အခန်း ၃၄၈
Vol. 35 Ch. 348
အခန်း (၃၄၈)
လီဟန်အုပ်စု
လျန်ထျန်းက ကျန်းချောင်အား လှုပ်ရှားခြင်းမှ တားဆီးလိုက်သည်မှာ မှန်ကန်သော လုပ်ရပ်ဖြစ်လေသည်။
သူက ပျောင်ရှင်းနှင့် အသေအကြေ တိုက်ခိုက်ချင်လျှင်ပင် စောစောက အခြေအနေ၌ အနိုင်ရနိုင်မည် မဟုတ် ချေ။
အမှန်တကယ်တွင် ပျောင်ရှင်းသည် ထိုရဟတ်ယာဉ်များထဲမှ မည်သည့် ရဟတ်ယာဉ်ထဲတွင်မျှ ပါဝင်လာခဲ့ခြင်း မရှိဘဲ အဝေးမှနေ၍ စောင့်ကြည့်ကာ ဆက်သွယ်နေခြင်းသာ ဖြစ်လေသည်။
အကယ်၍သာ စောစောက ကျန်းချောင် လှုပ်ရှားလိုက်မည်ဆိုပါက လျန်ထျန်းနှင့် အခြားသူများမှာ ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်လေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် လျန်ထျန်း အနေဖြင့် ထွက်ခွာလိုပါက ကျန်းချောင်နှင့်အတူ ထွက်ပြေး လွတ်မြောက်နိုင်ဆဲ ဖြစ်လေသည်။
သို့ရာတွင် ကျန်းချောင်က ထိုသို့ လုပ်ဆောင်ရန် ပြင်လိုက်ချိန်မှာပင် လျန်ထျန်းက ခေါင်းကို အနည်းငယ် ခါယမ်း ပြကာ မလုပ်ရန် အချက်ပြလိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ လျန်ထျန်းက ဤအချိန်တွင် ထွက်ပြေးသွားပါက ကျန်ရစ်မည့်သူများ၏ ဘေးကင်းလုံခြုံ ရေးမှာ လုံးဝ အာမခံချက် ရှိတော့မည် မဟုတ်ချေ။
ထိုအရာက ပျောင်ရှင်းကို ဒေါသထွက်အောင် ဆွပေးသလို ဖြစ်သွားနိုင်ပြီး ပျောင်ရှင်း၏ စရိုက်အရ ထိုအချိန်ကျ လျှင် မည်သို့ လုပ်ဆောင်မည်ကို မှန်းဆ၍ပင် ရနိုင်မည် မဟုတ်ပေ။
နောက်ဆုံးတွင် လျန်ထျန်းက ကျန်းချောင်အား အခြားသူများကို ကာကွယ်ပေးရန် ပြောလိုက်ပြီးနောက် သူက ရှေ့သို့ ထွက်ကာ ကောင်းကင်ယံရှိ ရဟတ်ယာဉ်များဆီသို့ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"ပျောင်ရှင်း မင်း ငါနဲ့ ဘာစကားပြောချင်တာလဲ…၊ ငါ မင်းနဲ့ လိုက်ခဲ့မယ်…။ ကျန်တဲ့သူတွေကိုတော့ လွှတ်ပေး လိုက်...။”
ပျောင်ရှင်းအနေဖြင့် လျန်ထျန်း၏ အသံကို မကြားရမည်ကို စိုးရိမ်စရာ မလိုပေ၊ လျန်ထျန်း တစ်ယောက်တည်း ရှေ့ထွက်လာသည်ကို မြင်လိုက်ရုံဖြင့် သူ ဘာဆိုလိုသည်ကို နားလည်ရန် လုံလောက်လှပေသည်။
မကြာမီမှာပင် ရဟတ်ယာဉ်တစ်စီးမှာ လေထဲသို့ နိမ့်ဆင်းလာပြီး ကြိုးလှေကား တစ်ခုကို ချပေးလိုက်လေသည်။
လျန်ထျန်းက ချက်ချင်းပင် နားလည်သွားပြီး ကြိုးလှေကားပေါ်သို့ တွယ်တက်သွားကာ လေယာဉ်ပေါ်သို့ ရောက်ရှိသွားပြီးနောက် ကျန်းချောင်နှင့် အခြားသူများရှိရာ ဘက်သို့ ကြည့်ကာ အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
ကျန်းချောင်မှာ လက်သီးကို တင်းတင်းဆုပ်ကာ တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ရဟတ် ယာဉ်က လျန်ထျန်းကို ခေါ်ဆောင်သွားသည်ကို နာကျည်းစွာဖြင့် စောင့်ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ချေ။
ခေတ္တမျှအကြာတွင် ပျောင်ရှင်း၏ အမိန့်အရဖြစ်ဟန်တူသော ကျန်ရှိနေသည့် ရဟတ်ယာဉ်များလည်း တဖြည်း ဖြည်း ပြန်လည် ဆုတ်ခွာသွားကြပြီး အခြားသူများကို တကယ်ပင် လွှတ်ပေးလိုက်လေသည်။
နောက်ဆုံး ရဟတ်ယာဉ် ထွက်ခွာသွားပြီးသည်နှင့် တစ်ပြိုင်နက် ကျန်းချောင်သည် ဆုပ်ကိုင်ထားသော သူ၏ လက်သီးကို နောက်ဆုံးတွင် ဖြေလျော့လိုက်ပြီး မှင်တက်နေဆဲဖြစ်သော ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို လျင်မြန်စွာ ပြောလိုက်လေသည်။
"မြန်မြန် လုပ်ကြ…။ ခင်ဗျားတို့ကို ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးပြီးတာနဲ့ လူကယ်ဖို့အတွက် ငါ အမြန်ဆုံး ပြန်လာရဦးမယ်...။”
ထိုစကားကို ကြားသောအခါ လူများက ချက်ချင်းပင် နားလည်သွားကြပြီး ၎င်းတို့၏ ခြေလှမ်းများကို အလို အလျောက် အရှိန်မြှင့်လိုက်ကြကာ လမ်းတစ်လျှောက်လုံး စနစ်တကျ ရှိနေခဲ့ကြလေသည်။
အဘယ်ကြောင့်ဆိုသော် ဤလွတ်မြောက်ရန် အခွင့်အရေးမှာ ဟန်းဂရီအုပ်စု၏ အဓိကအစုရှယ်ယာရှင်ကြီးက သူ၏ ကိုယ်ကျိုးကို စွန့်လွှတ်ကာ ၎င်းတို့အား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းကို သိရှိထားကြပြီး ဤအရာကို အချည်းနှီး မဖြစ်စေနိုင်သောကြောင့်ပင်။
၎င်းတို့ ဘေးကင်းစွာ ပြန်ရောက်လေလေ ၎င်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော အလွန်တရာ စွမ်းအားကြီးမားသည့် ထိုလူသားလက်နက်က သူ့ကို ကယ်တင်ရန် ပိုမို အမြန်ဆုံး ပြန်သွားနိုင်လေလေ ဖြစ်မည်ဟု တွေးမိကြလေသည်။
တစ်ချိန်တည်းမှာပင် ရဟတ်ယာဉ်ဖြင့် ခရီးဆက်နေသော လျန်ထျန်းသည် မကြာမီမှာပင် အခြား စက်မှုဇုန် တစ်ခုသို့ ရောက်ရှိသွားခဲ့လေသည်။
ဤစက်မှုဇုန်သည် ယခင်က စက်မှုဇုန်ထက်ပင် အဆပေါင်းများစွာ ပိုမို ကြီးမားကျယ်ဝန်းပြီး လူအများအပြား ရှိနေကာ စီမံခန့်ခွဲမှု အဆင့်အတန်းမှာလည်း ပို၍ တင်းကျပ်လှပေသည်။
ဤသည်မှာ ပျောင်ရှင်း၏ အဓိကအသိုက်အမြုံ ဖြစ်ပုံရလေသည်။
လျန်ထျန်း ရဟတ်ယာဉ်ပေါ်မှ ဆင်းပြီးနောက် ရုံးခန်းတစ်ခုသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရလေသည်။
စက်မှုဇုန်အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဆက်သွယ်ရေး လိုင်းများအားလုံး ဖြတ်တောက်ခံ ထားရကြောင်း လျန်ထျန်း တွေ့ရှိလိုက်ရပြီး ဒါချောင်နှင့် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြု၍ ဆက်သွယ်ရန် မဖြစ်နိုင်တော့ချေ။
ဤရုံးခန်းနှင့် ပတ်သက်၍ ပို၍ပင် တုန်လှုပ်စရာ ကောင်းသည်မှာ စားပွဲများ၊ ကုလားထိုင်များပေါ်နှင့် ထောင့်များ စသည့် နေရာအနှံ့အပြားတွင် ငွေစက္ကူထပ်များ ပြန့်ကျဲနေခြင်းပင် ဖြစ်လေသည်။
၎င်းသည် ငွေသားဂိုဒေါင်တစ်ခုဟုပင် ဆိုနိုင်ပေသည်။
သာမန်လူများအတွက် ဤအရာက အလွန် ညှို့ယူဖမ်းစားနိုင်စွမ်း ရှိလှသည်ဟု ထင်ရသော်လည်း လျန်ထျန်းမှာမူ ထိုအရာများကို ရွံရှာမိလေသည်။
အဘယ်ကြောင့်ဆိုသော် ဤငွေစက္ကူများသည် သာမန်လူများ၏ အိတ်ကပ်ထဲမှ လိမ်လည်လှည့်ဖြားမှုများ မှတစ်ဆင့် ရရှိလာခြင်းဖြစ်ကြောင်းကို သူ သိထားသောကြောင့် ဖြစ်လေသည်။
သာမန်ပြည်သူများမှာ အလွန် ခက်ခဲကြမ်းတမ်းသော ဘဝကို ဖြတ်သန်းနေကြရသော်လည်း လိမ်လည်မှု ကျူးလွန်သူများတွင် သုံး၍မကုန်နိုင်လောက်အောင် ငွေကြေးများ ရှိနေခြင်းက လူတို့ကို မည်သို့လျှင် ဒေါသ မထွက်ဘဲ နေနိုင်ပါမည်နည်း။
ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် ရုံးခန်းတံခါး ပွင့်လာပြီး ရင်းနှီးနေသော လူရိပ်တစ်ခု ဝင်လာခဲ့လေသည်၊ ထိုသူမှာ ပျောင်ရှင်းပင် ဖြစ်လေသည်။
လျန်ထျန်းကို မြင်သောအခါ ပျောင်ရှင်း၏ နှုတ်ခမ်းများက မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားလေသည်။
"မစ္စတာလျန် မြောက်ပိုင်းသရဖူကနေ ကြိုဆိုပါတယ်…။ ဒီအခန်းအပြည့်ရှိနေတဲ့ ငွေစက္ကူတွေက ဘယ်လိုနေလဲ ကြည့်ကောင်းတယ် မဟုတ်လား...။”
"တကယ်တော့ ဒါတွေက ငါ့အတွက် ပင်လယ်ထဲက ရေတစ်စက်လောက်ပဲ ရှိတာပါ…။ ငါ့မှာ ပိုက်ဆံတွေ အများ ကြီး ရှိသေးတယ်….။ ဒါပေမဲ့ မှိုမတက်အောင် အပြင်မှာ ထုတ်လှန်းထားရတယ်...။”
"မြောက်ပိုင်းသရဖူကို ရောက်ကတည်းက ပိုက်ဆံရှာဖို့ အရမ်း လွယ်ကူတဲ့ လုပ်ငန်းတွေ ရှိနေတာကို ငါ တွေ့ခဲ့ တယ်…။ အဲ့ဒါက ဟွာရှားမှာ စီးပွားရေး လုပ်တာထက် အများကြီး ပိုပြီး ရိုးရှင်းတယ်...။”
"ဒါကြောင့် ငါ မင်းကို ကျေးဇူးတင်ရမယ်…။ မင်းသာ ငါ့ကို ဒီနေရာကို လာဖို့ အတင်းအကျပ် မလုပ်ခဲ့ဘူးဆိုရင် ငါက လီဟန်အုပ်စုကို တည်ထောင်နိုင်ခဲ့မှာ မဟုတ်ဘူး...။”
"ဟုတ်တယ်…၊ ငါ တည်ထောင်ခဲ့တာက ကော်ပိုရေးရှင်းကြီး တစ်ခုပဲ…။ မင်း ဖျက်ဆီးပစ်ခဲ့တဲ့ တစ်ခုက ဌာနခွဲ သေးသေးလေး တစ်ခုပါပဲ…၊ ပြီးတော့ အဲ့ဒါက ငါ မင်းကို ထောင်ချောက်ဆင်ဖို့ သီးသန့် ဖန်တီးထားတဲ့ ဌာနခွဲ တစ်ခုပဲ…။ ဟားဟားဟား...။”
နောက်ဆုံးတွင် သေချာစွာ ငါးစာချထားပြီး ငါးကြီးတစ်ကောင်ကို မိသွားသည့်အလား ပျောင်ရှင်းသည် ထိန်းချုပ် ၍မရနိုင်အောင်ပင် အသံကျယ်ကြီးဖြင့် ရယ်မောလိုက်လေသည်။
သို့ရာတွင် ဤစကားများအားလုံးကို ကြားနေရသော်လည်း လျန်ထျန်းမှာမူ မည်သည့် မျက်နှာအမူအရာမှ ပြောင်းလဲသွားခြင်း မရှိခဲ့ချေ။
မည်သို့ပင်ဆိုစေ ရဟတ်ယာဉ်အုပ်စုက သူ့ကို ကြားဖြတ်တားဆီးလိုက်ချိန်တွင် သူသည် ရန်သူ၏ ထောင်ချောက် ထဲသို့ မရည်ရွယ်ဘဲ ကျရောက်သွားခဲ့ပြီဖြစ်ကြောင်းကို သူ ကြိုတင် ခန့်မှန်းမိပြီး ဖြစ်လေသည်။
ရန်သူမှာ အလွန် ပါးနပ်လွန်းလှသဖြင့် ၎င်းတို့ကို ကာကွယ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
နောက်ဆုံးတွင် လျန်ထျန်းက တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
"မင်းက ငါ့ကို ကျေးဇူးတင်ချင်တယ်လို့ ပြောခဲ့တယ်လေ…။ ဒါဆို မင်းရဲ့ ကျေးဇူးတင်တဲ့ အနေနဲ့ ငါ့ကို လွှတ်ပေး လိုက်ပေါ့...။”
ထိုစကားကို ကြားသောအခါ ပျောင်ရှင်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး သူ၏ မျက်နှာသွင်ပြင်မှာ ရှုံ့မဲ့သွားလေသည်။
"မင်းက ငါ့ကို အရူးလုပ်နေတုန်းပဲလား…။ ငါသာ မြန်မြန် ထွက်မပြေးခဲ့ဘူးဆိုရင် ငါ့ဘဝရဲ့ ကျန်တဲ့အချိန်တွေကို သံတိုင်တွေ နောက်ကွယ်မှာ ကုန်ဆုံးရနိုင်တယ်...။”
"မြောက်ပိုင်းသရဖူကို ရောက်ပြီးတဲ့နောက် ငါ့ရဲ့ အရင်က အခြေခံတချို့ကို အသုံးချပြီး အာဏာကို မြန်မြန် တည်ဆောက်နိုင်ခဲ့ပေမဲ့ ဒီလုပ်ငန်းစဉ်က ဘယ်လောက်တောင် ခက်ခဲပြီး အန္တရာယ်များတယ်ဆိုတာ မင်း သိလား...။”
"ဒီနေရာက တောနက်ကြီး တစ်ခုပဲ…၊ တောတွင်း ဥပဒေအရ အစွမ်းအစရှိသူကသာ ရှင်သန်နိုင်တာ…။ ငါ အကြိမ်ကြိမ် အသက်ဆုံးရှုံးရမလို ဖြစ်ခဲ့တာ အားလုံး မင်းကြောင့်ပဲ...။”
ထိုစကားများကို ကြားပြီးနောက် လျန်ထျန်းက တည်ငြိမ်သယောင် ဟန်ဆောင်ကာ သူ၏ စိတ်ထဲတွင် အပြေး အလွှား စဉ်းစားလျက် ဆက်ပြောလေသည်။
"အဲ့ဒါတွေ အားလုံးက အတိတ်က ကိစ္စတွေပါ…။ အခု မင်း အဆင်ပြေနေပြီ မဟုတ်လား….၊ မင်းက အခု လီဟန်အုပ်စုရဲ့ ဥက္ကဋ္ဌ ဖြစ်နေပြီလေ...။”
"ကောင်းပြီ…၊ ငါ့ကို အိမ်ပြန်ခွင့်ပြုလိုက်ပါ…။ အခုကစပြီး ငါတို့ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ဘာမှမဖြစ်ခဲ့သ လို ဆက်နေကြတာပေါ့...။”
ပျောင်ရှင်းက အေးစက်စက် ရယ်မောကာ ကြားဖြတ်ပြောလိုက်လေသည်။
