အခန်း ၅
Vol. 1 Ch. 5
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၅
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
အနီရောင်ဝတ် အမျိုးသမီးက ပြောသည်။ "အစ်မ... သူ လူရိုင်းမဟုတ်ဘူးလို့ ကျွန်မ ပြောသားပဲ။ သူပြောတဲ့ တရုတ်စကားက ကျွန်မတို့ထက်တောင် ပိုပြီး ပီသနေသေးတယ်..."
အနက်ရောင်ဝတ် အမျိုးသမီးက လန်လင်းအား စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ "မင်း... နောက်တစ်ခွန်းလောက် ထပ်ပြောစမ်း..."
အနီရောင်ဝတ် အမျိုးသမီးက ပြောလိုက်သည်။ "အစ်မ... သူ တစ်ခွန်းပြောရုံနဲ့တင် သက်သေပြနိုင်နေပြီလေ..."
လန်လင်းက သူ့အားရွယ်ထားသည့် ဓားအားကြည့်ကာ တံတွေးတစ်ချက် မျိုချလိုက်သည်။ "ကျုပ် လူရိုင်း မဟုတ်ဘူး... မင်းတို့က ဘယ်သူတွေလဲ..."
လန်လင်း၏ ဒုတိယမြောက် စကားကို ကြားပြီးနောက် ညီမဖြစ်သူမှာ လန်လင်းအား အံ့ဩတကြီး ကြည့်ကာ ပြောလိုက်သည်။ "အစ်မ... သူ... သူ့အသံက သခင်လေးနဲ့ အများကြီး တူနေတယ်..."
အနက်ရောင်ဝတ် အမျိုးသမီးမှာ အသက်ရှူမြန်လာပြီး ပြောလိုက်သည်။ "ဟုတ်တယ်..." ထို့နောက် သူမ၏ လက်ထဲရှိ ဓားမှာ လျှပ်စီးကဲ့သို့ လက်ခနဲ ဖြစ်သွား၏။
လန်လင်းတစ်ယောက် သူ၏ မျက်နှာပေါ်၌ အေးစက်သွားသည်ကို ခံစားလိုက်ရပြီး မျက်လုံးရှေ့၌ ဓားအလင်းတန်းများ ဖရိုဖရဲ လင်းလက်သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူ၏ ရှုပ်ပွနေသော မုတ်ဆိတ်မွေးများမှာ ပြတ်ကျသွားကာ ချောမွေ့နေသည့် မျက်နှာလေး ပေါ်ထွက်လာတော့၏။
ထိုအချိန်၌ အမွှာ အမျိုးသမီးစစ်သည်နှစ်ဦးလုံးမှာ လုံးဝ မှင်သက်သွားကြပြီး လန်လင်း၏ မျက်နှာအား မယုံနိုင်စွာဖြင့် စိုက်ကြည့်နေမိကြသည်။
ညီမဖြစ်သူက အံ့ဩတကြီးဖြင့် ဆိုသည်။ "အသံတူရုံတင်မကဘူး ရုပ်ကလည်း သခင်လေးနဲ့ အများကြီး တူနေတာပဲ..."
အနက်ရောင်ဝတ် အမျိုးသမီးစစ်သည်က တုန်ယင်နေသည့် အသံဖြင့် ပြောသည်။ "ဒါက... ဒါက ကံတရားလား... ကောင်းကင်ဘုံက ငါတို့ ဆိုလွန် မိသားစုကို မစနေတာပဲ..."
လန်လင်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။ "မင်းပြောတာက ဘာအဓိပ္ပါယ်လဲ..."
အနက်ရောင်ဝတ် အမျိုးသမီးမှာ စကားမပြောလေဘဲ လန်လင်း၏ ဘေးဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
ထိုအခါမှသာ မြင်းလှည်းပေါ်၌ ခေါင်းတလားတစ်လုံး ရှိနေပြီး ဤညီအစ်မနှစ်ဦးမှာ တစ်ချိန်လုံး ထိုခေါင်းတလားကို စောင့်ကြပ်လာခဲ့ခြင်းဖြစ်ကြောင်း လန်လင်း သတိထားမိသွားသည်။
အနက်ရောင်ဝတ် အမျိုးသမီးက ပြောသည်။ "ငါတို့က ဆိုလွန် မိသားစုရဲ့ လက်အောက်ခံတွေပဲ။ ငါတို့ရဲ့ သခင် မြို့စားကြီး ဆိုလွန်က ကွယ်လွန်သွားပြီ။ သခင်မလေးက ဘွဲ့ကို ဆက်ခံဖို့ သခင်လေး ဆိုလွန်ကို သွားရှာဖို့ ငါတို့ကို ကောင်းကင်မိစ္ဆာ တောင်တန်းတွေဆီ စေလွှတ်ခဲ့ပေမဲ့ သခင်လေးရဲ့ အလောင်းကိုပဲ ငါတို့ တွေ့ခဲ့ရတယ်။ ဒါကြောင့်မို့လို့ ငါတို့က မိုင်ထောင်ချီ ခရီးနှင်ပြီး တော်ဝင်မြို့တော်မှာရှိတဲ့ မြို့စားကြီးစံအိမ်ဆီကို ခေါင်းတလား ပြန်သယ်လာခဲ့တာ။ လမ်းမှာ သေခါနီး ဖြစ်နေတဲ့ မင်းနဲ့ တွေ့ခဲ့တာပဲ..."
ပြောပြီးနောက် အနက်ရောင်ဝတ် အမျိုးသမီးက ခေါင်းတလားအဖုံးကို တိုက်ရိုက် ဖွင့်ချလိုက်ရာ အထဲရှိ အလောင်းမှာ ပေါ်ထွက်လာ၏။
ဆေးတစ်မျိုးမျိုးကြောင့် အလောင်းမှာ ပုပ်သိုးဆွေးမြေ့ခြင်းမရှိဘဲ အလွန်ကောင်းမွန်စွာ ကျန်ရှိနေသည်။
အထဲ၌ လဲလျောင်းနေသည့်သူမှာ သူနှင့် အမှန်တကယ်ပင် အလွန်တူကြောင်း လန်လင်း ရှင်းလင်းစွာ မြင်တွေ့နေရ၏။ အနည်းဆုံး ရှစ်ဆယ်ရာခိုင်နှုန်းခန့် တူညီနေပြီး ပို၍ ခန့်ညားချောမောနေခြင်းသာ ကွာခြားသည်။ ခန္ဓာကိုယ်အနေအထားနှင့် အရပ်အမောင်းမှာလည်း သူနှင့် အတိအကျနီးပါးပင် တူညီနေ၏။
အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းလာပြီးနောက် သူနှင့် ဤမျှလောက် ရုပ်တူသည့်သူ ရှိနေပြီး ထိုသူက သေဆုံးနေပြီဖြစ်ကြောင်းကို သိလိုက်ရသောကြောင့် လန်လင်းတစ်ယောက် အမှန်တကယ်ပင် အံ့ဩသွားရတော့သည်။
အနက်ရောင်ဝတ် အမျိုးသမီးက မေးသည်။ "မင်း နာမည် ဘယ်လိုခေါ်လဲ..."
"လန်လင်း"
အနက်ရောင်ဝတ် အမျိုးသမီးက ထပ်မေးသည်။ "မင်း အိမ်က ဘယ်မှာလဲ... မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ..."
လန်လင်း တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောသည်။ "ကျုပ်... ကျုပ် အိမ်ဘယ်မှာလဲဆိုတာ မသိဘူး..." သူသည် ကူးပြောင်းလာသူ တစ်ဦးဖြစ်ရာ သူ၏ မူလဇစ်မြစ်ကို ရှင်းပြရန် အမှန်တကယ်ပင် ခက်ခဲလွန်းလှ၏။
အနက်ရောင်ဝတ် အမျိုးသမီးက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထူးဆန်းစွာ ပြောလာ၏။ "လန်လင်း... အသက်ရှင်ရတာက လူတိုင်းအတွက် အဖိုးတန်ဆုံးအရာပဲ... မင်းအတွက်လည်း ချွင်းချက် မဟုတ်ဘူးလို့ ငါယုံကြည်တယ်။ ဟုတ်တယ်မလား..."
လန်လင်း ခေါင်းညိတ်ပြလိုက်သည်။
အနက်ရောင်ဝတ် အမျိုးသမီးက ဆက်ပြောသည်။ "ငါက မင်းရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာဆိုတော့... မင်း ငါ့ကို ကျေးဇူးဆပ်သင့်တယ် မဟုတ်ဘူးလား..."
သူမ မည်သည့်စကားကို ဆက်ပြောမည်ကို လန်လင်း ကြိုသိနေသောကြောင့် မည်သို့ပြန်ဖြေရမည်ကို တစ်ခဏမျှ စဉ်းစားမရဖြစ်သွားသည်။
"ဟုတ်တယ်... မင်း ငါ့အပေါ်တင်နေတဲ့ အသက်ကယ်ကျေးဇူးကို ဆပ်ရမယ်။ ဒါကြောင့်မို့လို့ သခင်လေး ဆိုလွန်အဖြစ် ဟန်ဆောင်ပြီး ဘွဲ့ကို ဆက်ခံဖို့ တော်ဝင်မြို့တော်ကို မင်း သွားရမယ်..."
ဤသည်က အလွန်ရုတ်တရက် ဆန်လွန်းသောကြောင့် လန်လင်းတစ်ယောက် ပါးစပ်ဟသွားခဲ့သော်လည်း မည်သို့ပြောရမည်ကို မသိတော့ချေ။ အချိန်အနည်းငယ် ကြာပြီးနောက် သူ ပြောလိုက်သည်။ "ကျုပ်တို့က ရုပ်တူတယ်ဆိုပေမဲ့... လုံးဝ အတိအကျ တူနေတာမှ မဟုတ်တာ။ မင်းတို့တောင် ခွဲခြားနိုင်သေးတာပဲ..."
အနက်ရောင်ဝတ် အမျိုးသမီးက ယုံကြည်ချက်ရှိစွာပြောသည်။ "စိတ်မပူပါနဲ့... သူနဲ့ အတိအကျ တူသွားအောင် လုပ်နိုင်တဲ့ နည်းလမ်း ငါ့မှာ ရှိတယ်..."
"ဒါပေမဲ့... ဒါပေမဲ့..." လန်လင်း ငြင်းဆန်ချင်ခဲ့သော်လည်း မည်သည်ကို ဆက်ပြောရမည်ကို မသိဖြစ်နေ၏။
အနက်ရောင်ဝတ် အမျိုးသမီးက လန်လင်းအား အကဲခတ်ကာ ပြောသည်။ "လန်လင်း... မင်းရဲ့ နောက်ခံကို ငါ မသိပေမဲ့ မင်းက ချမ်းသာတဲ့ မိသားစုကနေ လာတာ မဟုတ်ဘဲ အတော်လေး ဆင်းရဲတဲ့ဘဝမှာ နေထိုင်ခဲ့ရတယ်ဆိုတာကိုတော့ ငါ ပြောနိုင်တယ်။ ဟုတ်တယ်မလား..."
လန်လင်းနှင့် သူ၏ အစ်မဖြစ်သူမှာ ငယ်စဉ်ကတည်းက တစ်ယောက်ကိုတစ်ယောက် အားကိုးကာ နေထိုင်ခဲ့ရလေရာ အစပိုင်း၌ ဘဝက အလွန်အမင်း ခက်ခဲခဲ့၏။
နောက်ပိုင်းတွင် အစ်မဖြစ်သူမှာ ငွေအနည်းငယ် ပိုရှာနိုင်လာပြီး လန်လင်းသည်လည်း တက္ကသိုလ်တက်နေစဉ် အချိန်ပိုင်းအလုပ် လုပ်ခဲ့သောကြောင့် သူတို့၏ ဘဝမှာ အနည်းငယ် အဆင်ပြေလာခဲ့သည်။ သို့သော် သူ၏ တက္ကသိုလ်အတန်းဖော်များကြား၌ သေချာပေါက် အမွဲဆုံး ဖြစ်၏။
အနက်ရောင်ဝတ် အမျိုးသမီးက ဆက်ပြောသည်။ "ပြီးတော့ မင်းကို ဟန်ဆောင်ခိုင်းမယ့် သခင်လေး ဆိုလွန်က မြို့စားကြီးစံအိမ်ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပဲ။ ဆိုလွန် မိသားစုက တိုင်းပြည်ရဲ့ မှူးမတ်မိသားစု ဖြစ်ရုံတင်မကဘူး... ထျန်းရွှေမြို့ကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အုပ်ချုပ်လာခဲ့တဲ့ နှစ်ပေါင်းနှစ်ရာ သက်တမ်းရှိပြီဖြစ်တဲ့ မျိုးရိုးစဉ်ဆက် နယ်စားတွေပဲ..."
သူမက စည်းစိမ်ချမ်းသာနှင့် အာဏာတို့ဖြင့် လန်လင်းအား စတင် ဖြားယောင်းလိုက်သော်လည်း လန်လင်းကမူ စိတ်မဝင်စားချေ။
လက်ရှိအချိန်၌ သူ့ စိတ်ထဲ၌ ကိစ္စတစ်ခုတည်းသာ ရှိနေသည်။ အစ်မဖြစ်သူ၏ အနားသို့ ပြန်သွားနိုင်ရန် အစွမ်းကုန် ကြိုးစားရမည်။ သူမကို ကာကွယ်ပေးပြီး ဂရုစိုက်ပေးမည်။
အနက်ရောင်ဝတ် အမျိုးသမီးက ဆက်ပြောသည်။ "ထျန်းရွှေမြို့က ဘယ်လောက်တောင် ကြီးမားလဲဆိုတာ မင်းသိလား...။ အကျယ်အဝန်းက လီငါးရာရှိပြီး လူဦးရေက ငါးသိန်းရှိတယ်။ ပြီးတော့ တပ်သား နှစ်သောင်းရှိတယ်။ ငါ့ရဲ့ တောင်းဆိုချက်ကိုသာ မင်း သဘောတူလိုက်ရင် မင်းက တိုင်းပြည်ရဲ့ မြို့စားကြီး တစ်ယောက် ဖြစ်လာရုံတင်မကဘူး ထျန်းရွှေမြို့ကြီးက မင်းရဲ့ အပိုင် ဖြစ်လာလိမ့်မယ်..."
လန်လင်း၏ နှလုံးသားမှာ ခုန်ပေါက်သွားရ၏။ စံအိမ်၏ စည်းစိမ်ချမ်းသာကို မက်မောသွားသောကြောင့် မဟုတ်လေဘဲ မြို့၏ ကြီးမားလှသည့် အကျယ်အဝန်းကြောင့် အံ့ဩသွားရခြင်းပင်။
လီငါးရာဆိုသည်မှာ စတုရန်းကီလိုမီတာ ငါးသောင်းကျော်ရှိပြီး တရုတ်နိုင်ငံရှိ ခရိုင်အဆင့်မြို့ကြီး နှစ်မြို့ သုံးမြို့ခန့်နှင့် ညီမျှသည်။ ဤသည်က အမှန်တကယ်ပင် ကြီးမားလှသည့် ဓနဥစ္စာများပင်။ ကမ္ဘာမြေပေါ်ရှိ အချမ်းသာဆုံးလူ၌ပင် ဤမျှလောက် ချမ်းသာကြွယ်ဝမှုနှင့် အာဏာမျိုး မရှိနေချေ။
ကမ္ဘာမြေပေါ်ရှိ လန်လင်း၏ အဖြစ်ချင်ဆုံး ဆန္ဒမှာ အစ်မဖြစ်သူအား လက်ထပ်ပြီး ပိုမိုကြီးမားသည့် အိမ်သစ်ကြီးတစ်လုံးသို့ ပြောင်းရွှေ့ရန်သာ ဖြစ်၏။ မှတ်သားထားရမည်မှာ သူ့ မြို့ရှိ အိမ်ဈေးမှာ တစ်စတုရန်းမီတာလျှင် ယွမ်လေးသောင်းအထိ ရှိသည်။
ဤဆိုလွန်မှာ ထျန်းရွှေမြို့ကြီးကို အမွေဆက်ခံရန် မွေးဖွားလာခဲ့ခြင်း ဖြစ်၏။ ရွှေဇွန်းကိုက်ပြီး မွေးလာခဲ့ခြင်းပင်။ သို့သော် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားခဲ့ရသည်မှာ နှမြောစရာကောင်းလှသည်။
လန်လင်းက မေးသည်။ "မင်းတို့ရဲ့ သခင်လေးက ဘယ်လို သေသွားတာလဲ..."
အနက်ရောင်ဝတ် အမျိုးသမီးက ခဏတာ တိတ်ဆိတ်သွားပြီးမှ ပြောလာသည်။ "သူက ကိုယ့်အဆင့်ကိုယ်မသိဘဲ မင်းသမီး ကျိနင်ကို သွားပိုးပန်းခဲ့တာ...။ အရင်က တစ်ခါမှ မကြုံဖူးတဲ့ အရှက်ကွဲမှုနဲ့ ဆုံးရှုံးမှုတွေကို ခံစားခဲ့ရလို့ တော်ဝင်မြို့တော်ကနေ ထွက်ပြီး ကောင်းကင်မိစ္ဆာ တောင်တန်းတွေဆီ အပန်းဖြေဖို့ သွားရင်းနဲ့ အဲဒီမှာပဲ သေသွားခဲ့တာ..."
လန်လင်းက မျက်မှောင်ကြုတ်လိုက်သည်။ "သူ အသတ်ခံလိုက်ရတာလား..."
အနက်ရောင်ဝတ် အမျိုးသမီးက ခေါင်းခါ၏။ "မဟုတ်ဘူး...။ ကောင်းကင်မိစ္ဆာ တောင်တန်းကြီးမှာ ရေတွက်လို့မရနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ် ရှေးဟောင်းအပျက်အစီးတွေ ရှိပြီး အင်မတန် အန္တရာယ်များလွန်းတယ်..."
လန်လင်းက သူ၏ အတွေးများကို စုစည်းလိုက်ပြီးနောက် ပြောလိုက်သည်။ "ကျုပ်က ဆင်းရဲတဲ့ နောက်ခံကနေ လာတယ်ဆိုပေမဲ့ ကျုပ်က ကျုပ်အဖြစ်နဲ့ပဲ နေချင်တာ။ လက်အောက်ခံ ဒါမှမဟုတ် ရုပ်သေးရုပ်တစ်ရုပ် မဖြစ်ချင်ဘူး။ ပြီးတော့ ဘယ်သူ့ကိုမှလည်း ဟန်ဆောင်ပြီး မနေချင်ဘူး... အဲဒီလူက ကျုပ်ထက် အဆတစ်သောင်းလောက် ပိုချမ်းသာနေရင်တောင်မှပဲ..."
အလွန်အမင်း ကောင်းမွန်လှသည့် ကမ်းလှမ်းမှုကို လန်လင်း ငြင်းပယ်လိုက်မည်ဟု မထင်မှတ်ထားသောကြောင့် အနက်ရောင်ဝတ် အမျိုးသမီးမှာ အံ့ဩသွားရ၏။
လန်လင်း၏ စကားများ မှန်ကန်ကြောင်း အတည်ပြုရန်အတွက် သူမက လန်လင်းအား စူးစိုက်ကြည့်လိုက်သည်။
ထို့နောက် သူမ၏ မျက်လုံးများထဲ၌ လေးစားမှုအရိပ်အယောင်တစ်ခု ပေါ်ထွက်လာပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ "မင်းရဲ့ အတွေးအခေါ်ကို ငါ လေးစားတယ်။ မင်းက ဂုဏ်သိက္ခာကြီးတဲ့ လူတစ်ယောက်ပဲ...။ ဒါဆိုရင်... ငါ့ရဲ့ အသက်ကယ်ကျေးဇူးကို မင်း ဘယ်လိုဆပ်မှာလဲ..."
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၅ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team