← Chapters

အခန်း ၃၄၆

Vol. 35 Ch. 346

အခန်း ၃၄၆

Vol. 35 Ch. 346

အခန်း (၃၄၆)

ဒါချောင်...၊ ဒီနေရာကို ထွက်လာခဲ့တော့...

စက်မှုဇုန်အတွင်း၌ မီးစစ်သူကြီးအဖွဲ့၏ အချိန်ပြည့် စောင့်ကြည့်ခံရခြင်းထက်စာလျှင် ရွာထဲရှိ ဒေသခံရွာသား အချို့၏ စောင့်ကြည့်ခံရခြင်းက ပို၍ ကောင်းမွန်လှပေသည်။

ထို့အပြင် စက်မှုဇုန်၏ အရပ်လေးမျက်နှာစလုံးတွင် မီတာအနည်းငယ် မြင့်မားသော တံတိုင်းများဖြင့် ဝန်းရံ ထားပြီး အပေါ်တွင် ဆူးချွန်များပါရှိသည့် လျှပ်စစ်သံဆူးကြိုးများ တပ်ဆင်ထားကာ တံတိုင်းအပြင် ဘက်တွင် လည်း အဝေးပစ်လက်နက်များ ကိုင်ဆောင်ထားသူများ ရှိနေလေသည်။

၎င်းနှင့် နှိုင်းယှဉ်ပါက ရွာထဲမှ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခြေမှာ အများကြီး ပိုများလှပေသည်။ လွတ်လပ်ခွင့်ကို တောင့်တနေကြသော လူများစွာအနေဖြင့် မည်သို့လျှင် သည်းခံနိုင်ပါမည်နည်း။

ထို့ကြောင့် အချို့သောသူများသည် အချင်းချင်း ချည်နှောင်ထားသော ကြိုးများကို ဖြည်ပေးရန် တိတ်တဆိတ် ကြံစည်ခဲ့ကြပြီးနောက် အခွင့်ကောင်းကို အရယူကာ ၎င်းတို့ကို စောင့်ကြပ်နေသည့် ဒေသခံရွာသားများကို အတူ တကွ ပူးပေါင်း တိုက်ခိုက်ခဲ့ကြလေသည်။

ရွာထဲမှ ထွက်ပြေးပြီးနောက် သန်းခေါင်ယံအချိန်တွင် မှောင်မိုက်နေသော တောအုပ်ထဲသို့ တိုးဝင်သွားခဲ့ကြရာ အခြားသူများအနေဖြင့် ၎င်းတို့ကို အချိန်တိုအတွင်း ဖမ်းမိရန် အတော်လေး ခက်ခဲသွားစေခဲ့လေသည်။

ထိုအချိန်တွင် ၎င်းတို့သည် လွတ်လပ်သွားပြီဟု ခံစားလိုက်ရပြီး ၎င်းတို့၏ ရင်ထဲတွင် နှိုင်းယှဉ်၍မရနိုင်သော ဝမ်းသာပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

သို့ရာတွင် မကြာမီမှာပင် အလွန် လက်တွေ့ကျသော ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။ ၎င်းတို့သည် အပြန်လမ်းကို ရှာမတွေ့တော့ခြင်းပင် ဖြစ်လေသည်။

ဤနေရာသို့ ပထမဆုံး ရောက်လာစဉ်က လက်နက်များ၏ ခြိမ်းခြောက်မှုအောက်တွင် တောင်တန်းများပေါ်၌ နာရီပေါင်းများစွာ အတင်းအကျပ် လမ်းလျှောက်ခဲ့ရလေသည်။ လမ်းကြောင်းမှာ အလွန် ကွေ့ကောက်လွန်း သဖြင့် ဦးတည်ရာကို လုံးဝ မမှတ်မိနိုင်တော့ချေ။

ယခုအခါ အမှောင်ကျနေပြီဖြစ်ပြီး ထူထပ်သော တောအုပ်ကြီးဖြင့် ဝန်းရံခံထားရလေသည်။ လက်ကိုင်ဖုန်း သို့မဟုတ် အခြား မည်သည့် ကိရိယာမှ မပါရှိဘဲ လမ်းပျောက်သွားသည်မှာ အံ့ဩစရာ မဟုတ်ပေ။

ထိုသို့ဖြင့် ၎င်းတို့သည် ညမှ နေ့အထိ လျှောက်လာခဲ့ကြသော်လည်း တောင်တန်းများနှင့် တောအုပ်ထဲမှ မထွက် နိုင်သေးချေ။

မြို့ငယ်လေး တစ်မြို့ကို မြင်လိုက်ရသောအခါ ၎င်းတို့မှာ သေဘေးမှ လွတ်မြောက်လာသကဲ့သို့ ခံစားလိုက်ကြ ရလေသည်။

အထူးသဖြင့် ဤမြို့ငယ်လေးထဲတွင် လမ်းမများပေါ်၌ ကင်းလှည့်နေသော ရဲအရာရှိများကို မြင်လိုက်ရသော အခါ တစ်ခဏမျှ ၎င်းတို့ တကယ် ကယ်တင်ခံလိုက်ရပြီဟု ထင်မှတ်သွားခဲ့ကြလေသည်။

သို့သော် ၎င်းတို့က ရဲများထံသို့ ပြေးသွားပြီး အကူအညီ တောင်းခံလိုက်ချိန်တွင်ပင် ဒေသခံ ရဲအရာရှိများက လက်နက်များကို ဆွဲထုတ်ကာ ၎င်းတို့ထံသို့ ချိန်ရွယ်လိုက်ကြလေသည်။

အစပိုင်းတွင် ရဲများက ၎င်းတို့ကို နားလည်မှုလွဲနေသည်ဟု ထင်မှတ်ကာ တစ်စုံတစ်ယောက်က ရှေ့သို့ လျင်မြန် စွာ ထွက်၍ ရှင်းပြလိုက်လေသည်။

"ကျွန်တော်တို့က ဟွာရှားလူမျိုးတွေပါ…။ ဒီနေရာကို လိမ်ပြီး ခေါ်လာခံရတာပါခင်ဗျာ...။ ခင်ဗျားတို့ ကျွန်တော် ပြောတာကို နားလည်နိုင်လား...။”

"ကျွန်တော် အီးဂဲလ်စကား နည်းနည်း သိပါတယ်...။ ကျွန်တော်တို့ကို ဟွာရှားသံရုံးနဲ့ ဆက်သွယ်ဖို့ ကူညီပေး နိုင်မလား...၊ ကျွန်တော်တို့ အိမ်ပြန်ချင်လို့ပါ...။”

ဒေသခံ ရဲအရာရှိများက နားလည်ပုံရပြီး ကားတစ်စီးကို အမြန်ခေါ်ကာ အားလုံးကို ကားပေါ် တက်ခိုင်းလိုက် လေသည်။

လူများမှာ ကားပေါ်တက်ချိန်တွင် စိတ်လှုပ်ရှားနေကြပြီး သံရုံးသို့ သွားရောက်ကာ အိမ်သို့ ဘေးကင်းစွာ ပြန်နိုင်တော့မည်ဟု ထင်မှတ်နေခဲ့ကြလေသည်။

ကားပေါ်တွင်ပင် သူက ဒေသခံ ရဲအရာရှိများကို ညည်းတွားပြောဆိုနေခဲ့လေသည်။

"ဒီနေရာက လုံခြုံရေး အခြေအနေက တကယ် ဆိုးရွားတာပဲ...။ ဒီနားမှာ လိမ်လည်မှုဂိုဏ်း တစ်ခုရှိပြီး ပတ်ဝန်း ကျင်က ရွာတွေကလည်း အလိုတူအလိုပါတွေပဲ...။ ခင်ဗျားတို့ ဘာမှ မလုပ်ကြတော့ဘူးလား...။”

"ကျွန်တော် နောက်မှ အကြမ်းဖျင်း တည်နေရာကို ပေးပါ့မယ်...။ ခင်ဗျားတို့ အဲ့ဒီနေရာကို အမြန်ဆုံး ရှင်းလင်းဖို့ လူတွေ လွှတ်လိုက်တာ ပိုကောင်းမယ်...။ မဟုတ်ရင် အဲ့ဒီနေရာမှာ လူဘယ်နှယောက်များ ထပ်ပြီး ဒုက္ခရောက် ကြဦးမလဲ ဘယ်သူသိမှာလဲ...။ ကျွန်တော်တို့ အဲ့ဒီထဲမှာ ရှိနေတုန်းက တကယ်ကို ဆိုးဆိုးရွားရွား ဒုက္ခခံခဲ့ရ တာပါ...။”

သို့သော် သူ၏ ညည်းတွားမှုများ မဆုံးမီမှာပင် ကားမှာ ရပ်တန့်သွားခဲ့လေသည်။

ကားတံခါး ပွင့်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မူလ လိမ်လည်မှုဂိုဏ်း၏ စက်မှုဇုန်သို့ ပြန်ရောက် နေကြောင်း သဘောပေါက်သွားခဲ့လေသည်။

အမှန်တကယ်တွင် ဒေသခံ ရဲအရာရှိများသည် လိမ်လည်မှုဂိုဏ်းနှင့် ပူးပေါင်းကြံစည်နေသည်မှာ ကြာပြီဖြစ်ပြီး ၎င်းတို့ထံမှ အကျိုးအမြတ်များ ရရှိနေခြင်း ဖြစ်လေသည်။

ထွက်ပြေးရန် ကြိုးစားသူ မည်သူ့ကိုမဆို ၎င်းတို့နှင့် တွေ့ဆုံမိပါက ဖမ်းဆီး၍ ပြန်လည် ခေါ်ဆောင်လာကြမည် ဖြစ်လေသည်။

ပြန်စဉ်းစားကြည့်လျှင် ဒေသခံ ရွာသူရွာသားများသည်လည်း ထိုအခြေအနေအတိုင်းပင် ဖြစ်လေသည်။

ဤနေရာရှိ လူတိုင်းသည် လိမ်လည်မှု လုပ်ငန်းတွင် အကျိုးအမြတ် ပါဝင်ပတ်သက်နေပြီး ၎င်းမှတစ်ဆင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသည်ဟု ဆိုနိုင်ပေသည်။

လူတိုင်း 'အမည်းရောင်' ဖြစ်နေချိန်တွင် 'အဖြူရောင်' ဆိုသည်မှာ သဘာဝကျကျပင် အပြစ်တစ်ခု ဖြစ်လာ တော့လေသည်။

ယခင်က အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့သည်ဟု ထင်မှတ်ခဲ့သူများမှာ ဒေသခံ ရဲအရာရှိများက လိမ်လည်မှု ဂိုဏ်းဝင်များကို ပြုံးရွှင်စွာ နှုတ်ဆက်နေသည်ကို မြင်သောအခါ ၎င်းတို့၏ မျက်လုံးထဲမှ မျှော်လင့်ချက်မဲ့မှုများကို မဖုံးကွယ်နိုင်ကြတော့ချေ။

ဒေသခံ ရဲအရာရှိများက ငွေအချို့ ယူကာ အားလုံးကို ကားပေါ်မှ ဆင်းခိုင်းပြီးနောက် မောင်းထွက်သွားကြလေ တော့သည်။

လိမ်လည်မှုဂိုဏ်းဝင်များအတွက် မကြာမီ အလုပ်တစ်ခု ထပ်ရလာပြန်ပြီး ဤထွက်ပြေးသူများမှာ ရက်စက် ကြမ်းကြုတ်သော ရိုက်နှက်မှုကို မလွဲမသွေ ခံကြရတော့မည် ဖြစ်လေသည်။

မန်နေဂျာယွီက အားလုံးကို ကွင်းပြင်ထဲတွင် စုဝေးစေပြီး ထွက်ပြေးသူများ အရိုက်ခံရသည်ကို ကြည့်ရှုစေခဲ့ လေသည်။

ထွက်ပြေးရန် ကြိုးစားသူတိုင်း၏ ခြေထောက်များ ရိုက်ချိုးခံရသောကြောင့် အော်ဟစ်သံများမှာ လေထုထဲတွင် ဖုံးလွှမ်းသွားခဲ့လေသည်။

မီးစစ်သူကြီးအဖွဲ့မှ ပို၍ စိတ်ဆိုးနေသော အချို့အဖွဲ့ဝင်များဆိုလျှင် တစ်စုံတစ်ယောက်ကို ကျပန်းရွေးချယ်ကာ ၎င်းတို့၏ ကိုယ်ပိုင် နိုင်ငံသားအချင်းချင်းကိုပင် ပြန်လည် ရိုက်နှက်ခိုင်းသည်အထိ လုပ်ဆောင်ကြလေသည်။

သေနတ်ပြောင်းဝ အမည်းရောင်ကြီးများက ၎င်းတို့၏ ခေါင်းတည့်တည့်တွင် ရှိနေသောကြောင့် ထိုအချိန်တွင် မည်သူ့၌ ရွေးချယ်စရာ သို့မဟုတ် ဖြေရှင်းစရာ နည်းလမ်း ရှိနိုင်မည်နည်း။ ၎င်းတို့မှာ တုန်ရီလျက် ညွှန်ကြား သည့်အတိုင်းသာ လုပ်ဆောင်နိုင်ကြတော့လေသည်။

အကယ်၍ ဤအချိန်တွင် တစ်စုံတစ်ယောက်က ခုခံဆန့်ကျင်ခြင်း သို့မဟုတ် အမိန့်မနာခံခြင်းများ ပြုလုပ်ပါက မန်နေဂျာယွီက မီးစစ်သူကြီးအဖွဲ့ဝင်များထံသို့ လည်ပင်းလှီးသည့် အမူအရာကို တိုက်ရိုက် ပြသလိုက်မည် ဖြစ် လေသည်။

မီးစစ်သူကြီးအဖွဲ့က ချက်ချင်း နားလည်သွားပြီး မည်သည့် စိတ်ခံစားမှုမျှ မပါဘဲ ခလုတ်ဆွဲလိုက်ကာ လူတစ် ယောက်၏ အသက်ကို ကြက်တစ်ကောင် သတ်သကဲ့သို့ အလွယ်တကူ နုတ်ယူသွားကြမည် ဖြစ်လေသည်။

လူတစ်ယောက် အသက်ဆုံးရှုံးသွားပြီးနောက် မန်နေဂျာယွီက သူ၏ လက်အုပ်ကို ချီကာ မျက်လုံးများကို မှိတ်ပြီး သူ၏ဘေးရှိ ဗုဒ္ဓဆင်းတုတော်ကို ရိုသေကိုင်းရှိုင်းစွာ ရှိခိုးဦးချလေ့ရှိလေသည်။

သူ ဘာတွေ တွေးနေသည်ကို တကယ်ပင် မသိနိုင်ချေ။ စက္ကန့်ပိုင်းလေးအတွင်းမှာပင် လူများကို ဆုံးမနေပြီး နောက်တစ်စက္ကန့်တွင် ဘုရားရှိခိုးနေပြန်လေသည်။

လုံးဝကွဲပြားခြားနားသော ဤမျက်နှာနှစ်ခုသည် အပြစ်များကို ဆေးကြောခြင်းလော သို့မဟုတ် ပိုမိုကြီးမားသော လောဘလော။

စဉ်းစားကြည့်ရုံဖြင့်ပင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

လျန်ထျန်းသည် လူအုပ်ထဲမှနေ၍ ဤအရာအားလုံးကို စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင် ဆက်လက်၍ သည်းမခံနိုင်တော့ချေ။

တစ်ချိန်တည်းမှာပင် အချိန်အခါသင့်ပြီဟု သူ ခံစားလိုက်ရလေသည်။ ထွက်ပြေးသည့် အဖြစ်အပျက်ကြောင့် လိမ်လည်မှုဂိုဏ်းက အခြားသူများကို သတိပေးရန် စံပြအဖြစ် ပြုလုပ်လိုသောကြောင့် လူအားလုံးကို ဤနေရာ တွင် စုဝေးစေခဲ့ခြင်း ဖြစ်လေသည်။

အကယ်၍ ယခုအချိန်တွင် လူများကို ကယ်တင်ရန် လှုပ်ရှားပါက အသတ်ခံလိုက်ရသူများမှလွဲ၍ တတ်နိုင်သမျှ လူအများအပြားကို ကယ်တင်နိုင်မည် ဖြစ်လေသည်။

"ဒါချောင်...၊ ဒီနေရာကို ထွက်လာခဲ့တော့...။ ဒီလူယုတ်မာတွေကို ဘုရားရှေ့မှာပဲ တမလွန်ကို ရောက်သွားအောင် ပို့ပေးလိုက်စမ်းပါ...။”

ဤစကားများကို လျန်ထျန်းက သူ၏ လည်ပင်းရှိ သွေးကြောများ ထောင်ထလာသည်အထိ အစွမ်းကုန် အော်ဟစ်လိုက်ခြင်း ဖြစ်လေသည်။

ဤအသံကို ကြားသောအခါ လူတိုင်း၏ အကြည့်များက သံသယများဖြင့် ၎င်းတို့ထံသို့ လှည့်လာကြပြီး ထိုအထဲ တွင် ရိုသေကိုင်းရှိုင်းစွာ ဘုရားရှိခိုးနေသော မန်နေဂျာယွီပင် ပါဝင်လေသည်။

ဌာနမှူးသစ် ဖြစ်လာသော လျန်ထျန်း၏ ယခင် ကြီးကြပ်ရေးမှူးဟောင်းက ချက်ချင်းပင် ရောက်လာပြီး သူ့ကို ဆွဲထူကာ အသံနက်ကြီးဖြင့် ပြောလိုက်လေသည်။

"မင်း ဘာဖြစ်နေတာလဲ...၊ သရဲပူးနေတာလား...။ မန်နေဂျာယွီကို မြန်မြန် သွားပြော...။”

သို့သော် သူ စကားပြော၍ မဆုံးမီနှင့် အခြားမည်သူမျှ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင်။

“ဝုန်း...”

