မြတ်တဲ့ အငွေ့အသက်တွေ စွန်းထင်းနေတယ် ……. “
တစ်ဦးပြီးတစ်ဦး အံ့ဩတကြီး ဖြစ်သွားကြသည်။
မြင့်မြတ်နယ်မြေများနှင့် ရှေးဟောင်းဂိုဏ်းများကပင် မည်သို့မျှ တည်ငြိမ်မနေနိုင်ကြတော့ပေ။
လုချန်ရှန်းမှာ လှောင်ပြောင်သရော်၍ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိ၏ “ ကျွတ် သူတို့က မြင့်မြတ်နယ်မြေရဲ့ အုပ်စိုးသူတွေ ကြွေးကြော်ထားကြတာ မဟုတ်ဘူးလား။ အဲ့တာက အခွင့်အလမ်းလေး တစ်ခုပဲလေ။ သူတို့ကို ကြည့်စမ်းပါဦး။ ကမ္ဘာကြီးကို မမြင်ဖူးတဲ့ တောသားလေးတွေလိုပဲ “
သို့ရာ၌ အပေါ်ယံတွင်မူ သူသည် အလွန်တရာ အေးဆေးတည်ငြိမ်သည့် အဘိုးအိုတစ်ဦးပမာ ဆက်လက်ဟန်ဆောင်နေကာ ထိုပစ္စည်းများကို ကြည့်နေသည့် အချိန်၌ သူ၏ မျက်ဝန်းများအတွင်းတွင် မည်သည့်စိတ်ခံစားချက်မှ ရှိမနေခဲ့ပေ။ သူဤနေရာသို့ ရောက်ရှိနေသည်မှာ တစ်နှစ်ကျော်နေခဲ့ပြီဖြစ်ပြီး ၎င်းတို့ကို စောင့်ကြည့်နေခဲ့သည်မှာ တစ်နှစ်ပင် ပြည့်တော့မည် ဖြစ်သည်။ အလှပဆုံးသော အင်မော်တယ် မိန်းမပျိုလေးဆိုလျှင်တောင်မှ ကြိမ်ဖန်များစွာ မြင်တွေ့နေရပါက ရိုးအီသွားမည် ဖြစ်သည်။
အကယ်၍ စိတ်လှုပ်ရှားရမည့် အကြောင်းအရင်းတစ်ခုသာသာ ရှိနေမည်ဆိုပါက ၎င်းမှာ သူက ၎င်းတို့ကို ရရှိသွားသည့် အချိန်တွင်သာ ဖြစ်ပေါ်လာပေလိမ့်မည်။
သူသည် တွေးတောစဥ်းစားနေရင်းဖြင့် လူတိုင်းကို အေးအေးလူလူ ကြည့်ကာ စကားထပ်ပြောလိုက်သည် “ အခွင့်အလမ်းက အဲ့နေရာမှာ ရှိတယ်။ မင်းတို့က ကိုယ်ဘာသာ သွားလိုက်လို့ရတယ်။ ဒါပင်မဲ့ အရင်က ငါပြောခဲ့တဲ့အတိုင်းပဲ မင်းတို့က ကြိုးစားကြည့်လို့ရတယ်။ ဒါပင်မဲ့ မင်းတို့က အမှန်တကယ် လှုပ်ရှားတော့မယ်ဆိုရင် လမ်းတစ်ဝက်မှာ လက်လျှော့သွားလို့မရဘူး။ တကယ်လို့ မင်းတို့က မအောင်မြင်ကြဘူးဆိုရင် အဲ့တာတွေကို ငါယူလိုက်မယ် “
“ ဟုတ်ကဲ့ “
အဘိုးအိုတစ်ဦးက တလေးတစား ဦးညွတ်လာခဲ့၏။ သူတို့ထဲတွင် ဒေသလေးခုစလုံး၏ ထိပ်တန်းအဆင့် အင်အားစုဖြစ်သော မြင့်မြတ်နယ်မြေ၏ လေးစားမှုကို မခံယူရသည့်လူ ရှိပါသလော။
သို့သော် ယခုတွင်ကား သူတို့အားလုံးသည် ယခင်ကထပ်ပင် ပိုမိုနှိမ့်ချ၍ တလေးတစားဖြစ်နေခဲ့ကာ သူ့အား အသက်ရှင်နေသည့် အင်မော်တယ်တစ်ပါးအလား ဆက်ဆံနေကြ၏။
လုချန်ရှန်းက သူ၏လက်ကို ဝေ့ရမ်းကာ ထပ်မံ၍ ဦးညွတ်မနေတော့ရန် အချက်ပြလိုက်သည်။ သူသည် ထိုကဲ့သို့သော စိတ်ရင်းမပါသည့် လုပ်ရပ်များကို မနှစ်သက်ပေ။ အကယ်၍ သူတို့ကသာ သူ့ကို အမှန်တကယ် ကျေးဇူးတင်ချင်ကြသည်ဆိုပါက ဝိညာဥ်ကျောက်တုံးများနှင့်တင် လုံလောက်ပေသည်။
