အခန်း ၂
Vol. 1 Ch. 2
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
အသူရာမိစ္ဆာကြယ်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ၏ စကားတို့ကမူ အလွန်တရာ ထိတ်လန့်ဖွယ် ကောင်းနေ၏။
လောကကြီးကို ဖျက်ဆီးရမည်တဲ့လော။ ရူးသွပ်လွန်းလှသည်။ သူ၏ ယခင်သခင်က ရူးနေသည်မှာ သေချာလှ၏။
လန်လင်းက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ "လစ်စမ်း...။ သောက်ရူးကောင်။"
ငယ်စဉ်ကတည်းက သူသည် အချစ်အမုန်း ကြီးမားသူဖြစ်သော်လည်း ကြင်နာတတ်ပြီး ဖြောင့်မတ်သူ ဖြစ်၏။ ထိုသူဌေးသားအား သတ်ရန် သူ အစီအစဉ်ဆွဲခဲ့ခြင်းမှာ ထိုခွေးမသားလေးက သေသင့်သေထိုက်သောကြောင့်ပင်။
ယခုမူ ဤကမ္ဘာ၌ သူ၏ တာဝန်မှာ လောကကြီးအား ဖျက်ဆီးရန်ဖြစ်သည်ဟု တစ်စုံတစ်ယောက်က လာပြောနေလေရာ လန်လင်းတစ်ယောက် သွေးမတက်လျှင်သာ အဆန်းဖြစ်နေတော့မည်။
အသူရာမိစ္ဆာကြယ်ကမူ ပြန်လည်ချေပခြင်း မရှိလေဘဲ တိတ်ဆိတ်နေ၏။
အချိန်အနည်းငယ် ကြာပြီးနောက် လန်လင်းက မေးသည်။ "ငါ ကမ္ဘာမြေကို ပြန်နိုင်အောင် မင်း ကူညီပေးနိုင်မလား...။ ငါ့အစ်မက ငါ့ကို တကယ်လိုအပ်နေတာ..."
အသူရာမိစ္ဆာကြယ်က ဖြေလာသည်။ "ကျွန်တော် မသိပါဘူး သခင်…"
လန်လင်း ဒေါသထွက်ရပြန်သည်။ "မသိဘူးဆိုတာက ဘာသဘောလဲ။ ရရင် ရတယ်... မရရင် မရဘူးပေါ့..."
အသူရာမိစ္ဆာကြယ်က တည်ငြိမ်စွာ ပြောသည်။ "ကျွန်တော့်မှာ အသိစိတ်တစ်ခုပဲ ရှိပါတယ်။ အဲဒါက စွမ်းအင်အားလုံးကို ဝါးမျိုဖို့ပါပဲ။ ခင်ဗျားကို အစွမ်းထက်လာအောင် ကျွန်တော် လုပ်ပေးနိုင်ပါတယ်..."
လန်လင်းက မျက်မှောင်ကြုတ်လိုက်သည်။ "ငါ့ကို အစွမ်းထက်လာအောင် လုပ်ပေးနိုင်တယ်...။ ဘယ်လိုလုပ်ပေးမှာလဲ..."
အသူရာမိစ္ဆာကြယ်က ပြန်ဖြေ၏။ "ခင်ဗျား လူတစ်ယောက်ကို သတ်လိုက်တာနဲ့ ကျွန်တော်က အဲဒီလူရဲ့ စွမ်းအင်တွေကို ဝါးမျိုပြီး ခင်ဗျားရဲ့ စွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ခင်ဗျား လူပိုသတ်လေလေ... ကျွန်တော်က ပိုဝါးမျိုနိုင်လေလေ ဖြစ်ပြီး ခင်ဗျားကလည်း ပိုပြီး အစွမ်းထက်လာမှာပါ…"
လန်လင်းတစ်ယောက် ချက်ချင်းဆိုသလိုပင် ကြက်သီးမွေးညင်းများ ထသွားရ၏။ အသူရာမိစ္ဆာကြယ်၏ လေသံမှာ တည်ငြိမ်နေသော်ငြား အလွန်တရာ ယုတ်မာဆိုးသွမ်းလှသည့် အဓိပ္ပါယ်များကို သူ ခံစားမိနေသည်။
စွမ်းအင်ကို တိုက်ရိုက် ဝါးမျိုသည်တဲ့လော။ အရာအားလုံးကို ဝါးမျိုပစ်သည့် တွင်းနက်ကြီးတစ်ခုကဲ့သို့လော။
သူဖတ်ဖူးခဲ့သည့် ဝတ္ထုများထဲ၌ ကုန်းကုန်းဧကရာဇ် ဇာတ်လမ်းမှ တုပိုင်ထံ၌ တခြားသူများ၏ အတွင်းအားများကို တိုက်ရိုက်ဝါးမျိုပစ်သည့် ကြယ်တာရာဝါးမျိုခြင်းသိုင်းဟုခေါ်သော အလွန်ဆိုးရွားလှသည့် သိုင်းပညာတစ်ခု ရှိခဲ့ဖူး၏။
သို့သော် သူ၏ရှေ့မှ ဤအသူရာမိစ္ဆာကြယ်မှာ တစ်ဖက်လူအား သတ်ဖြတ်ပြီးနောက် သူတို့၏ စွမ်းအင်များကို ဝါးမျိုမည်ဖြစ်ရာ ကြယ်တာရာဝါးမျိုခြင်းသိုင်းထက် အဆတစ်ရာမက ပို၍ ဆိုးသွမ်းယုတ်မာနေတော့သည်။
လန်လင်းက ခေါင်းခါလိုက်သည်။ "အဲဒါတွေကို ငါ မလိုအပ်ဘူး။ ငါက ငါ့အစ်မဘေးကို ပြန်သွားချင်ရုံပဲ...။ မင်းက အင်မတန် ယုတ်မာလွန်းတယ်။ မင်းရဲ့ သခင်အဖြစ် ငါ မလုပ်နိုင်ဘူး။ အခုချက်ချင်း လစ်စမ်း..."
အသူရာမိစ္ဆာကြယ်က ဖြေလာ၏။ "မကြာခင် ခင်ဗျား ကျွန်တော့်ကို လိုအပ်လာပါလိမ့်မယ်...။ ကျွန်တော့်ရဲ့ စွမ်းအင်တွေက အလွန်ကို အားနည်းနေပါပြီ။ ဒါကြောင့်မို့လို့ ကျွန်တော် အိပ်စက်ရဦးမယ်။ နှုတ်ဆက်ပါတယ် သခင်…"
ထို့နောက် အလင်းရောင်လေးက ငြိမ်းသက်သွားလေပြီး အိပ်မက်တစ်ခုလုံး အဆုံးမဲ့ အမှောင်ထုကြီးအတွင်းသို့ ကျဆင်းသွားတော့သည်။
**--**--**--**--**--**--**--**
သိပ်မကြာခင်မှာပင် လန်လင်းတစ်ယောက် နိုးထလာခဲ့ပြီး သူ မက်ခဲ့သည့် ထူးဆန်းလှသော အိပ်မက်အား ပြန်လည်စဉ်းစားနေမိ၏။ တစ်ခဏမျှ အစစ်အမှန်လော သို့မဟုတ် အိပ်မက်လောဆိုသည်ကို သူ မခွဲခြားတတ်တော့ချေ။
ထို့အတွက်ကြောင့် စိတ်ထဲမှနေ၍ အော်ခေါ်လိုက်မိသည်။ "အသူရာမိစ္ဆာကြယ်… အသူရာမိစ္ဆာကြယ်… ထွက်ခဲ့စမ်း…"
သို့သော် မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။ အရာအားလုံးက အိပ်မက်တစ်ခုသာ ဖြစ်ခဲ့သည်လော။
နိုးလာပြီးနောက်တွင် လန်လင်းတစ်ယောက် ပြန်အိပ်၍ မပျော်တော့လေဘဲ စိတ်ဓာတ် ကျလာ၏။ အကယ်၍ သူသာ ပျောက်ဆုံးသွားခဲ့ပါက ကမ္ဘာမြေပေါ်ရှိ သူ၏ အစ်မဖြစ်သူမှာ မည်သို့ ဖြစ်သွားမည်နည်း။
သူမ၏ မျက်နှာလေးမှာ ပျက်စီးနေလေပြီး မည်သူနှင့်မျှလည်း အဆက်အသွယ်မလုပ်ရဲချေ။ ယခုအချိန်၌ သူသည်သာ သူမ၏ တစ်ဦးတည်းသော မိသားစုဝင် ဖြစ်သည်။ သူ မရှိလေဘဲ သူမ မည်သို့ အသက်ရှင်သန်နိုင်မည်နည်း။
ထိုအကြောင်းကို တွေးမိသည်နှင့် လန်လင်း၏ ရင်ထဲ၌ အလွန်တရာ နာကျင်သွားရတော့သည်။ မဖြစ်ချေ။ သူ လက်လျှော့၍ မဖြစ်ပေ။ သူ စိတ်ဓာတ်ခိုင်မာရန် လိုအပ်သည်။
ပြန်သွားရမည်။ ပြန်သွားနိုင်ရန်အတွက် မည်သည့်အရာကိုမဆို သူ လုပ်ဆောင်မည်ဖြစ်၏။ အစ်မဖြစ်သူအား တစ်သက်လုံး ဂရုစိုက်ကာ ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ကြယ်ကြွေမိုးအား သက်သေထား၍ သူ ကျိန်ဆိုခဲ့ပြီးဖြစ်သည်။
အခြားကမ္ဘာတစ်ခုသို့ ရောက်လာခဲ့ရလျှင်ပင် သူ၏ ကတိကို တည်ချင်သေးသည်။ မည်သို့ ပြန်ရမည်ကို မသိလျှင်ပင် မည်သို့ပင်ဖြစ်စေ ပြန်နိုင်မည့်လမ်းအား သူ ရှာဖွေရမည်။ ထို့နောက် အစ်မဖြစ်သူအား သူ တစ်သက်လုံး ဂရုစိုက်ပေးရမည်။
လန်လင်း မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကာ ကောင်းကင်ယံရှိ လမင်းများကို မျက်နှာမူလျက် အလွန်လေးနက်စွာ ပြောလိုက်သည်။ "အစ်မ လန်ခုံး... ဘာတွေပဲဖြစ်လာပါစေ... အစ်မရဲ့ဘေးကို ပြန်လာပြီး အစ်မကို တစ်သက်လုံး ဂရုစိုက်ပေးသွားမယ်လို့ လမင်းနှစ်စင်းကို သက်သေထားပြီးတော့ ကျွန်တော် သစ္စာဆိုပါတယ်...။ ဒီကတိကိုသာ ဖောက်ဖျက်ခဲ့မယ်ဆိုရင် ကောင်းကင်ဘုံက ကျွန်တော့်ကို ကွပ်မျက်ပါစေ..."
သစ္စာဆိုပြီးနောက် လန်လင်း မတ်တပ်ရပ်လိုက်ကာ တောနက်ကြီးထဲမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ သူ ဤကမ္ဘာသို့ ကူးပြောင်းလာရသည့် အကြောင်းရင်းအား ရှာဖွေရန်နှင့် အစ်မဖြစ်သူထံ ပြန်နိုင်မည့်လမ်းအား ရှာဖွေနိုင်ရန်အတွက် ဤကမ္ဘာရှိ လူ့အဖွဲ့အစည်းဆီသို့ သွားရမည်။
**--**--**--**--**--**--**--**
တစ်ချိန်တည်း၌ပင် ယန်အင်ပါယာရှိ မြင့်မြတ်နတ်နဂါးကျောင်းတော်၏ အပေါ်ဆုံးထပ်၌... ကျောင်းတော်၏ အမိုးခုံးသည် ကောင်းကင်ယံအလားပင်။ ရေတွက်၍မရနိုင်သည့် ကျောက်မျက်ရတနာများကို မြှုပ်နှံထားလေရာ အစစ်အမှန် ကြယ်တာရာများနှင့်ပင် ဆင်တူနေ၏။
ရုတ်တရက်ဆိုသလိုပင် ကြယ်တစ်ပွင့်မှာ ရွှေရောင်အလင်းတန်းများဖြင့် လင်းလက်တောက်ပလာကာ ကောင်းကင်မှ ကျဆင်းလာပြီး ထူးဆန်းသည့် မီးတောက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
တရားထိုင်နေသည့် ယဇ်ပုရောဟိတ်ချုပ်မှာ ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ပျက်ယွင်းသွားကာ ရေရွတ်လိုက်၏။ "ဒုက္ခပါပဲ..."
အသူရာမိစ္ဆာကြယ် ပေါ်ထွက်လာလေပြီ။ ကြီးမားလှသော ဘေးအန္တရာယ်ကြီး ကျရောက်လာတော့မည် ဖြစ်သည်။
ထို့နောက် တရားထိုင်ရာ အခန်းထဲမှ ရုတ်တရက် ပြေးထွက်သွားကာ အပြင်ဘက်သို့ တုန်လှုပ်နေသည့် အသံဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "မြင့်မြတ်တမန်တော် ဆယ့်ရှစ်ပါး… မြင့်မြတ်ကျောင်းတော်တပ်သားတွေကို ခေါ်ပြီး အလယ်ပိုင်းဒေသရဲ့ အရှေ့တောင်ဘက်မှာ သံသယဖြစ်ဖွယ် လူတစ်ယောက်ကို အခုချက်ချင်း သွားရှာကြစမ်း။ အဲဒီလူက ဒီလောကက မဟုတ်ဘူး။ တွေ့တာနဲ့ တစ်ခါတည်း ချက်ချင်း သတ်ပစ်လိုက်။"
"အမိန့်တော်အတိုင်းပါ..."
ချက်ချင်းဆိုသလိုပင် လူရိပ်ဆယ်ခုကျော်မှာ ကျောင်းတော်အထဲမှ အပြင်ဘက်သို့ ပြေးထွက်သွားကြတော့၏။
ယဇ်ပုရောဟိတ်ချုပ်က အပြင်ဘက်ရှိ လူအုပ်ကြီးအား ငေးကြည့်နေကာ ကြောက်ရွံ့စွာ ပြောလိုက်သည်။ "အသူရာမိစ္ဆာကြယ်ကြီး လောကကြီးထဲကို ဆင်းသက်လာပြီ...။ ကမ္ဘာပျက်မယ့် အချိန် ရောက်လာတော့မယ်။ ဒီပရောဖက်ရဲ့ ဟောချက်က မမှန်ပါစေနဲ့လို့ပဲ မျှော်လင့်ရတော့မယ်..."
**--**--**--**--**--**--**--**
လန်လင်းတစ်ယောက် နေ့ရောညပါ တောင်တန်းများကြား၌ လှည့်လည်သွားလာနေခဲ့သော်လည်း ဤကျယ်ပြောလှသည့် တောရိုင်းကြီးထဲမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ချေ။ ဗိုက်ဆာလျှင် အန္တရာယ်ကင်းမည်ဟု ထင်ရသည့် တောသစ်သီးများကို စားကာ ရေဆာလျှင် တောင်ကျစမ်းရေကိုသာ သောက်ခဲ့ရ၏။
ဤရက်ပိုင်းများအတွင်း သူ တစ်စုံတစ်ခု ထူးဆန်းနေသည်ကို သတိထားမိလာသည်။ သူ၏ ခန္ဓာကိုယ်မှာ သိသာထင်ရှားစွာ ပြောင်းလဲလာခြင်းပင်။
သူ၏ မူလခန္ဓာကိုယ်မှာ အားနည်းသည်ဟု မဆိုသာသော်လည်းပဲ အလွန်တရာ သန်မာနေသည်တော့ မဟုတ်ချေ။ သို့သော် ဤကမ္ဘာသို့ ကူးပြောင်းလာပြီးနောက်ပိုင်း သူ၏ ခန္ဓာကိုယ်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်အစွမ်းထက်သည့် ခွန်အားတစ်ခု ပေါ်ထွက်လာသကဲ့သို့ သူ ခံစားနေရ၏။
မိုင်ပေါင်းများစွာ လမ်းလျှောက်ပြီးနောက် သူ ပင်ပန်းနွမ်းနယ်လာသည့် အချိန်တိုင်း သူ၏ နှလုံးသားထဲမှ စွမ်းအင်တစ်ခု စီးဆင်းလာကာ သူ၏ ခြေလက်များနှင့် အရိုးများထဲသို့ ပျံ့နှံ့သွားလေပြီး သူ၏ ပင်ပန်းနွမ်းနယ်မှုများအားလုံးကို ချက်ချင်း ပျောက်ကွယ်သွားစေကာ ခွန်အားများဖြင့် ပြည့်နှက်သွားစေသည်။
ထို့အပြင် အချိန်အတော်ကြာအောင် အစာမစားရလျှင်ပင် သူ အလွန်အမင်း အားနည်းသွားသည်ကို မခံစားရချေ။
ထို့အပြင် ထိုစွမ်းအင်သည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှ၏။ ထိုစွမ်းအင်အား ခံစားကြည့်ရန် သို့မဟုတ် ရှာဖွေရန် ကြိုးစားသောအခါ လုံးဝ ရှာမတွေ့ပေ။
ယခုအခါ အရာအားလုံးမှာ အိပ်မက်မဟုတ်လေဘဲ အစစ်အမှန်ဖြစ်ကြောင်း လန်လင်း လုံးဝ သေချာသွားတော့ကာ သူ၏ ခန္ဓာကိုယ်အတွင်း၌ အလွန်တရာ ဆိုးသွမ်းယုတ်မာလှသည့် အသူရာမိစ္ဆာကြယ် ရှိနေပြီဖြစ်ကြောင်းကိုပါ သူ လက်ခံလိုက်တော့သည်။
လန်လင်းတစ်ယောက် တုန်လှုပ်သွားရ၏။ သူ ထပ်မံ၍ အော်ခေါ်ကြည့်လိုက်သော်လည်းပဲ အသူရာမိစ္ဆာကြယ်ထံမှ မည်သည့်တုံ့ပြန်မှုမှ မထွက်ပေါ်လာပေ။
သို့သော် သူ၏ ခန္ဓာကိုယ်ထဲ၌ အသူရာမိစ္ဆာကြယ်၏ စွမ်းအင်များ ရှိနေသော်ငြား သူ အလွန်အမင်းကို ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team