← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၆

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ကျေးဇူးဆပ်ဖို့ကိစ္စအတွက် လန်လင်းတစ်ယောက် စကားမပြောနိုင်ဖြစ်သွားရ၏။

"ကျုပ် မင်းကို အကြွေးတင်သွားပြီ။ နောက်ကျရင် အဆတစ်ရာ ပြန်ဆပ်ပါ့မယ်" လန်လင်း စိတ်ထဲ၌သာ ပြောလိုက်ခြင်း ဖြစ်သည်။ အပြင် ထုတ်၍ မပြောရဲချေ။

သူက မည်သူနည်း။ သာမန်လူတစ်ယောက်သာဖြစ်သည်။ သူ၏ အဆတစ်ရာကျေးဇူးဆပ်ခြင်းက သူမတို့အတွက်တော့ ဟာသတစ်ပုဒ်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။

အနက်ရောင်ဝတ် အမျိုးသမီးက ခေါင်းခါလိုက်သည်။ "ငါတို့ ငွေမလိုဘူး... ပစ္စည်းတွေလည်း မလိုဘူး... လိုချင်တာက ဆိုလွန် မိသားစုရဲ့ သွေးသားဆက်ခံသူ ဆက်ရှိနေဖို့ပဲ..."

လန်လင်း မျက်မှောင်ကျုံ့လိုက်သည်။ "ကျုပ် ငြင်းလိုက်ရင် ဆိုလွန် မိသားစုက ပျက်စီးသွားမှာလား..."

သူမက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်...။ သခင်လေး ဆိုလွန်က တစ်ဦးတည်းသော အမွေဆက်ခံသူပဲ။ တော်ဝင်မိသားစုက ထျန်းရွှေမြို့ရဲ့ နယ်မြေကို လိုချင်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ သူတို့က ပြန်သိမ်းပြီး တိုက်ရိုက် အုပ်ချုပ်ချင်နေကြတာ...။ အခု သခင်လေး ဆိုလွန် သေဆုံးသွားပြီဆိုတော့ ထျန်းရွှေမြို့မှာ ခေါင်းဆောင် မရှိတော့ဘူး...။ ဒါက တော်ဝင်မိသားစုအတွက် နယ်မြေကို သိမ်းယူဖို့ အကောင်းဆုံး ဆင်ခြေတစ်ခု ဖြစ်လာမှာ..."

လန်လင်း တိတ်ဆိတ်သွားရ၏။

အနက်ရောင်ဝတ် အမျိုးသမီးက သူ့ကို စိုက်ကြည့်လိုက်သည်။ "မင်း ငါ့ရဲ့ တောင်းဆိုချက်ကိုသာ သဘောတူလိုက်ရင် မင်းက ငါ့ရဲ့ အသက်ကယ်ကျေးဇူးကို ဆပ်ရုံတင်မကဘူး... နှစ်ပေါင်းနှစ်ရာတိုင်တိုင် ရှင်သန်လာသည့် မိသားစုတစ်ခုကိုပါ ကယ်တင်ပေးရာ ရောက်လိမ့်မယ်..."

လန်လင်း သက်ပြင်းချလိုက်သည်။ "ကျုပ် တကယ်ပဲ ကျေးဇူးဆပ်ချင်ပါတယ်... ဒါပေမဲ့ ကျုပ်က ကျုပ်အဖြစ်နဲ့ပဲ နေချင်တာ..."

သူမက မျက်ခုံးပင့်လိုက်သည်။ "သုံးနှစ်ဆိုရင်ရော ဘယ်လိုလဲ...။ မင်းက သုံးနှစ်လောက်ပဲ သခင်လေး ဆိုလွန်အဖြစ် ဟန်ဆောင်ပြီး ဆိုလွန် မိသားစု ဒီအကျပ်အတည်းကနေ လွတ်မြောက်အောင် ကူညီပေးရုံပါပဲ...။ သုံးနှစ်ပြည့်သွားရင် မင်းကိုယ်မင်း အဖြစ် ပြန်နေလို့ရပါပြီ..."

**--**--**--**--**--**--**--**

ဆယ့်ငါးမိနစ်ခန့် ပြင်းပြင်းထန်ထန် စဉ်းစားပြီးနောက် နောက်ဆုံး၌ လန်လင်း ခေါင်းညိတ်လိုက်၏။ "ကောင်းပြီ...။ ကျုပ် မင်းကို ကတိပေးတယ်။ ဆိုလွန်အဖြစ် သုံးနှစ် ဟန်ဆောင်ပေးမယ်...။ သုံးနှစ်တည်းပဲနော်..."

