အခန်း ၂၄၇
Vol. 17 Ch. 247
အပိုင်း ( 247 )
တစ်ခုခုလုပ်ချင်တယ်
ကူချန်ကျွင်းပေါ်လာသည့် အချိန်တွင် ရှောင်ဟေးနှင့် လုချန်ရှန်းတို့နှစ်ဦးစလုံး တအံ့တဩ ဖြစ်သွားကြသည်။
ဆရာနှင့် တပည့်ဖြစ်သူတို့သည် တစ်ဦးကိုတစ်ဦး တစ်ခဏခန့် ငေးကြည့်နေလျက်ရှိပြီး ကူချန်ကျွင်းမှာ လက်နောက်ပစ်ထားသော ကိုယ်ဟန်အမူအရာဖြင့် တပည့်ဖြစ်သူ လုချန်ရှန်းကို ဆံပင်မွှေးများ ထောင်ထသွားစေလောက်သည်အထိ စိုက်ကြည့်နေခဲ့၏။
၎င်းက လုချန်ရှန်း၏ ရင်ခုန်သံကို မြန်ဆန်သွားစေခဲ့သည်။
“ ဆရာ ဘယ်တုန်းက ရောက်နေတာလဲ “ ဟု လုချန်ရှန်းက အပြုံးတစ်ခုဖြင့် မေးမြန်းလိုက်၏။
ကူချန်ကျွင်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ ပြီးခဲ့တဲ့ တစ်လက “
“ တစ်လလား။ ဒီနယ်မြေဖွင့်တာ လဝက်ပဲ ရှိသေးတယ် မဟုတ်ဘူးလား “
လုချန်ရှန်းသည် မျက်ခုံးများ ပင့်တက်သွားကာ ဆရာဖြစ်သူကို ငေးကြည့်နေတော့သည်။
ကူချန်ကျွင်းက ပြန်ပြောလာခဲ့၏ “ မင်းက ဘာသတင်းမှ မကြားရဘဲ တစ်နှစ်ကျော် ပျောက်သွားခဲ့တာလေ။ ဝူဝမ်နယ်မြေ ပေါ်လာမှာကို ငါအာရုံခံမိတယ် ပြီးတော့ မင်းရဲ့ စိတ်ထားကို ငါသိတယ်။ မင်းက သေချာပေါက် လာဖို့များတယ်။ အဲ့တာကြောင့် ဒီမှာ လာစောင့်နေတာ “
“ အဲ့တာက ……. “
လုချန်ရှန်းက အံ့ဩမှင်သက်သွားခဲ့သည်။
ရှောင်ဟေးက စကားဝင်ပြောလာခဲ့၏ “ စစ်ပွဲဘုရင်က မင်းအပေါ်မှာ တကယ်ကောင်းတာပဲ “
လုချန်ရှန်းက ဘာမှပြန်မပြောလိုက်ပေ။ သို့သော် ကောင်းကင်ပြိုကျလာလျှင်တောင်မှ အေးဆေးတည်ငြိမ်နေမည့် လူက ဤအခိုက်အတန့်တွင် အတော်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။
ကူချန်ကျွင်းက တင်းမာကာ ချဥ်းကပ်ရခက်ပုံရသော်လည်း သူ့ကို စဥ်ဆက်မပြတ် စိုးရိမ်ပူပန်နေခဲ့သည်။ သူက မိဘမဲ့တစ်ဦးဖြစ်ပြီး ကလေးဘဝကတည်းက ထိုကဲ့သို့သော နွေးထွေးမှုမျိုးကို ရှားရှားပါးပါးသာ ခံစားခဲ့ရသည်။
ထိုနှစ်က သူက ချင်းယွင်တောင်ထွဋ်ဆီသို့ ခေါ်ဆောင်ခံသွားရပြီး သူ၏ သူ၏စီနီယာ အစ်ကိုကြီးတို့မှာ တစ်ဦးကိုတစ်ဦး မှီခိုနေခဲ့ရသည်။ နောက်ပိုင်းတွင် သူ၏ ဒုတိယ စီနီယာအစ်ကို ပြန်ရောက်လာခဲ့ကာ အဆုံးတွင် တစ်ကြိမ်မျှသာ မြင်တွေ့ခဲ့ဖူးသည့် သူ၏ဆရာဖြစ်သူပါ ပြန်လည်ရောက်ရှိလာခဲ့၏။
သူ၏ စိတ်အခြေအနေက ယခင်နှင့် မတူညီတော့သည့်အပြင် သူ၏နေ့ရက်များကပါ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
တိတ်ဆိတ်မှုကို မြင်လိုက်ရသောအခါတွင် ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့သည် “ သူတို့က ထောင်ချောက်ဆင်ထားပြီးတော့ မင်းအထဲဝင်မှာကို စောင့်နေတာလေ။ တကယ်လို့ ငါမလာခဲ့ဘူးဆိုရင် မင်းပြဿနာတက်သွားလိမ့်မယ်လို့ ငါထင်တယ်လေ။ ဒါပင်မဲ့ မင်းက မူမမှန်တာကို သိသွားပြီးတော့ ကိုယ့်ဘာသာ ထွက်သွားနိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
လုချန်ရှန်းမှာ အလိုအလျောက် ခေါင်းကုတ်မိနေတော့သည်။ သူက ယခုလေးတင်မှ ပြန်ထွက်လာခဲ့ခြင်းဖြစ်သောကြောင့် အထဲကို ပြန်ဝင်သွားမည် မဟုတ်ပေ။
သူသည် ထိုလူများကို စိတ်ရှုပ်ထွေးသွားစေရန်အတွက် ရက်ပေါင်းများစွာ ကြာရှည်သည်အထိ ထိုင်နေခဲ့ခြင်း ဖြစ်ပြီး ကူချန်ကျွင်းက ဤနေရာသို့ ရောက်ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ ကူချန်ကျွင်းရောက်ရှိနေသည်ကို သူကြိုသိခဲ့မည်ဆိုပါက သူသည် ထိုနေရာမှာတင် ထိုင်ကစားနေခဲ့လိမ့်မည် မဟုတ်ပေ။ ၎င်းကို တွေးမိသွားသောအခါတွင် သူသည် အနည်းငယ် နှမြောတဿဖြစ်သွားခဲ့သည်။
“ သွားကြစို့ “ ဟု ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏။
လုချန်ရှန်းက တုံ့ပြန်လိုက်ကာ ဆရာဖြစ်သူနောက်သို့ လိုက်သွားတော့သည်။
ကူချန်ကျွင်းကမူ လမ်းတစ်လျှောက်တွင် မည်သည့်အရာကိုမှ မမေးမြန်းခဲ့ပေ။ ထို့အစား လုချန်ရှန်းကသာ သိလိုစိတ်တို့ဖြင့် မေးမြန်းနေခဲ့၏။
“ ဆရာ သူတို့က ကျွန်တော့်ကို သတ်ချင်နေကြသလိုပဲ။ သူတို့က ဆရာ့ကိုတောင် လုံးဝလျစ်လျူရှုထားတဲ့အထိ မောက်မာနေကြတယ်။ သူတို့က ဆရာ့ကို မကြောက်ကြတော့ဘူးလား “
“ ကြောက်ကြတာပေါ့ “ ကူချန်ကျွင်းကမူ မည်သို့မျှ နှိမ့်ချမနေခဲ့ဘဲ ပေါ်ပေါ်တင်တင် ပြန်ပြောလာခဲ့သည် “ ဒါပင်မဲ့ ငါ့အခြေအနေ မကောင်းဘူးလို့ တစ်ယောက်ယောက်က ငါတံခါးပိတ်ကျင့်ကြံနေတုန်းက သတင်းဖြန့်လိုက်တယ်။ အဲ့တာကြောင့် သူတို့က သတ္တိရှိလာပြီးတော့ အဲ့တာကို စမ်းသပ်ချင်နေကြတာ “
“ တစ်ယောက်ယောက်ကလား “
လုချန်ရှန်းသည် ၎င်းကို တွေးတောစဥ်းစားကြည့်ကာ ခန့်မှန်းချက်တစ်ခု ပြုလုပ်ကာ မေးမြန်းလိုက်၏ “ သူတို့ရဲ့ သတင်းက မတိကျတဲ့ပုံပဲ။ ဆရာက ဒီကိုရောက်နေတာ တစ်လရှိနေပြီဆိုတာကိုတောင် သူတို့က မသိဘူး “
“ ငါက စိတ်ဝိညာဥ် ခန္ဓာကိုယ်ကို ထားခဲ့တာလေ။ အဲ့တာကြောင့် ငါလာတာကို ဘယ်သူမှ မသိကြဘူး “
“ အံ့ဩစရာ မဟုတ်တော့ဘူးပဲ “ လုချန်ရှန်းသည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏ “ ဒါပင်မဲ့ သူတို့က ကျွန်တော့်ကို သဘောမကျဘူးဆိုရင်တောင်မှ အဲ့တာက ကျွန်တော့်ကို သတ်ဖို့အတွက် အဲ့လောက်ကြီးအထိ စွန့်စားနေဖို့ မလိုဘူးလေ။ ပွတ်တိုက်မှု သေးသေးလေးတစ်ခုက အဲ့လိုလုပ်ဖို့ မလုံလောက်ဘူးလေ “
“ ပွတ်တိုက်မှု သေးသေးလေးတစ်ခုလား “
ရှောင်ဟေးမှာ တအံ့တဩ ဖြစ်သွားခဲ့သည်။
ဘာကို ပွတ်တိုက်မှုသေးသေးလေးတစ်ခုလဲ။
ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်ကလွဲပြီးတော့ မင်းကြောင့် ဒုက္ခမရောက်သွားရတဲ့ အင်အားစုဆိုတာ ရှိလို့လားဟ။ နာမည်ခံသူတော်စင်တွေနဲ့ ဗုဒ္ဓသားတော်တစ်အုပ်တောင် သေသွားပြီလေ။ အစိမ်းရောင်လရဲ့ ကာကွယ်မှုကို ရထားပြီး မန္တန်အားလုံးရဲ့ အာနိသင်ကို မခံရတဲ့ စုမူယွဲ့ကတောင် သေမလို ဖြစ်သွားခဲ့တာလေ။
အဲ့တာကို ပွတ်တိုက်မှုသေးသေးလေးလို့ ခေါ်တာလား။
ကူချန်ကျွင်းကပင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဒီကောင်ကတော့ ဒီအခြေအနေထိ ရောက်လာခဲ့တာတောင် သူဘာလုပ်ခဲ့လဲဆိုတာကို မသိဘူးလားဟ။
သို့ရာတွင် သူသည် ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ ဘာလို့လဲဆိုတာအတွက်ကတော့ မင်းပြန်သွားကြည့်ရင် သိလာပါလိမ့်မယ် “
“ အို့ “
“ ဒါပင်မဲ့ ………. “
“ ဘာဒါပင်မဲ့လဲ “ လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ကူချန်ကျွင်းသည် လုချန်ရှန်း၏ နောက်ကျောကို ငေးကြည့်နေရင်းဖြင့် မိန်းမောသွားခဲ့၏။ လူနှစ်ဦးက တစ်ဦးကိုတစ်ဦး ငေးကြည့်ကာ ငြိမ်သက်နေခဲ့သည်။
သို့ရာတွင် သူ၏ အမူအရာမှာ အနည်းငယ် လေးနက်သွားခဲ့သည်။
“ ဆရာ ဘာကို ကြည့်နေတာလဲ။ ဆရာက ကျွန်တော့်ကို ကြက်သီးထအောင် လုပ်နေတာပဲ “
ကူချန်ကျွင်းသည် သူ၏အကြည့်ကို ရုတ်သိမ်းကာ တုံ့ပြန်လိုက်သည် “ မင်းက ဘယ်အဆင့်ကို ရောက်နေလဲဆိုတာကို ငါသိချင်တာ “
လုချန်ရှန်းမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ သူသည် ကိုယ့်ကိုကိုယ် ကောင်းစွာဖုံးကွယ်ထားခဲ့ပြီး ဟွာရှုနယ်ပယ် အဆင့်၈(သို့) အဆင့်၉ ပညာရှင်များကပင် သူ၏ကျင့်ကြံရေးကို ထွင်းဖောက်မမြင်နိုင်ခဲ့ချေ။ တစ်ခုခုရှာတွေ့သွားတာလားဟ။
ရှောင်ဟေးမှာလည်း သူ့ကို ကြည့်ကာ အမူအရာ ပြောင်းလဲသွားကာ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့၏။
တစ်ခဏခန့် ရုန်းကန်နေခဲ့ရပြီးသည့်နောက်တွင် လုချန်ရှန်းမှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
“ ဟူး ဆရာကတော့ ဆရာပါပဲ။ မြင့်မြတ်နယ်မြေတွေကတောင် ဆရာ့ကို ကြောက်ကြတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ။ ကျွန်တော်က ထပ်ပြီးတော့ မဖုံးကွယ်နိုင်တော့ပုံပဲ “
“ အို့ “
ကူချန်ကျွင်းသည် သူ့ကို စိတ်ဝင်တစား ငေးကြည့်နေတော့သည်။
ရှောင်ဟေးကမူ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ သူက ထပ်ပြီးတော့ ဝန်ခံမလို့ ကြံနေတာလားဟ။
ထို့နောက်တွင် လုချန်ရှန်းက သူ၏ကိုယ်ပိုင်ချီ ဖိနှိပ်မှုကို ဖြေလျော့ပေးလိုက်သည်။ သူ၏ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆ ကျင့်ကြံရေးက အဆက်မပြတ် မြင့်တက်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် လျင်မြန်စွာ မြင့်တက်သွားခဲ့သည်။
ကူချန်ကျွင်းမှာလည်း မျက်မှောင်ကြုတ်သွားကာ သူ၏လှုပ်ရှားမှုအားလုံးကို ရပ်တန့်ကာ သူ့တပည့်ဖြစ်သူကိုသာ စောင့်ကြည့်နေတော့၏။
ရှောင်ဟေးမှာလည်း ၎င်းကို စောင့်ကြည့်နေခဲ့ကာ ထိုအကောင်က စိတ်သဘောထား ပြောင်းလဲသွားကာ ရိုးသားလာတော့မည်လားဆိုသည်ကို သိချင်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် လုချန်ရှန်း၏ ချီက အဆက်မပြတ် မြင့်တက်လာခဲ့ကာ အူတိုင်ဖွဲ့စည်းခြင်း အဆင်၉အထိ ရောက်ရှိသွားခဲ့သည်။ ရှောင်ဟေးက စောင့်ကြည့်နေရင်းဖြင့် တစ်စုံတစ်ခုကို ပြောလိုက်တော့မည့် အချိန်အတွင် မြင့်တက်နေသည့် ချီက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
“ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ “
ကူချန်ကျွင်း၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့ကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။ ထိုတပည့်က သူ့ကို အချိန်တိုင်း အံ့အားသင့်သွားစေခဲ့သည်။
တစ်ဖက်တွင် ရှိနေသည့် ရှောင်ဟေးကမူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကာ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။
ထပ်ပြီးတော့ မဖုံးကွယ်ထားတော့ဘူးဆိုတာက အဲ့တာလား။ အမှန်တရားကို ဝန်ခံတာက အဲ့တာလားဟ။
မင်းပြတဲ့ဟာက အမှန်တရားနဲ့ ကမ္ဘာတစ်ခုစာလောက်ခြားနေတယ်ဟ။
ကူချန်ကျွင်းကမူ သူ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားခဲ့ပြီဖြစ်သည်။ သို့သော် သူသည် စကားပြောရန် တွေဝေတုံ့ဆိုင်းနေခဲ့၏။ အသက်နှစ်ဆယ်အရွယ် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ ပညာရှင် ၎င်းက ရှေးခေတ်အခါကပင် အမှန်တကယ် ရှားပါးနေခဲ့သည်။ ထို့အပြင် သူသည် ဓားတာအိုပါ ကျင့်ကြံထားနိုင်ခဲ့သည်။
အချိန်အတော်ကြာခဲ့ပြီးသည့်နောက်တွင် ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏ “ ကြည့်ရတာတော့ ငါက မင်းကို ဆယ်နှစ်တိတိ နှောင့်နှေးစေခဲ့တဲ့ပုံပဲ “
လုချန်ရှန်းက ၎င်းကို နားထောင်နေခဲ့ပြီး အလေးအနက်ထား၍ တွေးတောစဥ်းစားကာ ခေါင်းငြိမ့်ပြလိုက်သည်။ ၎င်းက အမှန်တရားဖြစ်ကာ အမှန်ပင် အနည်းငယ် နှောင့်နှေးခဲ့ရသည်။
သူသည် အကယ်၍ ကူချန်ကျွင်းသာ ရှိနေခဲ့မည်ဆိုပါက သူ၏ ကျင့်ကြံရေးက ပိုမိုမြင့်မားနေလိမ့်မည်ဟု ခံစားနေခဲ့ရသည်။ ထိုကဲ့သို့သာ ဖြစ်လာခဲ့ပါက သူက နေမင်းနှင့် ပခုံးချင်းယှဥ်ရန်ကို မဆိုထားနှင့်။ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းကပင် ပြဿနာတစ်ရပ် ဟုတ်တော့မည် မဟုတ်ပေ။
“ သွားကြစို့ “ ဟု ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏။
ဆယ်ရက်တာ သွားလာခဲ့ပြီးသည့်နောက်တွင် သူတို့က တောင်ပိုင်းဒေသသို့ ပြန်ရောက်လာကာ နတ်ကောင်းကင်ဂိုဏ်း၏ အရှေ့သို့ ရောက်ရှိလာခဲ့၏။
လုချန်ရှန်းသည် သူ့အရှေ့တွင် ရှိနေသည့် တောင်တန်းဂိတ်တံခါးဝကို ကြည့်နေရင်းဖြင့် သက်မကြီး ချနေတော့သည်။ အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သည့် ရင်းနှီးမှုစိတ်ခံစားချက်တစ်ခုက သူ့ကို ဖုံးလွှမ်းလာခဲ့သည်။ မှောင်မိုက်ကာ နေရောင်ကင်းမဲ့နေသည့် တစ်နှစ်တာကာလကို အမှတ်ရသွားသောအခါတွင် သူသည် နောက်ပင်လှည့်မကြည့်ချင်တော့ပေ။
လမ်းလျှောက်နေရင်းဖြင့် သူ၏အမြင်အာရုံအတွင်းသို့ လူများဆက်တိုက် ဝင်ရောက်လာခဲ့သည်။ အဆိုပါ မျက်နှာများကို မြင်လိုက်ရသောအခါတွင် သူသည် ကောင်းစွာမမှတ်မိသော်လည်း ရင်းနှီးနေသည်ဟု ခံစားနေခဲ့ရသည်။
သူတို့က သိပ်မရင်းနှီးကြသော်လည်း ထိုလူများက သက်ရှိများ ဖြစ်သောကြောင့် မည်းနက်ကာ အနံ့ဆိုးများ ထွက်နေပြီး ရုပ်ဆိုးလွန်းလှသော သတ္တဝါများကို မြင်တွေ့ရခြင်းထပ် ပိုကောင်းပေသည်။
သို့ရာတွင် ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရသောအချိန်၌ သူ၏ စိတ်ထဲတွင် ဝမ်းနည်းခြင်း စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။
ဤခရီးစဥ်တစ်လျှောက်တွင် သူ၏ စိတ်ခံစားချက်များ တည်ငြိမ်မနေဘဲ သူ၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းနေသည့် အရိပ်အငွေ့များ ကိန်းအောင်းနေလျက်ရှိ၏။ ကူချန်ကျွင်း၏ ပိုင်နက်အတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည့် အချိန်မှာပင် သူသည် အပြည့်အဝ ပြန်လည် မသက်သာလာသေးပေ။
ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့သည် ရှေ့တက်ကာ နှစ်သိမ့်ပေးရန် ပြင်လိုက်သည်။
သို့သော် လုချန်ရှန်း၏ ပုံစံက မူမမှန်ဘူးဆိုသည်ကို မြင်တွေ့သွားကြသည်။
“ ဂျူနီယာညီလေး ဘာဖြစ်လို့လဲ “ ကျိုးချင်ယုမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။
လုချန်ရှန်းက ခေါင်းခါပြကာ ပြန်ပြောလိုက်သည် “ စီနီယာအစ်ကို ကျွန်တော် အဆင်ပြေပါတယ်။ နည်းနည်းလေး စိတ်ထိခိုက်သွားလို့ပါ “
“ စိတ်ထိခိုက်တာလား “
ရှောင်ဟေးမှာ နားမလည်နိုင် ဖြစ်သွားခဲ့သည်။ သူသည် ထိုအကောင်က ဝူဝမ်နယ်မြေအတွင်းတွင် ဝမ်းနည်းနေသည်ကို မြင်တွေ့ခဲ့ဖူးသည်။ အိမ်ပြန်ရောက်တဲ့အချိန်မှာ ဘာကိစ္စရုတ်တရက်ကြီး ဝမ်းနည်းသွားရတာလဲဟ။
၎င်းကို မြင်လိုက်ရသောအခါတွင် သူတို့သည် ရှေ့တက်ကာ နှစ်သိမ့်ပေးလာကြသည်။
သို့ရာတွင် လုချန်ရှန်းက သူ၏လက်ကို ဝေ့ရမ်းပြကာ စကားထပ်ပြောလိုက်သည် “ ကျွန်တော်တစ်ယောက်တည်း ခဏလောက် နေဦးမယ် “
ထို့နောက်တွင် သူသည် သူ၏အင်မော်တယ်ဂူဆီသို့ ဦးတည်သွားခဲ့သည်။
ထိုလုပ်ရပ်က လူတိုင်းကို ကြောက်အမ်းအမ်း ဖြစ်သွားစေခဲ့၏။
အားလုံး၏ အကြည့်များက ရှောင်ဟေးဆီသို့ ရောက်ရှိသွားပြီး သူတို့၏ မျက်ဝန်းများအတွင်းတွင် ဇဝေဇဝါဖြစ်ခြင်းနှင့် နားမလည်ခြင်းတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။
ရှောင်ဟေးမှာလည်း ထိုနေရာတွင် မတ်တပ်ရပ်နေရင််ဖြင့် အံ့ဩတကြီး ဖြစ်နေခဲ့ကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
“ ထားလိုက်ပါလေ “
ကူချန်ကျွင်းက သူ့ကို မတားဆီးလိုက်ပေ။ သို့သော် ထိုတပည့်က နောက်တစ်ကြိမ် ခိုးထွက်သွားမည်ကို စိုးရွံ့သောကြောင့် သူ၏ပိုင်နက်ကို လူအများဖြင့် ပိတ်ဆို့ထားလိုက်သည်။
ထိုကဲ့သို့ပင် တစ်ညတာ ကုန်ဆုံးသွားခဲ့သည်။ လုချန်ရှန်းကမူ သူ၏ အင်မော်တယ်ဂူအရှေ့တွင် မတ်တပ်ရပ်နေခဲ့ကာ သူအသစ်တည်ဆောက်ထားသည့် ဂူဗိမာန်ကို တိတ်တဆိတ် ငေးကြည့်နေလျက်ရှိ၏။
---
………………………………………………………………………………………………………………………………………