အခန်း ၂၄၉
Vol. 17 Ch. 249
အပိုင်း ( 249 )
အပြစ်ရှိစိတ် ခံစားနေရသော လောင်လျူ
နတ်ကောင်းကင်ဂိုဏ်းက ပုံမှန်အတိုင်းသာ ရှိနေခဲ့သည်။
လုချန်ရှန်းကမူ လမ်းလျှောက်နေလျက်ရှိပြီး ထို့နောက်တွင် အမှတ်အသားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်လာခဲ့သည် …. ၎င်းမှာ သူထွက်ပြေးသွားမည်ကို စိုးရိမ်သောကြောင့် ကူချန်ကျွင်းက ချန်ထားခဲ့သည့် အရာဖြစ်သည်။
သို့ရာတွင် ဤတစ်ကြိမ်မှာ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ သူ့အပေါ်တွင် ထားရှိသည့် တပည့်များ၏ စိတ်ထားများက ပိုမိုလေးစားလာပုံရ၏။
မည်သို့ပင်ဆိုစေကာမူ အစိမ်းရောင် ဝတ်စုံနှင့်လူ၏ အထောက်အထားကို လူတိုင်းက သိထားကြပြီဖြစ်သည်။ သူက မည်ကဲ့သို့သော လူစားမျိုး ဖြစ်လဲဆိုသည်ကို မည်သူကမှ ရှင်းရှင်းလင်းလင်း မသိကြပေ။ သူ၏ စရိုက်က အနည်းငယ် ဆိုးရွားကာ သူ၏ ဂုဏ်သတင်းက သိပ်မကောင်းသော်လည်း သူက အမှန်တကယ် အစွမ်းထက်နေခဲ့သည်။
သူက အသက်နှစ်ဆယ်အရွယ်မှာတင် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆ ကျင့်ကြံရေးကို ပိုင်ဆိုင်ထားကာ ဓားတာအိုကိုပါ အောင်နိုင်ထားခဲ့၏။ ၎င်းက တွေးကြည့်ရုံနှင့်တင် ကြောက်မက်ဖွယ်ကောင်းလှသည်။
လုချန်ရှန်းမှာလည်း “ စီနီယာအစ်ကို အံ့ဖွယ်ကောင်းတယ် “ ဆိုသည့် ချီးကျူးပြောဆိုမှုများ အကြားတွင် ကိုယ့်ကိုကိုယ် နှစ်မြုပ်ထားခဲ့သည်။
သူသည် ကူချန်ကျွင်း၏ ပိုင်နက်အတွင်းသို့ နှစ်ရက်တိတိ ပြန်မသွားခဲ့ပေ။ ထို့အစား အသိအကျွမ်းဟောင်းတို့နှင့် တွေ့ဆုံနေလျက်ရှိ၏။ ထိုကဲ့သို့သော ဘဝမျိုးက အတော်ပင် စိတ်ကျေနပ်ဖွယ်ကောင်းလှသည်။
လူအုပ်ကြီးက သူ့ကို စိတ်အားထက်သန်စွာဖြင့် ဝိုင်းရံနေလျက်ရှိပြီး သူ့အား ကွင်းပြင်တစ်ခုဆီသို့ ခေါ်ဆောင်သွားကာ ဓားတာအို လမ်းညွှန်မှုကို တောင်းခံနေခဲ့ကြသည်။ ထိုနေရာတွင် အဘွားအိုတစ်ဦး ထိုင်နေခဲ့သည်။
သူမသည် ဝတ်ပြုရာဖျာပေါ်တွင် ထိုင်နေကာ အောက်ဘက်ရှိ တပည့်များကို သင်ကြားပြသပေးနေလျက်ရှိ၏။ အားလုံးသည် သူမကို မြင်လိုက်ရသောအခါတွင် တလေးတစား ဖြစ်သွားခဲ့သည်။
“ မဟာအကြီးအကဲ “
လုချန်ရှန်းကို ဝိုင်းရံထားသည့် လူတိုင်းသည် ရှေ့တက်၍ ဦးညွတ်နေကြတော့သည်။
လုချန်ရှန်းမှာလည်း သူမကိုကြည့်ကာ အရိုအသေပေး၍ စကားပြောလိုက်သည် “ မဟာအကြီးအကဲ “
