← Chapters

အခန်း ၇

Vol. 1 Ch. 7

အခန်း ၇

Vol. 1 Ch. 7

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

မှော်ဆရာက မျက်လုံးကျဉ်းလိုက်သည်။ "လူနှစ်ယောက်က အရမ်းကို ရုပ်တူနေရမယ်...။ မျက်နှာလဲလှယ်ဖို့အတွက် သူတို့ရဲ့ မျက်နှာအရိုးတွေက အတိအကျနီးပါး ကိုက်ညီနေမှ ရလိမ့်မယ်..."

ရဲ့ကျင်းယွီက ယုံကြည်မှုရှိရှိ ခေါင်းညိတ်လိုက်သည်။ "သူတို့ အရမ်းကို တူပါတယ်..." ထို့နောက် သူမတို့ ယူဆောင်လာသည့် ခေါင်းတလားကို ဖွင့်လိုက်၏။

ရုတ်တရက် တိုက်ခတ်လာသော လေပြေကဲ့သို့ တစ္ဆေနှင့်တူသည့် မှော်ဆရာက လန်လင်း၏ ရှေ့၌ ချက်ချင်း ပေါ်လာ၏။ ထိုအခါမှသာ အနက်ရောင် ခေါင်းစွပ်အောက်၌ ပုန်းကွယ်နေသည့် မျက်နှာအား လန်လင်း မြင်လိုက်ရသည်။

အမျိုးသမီးတစ်ဦး ဖြစ်၏။ အလွန်အမင်း အိုမင်းလွန်းနေသောကြောင့် အသက်မည်မျှရှိပြီကိုပင် ခန့်မှန်း၍ မရနိုင်ချေ။

သူမ၏ မျက်နှာပေါ်၌ အရေခွံနှင့် အရိုးမှလွဲ၍ ဘာမှမရှိပေ။ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း တစ်ခုတည်းသော သက်သေမှာ သူမ၏ တောက်ပနေသည့် အနီရောင် နှုတ်ခမ်းနီပင်။

ထို့အပြင် သူမသည် မျက်ကန်းဖြစ်နေ၏။ သူမ၏ မျက်လုံးပေါက်များမှာ မှောင်မိုက်နေသည့် အပေါက်ဟောင်းလောင်းကြီးများ ဖြစ်နေသည်။

သူမက ခြေသည်းကဲ့သို့ဖြစ်နေသည့် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လန်လင်း၏ မျက်နှာကို ထိလိုက်၏။ ချက်ချင်းပင် လန်လင်း၏ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးများ ထသွားရသည်။ တစ္ဆေတစ်ကောင်၏ အထိကို ခံလိုက်ရသကဲ့သို့ပင်။

သူမက လန်လင်း၏ မျက်နှာအား နေရာလပ်မကျန် အချိန်ယူကာ အလွန်သေချာစွာ စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းတလားထဲသို့ လက်လှမ်းလိုက်ပြီး သေဆုံးနေသော ဆိုလွန်၏ မျက်နှာကို ကိုင်တွယ်ကြည့်လိုက်၏။

ဆယ့်ငါးမိနစ်ကြာပြီးနောက် သူမက မဲ့ပြုံး ပြုံးလိုက်သည်။ "ရတယ်...။ အခကြေးငွေက ရွှေပြား တစ်ထောင် ကျသင့်လိမ့်မယ်..."

လန်လင်းတစ်ယောက် ဤကမ္ဘာရှိ ငွေကြေးအကြောင်းကို နားမလည်သောကြောင့် ရွှေပြားတစ်ထောင်သည် များသလား နည်းသလားဆိုသည်ကို မသိချေ။ သို့သော် သူ၏ ဘေးရှိ ရဲ့ကျင်းဖုန်း အံ့ဩထိတ်လန့်သွားကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်ကို ကြားလိုက်ရ၏။

"စျေးကြီးလိုက်တာ..."

ရဲ့ကျင်းယွီကမူ မျက်နှာပျက်သွားရသည်။ "အခုလောလောဆယ် ကျွန်မတို့ဆီမှာ အဲဒီလောက် ရွှေပြားတွေ မပါလာဘူး...။ အရင်ဆုံး လဲလှယ်ပေးလို့ ရမလား... ပြီးရင် တစ်လအတွင်း ကျန်တာကို ကျွန်မတို့ ပြန်ဆပ်ပါ့မယ်..."

မှော်ဆရာမက ပြတ်သားစွာ ငြင်းသည်။

"မ"

"ရ"

"ဘူး..."

လန်လင်းက ခေါင်းကုတ်လိုက်သည်။ "ဒါဆိုရင် ကျုပ်တို့ ပြန်ပြီးတော့ ငွေအရင်သွားယူကြတာပေါ့...။ မျက်နှာလဲလှယ်ဖို့ နောက်မှ ပြန်လာခဲ့လို့ ရတာပဲ..."

ရဲ့ကျင်းယွီက ခေါင်းရမ်းသည်။ "အဲဒီလိုလုပ်ဖို့ အရမ်းနောက်ကျသွားပြီ..."

