အခန်း ၂၅၄
Vol. 17 Ch. 254
အပိုင်း ( 254 )
သူက ဘယ်သူ့ကို သတ်ချင်နေတာလဲ
လုချန်ရှန်းက တံဆိပ်ပြားကို ရရှိခဲ့ပြီဖြစ်သည်။
လင်ခုန်းက သူ့ကို ဓားတောင်ထွဋ်ဆီသို့ ခေါ်ဆောင်လာခဲ့ပြီး လောင်လျူမှာလည်း အရှက်မရှိ လိုက်လာခဲ့၏။ သူကလည်း ဓားတာအိုကို ကျင့်ကြံရာတွင် ထူးချွန်သည့် ပါရမီရှင်တစ်ဦးဖြစ်သည်ဟု ကြွေးကြော်ခဲ့၏။
ရှောင်ဟေးကသာလျှင် မျက်ဝန်းများ မှိန်ဖျော့နေလျက်ရှိ၏။ သူ၏ဓားတာအို လမ်းကြောင်းက ပျက်စီးသွားခဲ့ပြီဖြစ်ကာ ဤဘဝ၌ ဓားနှလုံးသား သန့်စင်မှုတွင်သာ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ဘုံကို ဆန့်ကျင်နေသည့် အခွင့်အလမ်းမျိုး မရှိဘူးဆိုပါက ဆက်လက်၍ တိုးတက်ရန် ခက်ခဲသွားမည်ကို သူစိုးရိမ်နေခဲ့သည်။
သူသည် ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုသို့ ပြန်မသွားဘဲ ကောင်းကင်ဘုံ အကယ်ဒမီဆီသို့သာ ရောက်လာခဲ့၏။
သူသည် ဤနေရာတွင် နေထိုင်ရန်နှင့် ကျင့်ကြံရန်အတွက် ဖိတ်ကြားမှုကို ရရှိထားခဲ့ပြီ ဖြစ်သည်။
ဘက်ပေါင်းစုံမှ အစွမ်းထက် ပညာရှင်များသည် သူရောက်ရှိလာသည့်အတွက် ပျော်ရွှင်သွားကြသည်။ သူက မွေးရာပါ ဝိညာဥ်အဆင့်၆သို့ပင် ရောက်ရှိနေသည့် ပါရမီရှင်တစ်ဦးဖြစ်ကာ မြင့်မြတ်နယ်မြေမှ သူတော်စင်များနှင့်ပင် ယှဥ်ပြိုင်နိုင်ပေသည်။
သို့ရာတွင် ဓားတောင်ထွဋ်အထက်ရှိ ပတ်ဝန်းကျင်မှာ ကြီးမားကျယ်ပြန့်နေလျက်ရှိ၏။ ခြေလှမ်းတိုင်းတွင် လူတစ်ဦးက စီးဆင်းနေသည့် ကွဲပြားသော ဓားဆန္ဒများကို ခံစားနေနိုင်ခဲ့သည်။
၎င်းတို့မှာ ယခင်က ပညာရှင်များ ချန်ရစ်ထားခဲ့သည့် ပါရမီရှင်များဖြစ်ပြီး ထိုလူများမှာ သူတို့၏ ဘဝတစ်သက်တာ အတွေးအမြင်များကို ဤတောင်ထွဋ်ပေါ်တွင် ထွင်းထုထားခဲ့ခြင်း ဖြစ်သည်။
ရှောင်ဟေးသည် တအံ့တဩဖြင့် လျှာကိုက်မိသွားခဲ့သည်။ ဓားတောင်ထွဋ်၏ ထူးခြားသော လက္ခဏာရပ်များကြောင့် ဓားဆန္ဒများ ကျန်ရစ်နေကာ အင်မော်တယ်နယ်ပယ်အထိ မရောက်ရှိခဲ့သော်လည်း ၎င်းတို့က ကြောက်မက်ဖွယ်ရာ ကောင်းနေသေး၏။
ဤနေရာတွင် ဓားဆန္ဒကို ချန်ရစ်ထားနိုင်ခဲ့သူများက အနိမ့်ဆုံးအနေဖြင့် ဓားနှလုံးသား သန့်စင်မှုသို့ ရောက်ရှိနေခဲ့သည်။
တောင်ထိပ်ပေါ်သို့ တက်နေရင်းဖြင့် လမ်းတစ်ဝက်မျှအရောက်တွင် သူတို့သည် ဝဲပျံနေသော ငှက်များနှင့် ဂဠုန်များက တောင်ပံများ ဖြန့်နေသည်ကို မြင်တွေ့သွားခဲ့သည်။ အလင်းတန်းများ ဖြာကျနေခဲ့ပြီး ငှက်များနှင့် သားရဲများ ပေါ်ထွက်လာခဲ့၏။ ၎င်းတို့အားလုံးက ဓားချီဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ထိုစဥ် လုချန်ရှန်းက အဝေးရှိ တောင်စောင်းပေါ်တွင် ရှိနေသည့် မြင့်မားသော ရှေးဟောင်းသစ်ပင်တစ်ပင်ကို ငေးကြည့်နေလျက်ရှိပြီး ထိုနေရာတွင် တစ်ကိုယ်လုံး နီရဲနေသည့် ငှက်တစ်ကောင် ခိုနားနေလျက်ရှိ၏။
၎င်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် နတ်မီးတောက်တစ်ခု ရစ်ခွေနေကာ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေလျက်ရှိ၏။
“ အဲ့တာက ဓားဆန္ဒနဲ့ ဖွဲ့စည်းထားတဲ့ မီးလျှံဖီးနစ်လေ။ အဲ့တာက အင်မော်တယ် ဓားဆန္ဒအငွေ့အသက်ကိုတောင် မွေးဖွားပေးခဲ့ပြီးတော့ ဒဏ္ဍာရီလာ အင်မော်တယ်နယ်ပယ်ကို ရောက်ဖို့အတွက် ခြေလှမ်းတစ်ဝက်ပဲ လိုတော့တယ် “
လုချန်ရှန်းက တအံ့တဩဖြင့် စကားပြောနေခဲ့ပြီး သူ၏စိတ်နှလုံးသားမှာ မည်သို့မှ မတည်ငြိမ်နိုင်တော့ပေ။
၎င်းတို့သာလျှင် မဟုတ်ဘဲ ရှေ့ဆက်သွားခဲ့ပြီးသည့်နောက်တွင် သူသည် ပိုမို အစွမ်းထက်သော ဓားဆန္ဒတစ်ခု တည်ရှိနေသည်ကို ခံစားလိုက်ရ၏။
လင်ခုန်းမှာလည်း ၎င်းကို မြင်တွေ့သွားကာ စကားပြောလာခဲ့သည် “ ဓားတောင်ထွဋ်က ဓားတာအိုကို ကျင့်ကြံဖို့အတွက် ဒီကမ္ဘာပေါ်မှာ အသင့်တော်ဆုံးနေရာလို့ ပြောမယ်ဆိုရင်တောင်မှ အဲ့တာက ချဲ့ကားပြောဆိုရာ မရောက်ဘူး။ ငါ့ရဲ့ ဓားတောင်ထွဋ်နဲ့ ပူးပေါင်းလိုက်တာက မင်းအတွက် အကောင်းဆုံးပဲ “
လုချန်ရှန်းက မငြင်းပယ်လိုက်ပေ။ ၎င်းက အမှန်တရား ဖြစ်သည်။ ဤနေရာက ဓားတာအို ကျင့်ကြံရေးအတွက် သင့်တော်ရုံသာလျှင် မဟုတ်ဘဲ ဓားတာအို အမွေအနှစ် အများအပြားကိုပါ ပိုင်ဆိုင်ထားခဲ့သည်။ ဤနေရာသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် အမွေအနှစ် တော်တော်များများက သူ့ကို အသိအမှတ်ပြုလာကြ၏။
တစ်ခဏခန့် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းက မေးမြန်းလိုက်သည် “ ဓားတောင်ထွဋ်သခင်က အင်မော်တယ် နယ်ပယ်ကို ရောက်နေပြီလား “
“ ငါမသိဘူး “
လင်ခုန်းက ခေါင်းခါပြလာခဲ့၏။ တောင်ထွဋ်သခင်က သာမန်ရက်များတွင် အပြင်လူများကို လက်ခံတွေ့ဆုံလေ့မရှိဘဲ ကျင့်ကြံရေးတွင်သာ ကိုယ့်ကိုကိုယ် နှစ်မြှုပ်ထားခဲ့သည်။ တစ်ခြားသော တောင်ထွဋ်သခင် ခုနစ်ဦးကပင် သူက မည်သည့်အဆင့်မျိုးသို့ ရောက်ရှိလဲဆိုသည်ကို မည်သူမှ မသိကြပေ။
လုချန်ရှန်းကမူ ထပ်မံ၍ မေးမြန်းမနေတော့ပေ။ တောင်တစ်ဝက်အကျော်သို့ ရောက်ရှိလာခဲ့သည့် အချိန်တွင် လင်ခုန်း၏ မျက်ဝန်းများအတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