သူ၏မျက်ဝန်းများအတွင်းတွင် လေးစားမှုအရိပ်အငွေ့များ ရှိနေခဲ့သော်လည်း သူသည် သူ၏မာနကို ထိန်းသိမ်းထားခဲ့သည်။ မည်သို့ပင်စေကာမူ တစ်ဖက်လူက သူ့ဂျူနီယာညီမငယ်၏ ဆရာဖြစ်သောကြောင့် သူက သူမကို မျက်နှာသာပေးရမည် ဖြစ်သည်။
“ အင်း “
အဘွားအိုသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး ယခင်ကကဲ့သို့ပင် အေးစက် တည်ငြိမ်နေလျက်ရှိ၏။ သို့ရာတွင် ဤတစ်ကြိမ်၌ လုချန်ရှန်းကို မြင်လိုက်ရသောအချိန်တွင် သူမမှာ ယခင်ကကဲ့သို့ အထင်တသေးဖြစ်မနေတော့ဘဲ အလေးအနက်ထားနေခဲ့ပြီ ဖြစ်သည်။
သူမတို့နှစ်ဦးက အချိန်အတော်ကြာ စကားမပြောဖူးကြသော်လည်း သူတို့၏ အတွင်းစိတ်များက လုံးဝကွဲပြားနေခဲ့ပြီ ဖြစ်သည်။
အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားကာ နေဝင်သွားခဲ့ပြီး လူတိုင်းက စတင်၍ ပြန်သွားကြပြီ ဖြစ်သည်။
လုချန်ရှန်းမှာလည်း ကူချန်ကျွင်း၏ ပိုင်နက်သို့ ပြန်သွားရန် ပြင်ဆင်ထားခဲ့သည်။ သို့သော် ထိုစဥ် သူသည် သူ့ကို အဝေးမှ စောင့်ကြည့်နေသည့် လှပကြော့ရှင်းသော ပုံရိပ်တစ်ခုကို မြင်တွေ့သွားခဲ့သည်။
“ ရှန်လင်း “
ထိုလူမှာ လော့ရှန်လင်းမှတစ်ပါး တစ်ခြားလူ မဟုတ်ပေ။
အနားသို့ ရောက်လာခဲ့သည့် အချိန်တွင် လော့ရှန်လင်းက အပြုံးဖြင့် တုံ့ပြန်လာခဲ့သည် “ စီနီယာအစ်ကို ချန်ရှန်း “
“ ငါတို့ မတွေ့ရတာ တစ်နှစ်ကျော်တောင် ကြာနေပြီ။ နင်က အရွယ်ရောက်လာပြီပဲ။ စီနီယာအစ်ကို့ကို ကြည့်ခွင့်ပေးဦး “
လုချန်ရှန်းက ပြုံးပြလိုက်သည်။ သို့သော် လော့ရှန်လင်းမှာ တဖြည်းဖြည်း ခေါင်းငုံ့သွားခဲ့သည်။ ဤတစ်ကြိမ် သူမကို ထပ်မံ၍ မြင်တွေ့လိုက်ရသောအချိန်တွင် သူမ၏ ဆော့ကစားတတ်သည့် အမူအကျင့်တစ်ချို့ ပျောက်ကွယ်သွားပြီး တည်ငြိမ်မှု အနည်းငယ် ရရှိထားကာ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။
“ စီနီယာအစ်ကို ပြန်ရောက်လာပြီ။ ရှင်က အပြင်ဘက်မှာ တစ်နှစ်ကျော်ကျော် ရုန်းကန်ခဲ့ရတယ် “
“ အဆင်ပြေပါတယ် “
လုချန်ရှန်းက တုံ့ပြန်လိုက်ကာ ဘာမှထပ်မပြောစရာ မရှိတော့သကဲ့သို့ စကားလုံးအနည်းငယ်မျှ ဖလှယ်နေခဲ့ကြသည်။ သူတို့နှစ်ဦးက အလွန်တရာ ရင်းနှီးကြသော်လည်း သူတို့နှစ်ဦးကြားတွင် အကာအရံတစ်ချို့ ရှိနေပုံရသည်။
အဆုံးတွင် ဘာပြောရမှန်းမသိသောကြောင့် လော့ရှန်လင်းက မော့ကြည့်လာခဲ့၏။ သူမ၏ မျက်ဝန်းများအတွင်းတွင် ချောမောသော မျက်နှာတစ်ခု ရောင်ပြန်ဟပ်နေလျက်ရှိ၏။
လုချန်ရှန်းက သူ၏ အကြည့်ကို ရုတ်သိမ်း၍ လက်ကို မြှောက်လိုက်ရာ အနက်ရောင်သစ်သီးတစ်လုံး ပေါ်ထွက်လာခဲ့၏။ သူသည် ၎င်းကို သူမဆီသို့ ကမ်းပေးလိုက်၏။ ထို့အပြင် သူသည် စိတ်ဝိညာဥ် ဆေးများ မှော်ပစ္စည်းများနှင့် ကျင့်ကြံရေး နည်းစနစ်တစ်ချို့ ပါဝင်သည့် သိုလှောင်အိတ်တစ်လုံးကိုပါ ထုတ်လိုက်သည်။
“ နင့်ဆီမှာ ဝိညာဥ်ခန္ဓာကိုယ် ရှိတယ်ဆိုပင်မဲ့ ဒီထိုက်ယင်သစ်သီးမှာက မူလထိုက်ယင်စွမ်းအား တစ်စွန်းတစ်စ ပါတယ်။ အဲ့တာက နင့်အတွက် အသုံးဝင်လိမ့်မယ် “
လုချန်ရှန်းသည် ဤဂျူနီယာညီမလေးအတွက် မည်သို့မျှ တွန့်တိုမနေခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူမက သူ၏ ကျင့်ကြံရေးကို ထောက်ပံ့ရန်အတွက် သူမ၏ ခန်းဝင်ပစ္စည်းကိုပင် ခိုးပေးခဲ့သည့် လူတစ်ဦးဖြစ်သည်။
(သတို့သမီးဘက်က သတို့သားကို ပေးရတဲ့ ပစ္စည်းပါ )
လော့ရှန်လင်းသည် အသီးကိုကြည့်ကာ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။ အချိန်အတော်ကြာခဲ့ပြီးသည့်နောက်မှသာ ၎င်းကို ယူ၍ အသိအမှတ်ပြုသည့် အနေဖြင့် ငြင်သာစွာ အသံပြုလိုက်သည်။
လုချန်ရှန်းက ထွက်သွားတော့မည့် အချိန်တွင် လော့ရှန်လင်းက စကားထပ်ပြောလာခဲ့သည်။
“ စီနီယာအစ်ကို ချန်ရှန်း “
“ ဘာဖြစ်လို့လဲ “
“ ကျွန်မက ဆရာနဲ့ အတူတူ ကျင့်ကြံတော့မှာ။ အဲ့တာက တော်တော်လေးကို ကြာလောက်တယ်။ ကိုယ့်ကိုကိုယ် သေချာဂရုစိုက်နော် “
ထို့နောက်တွင် သူမသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ လှည့်ထွက်သွားတော့သည်။
လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ အဲ့တာက နောက်ဆုံးနှုတ်ဆက်မှုတစ်ခုလို့ ဘာလို့ ခံစားနေရတာလဲဟ။
“ အချိန်အတော်ကြာ ခွဲခွာခဲ့ရပြီးတဲ့နောက်မှာ ဒီကောင်မလေးက အရွယ်ရောက်လာပြီးတော့ သူစိမ်းဆန်သွားတာပဲ “
အစတွင် သူသည် ထိုကောင်မလေးက အတင်းအကြပ် စေခိုင်းခံရခြင်း(သို့) တစ်ခြားတစ်ခုခုလားဆိုသည်ဟု ထင်သွားခဲ့ဖူးသည်။ သို့သော် ဂရုတစိုက် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင်မူ ၎င်းက မည်သို့မျှ မဖြစ်နိုင်လှပေ။ သူမ၏ ဆရာက မဟာအကြီးအကဲတစ်ဖြစ်လဲ ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးဖြစ်သည်။
အဆုံးတွင် သူသည် ထိုဦးတည်ချက်ဘက်သို့ အသံပို့လွှတ်ကာ စကားပြောလိုက်သည် “ တကယ်လို့ တစ်ယောက်ယောက်က နင့်ကိုအနိုင်ကျင့်မယ်ဆိုရင် ငါ့ကိုသာ လာပြောလိုက်။ တကယ်လို့ သူတို့က မြင့်မြတ်နယ်မြေရဲ့ သူတော်စင်တွေဖြစ်နေမယ်ဆိုရင်တောင်မှ နင့်အတွက် ငါသူတို့ကို နုတ်နုတ်စင်းပေးမယ် “
“ အင်း “
ကြည်လင်ကာ နူးညံ့သိမ်မွေ့သည့် အသံတစ်သံ ပေါ်ထွက်လာခဲ့၏။
လုချန်ရှန်းကမူ များများစားစား တွေးတောစဥ်းစားမနေဘဲ လှည့်ထွက်သွားတော့သည်။
ထိုအချိန်တွင် တောင်ထိပ်ပေါ်ရှိ လော့ရှန်လင်းမှာ ထိုနေရာတွင် မတ်တပ်ရပ်နေလျက်ရှိပြီး ထွက်ခွာသွားသော လူငယ်လေး၏ နောက်ကျောကို ငေးကြည့်ကာ အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွားသည့် အချိန်မှသာ သူမ၏ အကြည့်ကို ရုတ်သိမ်းလိုက်ပြီး သူမလက်ထဲတွင် ရှိနေသည့် ပစ္စည်းများကို ငေးကြည့်နေမိတော့သည်။
“ ထိုက်ယင်သစ်သီးက ဒီကမ္ဘာပေါ်မှာ ရှားပါးတဲ့ ပစ္စည်းတစ်ခုပဲ။ တစ်ခြားပစ္စည်းတွေ အားလုံးကလည်း တန်ဖိုးကြီးတယ်။ သူက အဲ့တာတွေကို တကယ်ကြီး ခွဲဝေးပေးလိုက်တာပဲ “ မဟာအကြီးအကဲက အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည့် လေသံမျိုးဖြင့် စကားပြောလာခဲ့၏။
လော့ရှန်လင်းသည် ထိုပစ္စည်းများကို သိမ်းထားလိုက်သည်။ သူမ၏ မျက်နှာလှလှလေးပေါ်တွင် ချိုမြိန်သော အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
“ သူက အရင်ကလိုမျိုး ဖြစ်နေတုန်းပဲ “
မဟာအကြီးအကဲက ခေါင်းခါပြကာ ပြန်ပြောလိုက်သည် “ တပည့်လေး ငါသူ့ကို အထင်သေးခဲ့ဖူးပြီးတော့ နင်နဲ့အတူ မရှိစေချင်ခဲ့ဘူး။ တကယ်လို့ သူက ကူချန်ကျွင်းရဲ့ တပည့် ဖြစ်နေတယ်ဆိုရင်တောင်မှပေါ့။ ဒါပင်မဲ့ အခုလက်ရှိသူက တော်တော်ကြီးကို တောက်ပလွန်းနေတယ်။ ငါက စစ်ပွဲဘုရင်ရဲ့ ပိုင်နက်ဆီကို သွားခဲ့တယ် သူ့တပည့်က အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ကို ရောက်နေပြီလို့ ပြောခဲ့တယ် “
“ အဲ့လိုလူမျိုးက တော်တော်လေးကို ထက်မြက်လွန်းတယ်။ သူက သာမန်အဆင့်မျိုးလောက်နဲ့ တင်းတိမ်နေမှာ မဟုတ်ဘူး။ ပြိုင်ဘက်ကင်းလမ်းကြောင်းပေါ်ကို တဖြည်းဖြည်း ရောက်သွားပြီးတော့ ဆက်သွားနေဦးမှာပဲ “
မဟာအကြီးအကဲမှာ အတွေးယာဥ်ကြောအတွင်းသို့ ကျဆင်းသွားခဲ့သည်။ သူမ အထင်သေးနေခဲ့သည့် လူငယ်လေးက သူ၏ခွန်အားကို ဖုံးကွယ်ထားခဲ့ကာ ပါရမီရှင် အများစုထပ် တောက်ပသည့် ကြယ်ပွင့်တစ်ပွင့် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
လော့ရှန်လင်းက အပြုံးဖြင့် တုံ့ပြန်လိုက်၏ “ အဲ့တာက ကောင်းတယ်လေ။ အဲ့လိုဆိုရင် ကျွန်မက သူအနိုင်ကျင့်ခံရမှာကို တွေးပူနေစရာ မလိုတော့ဘူးလေ။ ကျွန်မရဲ့ စီနီယာအစ်ကို ချန်ရှန်းက တစ်ခြားလူတွေနဲ့ တကယ်ကို ကွဲပြားတယ် “
သူမ၏ အပြုံးမှာ ယခင်ကကဲ့သို့ပင် ဖြစ်နေခဲ့သည်။
မဟာအကြီးအကဲက စကားထပ်ပြောလာခဲ့သည် “ နင့်ရဲ့ စွမ်းရည်နဲ့ဆိုရင် နောင်တစ်ချိန်မှာ ကိုယ်ပိုင်ကမ္ဘာတစ်ခုကို သေချာပေါက် ပိုင်ဆိုင်လာမှာပဲလေ။ ဘာလို့ ဒီလောက်တောင် ဇွဲကြီးနေရတာလဲ “
“ သူ့ဘေးမှာ နေချင်လို့ပါ “
“ အဲ့တာက တော်တော်ခက်တယ် “ ဟု မဟာအကြီးအကဲက ပြန်ပြောလိုက်သည်။ သူမက သူမ၏ တပည့်ဖြစ်သူကို ဝမ်းမနည်းသွားစေချင်ပေ။ သို့သော် သူမသည် လုချန်ရှန်းကဲ့သို့သော လူတစ်ဦးက မည်မျှအံ့ဖွယ်ကောင်းလဲဆိုသည်ကို သိနေခဲ့သည်။
လော့ရှန်လင်းကမူ ဆရာဖြစ်သူ၏ စကားကို နားထောင်နေရင်းဖြင့် စိတ်ပိုင်းဖြတ်လိုက်သည့်အလား လက်သီးများ ဆုပ်ကာ ပြန်ပြောလိုက်သည် “ တစ်နေ့မှာ သူ့ကို သေချာပေါက် အမှီလိုက်နိုင်ရမယ်။ တကယ်လို့ သူ့နောက်ကျောကို အဝေးကနေပဲ လှမ်းမြင်နေရမယ်ဆိုရင်တောင်မှပေါ့ “
အဘွားအိုမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ သူမ၏ စကားလုံးများက အတော်ပင် မှန်ကန်နေခဲ့သည်။ လုချန်ရှန်းက အံ့ဖွယ်ကောင်းသော်လည်း သူ၏ နောင်တစ်ချိန်တွင် မည်ကဲ့သို့သော အဆင့်မျိုးအထိ ရောက်ရှိသွားမလဲဆိုသည်ကို မည်သူမှ မသိကြပေ။
ထိုကဲ့သို့ လူမျိုးကို အမှီလိုက်ရန်မှာ အလွန်တရာ ခက်ခဲလှ၏။
“ တပည့်မိုက်လေး “
နတ်ကောင်းကင်ဂိုဏ်းတစ်ခုလုံး အချိန်အတိုင်းအတာတစ်ခုအထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လုချန်ရှန်းမှာလည်း ကူချန်ကျွင်း၏ ပိုင်နက်အတွင်းသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။
လုချန်ရှန်းကို မြင်လိုက်ရသောအခါတွင် လောင်လျူ၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ သူသည် တစ်ခုခုမှားယွင်းနေသည်ဟု အမြဲလိုလို ခံစားနေခဲ့ရသော်လည်း ဂရုတစိုက် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင် အပြစ်မကင်းသကဲ့သို့ ခံစားသွားခဲ့ရ၏။
“ ချင်းကြီး အရင်တုန်းက ငါစိတ်လိုက်မာန်ပါလုပ်ခဲ့မိတယ်။ အဲ့တာကို စိတ်ထဲမထားနဲ့ “
“ အင်း “
လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။
သို့ရာတွင် လောင်လျူက စကားဆက်ပြောလာခဲ့၏ “ ငါ့အပေါ်မှာ ရှိတဲ့ မင်းရဲ့ခံစားချက်တွေက အဲ့လောက်တောင် နက်ရှိုင်းနေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး။ အရင်က ငါလုပ်ခဲ့တာတွေကို စဥ်းစားကြည့်လိုက်ရင် ငါတကယ်ကို လွန်သွားခဲ့တယ် “
“ မင်းဘာလုပ်ခဲ့တာလဲ “
“ တကယ်တော့ အရင်တုန်းက အဲ့လူတွေက မင်းကို ရှာချင်ခဲ့ကြတယ်။ ငါက မင်းအဖြစ် ဟန်ဆောင်ခဲ့ပြီးတော့ သူတို့ရဲ့ ဝိညာဥ်ကျောက်တုံးတွေ ရအောင် လှည့်စားထားခဲ့တယ်။ ကောင်းကင်ဝါးမျိုငှက် ဘိုးဘွားနယ်မြေက ထွက်သွားပြီးတဲ့နောက်မှာ မင်းကို အချိန်အတော်ကြာ မဆက်သွယ်နိုင်ခဲ့ဘူးလေ။ အဲ့တာကြောင့် မင်းသေသွားပြီလို့ ငါထင်နေတဲ့တာ။ မင်းရဲ့ နောက်ဆုံးဆန္ဒကို တစ်ယောက်ယောက်က ဆက်ခံပေးသင့်တယ်လို့ ငါထင်တယ်လေ။ အဲ့တာကြောင့် မင်းရဲ့ ပိုင်ဆိုင်မှုတွေကို ငါသုံးခဲ့တယ်။ စစ်ပွဲဘုရင်ရဲ့ အမွေအနှစ်တွေ ပျက်စီးသွားရမှာကို ကြောက်တယ်လေ ပြီးတော့ မင်းအတွက် အဲ့တာတွေကို အမွေဆက်ခံပေးချင်ခဲ့တယ်လေ။ ငါက စစ်ပွဲဘုရင်ရဲ့တပည့်တောင် ဖြစ်လာတော့မလို့ပဲ “
“ ဘာဖြစ်တယ်။ မင်းးးးးးး ……. “
လုချန်ရှန်းမှာ အံ့ဩတုန်လှုပ်သွားခဲ့သည်။ ကြာကြာနားထောင်လေလေ တစ်ခုခုမှားယွင်းနေသည်ဟု ပိုမိုခံစားရလေလေ ဖြစ်နေခဲ့သည်။ ဒီကောင်က အဲ့လိုမရိုးသားတဲ့ ကိစ္စတွေကို လုပ်ခဲ့တယ်ပေါ့လေ။
ငါ့ရဲ့ မိသားစု ပိုင်ဆိုင်မှုတွေကို တပ်မက်ပြီးတော့ ငါ့နေရာကို အစားထိုးချင်နေတာလား။
“ လောင်လျူ။ မင်း ………….. “
လုချန်ရှန်းသည် သူ၏နှလုံးသားက ပိုမိုနာကျင်ကိုက်ခဲသွားရသည်ဟု ခံစားသွားခဲ့ရ၏။ သူသည် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
လောင်လျူက အသာအယာ သက်ပြင်းချကာ ပြန်ပြောလာခဲ့သည် “ ငါအခု နောင်တရနေပါပြီ။ မင်းကို အဲ့လိုမျိုး ဆက်ဆံခဲ့မိတာက ငါ့အမှားပါ …….. “
“ စကားပြောနေတာကို ရပ်လိုက်။ မင်းက အဲ့လိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “
လုချန်ရှန်းသည် ထပ်မံ၍ နားမထောင်ချင်တော့ဘဲ ထိုလူ့ကို အတော်ပင် စိတ်ပျက်သွားခဲ့သည်။
လောင်လျူကမူ အခြေအနေကို ဖြန်ဖြေရန် ကြိုးပမ်းနေသေး၏။ သို့သော် ထိုအချိန်တွင် ကူချန်ကျွင်း၏ အသံပေါ်ထွက်လာခဲ့သည်။
“ ချန်ရှန်း။ ဒီကိုလာခဲ့ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက အပေါ်သို့ မော့ကြည့်နေတော့သည်။ ညဘက်ကြီးတော့ ချိန်းတွေ့ခိုင်းမှာ မဟုတ်လောက်ဘူးမလား။
၎င်းကို တွေးကြည့်လိုက်သောအခါတွင် သူသည် ခေါင်းငြိမ့်ပြလိုက်ပြီး လောင်လျူကို လှည့်ကြည့်ကာ စကားထပ်ပြောလိုက်၏ “ မင်းရဲ့ လုပ်ရပ်တွေကို သေချာပြန်စဥ်းစားနေ “
ထို့နောက်တွင် သူသည် ကူချန်ကျွင်း၏ အင်မော်တယ်ဂူထံသို့ ဦးတည်သွားတော့သည်။
လောင်လျူမှာလည်း ထိုအကြောင်းကို ပိုတွေးလေလေ ပိုပို၍ မလုံမလဲဖြစ်သွားလေလေ ဖြစ်နေတော့သည်။
---
………………………………………………………………………………………………………………………………..