"ဟေး…၊ လျန်...။ မင်းကသာ ငါ့လမ်းကနေ ဖယ်နေပေးမယ်ဆိုရင် ဒီတစ်ကြိမ် ငါ့ထောင်ချောက်ထဲကို ဝင်လာ ခဲ့မှာ မဟုတ်သလို…၊ ဒီနေရာကိုလည်း ရောက်လာမှာ မဟုတ်ဘူး...။”
"မင်းက တချို့နေရာတွေမှာ တော်တော်လေး ပါးနပ်တယ် ဆိုတာကိုတော့ ငါ ဝန်ခံပါတယ်…။ ဒါပေမဲ့ မင်းရဲ့ အကြီးမားဆုံး အားနည်းချက်က မင်းက အမြဲတမ်း လူကောင်းတစ်ယောက် ဖြစ်ချင်နေတာပဲ…။ အရင်ကရော အခုရော၊ နောင်လည်း ဒီလိုပဲ ဖြစ်နေမှာ...။”
"ဒါပေမဲ့ ဒီလောကမှာ လူကောင်းတစ်ယောက် ဖြစ်ဖို့က တန်ဖိုးတစ်ခုပေးဆပ်ရတယ်…။ လူသတ်ပြီး မီးရှို့တဲ့သူ တွေက ရွှေခါးပတ်တွေ ဝတ်ဆင်ကြပေမဲ့၊ တံတားဆောက်ပြီး လမ်းပြင်တဲ့သူတွေကတော့ အရိပ်အယောင် တောင် မကျန်ရစ်ဘူး ဆိုတဲ့ စကားကို မင်း မကြားဖူးဘူးလား…။ အဲ့ဒါက မကောင်းတာလုပ်တဲ့သူတွေက ချမ်းသာကြွယ်ဝပြီး ဂုဏ်သိက္ခာရှိကြပေမဲ့ ကောင်းတာလုပ်တဲ့ သူတွေကတော့ ဘာမှမကျန်အောင် ပျောက်ကွယ် သွားရတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ...။”
ခေတ္တမျှ ရပ်နားပြီးနောက် ပျောင်ရှင်း၏ အပြုံးမှာ ပို၍ လှောင်ပြောင်သည့်ပုံပေါ်လာပြီး ဆက်ပြောလေသည်။
"အခု မင်းက ဒီနေရာမှာ ငါ့လက်ထဲကို ရောက်နေပြီဆိုတော့ မင်းကို သေချာပေါက် ဆိုးဆိုးရွားရွား သေစေချင် တယ်ဆိုရင်တောင် ငါက နောက်ပြောင်နေမှာ မဟုတ်ဘူး...။”
"ဒါဆို မင်း ကြောက်နေပြီလား…၊ တကယ်လို့ ကြောက်နေတယ်ဆိုရင် မြန်မြန် ငါ့ကို တောင်းပန်လိုက်…၊ သေချာ လေး တောင်းပန်စမ်းပါ…။ အဲ့ဒါဆိုရင် ငါ မင်းကို သနားပြီး မင်းအသက်ကို ချမ်းသာပေးကောင်း ပေးနိုင် တယ်...။”
ပျောင်ရှင်း၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် သူသည် လျန်ထျန်းအပေါ် အရိုးထဲထိအောင် မုန်းတီးနေကြောင်း ရှင်းလင်းလှပေသည်၊ ထို့ကြောင့် လျန်ထျန်းကို ဖမ်းမိထားသော်လည်း သူ့ကို မြန်မြန်ဆန်ဆန် သေခွင့်ပေးချင် မည် မဟုတ်ချေ။
ပျောင်ရှင်းက အချိန်ယူရန် စီစဉ်ထားပြီး သူ၏ စိတ်ထဲတွင် ဤသို့ တွေးတောနေပုံရလေသည်။
*ငါ ဒီကိစ္စကို အရမ်း မြန်မြန်ဆန်ဆန် မပြီးဆုံးစေချင်ဘူး…၊ မင်း လုံးဝ ပြိုလဲသွားတဲ့အထိ တဖြည်းဖြည်းချင်း နှိပ်စက်ပြီးမှသာ ငါ့ရဲ့ အမုန်းတရားတွေကို ဖြေဖျောက်နိုင်မှာ...။*
ဤမျှ အန္တရာယ်များသော အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် လျန်ထျန်းအတွက် စိုးရိမ်ထိတ်လန့်မှု မဖြစ်ရန်မှာ မဖြစ်နိုင်သော်လည်း သူသည် တည်ငြိမ်နေစေရန် အစွမ်းကုန် ကြိုးစားခဲ့လေသည်။
"မင်းက ငါ့ကို အတိအကျ ဘာလုပ်ချင်နေတာလဲ...။”