ကောင်းကင်ယံတွင် ရုတ်တရက် အသံလှိုင်းပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့လေသည်။ ဤသည်မှာ အသံထက် မြန်သော အရာတစ်ခုခုမှသာ ပြုလုပ်နိုင်သည့် အသံမျိုး ဖြစ်လေသည်။

ဤမျှ ကြီးမားလှသော လှုပ်ရှားမှုကြီးက လူတိုင်း၏ အာရုံကို ကောင်းကင်ယံသို့ ချက်ချင်း ရောက်သွားစေခဲ့ပြီး နောက်... ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရလေသည်။

နတ်ဘုရားတစ်ပါးအလား လူရိပ်တစ်ခုသည် လေထဲတွင် ရပ်တန့်နေလေသည်။

သူ၏ ခြေအောက်မှ မီးတောက်များ ပန်းထွက်နေပြီး ဆန့်တန်းထားသော လက်နှစ်ဖက်စလုံးတွင် ဧရာမ မီးလုံး ကြီး တစ်လုံးစီကို ကိုင်ဆောင်ထားလေသည်။

မြောက်ပိုင်းသရဖူ ရှိ လူများစွာသည် ဘာသာရေးကိုင်းရှိုင်းသော လူများ ဖြစ်ကြပြီး ဤမြင်ကွင်းကို မြင်သော အခါ ၎င်းတို့ထဲမှ အချို့က လက်နက်များကို ချက်ချင်း လွှတ်ချလိုက်ကြလေသည်။

ပို၍ဆိုးသည်မှာ အချို့လူများက ဒူးထောက်ချလိုက်ကြပြီး မိမိတို့ဘာသာ ရေရွတ်နေကြလေသည်။

"ဒါ နတ်ဘုရားပဲ...၊ နတ်ဘုရား တစ်ပါး လူ့လောကကို ဆင်းသက်လာပြီ...။”

နတ်ဘုရား အဖြစ် အထင်ခံရသော ကျန်းချောင် သည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော လူများကို ကြည့် လိုက်သော်လည်း သူ၏ မျက်နှာမှာ မည်းမှောင်နေလေသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း လျန်ထျန်း မြင်ခဲ့ရသမျှ အရာအားလုံးကို အချိန်ပြည့် စောင့်ကြည့်စနစ်က တစ်ဆင့် ငါ အကုန်မြင်ခဲ့ရတယ်...။”

"မင်းတို့လို လူမဆန်တဲ့ ကောင်တွေက မင်းတို့ ယုံကြည်တဲ့ နတ်ဘုရားတွေ အကြောင်းကို တွေးနေနိုင်သေးတယ် ပေါ့လေ...။ ရယ်စရာကောင်းလိုက်တာ...။”

"အကယ်၍ ဒီလောကမှာ နတ်ဘုရားတွေ တကယ် ရှိတယ်ဆိုရင်တောင် သူတို့က မင်းတို့ကို ငရဲပို့ဖို့ပဲ ရောက် လာကြမှာ...။ ကောင်းပြီလေ...၊ အခု အဲ့ဒီ နတ်ဘုရားတွေ ကိုယ်စား ငါက လုပ်ပေးလိုက်မယ်...။”

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကျန်းချောင်က သူ၏ လက်ထဲတွင် ကိုင်ထားသော ဧရာမ မီးလုံးကြီး နှစ်လုံးကို အောက်သို့ ပစ်ချလိုက်လေသည်။

ကောင်းကင်ယံတွင် ရှိနေစဉ်ကတည်းက မီးလုံးကြီး နှစ်လုံးစလုံးမှာ အလွန် ကြီးမားလှပေသည်။

၎င်းတို့ အောက်သို့ ကျဆင်းလာသည့် အခိုက်အတန့်တွင် ဖိနှိပ်မှု ခံစားချက်က ပို၍ပင် ကြီးမားလာပြီး နေမင်း နှစ်စင်း တစ်ပြိုင်နက် ကျဆင်းလာသကဲ့သို့ပင် ဖြစ်လေသည်။

မိမိတို့၏ လက်များတွင် မကောင်းမှုများဖြင့် ပေကျံနေသော်လည်း နတ်ဘုရားများ၏ ကာကွယ်စောင့်ရှောက်မှုကို ရရှိရန် မျှော်လင့်နေကြဆဲဖြစ်သော ထိုလူယုတ်မာများ၏ သူငယ်အိမ်များအတွင်း၌ မီးလုံးကြီးမှာ တဖြည်းဖြည်း ပိုမို ကြီးမားလာလေတော့သည်...။

All Chapters