ဓားနှလုံးသား သန့်စင်မှုနယ်ပယ်သို့ ရောက်ရှိနေသည့် သက်ရှိများကသာလျှင် ဤနေရာအထိ ရောက်ရှိနိုင်ကြသည်။ လုချန်ရှန်းကမူ အေးအေးဆေးဆေးဖြင့် အားမစိုက်ထုတ်ရသလောက်နီးပါး ဖြစ်နေခဲ့၏။ သူထိုနယ်ပယ်သို့ ရောက်နေသည်က အချိန်အတော်ကြာနေခဲ့ပြီဆိုသည်မှာ သိသာလွန်းလှသည်။
သူမထင်မှတ်ထားသော အရာမှာ လောင်လျူကပါ အလွန်တရာ အေးဆေးတည်ငြိမ်ကာ သိလိုစိတ်တို့ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေလျက်ရှိပြီး တောင်ပေါ်တွင် ရှိနေသည့် အဖိုးတန်ဓားများကို ငေးကြည့်ကာ မျက်လုံးများ တလက်လက် တောက်ပနေလျက်ရှိ၏။
“ သူကလည်း ဓားနှလုံးသား သန့်စင်မှုနယ်ပယ်ရဲ့ အထက်ကို ရောက်နေတာပဲ “
လင်ခုန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် တောင်ထွဋ်ပေါ်မှ အသံတစ်သံ ပေါ်ထွက်လာခဲ့၏။
“ လုချန်ရှန်း နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီပေါ့ “
စကားပြောလာခဲ့သည့် လူမှာ တောင်ထွဋ်သခင်မှတစ်ပါး အခြားလူ မဟုတ်ချေ။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ အဘိုးကြီးရှု ခင်ဗျားက ဘယ်မှာလဲ။ ဘာကိစ္စ ဒီလောက်တောင် ပုန်လျှိုးကွယ်လျှိုး ဖြစ်နေရတာလဲ။ ကျွန်တော့်ကို လာမတွေ့ဘူးလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လင်ခုန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။
အဘိုးကြီးရှုဆိုတာက ဘာစကားကြီးလဲဟ။ အဲ့တာက ဒီကမ္ဘာရဲ့ အထွတ်အထိပ်မှာ ရှိနေတဲ့ ဓားတောင်ထွဋ်သခင်လေ။ အဲ့လိုစကားမျိုးက သူ့ပါးစပ်ကနေ ဘယ်လိုလုပ် ပေါ့ပေါ့ပါးပါး ထွက်လာရတာလဲ။
ဓားတောင်ထွဋ်သခင်မှာလည်း တစ်ခဏခန့် မှင်သက်သွားခဲ့သည်။ သူသည် ၎င်းကို မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။
တစ်ခြားလူများက သူ့ကို နက်နဲသော နားလည်ရခက်သော လူဟုခေါ်ဆိုခဲ့ကြသော်လည်း ထိုလူ့၏ ပါးစပ်တွင်မူ ပုန်လျှိုးကွယ်လျှိုးလူဟူ၍ ဖြစ်သွားခဲ့သည်။
“ ငါက တောင်ထိပ်ပေါ်မှာ “ အဆုံးတွင် ဓားတောင်ထွဋ်သခင်က ကိုယ့်ကိုကိုယ် တည်ငြိမ်သွားစေကာ တုံ့ပြန်လာခဲ့၏။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ လမ်းက ဘယ်မှာလဲ။ မျက်နှာချင်းဆိုင် စကားပြောကြမယ်လေ “
လင်ခုန်းမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
သို့ရာတွင် ဓားတောင်ထွဋ်သခင်က ပြန်ပြောလာခဲ့၏ “ ဓားတောင်ထွဋ်ရဲ့ အမွေခံတွေကပဲ ဒီနေရာကို ခြေချနိုင်တယ်။ မင်းက ငါ့ရဲ့ ဓားတောင်ထွဋ်ကို ဝင်ဖို့ ဆုံးဖြတ်ပြီးသွားပြီလား “
“ ဘာတွေလောနေတာလဲ။ ခင်ဗျားတို့ ဓားတောင်ထွဋ်မှာ လူအရမ်းနည်းနေတာလား။ အဲ့လောက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုးအတွက် ကျွန်တော့်ကို အပေါ်တက်ခွင့်ပေးပြီးတော့ သုံးလေးငါးနှစ် (ဒါမှမဟုတ်) ရှစ်နှစ်လောက် စမ်းသပ်ခွင့် ပေးသင့်တယ်မဟုတ်ဘူးလား “
လင်ခုန်းမှာ အံ့ဩမှင်သက်ကာ ဆွံ့အသွားတော့သည်။ အဲ့တာက ဘာစကားကြီးလဲဟ။
သူ့ကို သုံးလေးငါးနှစ် ဒါမှမဟုတ် ရှစ်နှစ်လောက်အထိ စမ်းသပ်ခွင့်ပေးဆိုတာက ဘာကိုဆိုလိုတာလဲဟ။
အဲ့လိုမျိုးလုပ်ခွင့်ပေးလိုက်ရင် သူက အရာအားလုံးကို တတ်သွားမှာ မဟုတ်ဘူးလားဟ။
“ ဒါဆိုရင်လည်း သေချာစဥ်းစားပြီးတော့မှ အပေါ်တက်လာခဲ့ “ ဓားတောင်ထွဋ်သခင်က ငြင်းပယ်လိုက်သည်။
တစ်ခြားလူများက မသိကြသော်လည်း သူကမူ ရှင်းရှင်းလင်းလင်း သိရှိနေခဲ့သည်။ လုချန်ရှန်းက ကောင်းကင်ဘုံ အကယ်ဒမီ အတွင်းသို့ ခြေချလာခဲ့သည့် အချိန်တွင် ဓားတောင်ထွဋ်က သူ့ကို အသိအမှတ်ပြုခဲ့၏။ ဓားတောင်ထွဋ်သည် မျိုးဆက်တစ်ခုတွင် လူတစ်ဦးတည်းကိုသာလျှင် အသိအမှတ် ပြုလေ့ရှိသည်။
သူသည် လုချန်ရှန်းကပ ဓားတောင်ထွဋ်သို့ ဝင်လာမည့် အချိန်ကို စောင့်ဆိုင်းနေမည်ဖြစ်သည်။ ထိုလူငယ်လေးက ထိုကဲ့သို့ လုပ်လာလိမ့်မည်ဟုပါ ယုံကြည်မှု ရှိနေခဲ့၏။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံ အကယ်ဒမီ၏ အရင်းအမြစ်များကို မည်သည့်မြင့်မြတ်နယ်မြေကမှ မယှဥ်နိုင်ပေ။ ဓားတောင်ထွဋ်က ဓားကျင့်ကြံသူတိုင်း၏ စိတ်ထဲတွင် တည်ရှိနေသည့် တစ်ခုတည်းသော မြင့်မြတ်နယ်မြေဖြစ်ပြီး သူသည် ၎င်းကို မည်သူကမှ ငြင်းပယ်နိုင်လိမ့်မည် မဟုတ်ဘူးဟုသာ ယုံကြည်နေလျက်ရှိ၏။
“ ဒါဆိုရင်လည်း သေချာစဥ်းစားလိုက်ပါ့မယ် “ ဟု လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည်။
အဆိုပါ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါတွင် ဓားတောင်ထွဋ်သခင်သည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ စကားထပ်ပြောလာခဲ့သည်။
“ ငါ့ရဲ့ ဓားတောင်ထွဋ်ကို ဝင်လာမယ်ဆိုရင် မင်းရဲ့ ရလဒ်တွေက တစ်ခြားလူတွေနဲ့ ကွဲပြားနေလိမ့်မယ် “
“ ဘာမတူတာလဲ “
လုချန်ရှန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
သို့ရာတွင် လောင်လျူက စကားဝင်ပြောလာခဲ့၏ “ တောင်ထွဋ်သခင်ခင်ဗျာ တကယ်လို့ သူမဝင်ချင်ဘူးဆိုရင် ကျွန်တော်ဝင်ပါရစေခင်ဗျ။ ကျွန်တော့်ရဲ့ စွမ်းရည်ကလည်း တော်တော်လေး ထူးခြားပါတယ်။ ဓားတောင်ထွဋ်ကို အမွေဆက်ခံပြီးတော့ ဆရာ့ရဲ့ နေရာကို အစားထိုးဖို့ဆိုတာက အချိန်တစ်ခုပဲ လိုပါတယ်ဗျ။ ကျွန်တော့်ကို မယုံဘူးဆိုရင် ကြိုးစားကြည့်လို့ရပါတယ်ဗျ “
လင်ခုန်း : “ … “
လုချန်ရှန်း : “ … “
စကားတစ်ခွန်းက လူတိုင်းကို လုံးဝကြောင်အသွားစေခဲ့၏။
လင်ခုန်းမှာလည်း ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဤလူနှစ်ယောက် တစ်ဦးထပ်တစ်ဦး ပိုမိုအံ့ဩတုန်လှုပ်ဖွယ်ကောင်းနေခဲ့၏။ ဓားတောင်ထွဋ်ကို အမွေခံပြီးတော့ တောင်ထွဋ်သခင်နေရာကို အစားထိုးမယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။ သူက အာဏာသိမ်းချင်နေတာလားဟ။
လူတိုင်းထံတွင် ရည်ရွယ်ချက်များရှိကြသော်လည်း ၎င်းတို့ကို ဤမျှလောက်အထိ ပွင့်ပွင့်လင်းလင်း မကြေညာလိုက်သင့်ပေ။
ဓားတောင်ထွဋ်သခင်ကမူ မည်သို့မျှ တုန်လှုပ်သွားပုံမရဘဲ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ မင်းဆီမှာ စွမ်းရည်တွေ ရှိပါတယ်။ ဒါပင်မဲ့ ကန့်သတ်ချက်တွေပါ ရှိနေတယ်။ မင်းက ငါရှာနေတဲ့ လူမဟုတ်ဘူး “
“ ဟမ် “
လောင်လျူမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ငါက လုချန်ရှန်းထပ် နည်းနည်းလေးပိုညံ့နေတာလား။ ဘာလို့ လုံလုံလောက်လောက် မကောင်းရတာလဲဟ။ ငါက အတော်လေး အစွမ်းထက်တယ် မဟုတ်ဘူးလား။
ဓားတောင်ထွဋ်သခင်က ဘာမှထပ်မပြောလာတော့ပေ။
ထို့နောက်တွင် လင်ခုန်းက လုချန်ရှန်းကို ကြည့်ကာ စကားပြောလိုက်သည် “ နတ်ဘုရားတွေရဲ့ ဂူဗိမာန်နယ်မြေ ဖွင့်ဖို့အတွက် အချိန်နည်းနည်းလောက် လိုသေးတယ်။ မင်းက တံဆိပ်ပြားကို ယူပြီးတော့ ကောင်းကင်ဘုံ အကယ်ဒမီအတွင်းမှာ လျှောက်သွားနေလို့ရတယ်။ ဒါမှမဟုတ် အတွေးအမြင် အသစ်တွေ ရဖို့အတွက် ဒီကို လာလို့ရတယ်။ ဂူဗိမာန်နယ်မြေ ဖွင့်တဲ့အချိန်ကျမှ အဲ့ကို သွားကြတာပေါ့ “
“ ကောင်းပြီလေ “
လုချန်ရှန်းက ဘာမှထပ်မပြောလိုက်ပေ။
လာမည့်ရက်များအတွင်းတွင် သူပျင်းရိမနေခဲ့ပေ။ နံနက်ခင်းတွင် သူသည် ကောင်းကင်ဘုံ အကယ်ဒမီ၏ ကျမ်းစာစံအိမ်သို့ သွားကာ ရှေးဟောင်းစာများနှင့် မှတ်စုများကို ဖတ်ရှုနေခဲ့သည်။ နေ့လည်ခင်းတွင်မူ ပတ်ဝန်းကျင်တွင် လှည့်ပတ်သွားလာကာ ဤနေရာ၏ မတူညီကွဲပြားမှုများကို ကြုံတွေ့ခဲ့စားနေခဲ့သည်။ ညနေခင်း၌ ဓားတောင်ထွဋ်သို့ လာကာ ရှေးလူကြီးများ ချန်ရစ်ထားသည့် ဓားဆန္ဒများကို ခံစားနေခဲ့၏။
အဆိုပါ ဖြစ်စဥ်မှာ ထပ်ခါတလဲလဲ လည်ပတ်နေခဲ့ပြီး သူသည် တစ်ခဏလေးပင် အနားမယူခဲ့ချေ။
သူ၏ ဆရာက သူ့ကို ဤနေရာသို့ သွားရန်နှင့် အခွင့်ကောင်းယူရန် ပြောခဲ့ပြီး အခွင့်ကောင်းယူခဲ့ပြီးသည့်နောက်တွင် သူထွက်သွားရမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ရသမျှ အချိန်တိုင်းကို အမိအရ ဖမ်းဆုပ်နေခဲ့ရသည်။
ဤရက်များအတွင်းတွင် သူသည် အကျိုးအမြတ် တော်တော်များများ ရရှိခဲ့၏။ သူ၏ဆရာဖြစ်သူကသာ ကောင်းကင်ဘုံ အကယ်ဒမီသို့ မဝင်ရောက်ရန် ပြင်းပြင်းထန်ထန် မတားမြစ်ခဲ့ဘူးဆိုပါက သူက သွေးဆောင်ခံလိုက်ရပေလိမ့်မည်။
သူသည် ၎င်းကို အတော်ပင် နားမလည်နိုင်ဖြစ်နေခဲ့သည်။ မြင့်မြတ်နယ်မြေအပါအဝင် လူတိုင်းက ဤနေရာသို့ လာချင်ကြပြီး သူတို့သည် သူတို့၏ တပည့်များကို ထိုနေရာသို့ ပို့ရန်အတွက် နည်းလမ်းပေါင်းစုံသုံး၍ ကြိုးပမ်းခဲ့ကြသည်။ ဆရာက ငါ့ကို ဘာလို့ ကောင်းကင်ဘုံ အကယ်ဒမီကို မဝင်ခိုင်းရတာလဲဟ။
“ အဲ့အဘိုးကြီးက ငါသူ့ထပ် သာသွားပြီး သူမျက်နှာပျက်သွားရမှာကို ကြောက်နေတာများလား “
လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိ၏။ ၎င်းက သူ၏မရင့်ကျက်သော အတွေးတစ်ခုသာလျှင် ဖြစ်ပြီး သူသည် ထိုကိစ္စကို နက်နက်နဲနဲ တူးဆွနေရန် အချိန်မရှိပေ။ ထို့အစားသည် သူသည် နေရာအနှံ့သို့ မနားမနေသွားလာနေခဲ့ပြီး သူ၏ ကြိုးစားအားထုတ်မှုများကြောင့်ပင် အင်အားစု အသီးသီး၏ ပါရမီရှင်အားလုံး ရှက်ရွံ့သွားကြသည်။
“ တော်တော်ကြိုးစားတာပဲ။ သူက သူ့ရဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်တယ် “
“ ပါရမီရှင်တစ်ယောက်က ကြောက်ဖို့မကောင်ဘူး။ ကြိုးစားအားထုတ်မှုကောင်းတဲ့ ပါရမီရှင်က ကြောက်ဖို့ကောင်းတာ “
“ သူက ဘယ်သူ့ကို သတ်ချင်နေတာလဲ “
“ … “
ဆွေးနွေးပြောဆိုမှုများ နေရာအနှံ့ ပျံ့လွင့်နေလျက်ရှိ၏။ ကောင်းကင်ဘုံ အကယ်ဒမီ၏ အစွမ်းထက် ပညာရှင်တို့မှာလည်း ၎င်းကို မြင်တွေ့သွားကာ စိတ်ခံစားချက်များဖြင့် သက်ပြင်းတချချ ဖြစ်သွားကြသည်။ ထိုကဲ့သို့သော စွမ်းရည်မျိုးကို အဆိုပါ ကြိုးစားအားထုတ်မှုနှင့် ပေါင်းစပ်လိုက်သောအခါ သူက အမှန်ပင် အလားအလာကောင်းသည့် ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့သည်။
အချိန်များ ကျော်လွန်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်တာကုန်ဆုံးသွားခဲ့သည်။ လုချန်ရှန်းက ကျမ်းစာစံအိမ်အတွင်းတွင် ရှေးလူကြီးများ၏ မှတ်စုများကို လှန်လောဖတ်ရှုနေစဥ် အချိန်မှာပင် ကောင်းကင်ဘုံ အကယ်ဒမီအနှံ့သို့ အသံတစ်သံ ပျံ့လွင့်လာခဲ့၏။
“ နတ်ဘုရားတွေရဲ့ ဂူဗိမာန်နယ်မြေ ဖွင့်ပြီ။ တံဆိပ်ပြား ရထားတဲ့လူတွေ မြန်မြန်လာကြပါ “
---
………………………………………………………………………………………………………………………………………….