အခန်း ၁
Vol. 1 Ch. 1
မင်္ဂလာပါ။
ကျွန်တော်က ဘာသာပြန် Yue ပါဗျ။ အပိုင်း ၁၀၀၀ ကျော်တဲ့ ကုန်းကုန်းဧကရာဇ်စာစဥ်ကို အဆုံးသတ်အထိ ဘာသာပြန်ဆို ပြီးစီးထားတဲ့ ဘာသာပြန်တစ်ယောက်ပါ။ ဒီစာစဥ်လေးကိုလည်း မထင်မှတ်ထားတဲ့ ကိစ္စတွေကြောင့် မသေသွားခဲ့ရင် ကျိန်းသေပေါက် အဆုံးထိ ဘာသာပြန်ဆိုပေးမယ်လို့ ကတိပေးပါတယ်ဗျာ။ ဒါကြောင့်မလို့ ပျောက်သွားမှာကို မစိုးရိမ်ပဲ စိတ်ချလက်ချ ဖတ်ရှုနိုင်ပါတယ်ဗျ။ ^^
အရေးအသားမကောင်းသည်ရှိသော် သို့မဟုတ် စာစဥ်နှင့် ပတ်သပ်ပြီး ပြောစရာတစ်စုံတစ်ရာရှိပါက telegram acc @moon_immortal_yue ကို ဆက်သွယ်နိုင်ပါတယ်ဗျ။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
နှစ်ပေါင်းများစွာ တုံ့ဆိုင်းလာပြီးနောက် နောက်ဆုံးတွင် လန်လင်းတစ်ယောက် ဆုံးဖြတ်ချက်ချလိုက်လေပြီ။ သူ၏ အစ်မဖြစ်သူအား လက်ထပ်ခွင့်တောင်းမည်။
လန်လင်းသည် လူမှန်းစသိတတ်လာစဉ်ကတည်းက သူ၏ အစ်မဖြစ်သူအား ချစ်မြတ်နိုးခဲ့၏။ မောင်နှမအချစ်ထက်ပိုသည်။ လန်လင်းအတွက်မူ သူ၏ အစ်မသည် ကမ္ဘာပေါ်တွင် ပြီးပြည့်စုံဆုံးသော အမျိုးသမီးတစ်ယောက်ပင်။
သူမ၏ နတ်သမီးကဲ့သို့ မျက်နှာ ၊ ပျားရည်ထက်ပင် ချိုမြိန်သည့် အပြုံးနှင့် ကြယ်တာရာများကဲ့သို့ တောက်ပနေသည့် သူမ၏ အကြည့်တို့က လန်လင်းအား ယစ်မူးစေ၏။ လန်လင်းအနေဖြင့် သူ၏ ဘဝတစ်လျှောက်လုံး ထုတ်မပြောရဲခဲ့သော်လည်း စိတ်အစွဲကြီးလွန်းလှသဖြင့် တစ်ခါတစ်ရံ၌ အိပ်နေရင်းဖြင့် နှုတ်မှယောင်ကာ ထွက်သွားတတ်သည်။
သိသာလှစွာပင် သူမသည် လန်လင်း၏ သွေးသားရင်းချာ အစ်မဖြစ်သူတော့ မဟုတ်ချေ။ လန်လင်းသည် မိဘမဲ့တစ်ဦးဖြစ်၏။ သို့သော် ကံကောင်းခဲ့လေပြီး အသက် ၄ နှစ်အရွယ်၌ မွေးစားခံခဲ့ရသည်။
စက်တင်ဘာ ၉ ရက်နေ့မှာ သူ မွေးစားခံခဲ့ရသည့် နေ့ဖြစ်သောကြောင့် ထိုရက်အား သူ၏ မွေးနေ့အဖြစ် သတ်မှတ်ထားခဲ့၏။ ထိုနေ့မှ သူ၏ မှတ်ဉာဏ်များမှာ အတော်လေး ဝေဝါးနေခဲ့လေပြီ။ သူ မှတ်မိသည်မှာ မွေးစားမိဘများ၏ အနောက်မှ မျက်လုံးဝိုင်းကြီးများဖြင့် သူ့အား စိုက်ကြည့်နေခဲ့သည့် အစ်မဖြစ်သူကိုပင်။
မွေးစားခံရပြီးနောက် လန်လင်းမှာ ချစ်ခြင်းမေတ္တာတို့ဖြင့် နွေးထွေးလှသည့် ဘဝလေးတစ်ခုအား ပိုင်ဆိုင်ခဲ့ရသည်။ မွေးစားမိဘများဖြစ်စေ ၊ သူ့ထက် ခုနစ်နှစ်ကြီးသည့် အစ်မဖြစ်သူဖြစ်စေ သူ့အား အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ကြ၏။ မွေးစားသားအဖြစ် မဟုတ်လေဘဲ သားအရင်းကဲ့သို့ ၊ မောင်လေးအရင်းကဲ့သို့ ဂရုစိုက်ပေးခဲ့ကြသည်။
သို့သော်လည်း လောကဓံသည် ရက်စက်လှ၏။ ထိုကောင်းမွန်သည့် အချိန်များမှာ ကြာရှည်မခံခဲ့ချေ။ လန်လင်း အသက် ခုနစ်နှစ်အရွယ်၌ မွေးစားမိဘနှစ်ဦးတို့မှာ ကားမတော်တဆဖြစ်ပွားမှုကြောင့် ကွယ်လွန်သွားခဲ့ကြရသည်။ ထိုသို့ဖြင့် လန်လင်းမှာ တစ်ဖန်ပြန်၍ မိဘမဲ့ဖြစ်သွားရပြန်သည်။
ထိုစဉ်က သူ၏ အစ်မဖြစ်သူ အသက်မှာ ဆယ့်လေးနှစ်သာ ရှိသေးသည်။ လန်လင်းအား ဂရုစိုက်ရန် လုံလောက်သည့် အရည်အချင်းမျိုး မရှိနေချေ။ ထို့အတွက်ကြောင့် တာဝန်ရှိသူများက လန်လင်းအား မိဘမဲ့ဂေဟာသို့ ပြန်ပို့ရန် စီစဉ်ခဲ့ကြပြီး အစ်မဖြစ်သူကိုမူ အဒေါ်အိမ်သို့ ပို့ရန် စီစဉ်ခဲ့ကြသည်။
သို့သော် အစ်မဖြစ်သူမှာ လန်လင်းအား အတင်းဆွဲထားပြီး မလွှတ်ပေးခဲ့ချေ။ ထို့အတွက်ကြောင့် လန်လင်းသည်လည်း သူ၏ အစ်မဖြစ်သူနှင့်အတူ အဒေါ်အိမ်သို့ ရောက်သွားခဲ့သည်။
အိမ်သစ်မှာ မနွေးထွေးခဲ့ချေ။
အဒေါ်သာမက ဦးလေးအပါအဝင် လန်လင်းတို့ မောင်နှမအပေါ်၌ အမြင်မကြည်ကြပေ။ ထို့အပြင် သူတို့တွင် ဆယ်နှစ်အရွယ် သားတစ်ယောက်လည်း ရှိပြီး လန်လင်းအား မကြာခဏ အနိုင်ကျင့်တတ်သည်။
အစ်မဖြစ်သူက လန်လင်းကို ကာကွယ်ပေးလေ့ရှိသောကြောင့် ထိုမအေလိုးလေးနှင့် မကြာခဏဆိုသလိုပင် စကားများရန်ဖြစ်ခဲ့ကြရသည်။ ထိုသို့ဖြင့် အကြောင်းအရင်းများစွာကြောင့် အစ်မဖြစ်သူ အသက် ဆယ့်ခြောက်ပြည့်သောအခါ လန်လင်းကို ခေါ်ပြီး မိဘများ၏ ကိုယ်ပိုင်အိမ်သို့သာ ပြန်လာခဲ့ကြ၏။
အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးသည့် အစ်မဖြစ်သူမှာ လန်လင်းအား ပျိုးထောင်ရန်အတွက် ကျောင်းထွက်လိုက်ရသည်။ ထိုသို့ဖြင့် မောင်နှမနှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် မှီခိုကာ ဆယ်နှစ်တာအား ဖြတ်သန်းခဲ့ကြ၏။
အစ်မဖြစ်သူသည် သူမတစ်ယောက်တည်း၏ လုပ်အားဖြင့်ပင် လန်လင်းအား နာမည်ကြီး တက္ကသိုလ်တစ်ခု၏ အနုပညာဌာနတွင် ကျောင်းထားပေးနိုင်ခဲ့သည်။ ယခုလက်ရှိ အချိန်၌မူ လန်လင်းသည် တတိယနှစ်ပင် ရောက်နေပြီဖြစ်ကာ နောက်နှစ်တွင် ဘွဲ့ရတော့လေမည်။
အစ်မဖြစ်သူသည်လည်း မိန်းကလေးတစ်ယောက်၏ အလှပဆုံး အချိန်ကာလဖြစ်သည့် အသက်နှစ်ဆယ့်ခြောက်နှစ်ပြည့်ပြီ ဖြစ်သည်။ သူမလေးသည် နတ်ပြည်မှ နတ်သက်ကြွေလာသည့် နတ်သမီးလေးအလားပင် ပြီးပြည့်စုံလှ၏။
မျက်နှာဖြစ်စေ ခန္ဓာကိုယ်အချိုးအစားဖြစ်စေ တစ်သန်း၌ တစ်ယောက်သာရှိတတ်သည့် အလှမျိုးပင်။ အသက်ဆယ့်ရှစ်နှစ် ပြည့်သည့် အချိန်ကတည်းက သူမအား လာရောက်ပိုးပန်းခဲ့သူများမှာ ရိုက်သတ်၍ပင် ကုန်မည် မဟုတ်ချေ။
သို့သော်လည်း လောကဓံသည် ရက်စက်လှသည်။ လွန်ခဲ့သည့် လအနည်းငယ်က သူမ၏ နတ်သမီးကဲ့သို့ မျက်နှာလေးမှာ အက်ဆစ်ကြောင့် ပျက်စီးသွားခဲ့ရ၏။ အငြင်းခံရသောကြောင့် သူဌေးသားတစ်ယောက်က အငြိုးထားကာ စေခိုင်းခဲ့ခြင်းပင်။
အစ်မဖြစ်သူမှာ အမြန်ဆုံးရှောင်တိမ်းခဲ့သော်လည်းပဲ မျက်နှာတစ်ခြမ်းမှာ ရစရာမရှိအောင် ပျက်စီးသွားခဲ့ရသည်။ နတ်သမီးလေးကဲ့သို့ မြင်သူတိုင်း ချစ်မြတ်နိုးခဲ့ရသည့် သူမ၏ မျက်နှာလေးမှာ ရစရာမရှိအောင်ကို ပျက်စီးသွားခဲ့ရ၏။ တစ်ချိန်က အမျိုးသားများသာမက အမျိုးသမီးများပင် ဝိုင်းဝိုင်းလည်ခဲ့သော်လည်း မျက်နှာပျက်စီးသွားပြီးနောက် သူမ၏ အနားတွင် တစ်ယောက်မှ မရှိတော့ချေ။
အက်ဆစ်ဖြင့် တိုက်ခိုက်ခဲ့သူအား ဖမ်းမိခဲ့ပြီး ထောင်ဒဏ်နှစ်အနည်းငယ် ချမှတ်ခဲ့သော်လည်းပဲ စေခိုင်းခဲ့သည့် သူဌေးသားကမူ ပျော်ပါးနေဆဲပင်။ နောင်တရသည့်ပုံ နည်းနည်းလေးမှ မရှိချေ။
ယောက်ျားကောင်းတစ်ယောက်၏ ကလဲ့စားမှာ ဆယ်နှစ်ကြာလျှင်ပင် နောက်မကျသေးဟု ပြောစမှတ် ရှိကြသည်။ သို့သော် လန်လင်းထံ၌ ဆယ်နှစ်အချိန်မရှိချေ။ သူ ထိုသူဌေးသား၏ နေ့စဉ် ဘယ်သွားသည် ဘယ်လာသည်များကို အသေးစိတ်စုံစမ်းပြီး ဖြစ်သည်။
ကလဲ့စားချေမည် ဆိုသည်မှာ အက်ဆစ်ဖြင့် ပြန်ပက်မည်တော့ မဟုတ်ချေ။ တစ်ခါတည်း သတ်မည် ဖြစ်၏။ လန်လင်းသည် ထိုသကောင့်သားအား သတ်ရန်အတွက် အစီအစဉ်သုံးခုအထိပင် ဆွဲထားပြီးဖြစ်ရာ လုပ်ဆောင်ရန်သာ ကျန်တော့သည်။
မူလအစီအစဉ်သည် သူဌေးသားကို အရင်ဦးစွာ သတ်ပစ်ရန်ဖြစ်ပြီး ထို့နောက်မှသာ အစ်မဖြစ်သူအား လက်ထပ်ခွင့်တောင်းမည်ဖြစ်၏။ သို့သော် လန်လင်း ကြောက်မိသည်။ သတ်ရမည်ကို ကြောက်နေသည် မဟုတ်ချေ။ အစ်မဖြစ်သူ သတ်သေသွားမည်ကို ကြောက်နေခြင်းပင်။
သိသာလှစွာပင် အက်ဆစ်ကြောင့် မျက်နှာပျက်စီးသွားကတည်းက သူမ၏ အပြုံးများ ပျောက်ဆုံးသွားခဲ့လေပြီ။ သူမသည် အခြားသူများနှင့် မျက်နှာချင်းဆိုင်ရန်မပြောနှင့် ၊ သူမကိုယ်သူမပင် မြင်ရမည်ကိုပင် ကြောက်လန့်နေမိ၏။
မှန်ပင် မကြည့်ရဲတော့သည်အထိ ဖြစ်နေပြီး စိတ်ကျရောဂါဝင်လာကာ သူမကိုယ် သူမ သတ်သေရန် တွေးနေမိလေပြီ။ ထို့အတွက်ကြောင့် လန်လင်းအနေဖြင့် သူမအား အရင်ဦးစွာ လက်ထပ်ခွင့်တောင်းရန် ဆုံးဖြတ်လိုက်ခြင်းပင်။ အဘယ်ကြောင့်နည်း။
သနားသောကြောင့်လော...။ လုံးဝ မဟုတ်ချေ။ စစ်မှန်သော ချစ်ခြင်းကြောင့်ပင်။ သူမ၏ အသွင်အပြင်က မည်သို့ပင် ဖြစ်နေစေကာမူ လန်လင်းအတွက်တော့ သူမလေးသည် ထာဝရနတ်သမီးလေးကဲ့သို့ ပြီးပြည့်စုံနေဦးမည်သာ…။
တိုက်ဆိုင်စွာပင် မနက်ဖြန်သည် အစ်မဖြစ်သူ၏ မွေးနေ့ဖြစ်လေပြီး ယနေ့ညမှာလည်း ရာစုနှစ်တစ်စုတွင် တစ်ကြိမ်ပင် မရှိတတ်သည့် ကြယ်ကြွေမိုးရွာသွန်းမည့် ညဖြစ်နေ၏။
ထို့အတွက်ကြောင့် လန်လင်းမှာ လှပသည့် ချစ်ရေးဆိုသည့် ဗီဒီယိုအား ရိုက်ရန် ဆုံးဖြတ်လိုက်သည်။ ယခုအချိန်၌ လန်လင်းတစ်ယောက် သူတက်နိုင်သည့် အမြင့်ဆုံးတောင်ထိပ်ပေါ်သို့ ကင်မရာတစ်ခုနှင့် အတူတက်သွားလိုက်သည်။
ထိုနေရာသည် ကြယ်ကြွေမိုးရွာသွန်းမည်ကို သေချာမြင်တွေ့နိုင်သည့် နေရာဖြစ်ပြီး ရှုခင်းသည်လည်း အတော်လေး လှပ၏။ တစ်ကီလိုမီတာခန့် မြင့်မားလှသည့် တောင်ထိပ်၌ တိမ်များကင်းစင်နေကာ မှောင်မိုက်နေသည့် ကောင်းကင်ယံရှိ တောက်ပနေသည့် ကြယ်များကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
ကြယ်ကြွေသည်ဟု ပြောသော်လည်းပဲ အမှန်တကယ်၌မူ ဥက္ကာခဲပျံများသာ ဖြစ်၏။ သို့သော် စားဝတ်နေရေးလောက် အရေးမကြီးချေ။ မကြာခဏဆိုသလိုပင် ကြယ်ကြွေသည်ကို မြင်နေရသည်။
ညဆယ့်နှစ်နာရီအချိန်၌ ကြယ်ကြွေမိုးရွာသွန်းခြင်းမှာ အထွတ်အထိပ်သို့ ရောက်မည်ဖြစ်ပြီး ကောင်းကင်တစ်ခုလုံး ပြည့်နှက်သွားမည်ဟု ကြော်ငြာထားသောကြောင့် လန်လင်း စောင့်ဆိုင်းနေလိုက်သည်။
စောင့်ဆိုင်းနေစဉ်အတွင်းမှာပင် ချစ်ရေးဆိုသည့် စကားများကိုပင် ပြန်လည်စဉ်းစားနေလိုက်သည်။ သူသည် စာရေးသားရာ၌ အတော်လေး ပါရမီပါလှရာ စာသုံးစောင်အထိ ပြင်ထား၏။ သို့သော် မည်သည့်စာကို သုံးရမည်နည်းကိုမူ မဆုံးဖြတ်ရသေးချေ။
တစ်ချိန်တည်းမှာပင် ချစ်ရေးဆိုပြီးနောက် အစ်မဖြစ်သူ မည်သို့တုံ့ပြန်မည်ကိုလည်း စိတ်ကူးယဉ်နေမိသည်။ အစ်မဖြစ်သူသည်လည်း သူ့အား ချစ်နေခြင်း ဖြစ်ရလေမည်။ သို့မဟုတ်ပါက အစ်မဖြစ်သူက သူမအား ပိုးပန်းခဲ့သူများအား အဘယ်ကြောင့် ငြင်းပယ်ခဲ့ရသည်နည်း။
သူမသည်လည်း ပတ်ဝန်းကျင်မှ ကဲ့ရဲ့သံများအား ကြောက်ရွံ့နေခြင်း ဖြစ်နိုင်သည် မဟုတ်ပါလော။ လန်လင်းတစ်ယောက် တွေးလေတွေးလေ ထိုသည်က ဖြစ်နိုင်ကြောင်း ခံစားလာမိသည်။
အဘယ်ကြောင့်ဆိုသော် ထိုနေ့က သူ အိပ်မက်ယောင်ပြီး ပြောခဲ့သည်များကို သူမ မတော်တဆကြားသွားပြီးနောက် အစ်မဖြစ်သူတစ်ယောက် ရက်အတန်ငယ်ကြာသည်အထိ ပျော်မြူးနေခဲ့သေးသည် မဟုတ်လော။ လန်လင်းတစ်ယောက် ပျော်ရွှင်ဖွယ်အတွေးပင်လယ်ထဲ၌ ရွက်လွှင့်နေစဉ်အတွင်းမှာပင် ညဆယ့်နှစ်နာရီ အချိန်သို့ ရောက်လာတော့၏။
သတင်း၌ ကြော်ငြာထားသည့်အတိုင်းပင် ညဆယ့်နှစ်နာရီ၌ ကြယ်ကြွေမိုးရွာသွန်းခြင်းသည် အမှန်တကယ်ပင် အထွတ်အထိပ်ကို ရောက်ရှိလာသည်။ အိပ်မက်ဆန်လှသည့် မြင်ကွင်းကြီးတစ်ခုကဲ့သို့ပင် အလွန် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။
ဥက္ကာခဲပျံ ဆယ်ခုကျော်မှာ မိုးကုတ်စက်ဝန်းမှ ထွက်ပေါ်လာကြကာ ကောင်းကင်ယံသို့ အလင်းတန်းကြီးအဖြစ် ဖြတ်သန်းသွားနေ၏။ ချက်ချင်းပင် လန်လင်းတစ်ယောက် ကင်မရာရှေ့၌ မတ်တပ်ရပ်လိုက်ကာ စတင်ပြီး ချစ်ရေးဆိုလိုက်သည်။
လူအစစ် မဟုတ်လေဘဲ ကင်မရာသာ ဖြစ်သော်ငြား သူ အလွန်အမင်းကို စိတ်လှုပ်ရှားနေမိဆဲပင်။
သို့သော်... ရုတ်တရက်ဆိုသလိုပင် သောက်ကျိုးနည်းလှစွာပင် သူ ကြိုစဉ်းစားကာ ရေးသားခဲ့သည့် စာသားများအား အလွန်အမင်း စိတ်လှုပ်ရှားသောကြောင့် မေ့လျော့သွားလေတော့၏။
သို့သော် ဥက္ကာပျံများသည် မကြာခင်အချိန်အတွင်းမှာပင် ကောင်းကင်ထက်မှ ပျောက်ကွယ်သွားတော့လေမည်။ ထို့အတွက်ကြောင့် လန်လင်း အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စတင်၍ ချစ်ရေးဆိုလိုက်သည်။
“အစ်မ လန်ခုံး…။ ကျွန်တော် အစ်မကို စကားလုံးတွေနဲ့ ဖော်ပြမတတ်အောင်ကို အများကြီး ချစ်မြတ်နိုးတယ် ခင်ဗျ။ ကျွန်တော်နဲ့ လက်ထပ်ပါ...။ အစ်မကို တစ်သက်လုံး ပျော်ရွှင်အောင် ထားပါမယ်လို့ ကြယ်ကြွေတာကို သက်သေထားပြီးတော့ သစ္စာဆိုပါတယ်…”
တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းတန်းများဖြင့် အလွန်ထူးဆန်းလှသည့် စွမ်းအင်များကို သယ်ဆောင်လာပုံရသည့် ထူးခြားစွာ တောက်ပနေသော ဥက္ကာပျံခဲတစ်ခုသည် မိုးကုတ်စက်ဝန်းအား ဖြတ်သန်းလာပြီး လျှင်မြန်စွာပင် လန်လင်းနှင့် နီးကပ်လာ၏။
“ဝုန်းးးးးး”
လန်လင်းတစ်ယောက် ဖွင့်ပြော၍ပင် မပြီးသေးသည့်အချိန်မှာပင် ထိုထူးဆန်းသည့် ဥက္ကာပျံကြီးမှာ သူ၏ ခေါင်းတည့်တည့်သို့ ဝင်တိုက်သွားသည်။ သောက်ကျိုးနည်းလှ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် လန်လင်းတစ်ယောက် ပြာကျသွားလေတော့သည်။ အစအန နည်းနည်းလေးပင် မကျန်ခဲ့ချေ။
ရက်အနည်းငယ်ကြာပြီးနောက် လန်လင်း၏ ကျောင်းမှ လန်လင်း ပျောက်ဆုံးနေကြောင်း ရဲစခန်းသို့ တိုင်ကြားခဲ့၏။ ထို့အတွက်ကြောင့် သက်ဆိုင်ရာများက လန်လင်း၏ အိမ်သို့ သွားခဲ့ရာ အစ်မဖြစ်သူ လန်ခုံးမှာလည်း ပျောက်ဆုံးနေကြောင်းကို တွေ့ရှိခဲ့ကြသည်။
အိမ်၏ နံရံ၌မူ ဘောလုံးအရွယ်အစားခန့်ရှိသည့် အပေါက်ကြီးတစ်ပေါက်ရှိနေလေပြီး အလွန်အမင်း ပြင်းထန်လှသည့် အပူရှိန်ကြောင့် လောင်ကျွမ်းထားသည့် အရာများ ကျန်ရစ်နေခဲ့သည်။
ထို့အတွက်ကြောင့် လန်လင်းနှင့် လန်ခုံးတို့၏ ပျောက်ဆုံးမှုမှာ ထိပ်တန်းလျှို့ဝှက်အမှုအဖြစ် သတ်မှတ်ခံလိုက်ရတော့ကာ လောက၌ရှိနေသည့် သူတို့နှစ်ဦး၏ မှတ်တမ်းများအားလုံးကို ဖျက်ဆီးလိုက်တော့၏။
လန်လင်းတစ်ယောက် ပြန်သတိရလာသည့် အချိန်၌ စိမ်းသက်နေသည့် လောကကြီးတစ်ခုသို့ ရောက်ရှိနေလေပြီ။ သူ၏ တည်နေရာမှာ တောင်တစ်ခုပေါ်၌ ဖြစ်သော်လည်းပဲ သူ ကြယ်ကြွေမိုးရွာသွန်းသည်ကို ရိုက်ကူးခဲ့သည့် တောင်မဟုတ်သည်မှာတော့ သေချာလှသည်။
ထို့အပြင် ဤနေရာရှိ သစ်ပင်များသည်လည်း အလွန်ထူးဆန်းလွန်းနေပြီး လန်လင်း ယခင်က မမြင်ဖူးခဲ့ချေ။ အထူးဆန်းဆုံးအချက်မှာ ညဘက်၌ ကမ္ဘာမြေကဲ့သို့ လတစ်စင်းတည်း မဟုတ်လေဘဲ နှစ်စင်းဖြစ်နေခြင်းပင်။
သူ အမြင်မှားနေသည်ဟု ထင်ခဲ့သောကြောင့် မျက်လုံးကို ခပ်ကြမ်းကြမ်းပွတ်ပြီး အသေအချာကြည့်လိုက်သော်လည်းပဲ ကောင်းကင်ယံ၌ လမင်းနှစ်စင်းက ထိန်ထိန်သာနေဆဲပင်။ တစ်စင်းမှာ ကြီးပြီး ကျန်တစ်စင်းမှာ သေးငယ်၏။
ယခုအချိန်ထက်ထိ ဖြစ်ပျက်နေသည်များမှာ ထူးခြားသည့် နက္ခတ္တဗေဒဖြစ်စဉ်တစ်ခုဟု လန်လင်းထင်မိနေဆဲပင်။ သို့သော် နေ့ခင်းဘက်၌ သူ၏ လောကအမြင်အားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်သည့် သတ္တဝါတစ်ကောင်ကို သူတွေ့လိုက်ရ၏။
ခြင်္သေ့ကိုယ် ၊ လင်းယုန်ခေါင်းနှင့် အမ်ဘာသားရဲ (နယားပျံ) ကြီးပင်။
လန်လင်းတစ်ယောက် တစ်သက်နှင့်တစ်ကိုယ် ဒဏ္ဍာရီပုံပြင်များထဲမှ သတ္တဝါအား အပြင်လောက၌ မြင်ရမည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။ အမ်ဘာသားရဲအား မြင်ပြီး သိပ်မကြာလိုက်ပေ။ လန်လင်းတစ်ယောက် ယူနီကွန်းတစ်ကောင်အား အရှင်လတ်လတ်ကြီး မြင်လိုက်ရပြန်၏။
ထိုအခါမှသာ လန်လင်းတစ်ယောက် သူသည် ကမ္ဘာမြေမဟုတ်သည့် အခြားကမ္ဘာသို့ ရောက်လာမှန်းကို လုံးဝ သေချာသွားတော့သည်။ ထိုသောက်ကျိုးနည်း ဥက္ကာခဲပျံကြီးက သူ့အား ဝင်တိုက်ကာ ဤကမ္ဘာသို့ခေါ်လာကြောင်း ဖြစ်ကောင်းဖြစ်နိုင်၏။
ချက်ချင်းဆိုသလိုပင် လန်လင်းတစ်ယောက် သူအခြားကမ္ဘာသို့ ရောက်လာသည်ဆိုသည့် အဖြစ်မှန်ကို လက်မခံနိုင်ဖြစ်သွားတော့ကာ ကမ္ဘာမြေပေါ်သို့ ပြန်နိုင်မည့် တံခါးပေါက်အား အသည်းအသန် လိုက်ရှာတော့သည်။
ကမ္ဘာမြေပေါ်၌ သူလုပ်စရာကိစ္စများ မပြီးပြတ်သေးချေ။ သူ၏ ချစ်လှစွာသော အစ်မဖြစ်သူအား လက်ထပ်ရဦးမည်။ သူမနှင့်အတူ ပါးဖောင်းဖောင်းဖြင့် အလွန်ချစ်စရာကောင်းလှသည့် မျောက်လောင်းလေး သုံးယောက်လောက်အား မွေးရဦးမည်။ ထို့အပြင် ဒုတိယမျိုးဆက် သူဌေးသား မျိုးမစစ်လေးကိုလည်း သတ်ရဦးလေမည်။
“သောက်ကျိုးနည်း ကောင်းကင်ဘုံ။ ကျုပ်ကို ပြန်ပို့ပေးစမ်းးးးးး”
မရှိသည့် တံခါးပေါက်အား ဆယ်ရက်ခန့် အရူးတစ်ယောက်ကဲ့သို့ လိုက်ရှာပြီးနောက် ကမ္ဘာမြေပေါ်သို့ ပြန်ရန်မှာ မဖြစ်နိုင်ကြောင်းကို လန်လင်း ကူရာကယ်ရာမဲ့စွာဖြင့် လက်ခံလိုက်ရတော့သည်။ ထိုသို့ဖြင့် လန်လင်းမှာ စိတ်ဓာတ်ကျလာပြီး ဂူတစ်ခုအထဲ၌ စိတ်ပျက်လက်ပျက်ဖြင့် သွားလှဲနေလိုက်တော့၏။ သူ၏ အစ်မဖြစ်သူကိုသာ သူ အချိန်ပြည့်လွမ်းနေမိသည်။ သူမ၏ အကြည့် ၊ အပြုံး ၊ အသံ ၊ သူမ၏ အမူအရာနှင့် သူမ၏ အရာရာတို့အား သူ သတိရသည်။
သူ၏ အစ်မနှင့် ပြောခဲ့ဖူးသည့် စကားဝိုင်းများ ၊ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအားလုံးသည် လန်လင်း၏ စိတ်ထဲ၌ ရုပ်ရှင်ဇာတ်ကား တစ်ကားကဲ့သို့ပင် ထွက်ပေါ်လာတော့၏။
ထိုအမှတ်တရများကို အသေအချာပြန်စဉ်းစားကြည့်ပြီးနောက်တွင် သူ၏ အစ်မဖြစ်သူမှာလည်း သူ့အပေါ် မောင်နှမထက် ပိုနေသည်ကို လန်လင်း သတိထားမိလာသည်။
သူမ၏ အကြည့်နှင့် အမူအရာတို့က အလွန်ကို သိသာလွန်းခဲ့သော်လည်းပဲ လန်လင်းကသာ သဘောမပေါက်ခဲ့ခြင်းပင်။ ထို့အပြင် အစ်မဖြစ်သူ အိပ်ပျော်နေစဉ်က သူမအား ခိုးနမ်းခဲ့ဖူး၏။
ထိုစဉ်က သူမ၏ မျက်နှာလေး ရဲတက်သွားသော်လည်းပဲ လန်လင်းက သူမ အိပ်ပျော်နေသည်ဟုသာ ထင်မှတ်ခဲ့မိသည်။ သို့သော် ယခု သေချာပြန်တွေးကြည့်သော် ထိုသို့ ဟုတ်ပုံမရနေချေ။
အစ်မဖြစ်သူက သူ့နည်းတူ မောင်နှမထက်ပိုသည့် ခံစားချက်များရှိနေသည်ကို သိလိုက်ရသောကြောင့် လန်လင်းတစ်ယောက် ရင်ထဲ၌ အလွန်တရာ ချိုမြိန်သွားတော့သည်။
သို့သော် ကမ္ဘာမြေပေါ်သို့ ပြန်သွားနိုင်လိမ့်မည် မဟုတ်ဆိုသည့် အသိက ရုတ်တရက် တိုးဝင်လာသောအခါ လန်လင်းတစ်ယောက် ရင်နာသွားရပြန်သည်။ ထိုသို့ဖြင့် ပင်ပန်းနွမ်းနယ်နေသည့် လန်လင်းတစ်ယောက် အိပ်မောကျသွား၏။
လန်လင်းသည် ကလေးတစ်ယောက်ကဲ့သို့ပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေပြီး အလွန်ဆန်းကြယ်သည့် အိပ်မက်ကမ္ဘာထဲသို့ ရောက်လာသည်။
အစပိုင်း၌ အရာအားလုံးသည် အဆုံးမဲ့ အမှောင်ထုကြီးကဲ့သို့ မှောင်မိုက်ခဲ့သော်လည်းပဲ ရုတ်တရက်ဆိုသလိုပင် ပိုးစုန်းကြူးလေးကဲ့သို့ ခပ်မှိန်မှိန်အလင်းရောင်လေး တစ်မှုန်က တဖျပ်ဖျပ်လင်းလက်လာ၏။
အလင်းရောင်လေးမှာ အလွန်ပင် မှိန်လွန်းပြီး အချိန်မရွေး ငြိမ်းသေသွားတော့မတတ် အားနည်းလွန်းလှသည်။ သို့သော် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်များဖြင့် ပြည့်နှက်နေလေပြီး အသက်ရှူနေသည်ဟုပင် ထင်မှတ်လောက်ရအောင် ဖြည်းညင်းစွာ လှုပ်ရှားနေလေ၏။ လန်လင်းသည်လည်း ထိုပိုးစုန်းကြူးကဲ့သို့ အလင်းရောင်လေးအား သေချာစွာ စိုက်ကြည့်နေမိသည်။
“မင်္ဂလာပါ… သခင်အသစ်…”
ထိုအလင်းရောင်လေးက အမှန်တကယ်ပင် စကားပြောလာလေ၏။ သို့သော် အမှန်တကယ် အသံထွက်လာခြင်းတော့လည်း မဟုတ်ချေ။ ထိုအစား လန်လင်း၏ ဦးနှောက်ထဲသို့ တိုက်ရိုက်အသံပို့လိုက်ခြင်း ဖြစ်သည်။
လန်လင်းက မျက်မှောင်ကြုတ်၍ ဆိုသည်။
“မင်း ဘယ်သူလဲ…”
လျှို့ဝှက်ဆန်းကြယ်သည့် အလင်းတန်းက ဆိုလိုက်သည်။ “ကျွန်တော်က အသူရာမိစ္ဆာကြယ်ပါ”
လန်လင်းက မျက်မှောင်ကြုတ်လိုက်သည်။ “ဒါဆိုရင်… ငါ့ကို ဝင်တိုက်ပြီး ဒီကိုခေါ်လာတာ မင်းပေါ့…”
အသူရာမိစ္ဆာကြယ်က ပြန်ပြောသည်။ “ဟုတ်ပါတယ် သခင်…။”
ချက်ချင်းဆိုသလိုပင် လန်လင်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေ၏။ “ခွေးမသား။ မအေလိုး။ ကျက်သရေတုံး။ အခု ချက်ချင်း ငါ့ကို ပြန်ပို့ပေးစမ်း။”
“မဖြစ်နိုင်ဘူး” အသူရာမိစ္ဆာကြယ်က ငြင်းဆိုသည်။ “သခင့်ကို ဒီနေရာဆီ ခေါ်လာဖို့အတွက် ကျွန်တော်ရဲ့ စွမ်းအင်အများစုကို အသုံးပြုလိုက်ပြီ။ ပြီးတော့ အခု ကျွန်တော် သေခါနီး အခြေအနေကို ရောက်နေပြီ။”
“အားးးး” အသူရာမိစ္ဆာကြယ်၏ အဆိုကြောင့် လန်လင်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ရသည်။ “သောက်ပဲ။ ငါ့မှာ မပြီးပြတ်သေးတဲ့ ကိစ္စတွေ အများကြီးရှိသေးတယ်ကွ။ အားးးးးး”
“ငါမရှိဘဲနဲ့ ငါ့အစ်မ ဘယ်လို အသက်ရှင်နိုင်မလဲ။ စောက် ကိုယ်မေ****။” လန်လင်းတစ်ယောက် အချိန်အတော်အတန်ကြာသည်အထိ ကျိန်ဆဲနေခဲ့၏။ အသူရာမိစ္ဆာကြယ်မှာတော့ မည်သို့မျှ တုံ့ပြန်ခြင်းမရှိဘဲ တိတ်ဆိတ်စွာဖြင့်သာ ရှိနေသည်။ အချိန်အတော်ကြာပြီးနောက် လန်လင်း စိတ်ပြန်ငြိမ်လာကာ အသူရာမိစ္ဆာကြယ်အား မေးလိုက်သည်။
“ဘာလို့ ကျုပ်ကို ဒီနေရာဆီ ခေါ်လာတာလဲ။ ဘာလို့ ကျုပ်လဲ။ ဘယ်သူက မင်းကို လုပ်ခိုင်းလိုက်တာလဲ။”
“ကျွန်တော်ရဲ့ ယခင် သခင်ရဲ့ စေခိုင်းချက်အရ ခင်ဗျားကို ဒီကမ္ဘာကို ခေါ်လာရတာပါ။”
“ကောင်းပြီ။ အသူရာမိစ္ဆာကြယ်…။ မင်းရဲ့ အရင် သခင်က ဘယ်သူလဲ…။”
အသူရာမိစ္ဆာကြယ်က ပြန်ဖြေ၏။ “တောင်းပန်ပါတယ်…။ ကျုပ်မသိဘူး”
လန်လင်းတစ်ယောက် သွေးတက်သွားရသည်။ “သောက်ကျိုးနည်း…။ မင်းရဲ့ အရင် သခင်ကိုတောင် မင်းမသိဘူးလား…။”
“သခင်…။” အသူရာမိစ္ဆာကြယ်က ရှင်းပြသည်။ “ကျွန်တော်က စွမ်းအင်ကို အခြေခံထားတဲ့ သက်ရှိတစ်မျိုးပါ။ ယခင်သခင်ဆီကနေ ခွဲထွက်လာပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့ မှတ်ဉာဏ်တွေအကုန်လုံးကို ဆုံးရှုံးလိုက်ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ရဲ့ ယခင်သခင်က ဘယ်သူလဲဆိုတာကို ကျွန်တော် မမှတ်မိတော့ပါဘူး။”
“ဟ” လန်လင်း ဒေါသတကြီးဖြင့် ထပ်မံ အော်ဟစ်လိုက်၏။ “ဒါဆိုရင် ကျုပ်ကို ဘာလို့ ဒီကမ္ဘာဆီ ခေါ်လာရတာလဲ။”
အသူရာမိစ္ဆာကြယ်က ပြောသည်။ “ကျွန်တော် မသိပါဘူး…”
လန်လင်း ဒေါပွသွားတော့သည်။ “အေအေ။ မင်းမေ****************** ******* ****** ****** ****** *****”
အချိန်အတော်ကြာ ဆဲဆိုပြီးနောက် လန်လင်း အသက်ကို ပြင်းပြင်းရှူကာ စိတ်ထိန်းလိုက်ရသည်။ အသူရာမိစ္ဆာကြယ်သည်လည်း အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ဆိုလာ၏။
“ဒါပေမဲ့... ကျွန်တော်ရဲ့ အသိစိတ်ထဲမှာ သခင်ရဲ့ တာဝန်လို့ ယူဆရတဲ့ သတင်းစကားတစ်ခုရှိနေပါတယ်။”
လန်လင်းက မျက်မှောင်ကြုတ်၍ မေးသည်။ “ဘာတဲ့လဲ”
အသူရာမိစ္ဆာကြယ်က ခံစားချက် ကင်းမဲ့သည့် အသံဖြင့် ဖြေလာ၏။ “ဒီလောကကြီးကို ဖျက်ဆီးပါ။”
ချက်ချင်းဆိုသလိုပင် လန်လင်းတစ်ယောက် ကြက်သီးတဖြန်းဖြန်း ထသွားရသည်။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၁ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team