"သဘောတူတယ်..." အနက်ရောင်ဝတ် အမျိုးသမီးမှာ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ကာ စိတ်အေးသွားတော့သည်။

သူမ၏ ဘေး၌ ရပ်နေသော အမွှာညီမဖြစ်သူက တစ်ခုခုပြောချင်နေသည့် ပုံပေါ်နေသော်လည်း အနက်ရောင်ဝတ် အမျိုးသမီးက အေးစက်သည့် အကြည့်ဖြင့် သူမအား တားဆီးလိုက်သည်။

အနက်ရောင်ဝတ် အမျိုးသမီးက မျက်နှာကြောလျှော့လိုက်သည်။ "ငါ့နာမည်က ရဲ့ကျင်းယွီ... ပြီးတော့ ငါ့ညီမ နာမည်က ရဲ့ကျင်းဖုန်း။ မင်း နေနည်းနည်း ပြန်ကောင်းလာတာနဲ့ ငါတို့ မင်းကို မျက်နှာလဲလှယ်ဖို့ ခေါ်သွားမယ်..."

"မျက်နှာလဲလှယ်မယ်..." ထိုစကားကို ကြားပြီး လန်လင်းတစ်ယောက် မျက်လုံးပြူးသွားရ၏။

ရဲ့ကျင်းယွီက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "စိတ်မပူပါနဲ့... အန္တရာယ်မရှိပါဘူး။ နောက်မှ ငါတို့ ပြန်ပြောင်းလို့ ရတယ်...။ မင်း အနားယူလိုက်ပါဦး။ ငါတို့ ဆက်သွားပြီးတော့ တည်းခိုဖို့ နေရာတစ်ခု ရှာကြတာပေါ့..."

ပြောပြီးနောက် ရဲ့ကျင်းယွီမှာ ညီမဖြစ်သူအား မြင်းလှည်းအပြင်ဘက်သို့ ဆွဲထုတ်သွား၏။ သူတို့ မြင်းများကို နှင်လိုက်ကြပြီး ခရီးဆက်လိုက်ကြသည်။

ညီမဖြစ်သူ ရဲ့ကျင်းဖုန်းက စိုးရိမ်တကြီး နှုတ်ခမ်းကိုက်လိုက်သည်။ "အစ်မ... သခင်မလေးက ဒီဟာကို သဘောမတူရသေးဘူးလေ။ အစ်မက ဘယ်လိုလုပ်ပြီးတော့ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်လိုက်ရတာလဲ..."

ရဲ့ကျင်းယွီက ပြတ်သားစွာ ပြောသည်။ "သခင်မလေး သဘောတူမှာပါ...။ ငါ ဒီလိုလုပ်တာက သခင်မလေးနဲ့ ဆိုလွန် မိသားစုအတွက်ပဲ..."

**--**--**--**--**--**--**--**

နောက်ရက်အနည်းငယ်အတွင်း၌ ဒဏ်ရာများ သက်သာလာစေရန် မြင်းလှည်းပေါ်၌သာ လန်လင်း နေခဲ့ရသည်။ ရဲ့ကျင်းယွီက သူ့အား မျက်နှာလဲလှယ်ရန်အတွက် လျှို့ဝှက်ဆန်းကြယ်သည့် မှော်ဆရာတစ်ဦးထံသို့ ခေါ်ဆောင်သွားနေခြင်းပင်။

သူ၏ နာလန်ထူသည့် အရှိန်မှာ အလွန်အမင်း မြန်ဆန်နေ၏။ သေလုမျောပါး အခြေအနေသို့ ရောက်နေသော်ငြား ရက်အနည်းငယ်အတွင်းမှာပင် လုံးဝ ပြန်လည်ကောင်းမွန်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်မှာ အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းလွန်းလှ၏။

သူတို့သုံးဦးသည် ငါးရက်တိုင်တိုင် ခရီးနှင်လာကြပြီး လီတစ်ထောင်ကျော်ခန့်ကို ဖြတ်သန်းလာကြသည်။ လမ်းတစ်လျှောက်၌ လူများကို အလွန်နည်းပါးစွာသာ တွေ့ရပြီး ပတ်ဝန်းကျင်မှာ ပို၍ တောကျလာကာ လူသူကင်းမဲ့လာ၏။

နောက်ဆုံး၌ သူတို့၏ ခရီးပန်းတိုင်ဖြစ်သည့် လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာ၏ ရဲတိုက်စံအိမ်ကြီးဆီသို့ ရောက်ရှိလာကြလေပြီ။