ထို့နောက်တွင် လူတိုင်းက ဆွေးနွေးပြောဆိုရန်အတွက် ပြန်သွားကြကာ လူများပိုလွှတ်လိုက်ပြီး ဤဧရိယာကို ဝိုင်းရံလိုက်ကြ၏။
သူတို့သည် ၎င်းကို မည်ကဲ့သို့ ခွဲဝေရမလဲဆိုသည်နှင့် မည်ကဲ့သို့ သိမ်းပိုက်ရမလဲဆိုသည်တို့ကို ဆွေးနွေးပြောဆိုနေကြပြီး တစ်ခြားသော အင်အားစုများက ဝေစုတစ်ခုရရှိသွားမည်ကို ကာကွယ်တားဆီးနေကြသည်။
သူတို့သည် တာအိုနိယာမကို လက်လျှော့လိုက်ရန်အတွက်ပါ တုံ့ဆိုင်းနေခဲ့ကြသည်။ ထို့ကြောင့် လူတစ်ချို့က ငါးဆက်မျှားနေကြ၏။
တစ်ခဏအကြာအထိ သူတို့သည် လှုပ်လှုပ်ရှားရှားဖြင့် အလုပ်များနေခဲ့ကြသည်။
လုချန်ရှန်းကမူ ချောက်ကမ်းပါးထံသို့ ပြန်လည်ရောက်ရှိလာခဲ့လေပြီ။
ထိုလူများရောက်ရှိလာသည့် အချိန်ကတည်းက ရှောင်ဟေးမှာ ဤနေရာမှ တစ်ကြိမ်တစ်ခါမှ မထွက်သွားခဲ့ချေ။
လုချန်ရှန်းက အဆိုပါ အခွင့်အလမ်းများ အကြောင်းကို ထိုလူများကို အမှန်တကယ် ပြောပြလိုက်သည်ကို သိရှိခဲ့ရပြီးသည့်နောက်တွင် ငှက်ကလေး၏ စိတ်နှလုံးသားမှာ အံ့အားသင့်မှုတို့ဖြင့် ပြည့်လျှံသွားခဲ့သည်။ ၎င်းက ထိုအကောင် လုချန်ရှန်း၏ ပုံစံနှင့် လုံးဝကွဲထွက်နေလျက်ရှိသည်။
ယခင်က အကယ်၍ ထိုအကောင်က ပစ္စည်းတစ်ခုခုကို မရရှိခဲ့ဘူးဆိုပါက ၎င်းကို တစ်ခြားလူများထံမှ လုယက်မည် ဖြစ်သည်။ ထိုအကောင်သည် ထိုလူများလက်ထဲတွင် ပစ္စည်းပါသွားခြင်းထပ် ၎င်းကို အဆုံးရှုံးခံလိုက်မည်သာ ဖြစ်သည်။
သို့သော် ယခုတွင်မူ သူက ၎င်းတို့ကို အမှန်တကယ် မျှဝေနေလျက်ရှိ၏။
သို့ရာတွင် ရှောင်ဟေးမှာ တစ်ခြားသော အဓိပ္ပါယ်တစ်မျိုးကိုပါ နားလည်နေခဲ့သည်။ ၎င်းက လုချန်ရှန်း၏ တမင်သပ်သပ် လမ်းညွှန်ပေးမှု ဖြစ်နိုင်ပေသည်။
လုချန်ရှန်းက ဘာလုပ်ရန် ကြံနေလဲဆိုသည်ကို သူမသိသော်လည်း ထိုပစ္စည်းများက သူ့လက်ထဲသို့ ရောက်ရှိသွားဖို့သာ များပေသည်။ သူသည် ထိုအကောင်က ထိုကိစ္စကို မည်ကဲ့သို့ ပြုလုပ်မလဲဆိုသည်ကိုသာ နားမလည်နိုင်ဖြစ်နေခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုလူအားလုံး၏ နောက်ခံများက သာမန်အင်အားစုများ မယှဥ်နိုင်သည့် မြင့်မြတ်နယ်မြေများဖြစ်ပြီး ဤနေရာတွင် အများအပြား ရောက်ရှိနေခဲ့သည်။
လုချန်ရှန်းမှာ နောက်နှစ်ရက်အထိ ငါးဆက်မျှားနေခဲ့ပြီး နိယာမ ချိန်းကြိုးတစ်ခုကို ဖမ်းယူခဲ့ပြီးသည့်နောက်၌ မည်သည့်လှုပ်ရှားမှုမှ မရှိတော့ဘူးဆိုသည်ကို သိရှိသွားခဲ့သည်။
