← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လူသူကင်းမဲ့နေသည့် တောင်တန်းကြီးဖြစ်သော်လည်း အမျိုးသမီးစစ်သည်နှစ်ဦးမှာ အလွန်အမင်း သတိဝီရိယ ရှိနေကြဆဲပင်။ သူမတို့၏ မျက်လုံးတို့က အေးစက်နေသည့် ကြယ်ပွင့်များကဲ့သို့ ဖြစ်နေပြီး ကောက်ကွေ့နေသည့် ဓားများကို ကိုင်ဆောင်ထားကြ၏။

အချိန်မရွေး ခုန်အုပ်ရန် အသင့်ဖြစ်နေသည့် ကျားသစ်မများနှင့်ပင် တူနေသည်။

သူမတို့ နှစ်ဦး စောင့်ကြပ်လာသည့် မြင်းလှည်းကြီးမှာ အလွန်ရှည်လျားပြီး ကြီးမားလှကာ အလွန်ကောင်းမွန်သည့် မြင်းနှစ်ကောင်က ဆွဲလာခြင်းဖြစ်သော်လည်း သိပ်၍ ဇိမ်ခံနိုင်မည့်ပုံတော့ မပေါ်ချေ။

မြင်းသုံးကောင်နှင့် မြင်းလှည်းကြီးမှာ မြေပြင်ပေါ်၌ အသက်လုနေရသည့် လန်လင်းထံသို့ တဖြည်းဖြည်း နီးကပ်လာနေ၏။ ကောင်းကင်ယံမှာ မှောင်မိုက်နေလေရာ လန်လင်းအား တက်နင်းမိတော့မည် ဖြစ်သည်။ အကယ်၍သာ အနင်းခံလိုက်ရပါက သေချာပေါက် သေဆုံးသွားရမည်သာ။

မီတာသုံးဆယ် ၊ မီတာနှစ်ဆယ် ၊ ဆယ်မီတာ ၊ ငါးမီတာ... စသဖြင့် လျင်မြန်စွာ နီးကပ်လူသည်။ မြင်းကြီး၏ ခြေထောက်အောက်၌ လန်လင်းတစ်ယောက် အနင်းခံရပြီး သေဆုံးရတော့လေမည်။

"အစ်မ... သတိထား။ လမ်းပေါ်မှာ လူတစ်ယောက်ရှိနေတယ်။"

မှောင်မိုက်နေပြီ ဖြစ်သော်ငြား အနက်ရောင်သားရေဝတ်စုံနှင့် အမျိုးသမီးမှာ လမ်းအလယ်၌ လဲကျနေသည့် လန်လင်းအား တွေ့သွားသည်။ သူမက ချက်ချင်း သတိဝင်သွားပြီး မြင်းဇက်ကြိုးကို ဆွဲကာ မြင်းကို ရပ်တန့်လိုက်၏။

ရှည်လျားသည့် မြင်းဟီသံတစ်ခုနှင့်အတူ ဒုန်းစိုင်းပြေးလာနေသည့် မြင်းကြီးမှာ ရှေ့ခြေနှစ်ဖက် မြောက်တက်သွားပြီး ရပ်တန့်သွားတော့သည်။

တစ်ချိန်တည်းမှာပင် အနီရောင်သားရေဝတ်စုံနှင့် အခြားအမျိုးသမီးတစ်ဦးကလည်း သူမ စီးနင်းလာသည့် မြင်းနှင့် မြင်းလှည်းဆွဲသည့် မြင်းနှစ်ကောင်လုံးအား ဆွဲဖမ်းလိုက်၏။

အရှိန်ကြောင့် အရှေ့သို့ ဆက်လက်ထိုးထွက်လာသည့် အနောက်ဘက်မှ မြင်းလှည်းကြီးအား သူမ၏ အခြားလက်တစ်ဖက်ဖြင့် တားဆီးလိုက်သည်။

အလွန်အမင်း ဆွဲဆောင်မှုရှိလှကာ သွယ်လျလွန်းသည့် သူမ၏ ခန္ဓာကိုယ်ထဲ၌ ဤမျှလောက် ကြီးမားလှသည့် ခွန်အားများ ရှိနေမည်ဟု မည်သူကမှ ထင်မှတ်ထားမည် မဟုတ်ချေ။

အနက်ရောင်ဝတ် အမျိုးသမီးက သတိအပြည့်ဖြင့် ပြောသည်။ "ညီမလေး... မြင်းလှည်းကို စောင့်နေ။ မလှုပ်နဲ့။" ထို့နောက် သူမ၏ ဓားကောက်ကို ဆွဲထုတ်ကာ မြင်းပေါ်မှ ခုန်ဆင်းပြီး လန်လင်းထံသို့ လျှောက်လာလိုက်၏။

"ဟုတ်ပြီ။ အစ်မ... သတိထား။" သူတို့နှစ်ဦးမှာ အမှန်တကယ်ပင် အမွှာညီအစ်မများ ဖြစ်ကြပြီး ညီမဖြစ်သူသည်လည်း သူမ၏ ဓားကို ဆွဲထုတ်ကာ မြင်းလှည်းကို စောင့်ကြပ်နေလိုက်သည်။

မြင်းလှည်းအား သူမတို့ အလွန်အမင်း တန်ဖိုးထားနေကြသော်လည်း အထဲ၌ မည်သည့်အရာ ရှိနေသည်ကိုမူ မသိရသေးချေ။

အနက်ရောင်ဝတ် အမျိုးသမီးက လန်လင်းအနားသို့ လျှောက်သွားလိုက်ပြီး လည်ပင်းအား သူမ၏ ဓားဖြင့် ရွယ်လိုက်ကာ အသက်ရှူနှုန်းကို စစ်ဆေးလိုက်၏။

ဖရိုဖရဲဖြစ်နေသည့် ဆံပင်နှင့် မုတ်ဆိတ်မွေးများ ၊ ဂုန်နီအိတ်ကဲ့သို့ စုတ်ပြတ်နေသည့် အဝတ်အစားများဖြင့် လူရိုင်းတစ်ယောက်နှင့် တူနေသည်ကို မြင်သောအခါ သူမ မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။ "ဒီလူရိုင်း သေတော့မှာပဲ...။ အပြတ်ရှင်းလိုက်တာပဲ ကောင်းမယ်..."

ထို့နောက် သူမ၏ ဓားဖြင့် လန်လင်း၏ လည်ပင်းတည့်တည့်သို့ ရွယ်လိုက်တော့၏။

ထိုအခိုက် ညီမဖြစ်သူက အမြန် ခုန်ဆင်းလာပြီး ပြောလိုက်သည်။ "အစ်မ... နေပါဦး။ လူတစ်ယောက်ရဲ့ အသက်ကို ကယ်ရတာက စေတီခုနစ်ဆူ တည်ရတာထက် မြတ်တယ်တဲ့..."

အနက်ရောင်ဝတ် အမျိုးသမီးကမူ ရွံ့ရှာဟန်ဖြင့် ပြော၏။ "လူရိုင်းတွေက လူသားစားပြီး သွေးသောက်ကြတာ... သူတို့အားလုံးကို သတ်သင့်တယ်။"

ညီမဖြစ်သူက လန်လင်းအနားသို့ လျှောက်လာပြီး ပြောသည်။ "အကယ်၍ သူက လူရိုင်း မဟုတ်ရင်ရော...။ အရင်ဆုံး သူ့ကို နှိုးကြည့်ရအောင်... ပြီးရင် အလယ်ပိုင်းဒေသရဲ့ စကားကို သူပြောတတ်မပြောတတ် စမ်းကြည့်မယ်... သူ ပြောတတ်ရင် ကျွန်မတို့ သူ့ကို မသတ်ဘူး..."

ပြောပြီးနောက် သူမက လန်လင်းအား တွဲထူလိုက်ကာ သူမ၏ နဂါးစွမ်းအင်ကို အသုံးပြု၍ လန်လင်း၏ ရင်ဘတ်အတွင်းရှိ သွေးကြောများကို ရှင်းလင်းပေးလိုက်သည်။ ထို့နောက် ဆေးလုံးတစ်လုံးကို သူ၏ ပါးစပ်ထဲသို့ ထည့်ကာ ရေနှင့်အတူ တိုက်လိုက်၏။

**--**--**--**--**--**--**--**

အချိန်မည်မျှ ကြာသွားသည်ကို မသိရသော်လည်း လန်လင်း တဖြည်းဖြည်း သတိရလာသည်။

လက်ရှိအချိန်၌ သူသည် မြင်းလှည်းပေါ်သို့ ရောက်နေကြပြီး လန်လင်း၏ ရှေ့၌ ပုံစံချင်း ထပ်တူကျနေသည့် လှပသော မျက်နှာနှစ်ခု ရှိနေ၏။ ကွာခြားချက်ဟူ၍ သူမတို့၏ မျက်လုံးများသာ ရှိသည်။ တစ်စုံက အေးစက်ကာ ထက်မြက်နေပြီး ကျန်တစ်စုံမှာမူ အပြစ်ကင်းစင်ကာ လှပနေ၏။