ဤစံအိမ်ကြီးမှာ လူသူကင်းမဲ့သည့် တောင်တန်းများကြား၌ နက်ရှိုင်းစွာ ပုန်းကွယ်နေလျက် ရှိ၏။ ဤနေရာ၌ မည်သို့ တည်ဆောက်ထားသည်ဆိုသည်မှာ လျှို့ဝှက်ချက်တစ်ခုပင်။ စံအိမ်ကြီးမှာ မကြီးမားလှသော်ငြား ခမ်းနားထည်ဝါနေ၏။

ရဲတိုက်အဆောက်အအုံမှာ လုံးဝ အနက်ရောင်ဖြစ်နေသော်လည်း ဥယျာဉ်ကမူ တောက်ပပြီး အရောင်အသွေး စုံလင်နေကာ ပတ်ဝန်းကျင်နှင့် ထူးဆန်းစွာ မလိုက်မဖက်ဖြစ်နေသည်။

သာမန်လူများနှင့် မိုင်ပေါင်းများစွာ ကွာဝေးသည့် တောင်တန်းများကြား၌ ဤမျှ ကောင်းမွန်သည့် စံအိမ်ကြီးအား တည်ဆောက်နိုင်ရန်အတွက် ဤမှော်ဆရာမှာ အလွန်အမင်း ချမ်းသာကြွယ်ဝရမည်မှာ သေချာလှ၏။

ရဲ့ကျင်းယွီနှင့် ရဲ့ကျင်းဖုန်းတို့ မြင်းပေါ်မှ ဆင်းလိုက်ကြပြီး လန်လင်းသည်လည်း မြင်းလှည်းထဲမှ ထွက်လာလိုက်သည်။ သူတို့ သုံးဦးသား စံအိမ်ထဲသို့ လျှောက်သွားလိုက်ကြ၏။

ဤနေရာမှာ တစ္ဆေမြို့တော်တစ်ခုကဲ့သို့ပင် လုံးဝ လူသူကင်းမဲ့နေသည်။ သို့သော်လည်း ဥယျာဉ်ထဲရှိ သစ်ပင်များကိုမူ သေသပ်စွာ ပုံသွင်းထား၏။

အနက်ရောင် ရဲတိုက်ကြီးထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လေထုမှာ ပို၍ အေးစက်လာကြောင်း လန်လင်း သတိထားမိလိုက်သည်။

ရဲတိုက်ကြီး၏ နေရာတိုင်းအား လှပစွာ အလှဆင်ထားသော်လည်း အလင်းရောင်မှာ အလွန်အမင်း မှိန်လွန်းနေ၏။ ချမ်းသာကြွယ်ဝသော်ငြား လေးလံနေသည့် ဤလေထုက ထိတ်လန့်ဖွယ် ဇာတ်လမ်းများထဲမှ သွေးစုပ်ဖုတ်ကောင်၏ ရဲတိုက်ထဲသို့ ဝင်သွားရသကဲ့သို့ လန်လင်းအား ခံစားနေရစေသည်။

အထဲ၌ မည်သူ့ကိုမှ မတွေ့ရသေးသော်ငြား ပရိဘောဂတိုင်းနှင့် ကော်ဇော၏ လက်မတိုင်းမှာ အပြစ်ကင်းစင်လောက်အောင် သန့်ရှင်းနေ၏။

ရဲ့ကျင်းဖုန်းမှာ သိုင်းပညာရပ်များ၌ အလွန်အမင်း ကျွမ်းကျင်သော်ငြား အမှန်တကယ်၌မူ အတော်လေး ကြောက်တတ်သူ ဖြစ်၏။ ထိတ်လန့်ဖွယ် ကောင်းလှသည့် လေထုကြောင့် ကြောက်ရွံ့လာကာ အစ်မဖြစ်သူ၏ လက်အား တိတ်တဆိတ် ကိုင်ထားချင်နေမိသည်။ သူမ ဤကဲ့သို့ နေရာမျိုးသို့ ယခင်က တစ်ခါမှ မရောက်ဖူးချေ။

ရဲ့ကျင်းယွီမှာ သူတို့အား လှေကားပေါ်သို့ ဦးဆောင်ခေါ်သွားသည်။ အထပ်များစွာ တက်ပြီးနောက် နောက်ဆုံး၌ ရဲတိုက်၏ အပေါ်ဆုံးထပ်သို့ ရောက်ရှိသွားကြ၏။

သူတို့၏ ရှေ့မှောက်၌ ရွှေရောင်မျဉ်းများဖြင့် အလှဆင်ထားသည့် ကြီးမားလှသော အနက်ရောင် တံခါးကြီးတစ်ချပ် ရှိနေ၏။ ရဲ့ကျင်းယွီ ခေါက်လိုက်သော်လည်း မည်သူကမှ ပြန်မထူးလာချေ။ ထို့နောက် ရုတ်တရက် တိုက်ခတ်လာသည့် လေပြေကြောင့် တွန်းဖွင့်ခံလိုက်ရသကဲ့သို့ တံခါးကြီးမှာ ဖြည်းညင်းစွာ ပွင့်လာ၏။

အထဲရှိ မြင်ကွင်းက လန်လင်းအား အလွန်အမင်း ထိတ်လန့်သွားစေသည်။

ကျန်ရှိနေသည့် ရဲတိုက်နေရာများမှာ လှပပြီး ခမ်းနားထည်ဝါနေသော်လည်း ဤအပေါ်ဆုံးထပ်ရှိ အခန်းမှာ အိပ်မက်ဆိုးတစ်ခုနှင့်ပင် သွား၍တူနေ၏။

လန်လင်း ပထမဆုံး မြင်လိုက်ရသည့် အရာများမှာ ရေတွက်၍မရနိုင်အောင် များပြားလှသည့် ဖြတ်တောက်ထားသော ခေါင်းများ ၊ လေထဲ၌ မျောလွင့်နေသော မျက်လုံးများနှင့် အရောင်အသွေးစုံလင်နေသည့် အရည်အိုးများထဲ၌ စိမ်ထားသော ဖြတ်တောက်ထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများပင်။

လျှို့ဝှက်ဆန်းကြယ်သည့် မီးခိုးများမှာ လေထုထဲ၌ လွင့်မျောနေပြီး အခန်းကို ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာစေသည်။

ဤခေါင်းများမှာ လူများနှင့် အမည်မသိ မိစ္ဆာကောင်များ၏ ခေါင်းများပင်။

လန်လင်း၏ မျက်နှာအား ရှုံ့မဲ့သွားစေသည့် အချက်မှာ သေဆုံးနေသည့် ခေါင်းတချို့ပေါ်ရှိ မျက်လုံးများမှာ လှုပ်ရှားနေဆဲပင်။

ဤသည်က မှောင်မိုက်နေသည့် ဓာတ်ခွဲခန်းတစ်ခု ဖြစ်သည်။ ကြီးမားလှသည့် စားပွဲကြီးတစ်ခု၏ အနောက်၌ အနက်ရောင်ဝတ်ရုံနှင့် ချွန်မြနေသည့် ဦးထုပ်ကို ဆောင်းထားသော အရိုးပေါ်အရေတင်သာ ရှိသည့် လူတစ်ယောက် ထိုင်နေ၏။

ပထမတစ်ချက် ကြည့်လိုက်ရုံဖြင့် ဝတ်ရုံကြီးမှာ သစ်သားဘောင်ပေါ်၌ တင်ထားသကဲ့သို့ လွတ်ဟာနေပုံရသည်။ ထိုသူမှာ အလွန်အမင်း ပိန်လှီလွန်းလှသဖြင့် ဆန့်တန်းထားသော လက်များမှာ ရှည်လျားပြီး ချွန်ထက်နေသည့် သစ်ကိုင်းများနှင့်ပင် တူနေ၏။

ထိုသူမှာ စံအိမ်၏ ပိုင်ရှင်ဖြစ်သည့် လျှို့ဝှက်ဆန်းကြယ်သော မှော်ဆရာပင် ဖြစ်ရလေမည်။

မှော်ဆရာက ခြောက်ကပ်ကပ်အသံဖြင့် အေးစက်စွာ ပြောသည်။ "မင်းတို့ ဘာလိုချင်လို့လဲ..." သူ၏ အသံမှာ သေဆုံးနေသည့် သစ်သားကဲ့သို့ ပြတ်တောင်းတောင်းနှင့် ခြောက်ကပ်နေလေရာ စကားပြောနေသူမှာ ယောကျ်ားလော မိန်းမလော ဆိုသည်ကိုပင် ခွဲခြား၍ မရနိုင်လောက်အောင် ဖြစ်နေ၏။

ရဲ့ကျင်းယွီက လေးနက်စွာ ပြောသည်။ "မျက်နှာလဲလှယ်ချင်လို့ပါ..."

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters