အခန်း ၃
Vol. 1 Ch. 3
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
မည်မျှပင် ဝေးဝေးသွားစေကာမူ သူ၏ ရှေ့၌ အဆုံးအစမဲ့နေသည့် သစ်တောများနှင့် တောင်တန်းများသာ ရှိနေဆဲပင်။ လန်လင်းတစ်ယောက် အမှန်တကယ်ပင် ရူးသွပ်တော့မည်ဖြစ်၏။ သမိုင်းမတင်မီ ခေတ်ကြီးသို့ ရောက်နေသကဲ့သို့ပင်။ လောကကြီးတစ်ခုလုံး၌ သူ တစ်ယောက်တည်းသာ ရှိနေသည့်အလားပင် ဖြစ်နေသည်။
ဆယ်ရက် ၊ လဝက် ၊ ရက်နှစ်ဆယ်...။
လူသူမရှိသည့် ကမ္ဘာတစ်ခုဆီသို့ ရောက်လာခဲ့သည်လားဟု လန်လင်းတစ်ယောက် သံသယဝင်လာမိသည်။ အကြောင်းမှာ သူသည် အိမ်တစ်လုံး သို့မဟုတ် လူသားများ နေထိုင်သည့် အရိပ်အယောင်လေးတစ်ခုမျှပင် မတွေ့ရသောကြောင့်ပင်။
လန်လင်းသည် လူရိုင်းတစ်ယောက်ကဲ့သို့ ဖြစ်နေလေပြီ။ သူ၏ ဆံပင်များနှင့် မုတ်ဆိတ်မွေးများမှာ အလွန်အမင်း ရှည်လျားနေပြီး သူ၏ အဝတ်အစားများမှာလည်း အစုတ်အပြတ်များ ဖြစ်နေ၏။ သူတောင်းစားကပင် သူ့ထက် ပို၍ သားနားဦးပေမည်။
အချိန်မည်မျှကြာအောင် လမ်းလျှောက်ခဲ့ရသည်ကို မသိတော့ချေ။ တစ်နေ့၌ လန်လင်း တောနက်ကြီးထဲမှ ထွက်လာနိုင်လိုက်ပြီး ရုတ်တရက် ကျယ်ပြန့်လှသည့် ကွင်းပြင်ကျယ်ကြီးတစ်ခုသို့ ရောက်ရှိလာသည်။ မလှမ်းမကမ်းရှိ တောင်ခြေ၌ အရှေ့မှ အနောက်သို့ သွယ်တန်းနေသည့် ကျယ်ဝန်းသော လမ်းမကြီးတစ်ခု ရှိနေ၏။
လန်လင်းတစ်ယောက် အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားတော့သည်။ သူ တောင်တန်းကြီးများထဲမှ လွတ်မြောက်ခဲ့လေပြီ။ သူ လွတ်မြောက်ခဲ့လေပြီ။ ထို့အပြင် လမ်းမကြီးများ ရှိနေခြင်းက လူများ ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်ပြီး လူ့အဖွဲ့အစည်း ရှိနေသည်ဟု ဆိုလိုခြင်းပင်။
မူလက အလွန်အမင်း ပင်ပန်းနွမ်းနယ်နေသည့် လန်လင်းမှာ ရုတ်တရက် အဆုံးအစမဲ့သော ခွန်အားများ ပြည့်နှက်လာကာ လမ်းမကြီးဆီသို့ အသည်းအသန် ပြေးသွားလိုက်တော့၏။
**--**--**--**--**--**--**--**
နှစ်နာရီနီးပါး ကြာပြီးနောက် နောက်ဆုံး၌ လန်လင်းတစ်ယောက် တောင်ပေါ်မှ ဆင်းလာနိုင်ခဲ့ပြီး လှည်းဘီးရာများပင် ကျန်ရှိနေသေးသည့် လမ်းမကြီးပေါ်သို့ ရောက်လာသည်။ လန်လင်း လမ်းမကြီးအတိုင်း အရှေ့ဘက်သို့ လျှောက်သွားလိုက်၏။
သူ လမ်းလျှောက်နေစဉ်အတွင်း နားစွန်နားဖျား ထောင်ထား၏။ တစ်စုံတစ်ယောက် ဖြတ်သွားပါက သူ ချက်ချင်း အကူအညီတောင်းရန်ပင်။
နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် ရုတ်တရက် လန်လင်း၏ နားရွက်များ လှုပ်ခတ်သွားကာ သူ၏ နောက်ကျောဘက်မှ ကျယ်လောင်လှသည့် မြင်းခွာသံများကို ကြားလိုက်ရသည်။
သူ အမြန်လှည့်ကြည့်လိုက်ရာ အနောက်ဘက် မီတာရာအနည်းငယ် အကွာမှနေ၍ သူ့ထံသို့ ဒုန်းစိုင်းပြေးလာနေသည့် လူတစ်စုအား တွေ့လိုက်ရ၏။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် မြင်းစီးသူရဲကောင်း ရာပေါင်းများစွာက မြင်းလှည်းတစ်စီးအား စောင့်ကြပ်ကာ ဖုန်တလုံးလုံးဖြင့် ဒုန်းစိုင်းချီတက်လာကြသည်။
သေသပ်လှပသည့် အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး သန်မာလှသည့် မြင်းများကို စီးနင်းထားသော ထိုသူများမှာ သိသာလှစွာပင် ချမ်းသာကြွယ်ဝပြီး အဆင့်အတန်းမြင့်မားသူများ ဖြစ်ကြ၏။
လန်လင်းတစ်ယောက် ချက်ချင်းပင် အမြန် လက်ဝှေ့ယမ်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ဟေး...။"
**--**--**--**--**--**--**--**
မြင်းစီးသူရဲကောင်းတစ်ယောက်က မြင်းလှည်းအနားသို့ ချဉ်းကပ်လာပြီး ရိုသေစွာဖြင့် တင်ပြလိုက်သည်။ "သခင်လေး... ရှေ့မှာ လူရိုင်းတစ်ယောက် လမ်းပိတ်ရပ်ပြီး အော်ဟစ်နေပါတယ်..."
လန်လင်းတစ်ယောက် တောနက်ကြီးထဲ၌ နှစ်လကျော်ကြာ နေထိုင်ခဲ့ရ၏။ သူ၏ အဝတ်အစားများမှာ အားလုံး စုတ်ပြတ်သတ်နေပြီး မုတ်ဆိတ်မွေးများ ရှည်ထွက်နေကာ ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေသည်။ သူသည် လူရိုင်းတစ်ယောက်နှင့် အတိအကျပင် တူနေပြီ ဖြစ်၏။
"ဆက်သာမောင်းပြီး တိုက်သတ်လိုက်။" အထဲမှနေ၍ အေးစက်စက်နှင့် ရက်စက်လှသည့် အသံတစ်သံ ထွက်ပေါ်လာ၏။ "လူရိုင်းတွေ အားလုံး သေသင့်တယ်..."
ထို့နောက် လူစုမှာ လန်လင်းအား တိုက်သတ်ရန် ရည်ရွယ်ကာ အလွန်မြန်ဆန်လှသည့် အရှိန်ဖြင့် လန်လင်းဆီသို့ တိုက်ရိုက် ဦးတည်လာကြတော့သည်။
ဤကမ္ဘာရှိ မြင်းများသည် ကမ္ဘာမြေပေါ်ရှိ မြင်းများထက် များစွာ ပို၍ မြင့်မားကာ ကြီးမားခန့်ညားပြီး ပို၍လည်း မြန်ဆန်လှကြောင်းကို လန်လင်း တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ ရှေ့သို့ ရောက်လာပြလေပြီ။
သံချပ်ကာများ ဝတ်ဆင်ထားပြီး နှစ်မီတာကျော် မြင့်မားသည့် ဤစစ်မြင်းကြီးများ၏ ဝင်တိုက်ခြင်းကိုခံရပါက မည်သူမဆို သေချာပေါက် သေဆုံးသွားမည်သာ။ ရှင်ကျန်ပါကလည်း ကိုယ်လက်အင်္ဂါများ ချို့ယွင်းသွားရမည်မှာ အသေအချာပင်။ ဤလူများက မည်သို့လုပ် ဤမျှလောက် ရက်စက်ကြမ်းကြုတ်နိုင်ရသည်နည်း။ လမ်းပိတ်ရပ်နေသူ တစ်ယောက်ကို တိုက်သတ်ရန် ဝန်မလေးကြချေ။
လန်လင်း အမြန် ဘေးသို့ ရှောင်တိမ်းလိုက်သည်။
ကပ်သီးလေး လွတ်သွား၏။
သို့သော် မြင်းလှည်းအတွင်းမှ လူငယ်က ရက်စက်စွာ ပြောလိုက်သည်။ "လူရိုင်းကများ ရှောင်ရဲသေးတယ်ပေါ့လေ...။ ရိုက်သတ်လိုက်စမ်း..."
"အမိန့်အတိုင်းပါ..." ချက်ချင်းပင် စစ်သည်တစ်ယောက်က သူ၏ ကြာပွတ်ကို ဆွဲထုတ်ကာ လန်လင်းအား လှမ်းရိုက်ချလိုက်သည်။
ကြာပွတ်မှာ လျှပ်စီးကဲ့သို့ လျှင်မြန်စွာ ရောက်လာလေရာ လန်လင်းတစ်ယောက် အသည်းအသန် ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း လုံးဝ ရှောင်မလွတ်လိုက်ချေ။
“ဖြန်းးး”
ကားဖြင့် အတိုက်ခံလိုက်ရသည့်အလားပင်။ လန်လင်း၏ ခန္ဓာကိုယ်မှာ ကောက်ရိုးတစ်မျှင်ကဲ့သို့ လွင့်ထွက်သွားကာ သွေးများ အန်ကျလာပြီး သတိလစ်သွား၏။
ထို့နောက် သေသပ်လှပစွာ ဝတ်ဆင်ထားပြီး တက်ကြွနေသည့် လူစုမှာ ဆက်လက်ပြီး ထွက်ခွာသွားကြသည်။ မြင်းလှည်းအတွင်း၌မူ မှူးမတ်လူငယ်က အားရပါးရ ရယ်မောနေ၏။
အကယ်၍ ကူးပြောင်းမလာခင်က လန်လင်းသာဆိုလျှင် ကြာပွတ်ရိုက်ချက်ကြောင့် သူ၏ အရိုးများ ကျိုးကြေသွားပြီး အတွင်းကလီစာများအားလုံး ပျက်စီးသွားကာ ချက်ချင်း သေဆုံးသွားမည်မှာက သေချာလှသည်။
သို့သော် လက်ရှိအချိန်၌မူ လန်လင်းမှာ အရိုးနှစ်ချောင်းသာ ကျိုးသွားပြီး အတွင်းကလီစာများ အနည်းငယ်သာ ထိခိုက်သွားခဲ့၏။ သေလုမျောပါး အခြေအနေသို့ ရောက်နေသော်လည်း မသေသေးချေ။ သူ၏ နှလုံးသား နက်ရှိုင်းသော နေရာမှ သွေးကြောစွမ်းအင်များ ဆက်လက် စီးဆင်းလာကာ သူ၏ နှလုံးနှင့် အသက်ကို ကာကွယ်ပေးထား၏။
အချိန်များ ဆက်လက် ကုန်ဆုံးသွားပြီး လန်လင်းမှာ လမ်းမအလယ်၌ သတိလစ်မေ့မြောစွာ လဲကျနေဆဲပင်။
လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်က သူ့အား ဆက်လက် ကာကွယ်ပေးနေသော်လည်းပဲ ထိုအရာက ကုန်ဆုံးမသွားနိုင်သည်တော့ မဟုတ်ချေ။ တစ်စထက်တစ်စ ပို၍ အားနည်းလာကာ လန်လင်း၏ အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းမှာလည်း ပို၍ ပို၍ အားနည်းလာပြီး သေမင်း၏ အထိက သူ့အား တဖြည်းဖြည်း လွှမ်းခြုံလာတော့သည်။
ညအခါသည် လျင်မြန်စွာပင် ရောက်လာ၏။
ကံကောင်းထောက်မစွာဖြင့် တစ်ညလုံး မည်သည့်ယာဉ်မှ ဖြတ်မသွားခဲ့သောကြောင့်သာ တော်တော့သည်။
သို့မဟုတ်ပါက တတ်ကြိတ်ခံရပြီး လျောသွားနိုင်သည်။
နောက်တစ်နေ့ နေထွက်လာချိန်၌လည်း လန်လင်းမှာ လမ်းဘေး၌ လဲကျနေဆဲဖြစ်ပြီး အသက်ရှင်သလား သေဆုံးသွားပြီလား ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်၏။ သူ၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးများမှာ ခြောက်သွေ့သွားကာ ခရမ်းရင့်ရောင် ပြောင်းသွားလေပြီ။
နောက်ထပ် တစ်ရက်လုံး ကုန်ဆုံးသွားပြန်ပြီး ကောင်းကင်ကြီးမှာ တစ်ဖန် တဖြည်းဖြည်း မှောင်မိုက်လာပြန်သည်။
**--**--**--**--**--**--**--**
လန်လင်း သတိလစ်သွားသည်မှာ သုံးရက်ကြာမြင့်သွားခဲ့ပြီဖြစ်ပြီး လမ်းမကြီးမှာ အမှန်တကယ်ပင် လူသူကင်းမဲ့လွန်းလှ၏။ ဤသုံးရက်အတွင်း မည်သူတစ်ဦးတစ်ယောက်မှ ဖြတ်မသွားခဲ့ကြချေ။
လန်လင်း၏ အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းမှာ လုံးဝ မသိသာတော့လောက်သည်အထိ အလွန်အမင်း အားနည်းနေပြီ ဖြစ်သည်။ အကယ်၍ မကြာမီအချိန်အတွင်း ကုသမှု မခံယူရပါက သူ သေချာပေါက် သေဆုံးသွားတော့လေမည်။
ထိုစဉ် အဝေးမှ မြင်းခွာသံများ ထွက်ပေါ်လာကာ တဖြည်းဖြည်း နီးကပ်လာ၏။ စစ်သည်နှစ်ဦးက မြင်းလှည်းတစ်စီးအား စောင့်ကြပ်ကာ အရှိန်အပြည့်ဖြင့် ဒုန်းစိုင်းနှင်လာကြသည်။
သေချာ ကြည့်လိုက်ပါက ထိုစစ်သည်နှစ်ဦးစလုံးမှာ အမျိုးသမီးများ ဖြစ်ကြောင်း ထင်ရှားနေ၏။
အမျိုးသမီးနှစ်ဦးစလုံးသည် အနီရောင်နှင့် အမည်းရောင် ကိုယ်ကြပ်သားရေဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
သူမတို့၏ ခန္ဓာကိုယ် အချိုးအစားမှာ အလွန်အမင်း ကျစ်လျစ်ပြီး ဆွဲဆောင်မှု ရှိလွန်းလှ၏။ အထူးသဖြင့် သူမတို့၏ ရှည်လျားပြီး သွယ်လျလှပသည့် ခြေတံများက ဆွဲဆောင်မှုအပြည့်ရှိသည့် အလှတရားအား ဖော်ပြနေသည်။
မြင်းစီးနေစဉ် သူမတို့၏ ခါးနှင့် တင်ပါး အကွေးအကောက်များမှာ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင်ပင် ဆွဲဆောင်မှု ရှိလွန်းလှ၏။
အရေးအကြီးဆုံးအချက်မှာ ထိုအမျိုးသမီးနှစ်ဦးမှာ ပုံစံချင်း ထပ်တူကျနေပြီး အရှေ့တိုင်းနှင့် အနောက်တိုင်း ကပြားများကဲ့သို့ တူညီစွာ လှပပြီး နက်ရှိုင်းသည့် မျက်နှာပေါက်များ ရှိနေကြခြင်းပင်။
မိစ္ဆာတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်အချိုးအစားနှင့် ဤမျှလှပသည့် အမျိုးသမီးတစ်ဦးမှာ တစ်ယောက်တည်းနှင့်ပင် အလွန်အမင်း ဆွဲဆောင်မှုရှိနေပြီဖြစ်သည်။ ယခုအခါ အမွှာများ ဖြစ်နေလေရာ အမျိုးသားများအား ရူးသွပ်သွားစေနိုင်သည့် အလှတရားပင် ဖြစ်တော့၏။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၃ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team