အခန်း ၂၅၂
Vol. 17 Ch. 252
အပိုင်း ( 252 )
မင်းတို့ကို အခမဲ့ ဆုံးမပေးမယ်
အားလုံး၏ အကြည့်များက လုချန်ရှန်းအပေါ်သို့ ကျဆင်းလာခဲ့၏။
လင်ခုန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။
ရှောင်ရှင်းမှာလည်း မယုံကြည်နိုင်ဖြစ်နေသော အမူအရာမျိုးဖြင့် သူ့အရှေ့ရှိ လူငယ်လေးကို ငေးကြည့်နေတော့သည်။ ရှောင်မိသားစုကို ဘယ်လိုအသုံးအနှုန်းမျိုးနဲ့ ပြောလိုက်တာလဲဟ။
ဂုဏ်သိက္ခာကြီးမားသော မွေးရာပါ ဝိညာဥ်အဆင့်၉ ကောင်းကင်ဘုံ အကယ်ဒမီ၏ တာဝန်ခံတစ်ဦးက လူအများရှေ့တွင် ဂျူနီယာတစ်ဦးကဲ့သို့ အဆက်ဆံခံလိုက်ရသည်။ သူ၏မျက်နှာကို မည်သည့်နေရာတွင် သွားထားရတော့မည်နည်း။
“ မင်းဘာပြောနေတာလဲဆိုတာကို သိလား။ မင်းက ငါ့ကို အထင်သေးနေတာလား။ ဒါမှမဟုတ် ကောင်းကင်ဘုံ အကယ်ဒမီကို အထင်သေးနေတာလား “ ဟု ရှောင်ရှင်းက အော်ဟစ်လာတော့သည်။
သူသည် အခြေအနေကို ကောင်းကင်ဘုံ အကယ်ဒမီအထိ တိုက်ရိုက်မြှင့်တင်လိုက်၏။
လင်ခုန်းသည် လုချန်ရှန်းက ငယ်ရွယ်ပေါ့ဆကာ ဆုံးရှုံးမှုများ ခံစားသွားရမည်ကို စိုးရိမ်သောကြောင့် ဝင်တားရန် ပြင်လိုက်သည်။
သို့ရာတွင် သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် လောင်လျူက သူ့ကိုဆွဲကာ စကားပြောလာခဲ့သည် “ လောနေဖို့ မလိုပါဘူး “
“ မင်းတို့က အခုအချိန်အထိ အေးအေးဆေးဆေး ဖြစ်နေကြတာလား “
“ လုချန်ရှန်းကို ရန်သွားစတာက သူ့ရဲ့ကံဆိုးမှုပဲ “
လင်ခုန်း : “ … “
ထို့နောက်တွင် သူသည် ရှောင်ဟေးကို ကြည့်လိုက်သည်။ သူသည် ရှောင်ဟေးက ကောင်းကင်ဝါးမျိုးငှက် မျိုးနွယ်စု၏ လူငယ်ခေါင်းဆောင်ဆိုသည်ကိုသိနေခဲ့ကာ ထိုလူက အနည်းငယ် ပိုမိုတည်ကြည်လိမ့်မည်ဟု ထင်နေခဲ့၏။
သူတို့၏ အကြည့်များ ဆုံတွေ့သွားခဲ့သည့်အချိန်တွင် ရှောင်ဟေးက သူ့အား စိတ်ချထားလိုက်ဟု ပြောနေသည့်အလားဖြစ်နေသော အကြည့်တစ်ခုကို ပေးစွမ်းလာခဲ့၏။
၎င်းသာလျှင် မဟုတ်ပေ။ သို့သော် လုချန်ရှန်းက ကောင်းကင်ဘုံ အကယ်ဒမီအတွင်းသို့ ဝင်ရောက်လာနှင့်တစ်ပြိုင်နက် အစွမ်းထက် ပညာရှင် တော်တော်များများက အမှောင်အတွင်းမှ စူးစမ်းလေ့လာနေကြပြီး အရေးပါသော ပုဂ္ဂိုလ်များကပင် စောင့်ကြည့်နေခဲ့ကြသည်။
သူတို့သည် လူပြောများနေသည့် အဆိုပါ လူငယ်လေးက မည်ကဲ့သို့သော လူမျိုးဖြစ်လဲဆိုသည်ကို မြင်တွေ့ချင်နေကြသည်။
လုချန်ရှန်းကမူ မည်သို့မျှ တွေဝေတုံ့ဆိုင်းမနေဘဲ ရှောင်ရှင်းကို ကြည့်ကာ စကားထပ်ပြောလိုက်သည် “ ငါမလာခင် အချိန်တုန်းက ဆရာက ဒီကိုရောက်လာခဲ့ပြီးတဲ့နောက်မှာ ဘာမှကြောက်စရာ မလိုဘူးလို့ ပြောခဲ့တယ်။ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို ပြဿနာလာရှာရင် သူ့ကိုသာ ပြောလိုက်တဲ့ “
အားလုံး : “ … “
ဘာကိုဆိုလိုတာလဲ။ သူက ကူချန်ကျွင်းကို ကောင်းကင်ဘုံ အကယ်ဒမီကို တစ်ကိုယ်တော် စိန်ခေါ်ခိုင်းဖို့ ပြင်နေတာလားဟ။
အဲ့တာက ခြိမ်းခြောက်မှုတစ်ခုလား။
အမှောင်အတွင်းမှ စောင့်ကြည့်နေသူများတို့မှာလည်း သူ၏ဆိုလိုရင်းကို နားလည်နေခဲ့ကာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားကြ၏။
လုချန်ရှန်းက ပေါက်တတ်ကရ လျှောက်ပြောနေခြင်းမဟုတ်ပေ။ သူကိုယ်တိုင် ၎င်းကို အတည်ပြုခဲ့ပြီးပြီ ဖြစ်သည်။ ကူချန်ကျွင်း၏ မူလစကားမှာ အကယ်၍ သူတို့က ကြားဝင်စွက်ဖက်လာမည်ဆိုပါက သူက နတ်ဘုရားတစ်ပါးကိုပင် ပါးရိုက်မည်ဆိုပင်ဖြစ်သည်။ ကောင်းကင်ဘုံ အကယ်ဒမီဆိုပါက ပြောနေရန်ပင် မလိုတော့ပေ။
သူ၏ယခုလက်ရှိ ကြေညာချက်က အတော်ပင် လျှော့ပေါ့ပေးထားခဲ့ပြီးလေပြီ။
သို့ရာတွင် ရှောင်ရှင်းကမူ တိတ်တဆိတ် လှောင်ပြောင်နေခဲ့သည် “ ကူချန်ကျွင်းက ကောင်းကင်ဘုံ အကယ်ဒမီကို လာတိုက်လိမ့်မယ်လို့ ပြောချင်နေတာလား “
လင်ခုန်းသည် အခြေအနေက ပိုပို၍ မနှစ်မြို့ဖွယ်ကောင်းလာသည်ဟု ခံစားသွားခဲ့ရ၏။
သို့ရာတွင် လုချန်ရှန်းက သူ၏လက်ကို ရုတ်တရက် မြှောက်ကာ မှော်စွမ်းအားများကို စုစည်းလိုက်ပြီး ရှောင်ရှင်းကို ရိုက်ချလိုက်သည်။
အုမ်းးးး
ချက်ချင်းဆိုသလိုပင် ရှောင်ရှင်းက မှော်စွမ်းအားကို ဖြိုခွဲလိုက်ကာ အမူအရာ မည်းမှောင်သွားခဲ့သည်။ သူသည် အရှေ့သို့ ခြေတစ်လှမ်းတိုးကာ စကားပြောလိုက်သည် “ မင်းသေချင်နေတာလား “
“ မင်းကမှ သေချင်နေတာလေ “ လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ အပြင်ထွက်တဲ့ အချိန်မှာ ဘယ်သူ့ဆီမှာ နောက်ခံမရှိလို့လဲ။ မင်းငါ့ကို ယုံလား။ ဒီနေ့မှာ ဘာမှမလုပ်ပါဘူးကွာ။ တကယ်လို့ မင်းက လှုပ်ရှားလာရဲမယ်ဆိုရင် ငါမင်းကို ငိုပြီး ထွက်ပြေးသွားရအောင် လုပ်ပေးမယ် “
“ ဟက်။ မင်းက ငါ့ကို လာပြောင်နေတာလား “
ရှောင်ရှင်းသည် ဒေါသထွက်လွန်းသဖြင့် ရယ်မောနေတော့၏။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ တကယ်လို့ ငါတို့က ခြေလှမ်းတစ်သောင်းလောက် နောက်ဆုတ်သွားမယ်ဆိုရင်တောင်မှ တကယ်လို့ ငါ့ဆရာက ကောင်းကင်ဘုံ အကယ်ဒမီကို မတိုက်နိုင်ဘူးဆိုရင်တောင်မှ သူက ထျန်းရီ မြင့်မြတ်နယ်မြေကို တိုက်ခိုက်လို့ရသေးတယ် မဟုတ်ဘူးလား “
“ ဘာဖြစ်တယ် “
လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
လုချန်ရှန်းက စကားထပ်ပြောနေတော့၏ “ နောက်ထပ် ခြေလှမ်းတစ်သောင်းလောက် ထပ်ဆုတ်ကြတာပေါ့။ တကယ်လို့ ငါ့ဆရာက ထျန်းရီ မြင့်မြတ်နယ်မြေကို မတိုက်နိုင်ဘူးဆိုရင်တောင်မှ မင်းတို့ ရှောင်မိသားစုမှာ လူတွေ ရှိတယ်မလား။ သူတို့က ညဘက်လမ်းလျှောက်ကြတယ်မလား။ ငါ့ဆရာက မင်းတို့ ရှောင်မျိုးရိုးပျောက်သွားတဲ့အထိ လူသတ်လို့ရတယ်မလား “
“ မင်း ………. “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ရှင်း၏ အမူအရာ လုံးဝပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်မှ စောင့်ကြည့်နေသူ အားလုံးမှာလည်း အံ့ဩတုန်လှုပ်သွားကြသည်။ သူတို့သည် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သို့မျှ မမျှော်လင့်ထားခဲ့ပေ။
လောင်လျူနှင့် ရှောင်ဟေးကမူ နေသားကျနေခဲ့ပြီဖြစ်သောကြောင့် မည်သို့မျှ မအံ့ဩသွားခဲ့ပေ။ ထိုစဥ် လင်ခုန်းမှာ နေရာမှာပင် ကြက်သေသေနေကာ ဘာပြောရမှန်းမသိ ဖြစ်နေခဲ့၏။
လုချန်ရှန်းသည် ရှောင်ရှင်း၏ တုံ့ပြန်မှုကိုစောင့်ဆိုင်းမနေဘဲ သူ၏လက်ကို ထပ်မြှောက်ကာ မှော်စွမ်းအားများကို ထပ်မံ၍ စုစည်းလိုက်သည်။ ထိုအချိန်တွင် အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ကာ၊ ထိုလူ့ကို ထပ်မံ၍ တိုက်ခိုက်လိုက်သည်။
ဘမ်းးးး
ရှောင်ရှင်းသည် မှော်စွမ်းအားကို ထပ်မံ၍ ပြိုကွဲသွားစေလိုက်၏။ သို့သော် သူ၏အမူအရာမှာ အလွန်တရာ မည်းမှောင်နေခဲ့လေသည်။ သူသည် အမှန်တကယ် မလှုပ်ရှားဝံ့ဘဲ လုချန်ရှန်းကို စူးစူးရဲရဲ စိုက်ကြည့်နေရုံသာလျှင် ပြုလုပ်နိုင်ခဲ့သည်။
ထိုလူငယ်၏ အတွေးများက ကြည်လင်နေပြီး လူများကို ခြိမ်းခြောက်သည့် သူ၏နည်းလမ်းက အမှန်တကယ် ထူးခြားလှကာ တစ်ခြားလူများကို ဆွံ့အသွားစေပြီး သူတို့၏ ကိုယ်ပိုင်ချီများကို ပြန်လည်မျိုချရစေလိမ့်မည်ဟု မည်သူကမှမမျှော်လင့်ထားခဲ့ပေ။
“ ကြည့်ပါဦး။ မင်းက ငကြောက်တစ်ယောက် မဟုတ်ဘူးလား “
မည်သည့်တုံ့ပြန်မှု ပြန်မရဘူးဆိုသည်ကိုမြင်လိုက်ရသောအခါတွင် လုချန်ရှန်းက စကားထပ်ပြောနေတော့၏။
ရှောင်ရှင်းသည် တင်းတင်းကြပ်ကြပ် လက်သီးဆုပ်နေခဲ့ပြီး သွေးကြောများ အပြိုင်းပြိုင်းထောင်ထနေကာ လက်ဆစ်များပင် ဖြူဖျော့ဖျော့ ဖြစ်သွားခဲ့၏။
သို့တိုင်အောင် လုချန်ရှန်းက မည်သို့မျှ လက်မလျှော့ခဲ့ပေ။ သူသည် အဝေးရှိ ဓားတောင်ထွဋ်ကို ငေးကြည့်ကာ စကားထပ်ပြောနေတော့သည် “ တကယ်လို့ ငါ့ဆရာကို ခေါ်လို့မရဘူးဆိုရင်တောင်မှ ဓားတောင်ထွဋ်က တစ်ယောက်ကတော့ စောင့်ကြည့်နေတာ တော်တော်လေးကို ကြာနေပြီ။ ပြီးတော့ သူက ငါ့ကို တော်တော်လေး သဘောကျနေတယ်။ မင်းက ငါ့ကို ထိနိုင်မယ်လို့ ထင်နေသေးတာလား “
ဟမ်
ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်းက ထိုဦးတည်ချက်ဘက်သို့ တစ်ပြိုင်နက် ငေးကြည့်နေတော့ကြသည်။
အစွမ်းထက် ပညာရှင်များသည် သူတို့၏ စိတ်နှလုံးသားများ လှုပ်ခတ်သွားသည်ဟု ခံစားသွားကြရ၏။
လင်ခုန်းမှာလည်း ထိုနေရာဘက်သို့ ငေးကြည့်နေတော့သည်။
ထိုအခိုက်အတန့်တွင် ဓားတောင်ထွဋ်ထံမှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ မင်းရဲ့ အမြင်အာရုံက တကယ်ကို အံ့ဩစရာပဲ။ ငါစောင့်ကြည့်နေတာကို ဘယ်လိုလုပ် သိသွားတာလဲ “
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ကြောက်စရာကောင်းတဲ့ ဓားဆန္ဒတစ်ခု စီးဆင်းနေတာကို အာရုံခံမိလို့ပါ “
“ တောင်ထိပ်ပေါ်မှာ ထောင်နဲ့ချီပြီးတော့ကို ရှိနေတာလေ။ မင်းက ဘယ်လိုလုပ် သေချာနေရတာလဲ “
“ အဲ့ဒီဓားဆန္ဒတွေ အကုန်လုံးက အသေတွေချည်းပါပဲ။ ခင်ဗျားဟာတစ်ခုတည်းက ရှင်သန်နေတာပါ။ ပြီးတော့ အဲ့တာက ကျွန်တော့်အပေါ်မှာ ခဏလောက် ရှိနေခဲ့ပါတယ် “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အရပ်မျက်နှာရှစ်ခုစလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
လင်ခုန်းမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
လောင်လျူက စကားဝင်ပြောလာခဲ့၏ “ ငါက ဘယ်လိုလုပ် သတိမထားမိရတာလဲ “
“ ဘာလို့လဲဆိုတော့ မင်းက နုသေးတာကိုး “
လုချန်ရှန်းက ပေါ်တင်ပြောဆိုလိုက်သည်။
ဓားတောင်ထွဋ်ထံမှ ရယ်မောသံတစ်ခု ပေါ်ထွက်လာခဲ့၏ “ ကြည့်ရတာတော့ ငါလူရွေးမမှားခဲ့ဘူးနဲ့တူတယ် “
ချက်ချင်းဆိုသလိုပင် လုချန်ရှန်းက ရှောင်ရှင်းကို လှည့်ကြည့်ကာ စကားထပ်ပြောနေတော့သည် “ ကြည့်ပါဦး။ တောင်ထွဋ်သခင်က ငါ့ကို ဘယ်လောက်တောင် တန်ဖိုးထားလိုက်လဲ။ ငါ့ရဲ့ နောက်ခံက ဘယ်လောက်တောင် သန်မာလိုက်လဲ။ မင်းက လူပြက်တစ်ယောက်နဲ့ တူမနေဘူးလား “
ရှောင်ရှင်းမှာ လုံးဝမျက်နှာပျက်သွားရပြီဖြစ်သည်။
ဓားတောင်ထွဋ်သခင်က စကားထပ်ပြောလာခဲ့၏ “ သူ့ကို တံဆိပ်ပြားသွားယူခိုင်းလိုက်။ ငါခွင့်ပြုတယ် ”
ဓားတောင်ထွဋ်သခင်က စကားပြောလာခဲ့ပြီဖြစ်သောကြောင့် သူ့ကို မည်သူကမှ ထပ်မံ၍ မတားဆီးဝံ့တော့ပေ။
သို့ရာတွင် ရှောင်ရှင်းက ပတ်ဝန်းကျင်ရှိ တပည့်များကို လှည့်ပတ်ကြည့်ရှုကာ စကားပြောလိုက်သည် “ တောင်ထွဋ်သခင်ရှု ကျွန်တော်တို့ ကောင်းကင်ဘုံ အကယ်ဒမီက အမြဲလိုလို တရားမျှခဲ့ပါတယ်။ အခုလုပ်ရပ်က ဘက်လိုက်သလို ဖြစ်မနေဘူးလားဗျ။ ဆရာက တပည့်တွေရဲ့ ခံစားချက်တွေကို ဂရုမစိုက်တော့ဘူးလားဗျ “
သူသည် သိက္ခာအနည်းငယ် ပြန်လည်ရရှိရန်အတွက် ရုန်းကန်နေသေးသည်။ အဆိုပါ တပည့်များသည် သူတို့က အမြှောက်စာများအဖြစ် တွန်းပို့ခံလိုက်ရပြီဆိုသည်ကို သိကြသော်လည်း ရှေ့ထွက်လာကြသေး၏။
နတ်ဘုရားများ၏ ဂူဗိမာန်နယ်မြေ …… သူတို့ကလည်း ထိုကဲ့သို့သော အခွင့်အလမ်းမျိုးကို လိုချင်ကြသည်။
“ ဟုတ်တယ်။ အဲ့တာက မမျှတဘူးလို့ ကျွန်တော်ထင်ပါတယ် “
“ ကျွန်တော်တို့က ကိုယ်စိတ်နှစ်ပါးစလုံး နှစ်ပြီးတော့ တစ်နှစ်တိတိ ကြိုးကြိုးစားစား ကျင့်ကြံခဲ့ရတာပါ။ အဲ့တာကြောင့် မဝင်နိုင်ကြပါဘူး။ ဒါပင်မဲ့ သူကတော့ ရောက်လာတာနဲ့ တန်းပြီးတော့ ဝင်သွားရပါတယ်။ အဲ့တာက တော်တော်ကြီးကို ဘက်လိုက်လွန်းပါတယ် “
“ သူဝင်သွားမယ်ဆိုရင် ကျွန်တော်လည်း ဝင်ချင်ပါတယ် “
“ … “
အသံပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။
သူတို့သည် အော်ဟစ်ပြောဆိုနေကြကာ သွေးဆူအမှတ်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ အကယ်၍ ၎င်းကသာ ပျံ့နှံ့သွားမည်ဆိုပါက ကောင်းကင်ဘုံ အကယ်ဒမီ၏ ဂုဏ်သိက္ခာကို ကျဆင်းသွားစေမည် ဖြစ်သည်။
လုချန်ရှန်းကမူ ထိုလူများကို စေ့စေ့စပ်စပ် ငေးကြည့်နေတော့သည်။ အထူးသဖြင့် အသံအကျယ်ဆုံးဖြစ်ကာ ဦးစီးဦးဆောင်ပြုနေသည့် ရင်းနှီးသော မျက်နှာများကို ဖြစ်သည်။
တစ်ချိန်က သူတို့က သူ့ကို ရှုံးနိမ့်ခဲ့ဖူးကြောင့် ဖြစ်နိုင်သကဲ့သို့ သူတို့က ကောင်းကင်ဘုံ အကယ်ဒီတွင် တစ်နှစ်တိတိ နေခဲ့ရကာ ယုံကြည်မှုများ ပြန်လည်ရရှိသောကြောင့် ဖြစ်နိုင်ပေသည်။
လုချန်ရှန်းကိုယ်တိုင်က သူတို့ကို ယုံကြည်မှုများ ပေးခဲ့မိခြင်းမျိုးပါ ဖြစ်နိုင်ပေ၏။ ယခင်က သူတို့အားလုံး ယဥ်ကျေးနေခဲ့ရသော်လည်း ယခုတွင် လေသံများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဓားတောင်ထွဋ်သခင်မှာလည်း စကားပြောနေခြင်းကို ရပ်တန့်ကာ အင်အားသုံး၍ ဖိနှိပ်ရန် ကြံရွယ်လိုက်သည်။
သို့ရာတွင် လုချန်ရှန်းက စကားထပ်ပြောနေတော့သည် “ မင်းတို့က ကောင်းကင်ဘုံ အကယ်ဒမီကို ဘယ်လိုဝင်ခဲ့ရလဲဆိုတာကို မေ့သွားကြပြီလား “
“ လုချန်ရှန်း အဲ့အချိန်တုန်းက ငါတို့တွေ မင်းကို ရှုံးခဲ့တယ်ဆိုတာက အမှန်ပဲ။ ဒါပင်မဲ့ အခုအချိန်မှာတော့ ငါတို့က မင်းထပ် ဘယ်လိုမှ မနိမ့်ကျတော့ဘူး “
“ အမှန်ပဲ။ မင်းက ဘယ်လိုတောင် သိမ်းကျုံးပြောနိုင်ရတာလဲ။ အဲ့အချိန်တုန်းက ငါက မင်းထပ် အများကြီး ညံ့နေခဲ့တာ မဟုတ်ဘူးနော် “
“ … “
အသံများ တစ်သံပြီးတစ်သံ ပေါ်ထွက်လာခဲ့၏။
လုချန်ရှန်းသည် မငြင်းပယ်လိုက်ဘဲ အေးအေးလူလူ ပြန်ပြောလိုက်သည် “ မင်းတို့မှန်တယ်။ ဒါပင်မဲ့ ဘာမှမကြာသေးဘူးလေ။ မောက်မာနေဖို့ စောပါသေးတယ်ကွာ “
“ မင်းကမှ တအားမောက်မာလွန်းနေပြီးတော့ ငါတို့ကို မျက်လုံးထဲ မထည့်တာ “
“ အမှန်ပဲဟေ့ “
“ ဟူး “
ထိုစကားများကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက အသာအယာ သက်ပြင်းချကာ ပြန်ပြောလိုက်သည် “ တကယ်လို့ ဝိညာဥ်ကျောက်တုံးတွေ ရဖို့အတွက်ကြောင့်သာ မဟုတ်ဘူးဆိုရင် မင်းတို့တွေကို အဖက်လုပ်နေမှာတောင် မဟုတ်ဘူး။ အဲ့လိုလုပ်ခဲ့တာက မင်းတို့ကို သတ္တိပေးသလို ဖြစ်သွားခဲ့တာပဲ “
လူအုပ်ကြီးသည် ၎င်းကို နားထောင်နေရင်းဖြင့် အမူအရာများ မည်းမှောင်သွားခဲ့သည်။ ဒီကောင်က ငါတို့ကို စော်ကားနေတာလားဟ။
အမှောင်အတွင်းမှ စောင့်ကြည့်နေသူများကမူ နားမလည်နိုင် ဖြစ်သွားကြသည်။
အထူးသဖြင့် ထိုလူများကို ဖိတ်ခေါ်ရန် တာဝန်ယူခဲ့ရသည့် လူများဖြစ်ပြီး သူတို့သည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် မျက်မှောင်ကြုတ်သွားကာ ဆိုးရွားသော စိတ်ခံစားချက်တစ်ခုကို ခံစားသွားကြရ၏။
လုချန်ရှန်းက လက်ဝေ့ရမ်းပြကာ စကားဆက်ပြောနေတော့သည် “ ထားလိုက်ပါလေ။ ငါဒီနေ့ စိတ်အခြေအနေကောင်းနေတယ်။ မင်းတို့ဆီက ဝိညာဥ်ကျောက်တုံးတွေ တောင်းမှာ မဟုတ်ဘူး။ မင်းတို့ကို အလကား ဆုံးမပေးမယ်။ အကုန်လုံး အတူတူ တက်လာခဲ့ကြ “
သူ၏စကားလုံးများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
---
…………………………………………………………………………………………………………………………………………