← Chapters

အခန်း ၃၄၅

Vol. 35 Ch. 345

အခန်း ၃၄၅

Vol. 35 Ch. 345

အခန်း (၃၄၅)

တာဝန်ယူမှုနှင့် အကူအညီမဲ့ခြင်း

ဤစက်မှုဇုန်အတွင်းရှိ ရာထူးအကြီးဆုံး ခေါင်းဆောင်မှာ ယွီ အမည်ရှိသော မန်နေဂျာတစ်ဦး ဖြစ်လေသည်။

သို့ရာတွင် ထိပ်တန်း ခေါင်းဆောင်မှာ တစ်ကြိမ်တစ်ခါမျှ ပေါ်လာခြင်း မရှိခဲ့ဘဲ ၎င်းမှာ အလွန် လျှို့ဝှက်စွာ နေထိုင်ကြောင်း ပြသနေလေသည်။ ကောလာဟာလများအရ အဖွဲ့ခေါင်းဆောင် ဖြစ်လာမှသာလျှင် သူ့ကို တွေ့ဆုံခွင့်ရမည်ဟု သိရလေသည်။

သို့သော် အဖွဲ့အစည်း တစ်ခုလုံးတွင် အဖွဲ့ကြီး ရှစ်ဖွဲ့သာ ရှိပြီး ဆိုလိုသည်မှာ အဖွဲ့ခေါင်းဆောင် ရှစ်ဦးသာ ရှိခြင်း ဖြစ်လေသည်။ ခေါင်းဆောင် တစ်ဦးစီတွင် တိကျသော ရာထူးနေရာများ ရှိကြပြီး ၎င်းတို့၏ အဆင့်အတန်းမှာ လွယ်ကူစွာ ယိမ်းယိုင်သွားမည် မဟုတ်ချေ။

ဤအရာများကို သဘောပေါက်သွားပြီးနောက် လျန်ထျန်းသည် နောင်တရသလို ကံကောင်းသည်ဟုလည်း ခံစားလိုက်ရလေသည်။

ကံမကောင်းစွာဖြင့် သူ မည်မျှပင် အောင်မြင်မှုများ ရရှိစေကာမူ ဌာနမှူး ရာထူးအထိသာ တက်လှမ်းနိုင်မည်ဖြစ် ပြီး လိမ်လည်မှုကုမ္ပဏီ၏ အဓိက လျှို့ဝှက်ချက်များကို ဘယ်သောအခါမျှ သိရှိခွင့်ရမည် မဟုတ်ကြောင်းကို သူ သိနေခဲ့လေသည်။

ကံကောင်းသည်မှာ ဤလိမ်လည်မှုကုမ္ပဏီ၏ နောက်ကွယ်မှ သူဌေးမှာ ပျောင်ရှင်း ဖြစ်ကြောင်း သေချာသ လောက် ရှိနေခြင်း ဖြစ်လေသည်။ သူရော ပျောင်ရှင်းပါ တစ်ဦးနှင့်တစ်ဦး တွေ့မြင်နိုင်ခြင်း မရှိသောကြောင့် သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ပေါ်ပေါက်သွားနိုင်ချေ နည်းပါးလှပေသည်။

ဤနေရာသို့ လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ လူများကို ကယ်တင်ရန်သာ ဖြစ်လေသည်။ လိမ်လည်မှု ကုမ္ပဏီ၏ အဓိက လျှို့ဝှက်ချက်များကို မသိရလျှင်တောင်မှ သူတို့ကို ဤနေရာမှ ခေါ်ထုတ်သွားနိုင်မည် ဆိုပါက လုံလောက်ပြီ ဖြစ်လေသည်။

သို့သော် ဤနေရာမှ လူများကို ကယ်တင်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။

မကြာသေးမီက လျန်ထျန်း ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည့်အတိုင်း ဟွာရှား ကဲ့သို့သော အင်အားကြီး နိုင်ငံ တစ်နိုင်ငံပင်လျှင် ၎င်း၏ နိုင်ငံသားများကို ကယ်တင်ရန် အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်ရာတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရလေသည်။