နောက်ထပ် ကွာခြားချက်မှာ သူမတို့၏ အဝတ်အစားများပင်။ တစ်ဦးက အနက်ရောင် ကိုယ်ကြပ်သားရေဝတ်စုံကို ဝတ်ဆင်ထားပြီး ကျန်တစ်ဦးက အနီရောင် ကိုယ်ကြပ်သားရေဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော် သူမတို့၏ ခန္ဓာကိုယ် အချိုးအစားမှာ တစ်ပုံစံတည်းဖြစ်တေပြီး မိစ္ဆာတစ်ကောင်ကဲ့သို့ ကောက်ကြောင်းများ ရှိနေကြ၏။

လန်လင်း သတိရလာသည်ကို မြင်သောအခါ အနက်ရောင်ဝတ် အမျိုးသမီးက သူမ၏ ဓားကို လန်လင်း၏ လည်ပင်းတည့်တည့်သို့ ရွယ်လိုက်ပြီး အေးစက်စွာ ပြောသည်။ "ပြောစမ်း... တစ်ခုခု ပြော..."

အနီရောင်ဝတ် အမျိုးသမီးက စိုးရိမ်တကြီးဖြင့် ပြောလာသည်။ "တစ်ခုခုပြောပါ...။ အလယ်ပိုင်းဒေသရဲ့ စကားကို ရှင် ပြောနိုင်သရွေ့ လူရိုင်းမဟုတ်ဘူးလို့ သတ်မှတ်ပြီး ကျွန်မတို့ ရှင့်ကို မသတ်ဘူး..."

ယုတ္တိရှိရှိ တွေးကြည့်ရမည်ဆိုလျှင် လန်လင်းတစ်ယောက် သေချာပေါက် သေရတော့မည်သာ။ အဘယ်ကြောင့်ဆိုသော် သူသည် ကမ္ဘာမြေမှ လူသားတစ်ဦးဖြစ်ရာ အလယ်ပိုင်းဒေသ၏ စကားကို လုံးဝ ပြောတတ်မည် မဟုတ်ချေ။

သို့သော်... သူမတို့ ပြောနေသည့် အလယ်ပိုင်းဒေသ၏ စကားဆိုသည်မှာ မန်ဒရင်းဘာသာစကားနှင့် အတိအကျကို တူညီနေ၏။ လေယူလေသိမ်း အနည်းငယ် ပြောင်းလဲသွားသော်ငြား စကားလုံးတိုင်းကို လန်လင်း အလွယ်တကူ နားလည်နေသည်။

ဤသည်က ပုံမှန်မဟုတ်ချေ။ သိထားရမည်မှာ ဤနေရာသည် ကမ္ဘာမြေ၏ ရှေးဟောင်းခေတ် မဟုတ်လေဘဲ လမင်းနှစ်စင်း ၊ အမ်ဘာသားရဲ ၊ ယူနီကွန်းတို့ရှိနေသည့် စိတ်ကူးယဉ်ဆန်လှသော အခြားကမ္ဘာတစ်ခု ဖြစ်နေခြင်းပင်။

ကမ္ဘာတစ်ခုနှင့်တစ်ခု ဘာသာစကားများ ကွာခြားလေ့ရှိသော်လည်း ဤအမျိုးသမီးက တရုတ်စကားကို ပြောနေ၏။ မည်သို့ ဖြစ်နိုင်မည်နည်း။ တိုက်ဆိုင်မှုတစ်ခုသက်သက်သာ ဖြစ်နိုင်မည်လော။ ဤမျှလောက် တိုက်ဆိုင်မှုမျိုးတော့ မရှိနိုင်ချေ။

အနက်ရောင်ဝတ် အမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။ "လူရိုင်းပဲ... သေလိုက်တော့။" ထို့နောက် သူမ၏ ဓားဖြင့် ခုတ်ချလိုက်တော့၏။

လန်လင်းက အမြန် ပြောလိုက်သည်။ "မဟုတ်ဘူး။ မဟုတ်ဘူး။ နေဦး။ ကျုပ် လူရိုင်း မဟုတ်ဘူးလို့"

အနက်ရောင်ဝတ် အမျိုးသမီးမှာ ခုတ်ချတော့မည့် သူမ၏ ဓားကို ရုတ်တရက် ရပ်တန့်လိုက်ကာ လန်လင်းအား အံ့ဩတကြီးဖြင့် စိုက်ကြည့်နေမိ၏။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၄ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters