အခန်း ၂၄၃
Vol. 17 Ch. 243
အပိုင်း ( 243 )
အရေးကြီးတဲ့ အချိန်မှာ ငါ့ကို ကြည့်နေဖို့ အချိန်ရှိသေးတာလားဟ
အရာအားလုံးက သူ၏ အမြင်အာရုံအတွင်းသို့ ကျဆင်းလာခဲ့ပြီး လုချန်ရှန်းမှာ တောက်ပသော မျက်ဝန်းတစ်စုံဖြင့် တိတ်တဆိတ် စောင့်ကြည့်နေလျက်ရှိ၏။
ထိုလူများက လှုပ်ရှားရန်အတွက်ပင် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် တစ်စုံတစ်ဦးက လုချန်ရှန်းကို လှည့်ကြည့်လာခဲ့သည်။ သူတို့သည် သူ့ကို ယခင်က မမြင်ခဲ့ရပေ။ သူတို့က အပြင်ဘက်တွင်သာ နေထိုင်နေခဲ့ပြီး ယခုမှသာ ဖိတ်ခေါ်ခံလိုက်ရခြင်း ဖြစ်သည်။
ပြန်လည်ရောက်ရှိလာသူများက သူက နတ်ဘုရားတစ်ပါးအလားဖြစ်သည်ဟု ပြောဆိုခဲ့ကြပြီး ၎င်းက သူတို့၏ သိလိုစိတ်များကို နှိုးဆွပေးခဲ့လေသည်။
သို့ရာ၌ လူတစ်ချို့ထံတွင် သံသယများစွာ ရှိနေသေး၏။
အဆိုပါ အခွင့်အလမ်းအားလုံးက အလွန်တရာ အံ့ဖွယ်ကောင်းကာ ကြီးမားသော ကံကောင်းခြင်းတရားပင် ဖြစ်သည်။ သို့တိုင်တောင် သူတို့အရှေ့တွင် ရှိနေသည့်လူက မည်သည့်အတွက်ကြောင့် တစ်ခြားလူများကို လမ်းညွှန်ပေးကာ အခွင့်အရေး ပေးနေရသနည်း။ ကျော်ကြားမှုနှင့် စည်းစိမ်ဥစ္စာကို ထိုမျှလောက် ဂရုမစိုက်သည့်လူမျိုး ဤလောကတွင် အမှန်တကယ် တည်ရှိပါမည်လော။
သူတို့သည် သံသယတကြီးဖြစ်နေကြကာ သူတို့က အသုံးချခံနေရပြီလားဟု တွေးတောစဥ်းစားနေကြတော့သည်။
သူတို့သည် ထိုအကြောင်းကို အချိန်အတော်ကြာ ဆွေးနွေးပြောဆိုကာ ဖြစ်နိုင်ခြေ အမျိုးမျိုးကို တွေးတောစဥ်းစားနေခဲ့ကြသည်။
ထိုလူက တစ်စုံတစ်ခုက မလှုပ်ရှားနိုင်ခြင်း(သို့) တန်ဖိုးတစ်ခု ပေးချင်ရခြင်းတို့ကြောင့် လက်ရှောင်နေခြင်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့်သာလျှင် အခွင့်အလမ်းကို သူတို့ဆီသို့ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်နိုင်ပေသည်။
သူက ကန့်သတ်ချက်တစ်ချို့ကို ဖယ်ရှားရန်အတွက် သူတို့ကို အသုံးချကာ သူတို့၏ ကြိုးစားအားထုတ်မှုထံမှ အမြတ်ထုတ်လိုနေခြင်းမျိုးလည်း ဖြစ်နိုင်ပေ၏။
ဖြစ်နိုင်ခြေ အားလုံးကို စီစဥ်ထားခဲ့ပြီးပြီ ဖြစ်သည်။ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာရန်အတွက် သူတို့၏ အခြေခံအုတ်မြစ်ကိုသာ မှီခိုနေရမည် မဟုတ်ဘဲ သူတို့၏ လုပ်ရပ်များကိုပါ သတိတကြီး လုပ်ဆောင်ရန် လိုအပ်ပေသည်။ သူတို့က အရာရာတိုင်းကို ဂရုတစိုက် တွေးတောစဥ်းစားထားရန် လိုအပ်ပေသည်။
အဆုံးတွင် သူတို့က လှုပ်ရှားရန်သာ ရွေးချယ်လိုက်ကြသည်။
ဟွာရှုနယ်ပယ် ပညာရှင်ဆယ်ဦးက ချက်ချင်းလှုပ်ရှားလာကြပြီး ထိုအခိုက်အတန့်တွင် မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့ကာ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ကြသည်။
ဤကိစ္စမတိုင်ခင် အချိန်တွင် သူတို့က ကြိုးစားခဲ့ပြီးပြီ ဖြစ်သည်။ ဤနေရာတွင် လွတ်လွတ်လပ်လပ် မျောလွင့်နေသည့် စွမ်းအားတစ်ခု တည်ရှိနေပြီး ၎င်းကို ဖြိုခွင်းရန်အတွက် အလွန်တရာ အားကောင်းသော စွမ်းအားကို လိုအပ်ပေသည်။ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက တောင်ထိပ်ကို မည်သို့မျှ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပေ။
ကျန်ရှိနေသည့် မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံသူများကပါ စတင်၍ လှုပ်ရှားလာကြပြီး အစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး ချောက်နက်ကို ကျော်ဖြတ်ကာ ဟွာရှုနယ်ပယ် စွမ်းအားတစ်ခု ဖြစ်တည်လာခဲ့၏။
လုချန်ရှန်းမှာ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ မြင့်မြတ်နယ်မြေ၏ အခြေခံအုတ်မြစ်က အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။ ၎င်းတို့မှာ ယခင်က သူတစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးသည့် နည်းလမ်းများ ဖြစ်ပေသည်။
မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံသူများက ဟွာရှုနယ်ပယ် ပညာရှင်ကို မည်သို့မျှ ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် အစီအရင်တစ်ခု၏ ဖွဲ့စည်းမှုမှတစ်ဆင့် သူတို့က အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ကာ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့ကာ ဟွာရှုနယ်ပယ် စွမ်းအားအဖြစ် တိုးတက်လာခဲ့သည်။
ဟွာရှုနယ်ပယ် အဆင့်၈ ပညာရှင်ကမူ နေရာမှာတင် မတ်တပ်ရပ်နေကာ စောင့်ကြပ်နေလျက်ရှိ၏။ သူသည် အရှေ့သို့ ငေးကြည့်ကာ အကြည့်များ အဆက်မပြတ် ပြောင်းလဲနေလျက်ရှိသည်။
ဘုမ်းးးး
ထိုစဥ် ဟိန်းဟောက်သံတစ်သံ ပေါက်ထွက်လာခဲ့၏။
ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးက ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်လာခဲ့ကာ ဟင်းလင်းပြင်အတွင်းတွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး စစ်တပ်တစ်ခု ချီတက်လာသကဲ့သို့ အရှေ့သို့ ပြေးတက်သွားကာ သူတို့အနားသို့ ရောက်ရှိလာမည့် စွမ်းအားကို တားဆီးပိတ်ဆို့ရန် ကြိုးပမ်းနေတော့သည်။
စွမ်းအားနှစ်ခု တိုက်မိကာ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတစ်ခု ချက်ချင်းပေါက်ထွက်လာခဲ့၏။ ဟွာရှုနယ်ပယ် ကျင့်ကြံသူများ နောက်ဆုတ်သွားခဲ့ရပြီး သူ၏ လက်မောင်းများ တုန်ခါသွားကာ သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာခဲ့ပြီး တည်ကြည်လေးနက်သော အမူအရာမျိုးဖြင့် အရှေ့သို့ ငေးကြည့်နေခဲ့သည်။
ထို့နောက်၌ ချက်ချင်းဆိုသလိုပင် တစ်ခြားလူများကပါ လှုပ်ရှားလာကြသည်။ စွမ်းအားနှစ်ခု ဆုံတွေ့သွားသည့် အချိန်တွင် အလင်းတန်းများ လိမ်ယှက်သွားခဲ့သည်။ လူတိုင်းက သူတို့၏ စွမ်းအားကို အကုန်အစင် ထုတ်သုံးကာ အဆုံးတွင် အဆိုပါ အလင်းတန်းကို ဖိနှိပ်နိုင်ခဲ့ပြီး ဆုတ်ဖြဲကာ သူတို့အကြားတွင် ရှိနေသည့် ရောင်ခြည်ကို ဖြိုခွဲပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ထိုနေရာတွင် ပိုမိုများပြားသော စွမ်းအားများ ဖြစ်တည်လာခဲ့ပြီး သူတို့ဆီသို့ ပြေးတက်လာခဲ့ကာ သူတို့ကို အဆက်မပြတ် နှောင့်ယှက်နေတော့၏။
ထိုအခိုက်အတန့်တွင် ဟွာရှုနယ်ပယ် ပညာရှင်အားလုံး လှုပ်ရှားလာခဲ့ပြီး အဆိုပါ အလင်းတန်းဆီသို့ ပြေးတက်သွားကြသည်။ ကြောက်မက်ဖွယ်ရာ မှော်စွမ်းအားများ အဆက်မပြတ် မြင့်တက်နေလျက်ရှိကာ ထိပ်တိုက်ရင်ဆိုင်၍ အရှိန်အဟုန်ဖြင့် တိုက်ခိုက်နေလျက်ရှိပြီး အမျိုးမျိုးသော နည်းစနစ်များနှင့် မှော်ရတနာများ အဆက်မပြတ် ပေါ်ထွက်နေခဲ့ကာ သူတို့၏ အရှေ့တွင် လမ်းကြောင်းတစ်ခု ဖောက်လုပ်ရန် အတင်းအကြပ် ကြိုးပမ်းနေကြတော့သည်။
ထိုမြင်ကွင်းက မည်မျှခမ်းနားလိုက်သနည်း။ လုချန်ရှန်းမှာ စုတ်တသပ်သပ် ဖြစ်သွားခဲ့သည်။ ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းမျိုးက အလွန်တရား ရှားပါးလွန်းလှပြီး သူက ၎င်းကို နောက်ဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရခြင်းမှာ ကူချန်ကျွင်းက ထျန်းကျီစံအိမ်နှင့် ထန်းရီ မြင့်မြတ်နယ်မြေကို ချေမှုန်းခဲ့စဥ်အချိန်က ဖြစ်သည်။
သူသည် မှင်သေသေဖြင့် စောင့်ကြည့်နေမိခဲ့သည်။ အကယ်၍ သူတို့ကသာ ထိုအတိုင်းဆက်လုပ်နေကြမည်ဆိုပါက သူတို့က အဆိုပါ ခုခံမှုများကို အမှန်တကယ် ချေမှုန်းနိုင်မည့် ဖြစ်နိုင်ခြေက အလွန်တရာ မြင့်မားလှသည်။
ထိုအခိုက်အတန့်တွင် အသွင်ပြောင်းခြင်း အဆင့်၈က လုချန်ရှန်းကို ငေးကြည့်လာခဲ့ပြီး အချိန်အတော်ကြာ စူးစမ်းလေ့လာနေခဲ့ပြီးမှ စကားစပြောလာခဲ့သည် “ ကျွန်တော်က ထျန်းရီ မြင့်မြတ်နယ်မြေရဲ့ ရှောင်းရန်ပါ။ ကျွန်တော်နားမလည်တဲ့ ကိစ္စလေးတစ်ခုရှိနေလို့ စီနီယာ့စီကနေ လမ်းညွှန်ချက် တောင်းချင်လို့ပါ “
လုချန်ရှန်းက မတုံ့ပြန်ဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် ရှောင်းရန်က စကားဆက်ပြောနေတော့သည် “ စီနီယာ အဲ့လိုအခွင့်အလမ်းမျိုး ရှိနေတာကို အရင်ကတည်းက ဘာလို့ ကိုယ်တိုင် မလှုပ်ရှားဘဲ အခုချိန်အထိ စောင့်နေခဲ့ရတာလဲဗျ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက အဆိုပါ ပညာရှင်ကို လှည့်ကြည့်လိုက်သည်။ သို့သော် သူ၏အမူအရာမှာ အလွန်တရာ တည်ငြိမ်နေလျက်ရှိပြီး မည်သို့မျှ မစိုးရိမ်သွားခဲ့ပေ။
ရှောင်းရန်က ထပ်မံ၍ ဖိအားမပေးလိုက်ပေ။ သူသည် ထိုပုဂ္ဂိုလ်က နတ်ဘုရားကဲ့သို့သော တည်ရှိမှုတစ်ခုဖြစ်သည်ဟု ကောလဟာလများ ထွက်နေသည်ကို ကြားထားခဲ့ရပြီး ပေါ့ပေါ့စစ မလှုပ်ရှားဝံ့ဘဲ အဖြေကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
သို့ရာတွင် လုချန်ရှန်းက သူ၏အကြည့်ကို ရုတ်သိမ်းကာ တုံ့ပြန်လိုက်၏ “ ထပ်ပြီးတော့ စူးစမ်းနေဖို့ မလိုအပ်ပါဘူး။ အခွင့်အရေးတစ်ခုပဲ ရှိတယ်။ တကယ်လို့ မင်းတို့က မအောင်မြင်ဘူးဆိုရင် ငါဝင်ပါမယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် သူတို့က အဲ့ဒီမကောင်းဆိုးဝါး ဝိညာဥ်တွေရဲ့ အစာဖြစ်သွားလိမ့်မယ် “
ရှောင်းရန်၏ အမူအရာ တင်းကြပ်သွားကာ သူသည် လျစ်လျူရှုခံရသည်ဟု ခံစားသွားခဲ့ရ၏။
မည်သို့ပင်ဆိုစေကာမူ သူက ဟွာရှုနယ်ပယ် အဆင့်၈ ပညာရှင်တစ်ဦးဖြစ်ပြီး ဤကမ္ဘာကြီး၏ ထိပ်ဆုံးတစ်နေရာတွင် ရပ်တည်နေလျက်ရှိပြီး သူကိုယ်တိုင်မှာလည်း ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုဖြစ်ကာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်နိုင်စွမ်းရှိကာ နယ်မြေတစ်ခုကို အချိန်မရွေး အုပ်စိုးနိုင်ပေသည်။
သို့သော် သူသည် သူ့အရှေ့တွင် ရှိနေသော လူ၏ အထင်သေးခြင်းကို ခံယူခဲ့ရသည်။ ထိုလူက သူ့ကို မျက်လုံးထဲပင် ထည့်ပုံမရချေ။
ထိုကဲ့သို့ ဖြစ်နေရန်အတွက် မည်မျှ များပြားသော ယုံကြည်မှုနှင့် စွမ်းအားမျိုးကို လိုအပ်ပါသနည်း။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှောင်းရန်မှာ ဘာမှထပ်ပြောမနေတော့ပေ။ ထို့အစား အရှေ့သို့ ငေးကြည့်ကာ လုချန်ရှန်းကိုပါ စောင့်ကြည့်နေခဲ့ပြီး သူက လှုပ်ရှားမှု သေးသေးလေးများ ပြုလုပ်လာမည်ကို ကာကွယ်စောင့်ကြပ်နေခဲ့၏။
ထိုအခိုက်အတန့်တွင် အရှေ့ဘက်ရှိ လူအုပ်ကြီးမှာ အလင်းတန်းကို ပြိုကွဲသွားစေကာ ကြည်လင်သန့်စင်မှုကို ပြန်လည်ယူဆောင်လာခဲ့ပြီဖြစ်သည်။
သူတို့၏ မျက်နှာများပေါ်တွင် ပျော်ရွှင်မှုများ ဖြစ်တည်လာကာ အရှေ့သို့ ပြေးတက်ရန် ကြံရွယ်လိုက်သည်။ သို့ရာတွင် ဟင်းလင်းပြင်မှာ ခိုင်မာသွားပုံရကာ ဧရာမ ချိန်းကြိုးတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူတို့ဆီသို့ တိုက်ရိုက်တိုးဝင်လာခဲ့၏။
လူတိုင်း၏ အမူအရာများ မည်းမှောင်သွားကာ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။
ဟွာရှုနယ်ပယ် အဆင့်၁ ပညာရှင်တစ်ဦးသည် အချိန်မှီ မရှောင်တိမ်းနိုင်ခဲ့ဘဲ ချိန်းကြိုးနှင့် တိုက်မိသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူ၏မှော်စွမ်းအား ပြိုကွဲသွားပြီး သူ၏ခန္ဓာကိုယ် ထက်ဝက်အခြမ်းခံလိုက်ရကာ နေရာမှာတင် သွေးများ ဖြာထွက်လာခဲ့၏။
“ ဘာဖြစ်တယ် “
လူတိုင်း မျက်လုံးအပြူးသား ဖြစ်သွားကြသည်။
လုချန်ရှန်းမှာလည်း တအံ့တဩ ဖြစ်သွားခဲ့သည်။
“ ဘုရားရေ။ အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလားဟ “
၎င်းကို မြင်လိုက်ရသောအခါတွင် လူအုပ်ကြီးက မည်သို့မျှ မတုံ့ဆိုင်းသွားဘဲ တစ်ပြိုင်နက် လှုပ်ရှားလာကြသည်။ သူတို့၏ မှော်စွမ်းအား ထပ်မံ၍ လည်ပတ်လာကာ ဟင်းလင်းပြင်တစ်ခုလုံးတွင် ပြည့်နှက်သွားပြီး အဆိုပါ ချိန်းကြိုးကို ချုပ်နှောင်ထားလိုက်သည်။
ဗွီ
တဝီဝီ အော်မြည်သံများ ပေါ်ထွက်လာခဲ့ကာ ထိုပုံရိပ်မှာ ရပ်တန့်သွားပုံရသည်။ သို့သော် လှုပ်ရှားခဲ့ကြသည့် လူများသည် အခက်တွေ့နေသည့် အမူအရာမျိုးကို ဖော်ထုတ်ပြသလာကြ၏။ သူတို့၏ မှော်စွမ်းအားများ အဆက်မပြတ် မြင့်တက်လာခဲ့ပြီး သူတို့က အချိန်ကြာကြာ မတောင့်ခံနိုင်တော့သည့်အလား သူတို့၏ ခန္ဓာကိုယ်များ အနည်းငယ် ယိုင်နဲ့သွားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှောင်းရန်မှာ မည်သို့မျှ တုံ့ဆိုင်းမနေဘဲ ဟင်းလင်းပြင်အတွင်းသို့ ပြေးဝင်သွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ မှော်စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ပြီး ရွှေရောင်ခေါင်းလောင်းတစ်လုံး ပေါ်ထွက်လာခဲ့ကာ အားလုံး၏ အထက်တွင် မျောလွင့်နေလျက်ရှိသည်။
ဒေါင်
အဆုံးမဲ့ပဲ့တင်သံနှင့်အတူ ခေါင်းလောင်းသံကဲ့သို့သော အသံတစ်သံ ပေါ်ထွက်လာခဲ့၏။
ချိန်းကြိုးမှာ အနည်းငယ် လှုပ်ရမ်းသွားခဲ့ပြီး ဧရာမ ခေါင်းလောင်းက ထပ်မံ၍ အော်မြည်လာခဲ့ကာ မှော်စွမ်းအားများ မြင့်တက်လာခဲ့ပြီး အရာအားလုံးကို ဖိနှိပ်ချေမှုန်းရန် ကြံရွယ်ထားပုံရ၏။
လုချန်ရှန်းကမူ ၎င်းကို စောင့်ကြည့်နေရင်းဖြင့် မျက်လုံးများ တောက်ပသွားခဲ့သည်။ အဆိုပါ ခေါင်းလောင်းထံမှ ပေါ်ထွက်လာသည့် စွမ်းအင်လှိုင်းများက ကြောက်မက်ဖွယ်ကောင်းနေခဲ့ကာ ဘုရင်အဆင့် မှော်ပစ္စည်းထပ်ပင် သာလွန်နေလျက်ရှိ၏။
ဟင်းလင်းပြင်အတွင်းတွင် တစ်ခဏခန့် တိတ်ဆိတ်သွားခဲ့သည်။ သို့သော် ရှောင်းရန်ကမူ ထိန်းချုပ်ခံထားရပုံပေါ်ပြီး ချွေးသီးလုံးများ ထွက်နေလျက်ရှိကာ သူ၏မျက်ဝန်းများအတွင်းတွင် အခက်တွေ့နေပုံရသည့် အရိပ်အငွေ့များ ကိန်းအောင်းနေလျက်ရှိပြီး အချိန်တိုင်းတွင် အံ့ဖွယ်ကောင်းသည် မှော်စွမ်းအားများ ကုန်ဆုံးနေလျက်ရှိ၏။
အောက်ဘက်ရှိ လူအုပ်ကြီးကမူ အစီအရင်တစ်ခုကို ဖွဲ့စည်းထားကာ ခေါင်းလောင်းကြီးအတွင်းသို့ အဆုံးမဲ့ မှော်စွမ်းအားများ စီးဝင်နေလျက်ရှိ၏။ သူတို့အရှေ့တွင် ရှိနေသည့် မြင်ကွင်းမှာ ကောင်းကင်ထက်တွင် အဆုံးမဲ့ မှော်စွမ်းအားတို့ဖြင့် ပြည့်နှက်နေသည့်သဖွယ် အလွန်တရာ အံ့ဖွယ်ကောင်းနေခဲ့သည်။
ဝရုန်းးး
ကျယ်လောင်သော အသံတစ်သံပေါ်ထွက်လာခဲ့ပြီး ဟင်းလင်းပြင်မှာ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတို့နှင့်အတူ လှုပ်ခတ်လာခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ရိုက်ခတ်လာခဲ့သည်။ တစ္ဆေချိန်းကြိုး ပြိုကွဲသွားပြီး ခေါင်းလောင်းကြီးကပါ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
တောင်တစ်တောင်လုံး လှုပ်ရမ်းသွားကာ လေးလံအုံ့မှိုင်းသော အသံတစ်သံ ပျံ့လွင့်လာခဲ့၏။ အားလုံး၏ အကြည့်များအောက်မှာပင် ရောင်ခြည်တစ်ခု ပြိုကွဲသွားခဲ့ကာ အတားအဆီးအားလုံး ဖယ်ရှားခံလိုက်ရသည်။
ရှောင်းရန်မှာ တပြုံးပြုံး ဖြစ်သွားခဲ့ပြီး တစ်ခြားလူများကမူ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကြကာ ပိုမိုများပြားသော ပျော်ရွှင်မှုတို့နှင့် ယင်ယန်သစ်သီးများကို ငေးကြည့်နေကြတော့သည်။
ထို့နောက်တွင် လူတစ်ချို့သည် သစ်သီးများကို ခူးဆွတ်ရန် ကြံရွယ်ရင်းဖြင့် တောင်ထိပ်ပေါ်သို့ ပြေးတက်သွားခဲ့သည်။
လုချန်ရှန်းကမူ ၎င်းတို့အားလုံးကို အေးအေးလူလူ စောင့်ကြည့်နေလျက်ရှိပြီး သူ၏ အမူအရာကမူ ၎င်းတို့က သူနှင့် မည်သို့မှ မသက်ဆိုင်သည့်ပမာ လုံးဝမပြောင်းလဲသွားခဲ့ပေ။
တောင်ထိပ်ပေါ်သို့ တက်လှမ်းသွားသည့်လူသည် သစ်သီးပင်နှင့် နီးကပ်သွားခဲ့ပြီဖြစ်သည်။ သို့သော် ထိုအချိန်၌ ဟင်းလင်းပြင်အတွင်းတွင် အနက်ရောင် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ကာ သူ၏လမ်းကြောင်းကို တားဆီးပိတ်ဆို့လာခဲ့သည်။
တောင်ပံနှစ်ဖက်ဖြင့် တစ်ကိုယ်လုံးမည်းနက်နေသည့် မွန်းစတားတစ်ကောင် ဖြစ်နေခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပုတ်သိုးဆွေးမြည့်နေသည့် အသွေးအသားတို့ဖြင့် ဖုံးလွှမ်းနေလျက်ရှိကာ ၎င်း၏ ပါးစပ်ကို ဖွင့်ဟ၍ ချွန်ထက်သည့် အစွယ်များကို ဖော်ထုတ်ပြသလာခဲ့ပြီး ခြောက်ခြားဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေခဲ့၏။
ထိုလူ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ မွန်းစတား၏ လက်သည်းကုတ်ချက်က သူ့ပတ်ပတ်လည်တွင် ရှိနေသည့် မှော်စွမ်းအားများကို ပြိုကွဲသွားစေခဲ့သည်။ လက်သည်းကုတ်ချက်တစ်ခုတည်းဖြင့် သူ၏ဦးခေါင်း ဖျက်စီးခံလိုက်ရကာ အနီရောင် သွေးစီးကြောင်းတစ်ခုသာလျှင် ကျန်ရှိနေခဲ့သည်။
“ သားရဲ “
လူအုပ်ကြီးမှာ ၎င်းကို စောင့်ကြည့်နေရင်းဖြင့် အမူအရာများ မည်းမှောင်သွားခဲ့သည်။ ဟွာရှုနယ်ပယ် ပညာရှင်များက ချက်ချင်းလှုပ်ရှားလာခဲ့ကြသည်။ ရှောင်းရန်ပါ လှုပ်ရှားလာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ခြင်း တိုက်ကွက်များ ကျဆင်းလာခဲ့ကာ မွန်းစတားမှာ ချက်ချင်းသုတ်သင်ခံလိုက်ရပြီး ခေါင်းတခြား ကိုယ်တခြား ဖြစ်သွားခဲ့သည်။
သို့ရာတွင် အနက်ရောင် အရိပ်များသည် ဟင်းလင်းပြင်အတွင်းမှ အဆက်မပြတ် ပေါ်ထွက်လာခဲ့၏။ ၎င်းတို့က အလွန်တရာ ရုပ်ဆိုးကာ ရက်စက်ကြမ်းကြုတ်ကြပြီး လူအုပ်၏ အရှေ့တွင် မတ်တပ်ရပ်နေလျက်ရှိပြီး အစွယ်တဖြဲဖြဲဖြင့် သရေများ စီးကျနေကာ အသိဉာဏ်ရှိပုံ မရချေ။
သို့သော် ၎င်းတို့ ပြသထားသည့် စွမ်းအားများက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး မွေးရာပါ ဝိညာဥ်နယ်ပယ်မှ ဟွာရှုနယ်ပယ် အဆင့်၉အထိ အစဥ်လိုက် တည်ရှိနေခဲ့ကာ အကောင်ရေ များပြားလှပြီး ဟင်းလင်းပြင်အတွင်းတွင် ပြည့်နှက်နေခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ယခင်က စိတ်ဓာတ်တက်ကြွနေသည့် လူအုပ်ကြီးမှာ စိတ်ပျက်အားလျော့သွားကြသည်။
ယုံကြည်မှုအပြည့်ဖြစ်နေခဲ့သည့် ရှောင်းရန်ကပင် စိတ်ဓာတ်ကျသွားခဲ့သည်။ မွန်းစတားများ များပြားနေသောကြောင့် ၎င်းတို့အားလုံးကို မည်သို့မျှ သတ်နိုင်လိမ့်မည် မဟုတ်ပေ။
ချက်ချင်းဆိုသလိုပင်အဆိုပါ မွန်းစတားများက အော်ဟစ်ဟိန်းဟောက်ကာ အရှေ့သို့ ပြေးတက်လာကြ၏။
လူအုပ်ကြီး၏ မျက်ဝန်းများအတွင်းတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်တည်လာခဲ့သည်။
လုချန်ရှန်းသည် ထိုလူများကို ငေးကြည့်နေခဲ့ကာ ကူရာကယ်ရာမဲ့စွာဖြင့် သက်ပြင်းချနေတော့၏ “ အဆုံးမှာတော့ ငါဝင်ပါနေရသေးတာပဲ “
---
………………………………………………………………………………………………………………………………………