အချိန်မှာ ညဉ့်နက်ပိုင်း ဖြစ်လေသည်။

တောအုပ်ကြီးမှာ မှောင်မိုက်နေသော်လည်း တောင်ခါးပန်းရှိ စက်မှုဇုန်အတွင်းရှိ အဆောက်အအုံများမှာမူ လင်းထိန်နေဆဲ ဖြစ်လေသည်။

မသမာသော လုပ်ငန်းများ လုပ်ကိုင်ရန် ဤနေရာသို့ လှည့်စားခေါ်ဆောင်ခံရသော သားကောင်များမှာ လုပ်ငန်း စွမ်းဆောင်ရည် ရည်မှန်းချက်များကို မပြည့်မီပါက တစ်နေ့လျှင် (၁၅) နာရီ သို့မဟုတ် (၁၆) နာရီခန့် အတင်း အကျပ် အလုပ်လုပ်ခိုင်းခြင်း ခံကြရလေသည်။

၎င်းတို့သည် ခွေးများထက် နောက်ကျမှ အိပ်ရပြီး ကြက်များထက် စောစောထရကာ မြည်းများထက် ပို၍ အလုပ်လုပ်ရပြီး ဝက်များထက် ပိုဆိုးသော အစားအစာများကို စားကြရသည်ဟု ဆိုလျှင်လည်း ချဲ့ကားပြော ဆိုရာ ရောက်မည် မဟုတ်ချေ။

သည်းမခံနိုင်တော့ဘဲ အနည်းငယ်မျှ ဆန့်ကျင်ရန် ရဲဝံ့သူတိုင်းမှာ အခြားသူများကို ခြောက်လှန့်ရန်အတွက် ချက်ချင်းပင် စံပြအဖြစ် သီးသန့် ထုတ်ယူခံရလေသည်။

၎င်းတို့ကို ကြိုးဖြင့်တုပ်ကာ ကြာပွတ်ဖြင့် ရိုက်ခြင်း၊ တုတ်များဖြင့် ရိုက်နှက်ခြင်း၊ ခုံတန်းလျားများဖြင့် ရိုက်ခွဲ ခြင်းနှင့် ပုလင်းများဖြင့် ရိုက်နှက်ခြင်း စသည်တို့ကို ပြုလုပ်ကြလေသည်။

မည်သို့ပင်ဆိုစေ ဤနေရာ တစ်ဝိုက်ရှိ အရာအားလုံးကို လူများကို ပညာပေး ရန် ကိရိယာအဖြစ် အသုံးပြုနိုင်ပြီး ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုမှာ လူသတ်ရန်ပင် ဝန်မလေးကြချေ။

အရိုက်ခံရသူက မည်မျှပင် သနားညှာတာရန် တောင်းပန်စေကာမူ မီးစစ်သူကြီးအဖွဲ့ မှ အဖွဲ့ဝင်များမှာ ၎င်းတို့ သေလုမျောပါး ဖြစ်သွားသည့်တိုင်အောင် ရိုက်နှက်ပြီးမှသာ ရပ်တန့်ကြလေသည်။

ထောင်ဂိတ်တံခါး၏ စစ်သူကြီးရှစ်ပါး ထဲမှ မီးစစ်သူကြီး သည် ပြဿနာများကို အင်အားသုံး၍ ဖြေရှင်းရန် တာဝန်ရှိပြီး မည်သည့် နည်းလမ်းကိုမဆို အသုံးပြုကြလေသည်။ အချုပ်အားဖြင့် ဆိုရသော် ၎င်းတို့မှာ လူမိုက်

များပင် ဖြစ်လေသည်။

ထို့အပြင် အမိန့်မနာခံသူများ သို့မဟုတ် ခုခံဆန့်ကျင်သူများသာ အရိုက်ခံရသည် မဟုတ်ဘဲ အမိန့်နာခံသော် လည်း ရလဒ်ကောင်းများ မပြသနိုင်သူများလည်း အရိုက်ခံကြရလေသည်။

အကယ်၍ တစ်လအတွင်း အရောင်းရည်မှန်းချက်များကို မပြည့်မီပါက သွေးဖောက်ထုတ်ခံရမည် ဖြစ်ပြီး နှစ်လ တိုင်တိုင် ရည်မှန်းချက် မပြည့်မီပါက ကျောက်ကပ်များ ထုတ်ယူခံရမည် ဖြစ်ကာ သုံးလတိုင်တိုင် ရည်မှန်းချက် မပြည့်မီပါကမူ...၊

သုံးလအတွင်း ရလဒ်ကောင်းများ မပြသနိုင်သူ မည်သူမျှ ဤနေရာတွင် ဆက်ရှိနေမည် မဟုတ်တော့ဘဲ နိုင်ငံ တကာ ရေပိုင်နက်များဆီသို့ ပို့ဆောင်ခံရကာ ၎င်းတို့၏ နောက်ဆုံးကျန်ရှိနေသော တန်ဖိုးများကိုပါ အကုန်အစင် ထုတ်ယူခံရမည် ဖြစ်လေသည်။

မိမိတို့ ပတ်ဝန်းကျင်ရှိ လူများစွာ၏ ကြေကွဲဖွယ် ကံကြမ္မာများကို မျက်မြင်တွေ့ရှိခဲ့ရပြီးနောက် ကျန်ရစ်သူများ မှာ ညွှန်ကြားချက်များအတိုင်း အသက်စွန့်ကာ အလုပ်လုပ်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။

ည (၁၁) နာရီ (၃၀) မိနစ် အချိန်တွင် တစ်နေ့တာ အရောင်းရည်မှန်းချက်များကို မပြည့်မီသေးသူ များစွာမှာ စိုးရိမ်ပူပန်မှုကြောင့် ချွေးသံတရဲရဲ ဖြစ်နေကြလေသည်။

၎င်းတို့သည် ဤနေ့၏ နောက်ဆုံး နာရီဝက်အတွင်း ရည်မှန်းချက်များကို မပြည့်မီပါက ကင်းလှည့်နေသော မီးစစ်သူကြီးအဖွဲ့ဝင်များက ၎င်းတို့ကို တုတ်များဖြင့် ရက်စက်စွာ ရိုက်နှက်ကြမည်ကို သိရှိနေကြလေသည်။

သို့သော် သန်းခေါင်ယံမတိုင်မီ ဆယ်မိနစ်အလိုတွင် လူတစ်စုက အပြင်ဘက်မှ ရုတ်တရက် ပြေးဝင်လာပြီး စိုးရိမ်တကြီး အော်ဟစ်လိုက်ကြလေသည်။

"ဟွာရှားရဲတွေ ရောက်လာပြီ... အားလုံး ချက်ချင်း မြေအောက်ကို ဆင်းကြ...။”

ပြေးဝင်လာပြီး အော်ဟစ်ခဲ့သူများမှာ လေစစ်သူကြီးအဖွဲ့ မှ ဖြစ်ကြလေသည်။ ၎င်းတို့သည် အဓိကအားဖြင့် သတင်းအချက်အလက်များ စုဆောင်းရန် တာဝန်ရှိပြီး များသောအားဖြင့် ကင်းစောင့်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးလေ့ရှိကြသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ၎င်းတို့မှာ ထောက်လှမ်းရေး အေးဂျင့်များ ဖြစ်ကြလေသည်။ သူစိမ်းတစ်ယောက် ချဉ်းကပ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့က တစ်ဖက်လူ၏ သတင်းအချက်အလက်များကို အမြန်ဆုံး ရှာဖွေ နိုင်ပြီး ထိုသတင်းများကို ပြန်လည် ယူဆောင်လာနိုင်လေသည်။

ဟွာရှားရဲများ ရောက်ရှိလာပြီဟု ကြားသောအခါ သားကောင်များစွာမှာ စိတ်လှုပ်ရှားသွားကြပြီး အချို့ဆိုလျှင် အကူအညီတောင်းရန် ပြတင်းပေါက်မှ ပြေးထွက်ကာ အော်ဟစ်ရန်ပင် ကြိုးစားခဲ့ကြလေသည်။

သို့သော် ကြိုတင် ပြင်ဆင်ထားသော မီးစစ်သူကြီး အဖွဲ့ဝင်များက ထွက်ပေါ်လာသူများကို ချက်ချင်း တားဆီး လိုက်ပြီး ပြင်းထန်စွာ ရိုက်နှက်လိုက်ကြလေသည်။

ထို့နောက် လူများကို ဦးနှောက်ဆေးရာတွင် အကျွမ်းကျင်ဆုံး ဖြစ်သော စစ်သူကြီးအဖွဲ့ဝင်များ က မတ်တတ် ရပ်ကာ စကားပြောဆိုလာကြလေသည်။

"လိမ်လိမ်မာမာ နေကြစမ်း...။ အဲ့ဒီလူတွေက မင်းတို့ကို ကယ်တင်ဖို့ ရောက်လာတာလို့ တကယ် ထင်နေကြတာ လား...။ သူတို့က မင်းတို့ကို ဖမ်းဖို့ လာကြတာ...။”

"မင်းတို့ ဒီနေရာမှာ ဘာတွေ လုပ်ခဲ့လဲ ဆိုတာ စဉ်းစားကြည့်ကြ...။ တကယ်လို့ အဖမ်းခံရရင် အနည်းဆုံး သုံးနှစ် ကနေ ငါးနှစ်လောက်အထိ ထောင်ချခံရမှာပဲ...။”

"ပြီးတော့ ငါတို့ ဒီလောက် အတိုင်းအတာအထိ ရောက်နေပြီဆိုတော့ ဒီလိုကိစ္စမျိုးကို အရင်က မကြုံဖူးဘူးလို့ မင်းတို့ ထင်နေတာလား...။ ဒါက ငါတို့အတွက် သာမန်ကိစ္စတစ်ခုပါပဲ...။”

"ဟွာရှားရဲတွေမှာ ဒီနေရာအတွက် တရားဥပဒေ စိုးမိုးနိုင်တဲ့ အာဏာ မရှိဘူး...။ ဒီကိစ္စကို မြန်မြန်ဆန်ဆန် ဖြေရှင်းဖို့ ငါတို့ဆီမှာ နည်းလမ်းတွေ အများကြီး ရှိတယ်...။ အခုအချိန်မှာ ရမ်းကားရဲတဲ့ သူတိုင်းကို ငါတို့ ဖြေရှင်းပြီးတာနဲ့ အလှည့်ကျလာရလိမ့်မယ်...။”

ဤကဲ့သို့သော ခြိမ်းခြောက်မှုများနှင့် အကျပ်ကိုင်မှုများအောက်တွင် လူများစွာမှာ ငြိမ်ကျသွားကြလေသည်။

ဤအချိန်တွင် ထွက်ပြေးရေးအဖွဲ့ဝင်များ က လှုပ်ရှားလာကြလေသည်။ ၎င်းတို့၏ ကျွမ်းကျင်မှုမှာ အဖြစ်အပျက် တစ်ခုဖြစ်ပြီးနောက် အဖွဲ့ဝင်များကို ထွက်ပြေးရန် ကူညီပေးခြင်း သို့မဟုတ် အလုပ်ပြီးမြောက်ပြီးနောက် ပျောက် ကွယ်သွားစေခြင်း ဖြစ်လေသည်။

လုံခြုံရေးအရာရှိဟုလည်း လူသိများသော ၎င်းတို့သည် လွတ်မြောက်ရာ လမ်းကြောင်းကို စတင် စီစဉ်နေပြီ ဖြစ်လေသည်။

မိုင်ပေါင်းများစွာ ပတ်လည်တွင် တောင်တန်းများ တစ်ခုပြီးတစ်ခု ရှိနေလေသည်။ တောင်တန်းများ၏ တစ်ဖက် တွင် ဟွာရှား ရှိပြီး အခြားတစ်ဖက်တွင်မူ မြောက်ပိုင်းသရဖူ ရှိလေသည်။

တောင်တန်းများပေါ်တွင် ရွာသူရွာသား များစွာ ရှိနေသေးပြီး အံ့ဩစရာကောင်းသည်မှာ ဤစက်မှုဇုန်နှင့် ထိုရွာ များကို ဆက်သွယ်ထားသော မြေအောက် လျှို့ဝှက်လမ်းများ ရှိနေခြင်းပင် ဖြစ်လေသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် စက်မှုဇုန်အတွင်းရှိ လူအားလုံးသည် မြေအောက်လမ်းမှတစ်ဆင့် ထိုရွာများထဲသို့ ဝင်ရောက် ပုန်းအောင်းနိုင်ကြလေသည်။

ထို့အပြင် ရွာသူရွာသားများက ထိုနေရာသို့ ခေါ်ဆောင်လာသူများကို စောင့်ကြည့်ရန် တစ်စုံတစ်ယောက်ကို အလိုအလျောက် စီစဉ်ပေးကြလေသည်။

ထွက်ပြေးရန် ကြိုးစားသူ မည်သူ့ကိုမဆို ရွာသူရွာသားများက ဖမ်းဆီးပြီး ပြင်းထန်စွာ ရိုက်နှက်ကာ ပြန်ပို့ကြ လေသည်။

အမှန်တကယ်တွင် ဤရွာသူရွာသား အားလုံးသည် လိမ်လည်မှုများ လုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြခြင်း ဖြစ်ပြီး ၎င်းတို့သည် အခြေခံအားဖြင့် လိမ်လည်မှုဂိုဏ်း၏ အရန် အဖွဲ့ဝင်များပင် ဖြစ်လေသည်။

ကားအချို့ စက်မှုဇုန်ဆီသို့ ဦးတည်လာချိန်မှာ သန်းခေါင်ယံ အချိန်ကို အနည်းငယ် ကျော်လွန်နေပြီ ဖြစ်လေ သည်။

လမ်းတွင် လက်နက်များ ကိုင်ဆောင်ကာ မီးတုတ်များ ကိုင်ဆောင်ထားသော ရွာသူရွာသား တစ်စု ပေါ်လာပြီး ကားကို တားဆီးလိုက်ကြလေသည်။

ယခုအခါ လျန်ထျန်းသည် ကြီးကြပ်ရေးမှူး တစ်ဦးဖြစ်နေပြီ ဖြစ်သောကြောင့် သူသည် အခြား ဌာနမှူးများ၊ အဖွဲ့ခေါင်းဆောင်များနှင့်အတူ အချို့သော လှုပ်ရှားမှုများတွင် ပါဝင်ခွင့်ရနေပြီ ဖြစ်လေသည်။

မှောင်မိုက်နေသော တောအုပ်ထဲတွင် ပုန်းကွယ်နေရင်း မန်နေဂျာယွီ၏ အမိန့်အရ ရွာသူရွာသားများ လုပ်ဆောင် နေသည်ကို ၎င်းတို့က မျှော်လင့်ချက်မဲ့စွာဖြင့် စောင့်ကြည့်နေခဲ့ကြလေသည်။

"ဟွာရှားရဲတွေ ရောက်လာပြီ...၊ ရိုက်ခွဲလိုက်ကြ...။”

ရွာသူရွာသားများမှာ အနည်းငယ်မျှ တုံ့ဆိုင်းနေခြင်း မရှိဘဲ ရှေ့သို့ ပြေးထွက်လာကာ ကားအချို့ကို ရိုက်ခွဲ၊ လုယက်ကာ မီးရှို့လိုက်ကြပြီး ၎င်းတို့၏ ဒေသခံ ဘာသာစကားဖြင့် တစ်သံတည်း အော်ဟစ်လိုက်ကြလေသည်။

"ထွက်သွား...၊ ထွက်သွား...၊ ထွက်သွား...။”

ကားပေါ်ရှိ ဟွာရှား ရဲအရာရှိများမှာ လူအင်အား မမျှသဖြင့် ကားကို စွန့်ပစ်ကာ ထွက်ပြေးရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။

၎င်းတို့၏ အခြေအနေမှာ အလွန် ခက်ခဲလှပေသည်။ ၎င်းတို့တွင် နိုင်ငံခြား၌ တရားဥပဒေ စိုးမိုးရေး အာဏာ မရှိသည့်အပြင် အကယ်၍ ဂရုမစိုက်ပါက ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ပြီး ဘယ်သောအခါမျှ ပြန်မလာနိုင်တော့ မည့် အခြေအနေသို့ ရောက်သွားနိုင်လေသည်။

လက်နက်ကိုင် အင်အား အသုံးပြုရန်မှာ ပို၍ပင် ခက်ခဲလှပေသည်။ အဘယ်ကြောင့်ဆိုသော် ဟွာရှားနိုင်ငံ၏ အမှားကို ရှာဖွေရန် စိတ်အားထက်သန်နေသော အီးဂဲလ်နိုင်ငံ ကဲ့သို့သော နိုင်ငံများ၏ အနီးကပ် စောင့်ကြည့်ခြင်း ကို ခံရမည်ဖြစ်သောကြောင့်တည်း။

ဟွာရှားက နိုင်ငံခြားတွင် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များကို အသုံးပြုရန် ရဲဝံ့သရွေ့ လျှို့ဝှက်ရည်ရွယ်ချက် ရှိသူများက ပြဿနာရှာရန် အခွင့်အရေးကို ဆုပ်ကိုင်ထားကြမည် ဖြစ်လေသည်။

ဥပမာအားဖြင့် ဟွာရှားက အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခြင်းနှင့် ကျူးကျော် စစ်ပွဲများ ဆင်နွှဲခြင်း စသည်ဖြင့် စွပ်စွဲကြမည် ဖြစ်လေသည်။

ထိုအချိန်ကျလျှင် အီးဂဲလ်နိုင်ငံ ကဲ့သို့သော ယုတ်မာသည့်လူများက အခြားအရာ တစ်ခုခုကို ထပ်လုပ်ချင်ပါက ၎င်းတို့အတွက် တရားမျှတသော အကြောင်းပြချက် တစ်ခု ရရှိသွားမည် ဖြစ်လေသည်။

ထို့ကြောင့် ဤနေရာရှိ ဟွာရှား ရဲအရာရှိများမှာ အမှန်တကယ်ပင် အဟန့်အတားများစွာ ရှိနေပြီး ၎င်းတို့၏ စွမ်းရည်များကို ထိရောက်စွာ အသုံးမချနိုင်ကြချေ။

နှစ်များတစ်လျှောက် ယနေ့ကဲ့သို့သော မရေမတွက်နိုင်သည့် ကျရှုံးမှုများကို ကြုံတွေ့ခဲ့ရလေသည်။

ဤအရာအားလုံးကို မြင်တွေ့ရသောအခါ လျန်ထျန်းသည် သူ၏ မိခင်နိုင်ငံတော်၏ စိုးရိမ်ပူပန်မှုများနှင့် အကူ အညီမဲ့နေမှုများကို နားလည်သွားပြီး လက်သီးကို မဆုပ်ဘဲ မနေနိုင်တော့ချေ။

သို့သော် ယခုအချိန်တွင်ပင် လူများကို ကယ်တင်ရန် အကောင်းဆုံးအချိန် မရောက်သေးကြောင်းနှင့် သည်းခံရန် လိုအပ်နေသေးကြောင်းကို သူ ကောင်းစွာ သိရှိထားလေသည်။

သို့ရာတွင် သည်းခံနိုင်စွမ်း မရှိပါက အစီအစဉ်ကြီး တစ်ခုလုံးကို ပျက်စီးသွားစေနိုင်ကြောင်း သူ သိထားသော် လည်း သားကောင်အချို့မှာမူ လှုပ်ရှားချင်စိတ်ကို မထိန်းချုပ်နိုင်ခဲ့ကြချေ။

၎င်းတို့သည် နောက်ဆုံးတွင် စက်မှုဇုန်မှ ထွက်ခွာရန် အခွင့်အရေး ရရှိခဲ့ပြီး ဤသည်မှာ ၎င်းတို့အတွက် လွတ် မြောက်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်ဟု ခံစားခဲ့ကြလေသည်။

ထို့ကြောင့် လူများစွာမှာ အန္တရာယ်ရှိကြောင်း သိသိကြီးနှင့်ပင် လုပ်ဆောင်ခဲ့ကြလေတော့သည်...။

All Chapters