ဤကမ္ဘာတစ်ခုလုံး ကြည်လင်သန့်စင်သွားခဲ့ပြီဖြစ်ပြီး ထူထဲသိပ်သည်းသော မည်သည့်တိမ်သားတိမ်စိုင်မှ မရှိတော့ပေ။ ဤနေရာသို့ အသက်စွမ်းအား ပြန်လည်ရောက်ရှိလာသည့်ပမာ ဖြစ်နေခဲ့၏။
သူသည် ဤနေရာရှိ တာအိုက ပျောက်ကွယ်သွားဖို့များသည်ဆိုသည်ကို သိရှိနေခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသား သုံးထောင်ရှိနေခဲ့ပြီဖြစ်ပြီး တစ်နှစ်နီးပါး စဥ်ဆက်မပြတ် ကြိုးစားအားထုတ်ခဲ့ပြီးသည့်နောက်တွင် သူက ၎င်းတို့အားလုံးကို ထုတ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
လှေငယ်ပေါ်တွင် ထိုင်နေကြသေးသည့် လူများကမူ ၎င်းက သူတို့၏ ကိုယ်ပိုင်ပြဿနာများ ဖြစ်သည်ဟု မတွေးမိကြဘဲ ကြိုးကြိုးစားစားဖြင့် အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုကာ အဆက်မပြတ် အားထုတ်နေကြသေး၏။
“ တစ်ခုခု ရရှိဖို့အတွက် လူတစ်ယောက်က စိတ်ရှည်ရှည်နဲ့ တည်ငြိမ်နေဖို့ လိုအပ်တယ်။ အလျင်စလိုလုပ်လိုက်ရင် ဘေးဖြစ်တတ်တယ်။ ဖြည်းဖြည်းချင်း ကြိုးစားကြည့်ကြ “
လုချန်ရှန်းသည် ထိုလူများကို ငေးကြည့်ကာ စတင်၍ ဆုံးမနေတော့၏။
အသက် နှစ်တစ်ထောင်(သို့) နှစ်ထောင်အရွယ် လူငယ်တစ်စုသည် သူ၏ သင်ပြပေးမှုကို အာရုံစိုက်၍ နားထောင်နေကြကာ ထပ်ခါတလဲလဲ ခေါင်းငြိမ့်နေကြပြီး ကြိုးကြိုးစားစား လေ့ကျင့်နေကြတော့သည်။
စကားပြောခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းမှာ အေးအေးလူလူ ထွက်ခွာသွားတော့သည်။ သူတာဝန်ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။
သို့ရာ၌ သူသည် ဤကမ္ဘာ ကြည်လင်လာသည့် အခိုက်အတန့်တွင် တစ်စုံတစ်ခုက သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်ဟု ခံစားခဲ့ရပြီး ဂရုတစိုက် ရှာဖွေခဲ့သော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
ယခုအချိန်မှစ၍ သူသည် ဤနေရာသို့ ထပ်လာတော့မည် မဟုတ်ပေ။
ထို့အစား တစ်ခြားသောနေရာတစ်ခု၌ တောင်ထိပ်ပေါ်တွင် ပုံရိပ်အများအပြား စုဝေးနေလျက်ရှိ၏။
အပေါ်သို့ မော့ကြည့်လိုက်ရာ ဆယ်ပေကျော် မြင့်မားသည့် သစ်သီးပင်တစ်ပင်က အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာခဲ့၏။ ၎င်း၏ ခြောက်ကပ်ကပ် သစ်ကိုင်းခြောက်ပေါ်တွင် အသီးခြောက်လုံး သီးနေလျက်ရှိပြီး သုံးလုံးက အနက်ရောင်ဖြစ်ကာ ကျန်သုံးလုံးမှာ ရွှေရောင် ဖြစ်နေခဲ့လေသည်။ ၎င်းတို့က လက်သီးဆုပ်အရွယ်မျှရှိကာ အံ့ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလျက်ရှိ၏။
၎င်းတို့က ယင်ယန်သစ်သီးများဖြစ်ပြီး ယင်နှင့်ယန်တို့ ထိတွေ့မိရာမှ မွေးဖွားလာခဲ့သော ဒဏ္ဍာရီလာ ဝိညာဥ်သစ်သီးများ ဖြစ်သည်။ ၎င်းတို့က ထိုက်ယင်စွမ်းအား တစ်စွန်းတစ်စကို သယ်ဆောင်ထားကာ လူတစ်ဦးအား တာအိုကို နားလည်သွားစေရန် ကူညီပေးနိုင်ပြီး ကမ္ဘာလောကတွင် မြင်ရခဲသော ပစ္စည်းတစ်ခုဖြစ်သည်။
အဆိုပါ အင်အားစုများက ဤနေရာကို ရွေးချယ်လိုက်ကြပြီး သူတို့၏ အရှေ့တွင် ဟွာရှုနယ်ပယ် ပညာရှင် အဆင့်၈ ပညာရှင် အပါအဝင် ဟွာရှုနယ်ပယ် ကျင့်ကြံသူ ဆယ်ဦးတိတိ ရှိနေခဲ့သည်။ အားလုံးက အသီးခြောက်လုံးကို စူးစူးရဲရဲ စိုက်ကြည့်နေလျက်ရှိ၏။
“ အားလုံးပဲ။ ဒီအခွင့်အလမ်းက ထူးခြားပါတယ် တကယ်လို့ မင်းတို့က အရယူဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် စွမ်းအားကို ထိန်ချန်မထားကြနဲ့။ ငါတို့ဆီမှာ အခွင့်အရေးတစ်ခုပဲ ရှိတဲ့အတွက် အတူတူ အလုပ်လုပ်ကြမှ ဖြစ်မှာပါ “
အဘိုးအိုတစ်ဦးက တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် စကားစပြောလာခဲ့သည်။
၎င်းတို့ကို မြင်နေရသည်နှင့်အမျှ လူတစ်ဦးချင်းစီတိုင်း၏ မျက်လုံးများက တလက်လက် တောက်ပနေကာ ၎င်းတို့ကို အရယူရန် စိတ်ပိုင်းဖြတ်ထားသည့်အလား ဖြစ်နေခဲ့သည်။
အဆိုပါ ဟွာရှုနယ်ပယ် ပညာရှင်ဆယ်ဦးဆိုသည့် လူစာရင်းကပင် အတော်ပင် တောင့်တင်းနေခဲ့ပြီဖြစ်ပြီး သူတို့အပြင် မြောက်များစွာသော မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံသူများပါ ရှိနေခဲ့သည်။ ထိုကဲ့သို့သော လူစာရင်းကြောင့် လူတစ်ဦးသည် သူတို့က ရှေးဟောင်းဂိုဏ်းတစ်ချို့၏ အသိုက်အိုကြီးများကိုပင် ကျူးကျော်နိုင်သည်ဟု ထင်သွားနိုင်ပေသည်။
လုချန်ရှန်းကမူ ထိုလူများကို ငေးကြည့်နေရင်းဖြင့် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့၏။ မြင့်မြတ်နယ်မြေဆိုသည်မှာ ထိုအတိုင်းသာ ဖြစ်သင့်ပေသည်။ စွမ်းအားမရှိဘူးဆိုပါက သူတို့က အဆိုပါ အခွင့်အလမ်းကို မည်ကဲ့သို့ အပိုင်သိမ်းနိုင်ကြမည်နည်း။
သူသည် ကြာကြာပိုကြည့်လေလေ ပိုပျော်ရလေလေဖြစ်နေခဲ့သည်။ ၎င်းကို သေချာပေါက် ရယူနိုင်မည်ဟု မပြောနိုင်သော်လည်း အခွင့်အရေးများက ပိုမိုများပြားလာခဲ့ပြီ ဖြစ်သည်။
---
………………………………………………………………………………………………………………………………………