မှော်ဆရာမက ခြိမ်းခြောက်သည့်ဟန်ဖြင့် စူးစိုက်ကြည့်လိုက်သည်။ "အခုလုပ်ရင် လုပ်... မလုပ်ရင် မင်းတို့အတွက် ဘယ်တော့မှ ငါ လုပ်ပေးမှာ မဟုတ်ဘူး..."

ရဲ့ကျင်းယွီက စိုးရိမ်တကြီး နှုတ်ခမ်းကိုက်လိုက်၏။ "ဒါပေမဲ့ ကျွန်မတို့ တကယ်ပဲ ရွှေအလုံအလောက် ယူမလာခဲ့ရလို့ပါ..."

မှော်ဆရာမက မျက်မှောင်ကျုံ့လိုက်သည်။ "မင်းတို့ဆီမှာ ဘယ်လောက်ရှိလဲ..."

ရဲ့ကျင်းယွီက မျက်လွှာချလိုက်သည်။ "အာ... ရွှေပြား ကိုးဆယ့်ရှစ်ပြားပဲ ရှိပါတယ်..."

ကိုးဆယ့်ရှစ်နှင့် တစ်ထောင်ကို နှိုင်းယှဉ်လျှင် အလွန်အမင်း ကွာခြားလှ၏။ ဤမှော်ဆရာမက သူတို့အား ဈေးလျှော့ပေးမည်မဟုတ်သည်မှာ ရှင်းလင်းနေသည်။ တစ်ခဏမျှ လန်လင်းတစ်ယောက် စိတ်သက်သာရာ ရသွားရမည်လား သို့မဟုတ် စိတ်ပျက်ပေးရမည်လား ဆိုသည်ကိုပင် မသိချေ။

ရဲ့ကျင်းယွီက သက်ပြင်းချလိုက်သည်။ "တခြားနည်းလမ်း တကယ်ပဲ မရှိတော့ဘူးလား...။ ဒီမျက်နှာလဲလှယ်တာက ကျွန်မတို့အတွက် အရမ်း အရမ်း အရမ်းးးးကို အရေးကြီးလွန်းလို့ပါ..."

မှော်ဆရာမက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ဟက်... အဲဒါ ငါနဲ့မဆိုင်ဘူး...။ ငါသိတာ ငွေကိုပဲ..."

သူမ၏ စံအိမ်မှာ အဘယ်ကြောင့် ဤမျှလောက် ခမ်းနားထည်ဝါပြီး ဇိမ်ကျနေရသနည်း ဆိုသည်ကို လန်လင်း နောက်ဆုံး၌ နားလည်သွား၏။

အလွန်အမင်း လောဘကြီးသောကြောင့်ပင်။

ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သည့် မှော်ဆရာမက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ "တခြားနည်းလမ်းတစ်ခုတော့ ရှိသေးတယ်..."

ရဲ့ကျင်းယွီ၏ မျက်နှာက တောက်ပလာသည်။ "ကျေးဇူးပြုပြီး ပြောပြပါ..."

လျှို့ဝှက်ဆန်းကြယ်သည့် မှော်ဆရာမက သူမ၏ အရိုးပေါ်အရေတင် လက်ချောင်းဖြင့် ညီမဖြစ်သူ ရဲ့ကျင်းဖုန်းအား လက်ညှိုးထိုးလိုက်၏။ "ငါ သူ့ကို သဘောကျတယ်...။ အကယ်၍ သူသာ ဒီမှာနေပြီး ငါ့ကို သုံးနှစ်လောက် အဖော်ပြုပေးမယ်ဆိုရင် ကျန်နေတဲ့ ရွှေပြား ၉၀၂ ပြားကို ငါ မေ့ပစ်လိုက်မယ်..."

ထိုစကားကို ကြားသောအခါ လန်လင်းနှင့် ရဲ့ကျင်းယွီတို့ နှစ်ဦးစလုံး မျက်နှာပျက်သွားကာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ "မရဘူး..."

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ခရီးနှင်စဉ် လန်လင်းတစ်ယောက် ရဲ့ကျင်းဖုန်းကို သဘောကျလာမိ၏။

ချစ်သူမျိုးတော့ မဟုတ်ချေ။ သူငယ်ချင်းအနေဖြင့်ပင်။

သူမ၏ သိုင်းပညာသည် အစ်မဖြစ်သူထက်ပင် ပို၍သာလွန်သော်လည်း သူမမှာ အပြစ်ကင်းစင်ပြီး စကားပြော ချိုသာကာ ကြောက်တတ်သူ ဖြစ်သည်။ အစ်မဖြစ်သူ၏ စကားကိုသာ အမြဲ နားထောင်လေ့ရှိ၏။

ရဲ့ကျင်းယွီနှင့် ညီမဖြစ်သူမှာ ငယ်စဉ်ကတည်းက အမွှာများကဲ့သို့ပင် တစ်ပူးတွဲတွဲ နေလာကြခြင်း ဖြစ်သည်။ ညီမဖြစ်သူမှာ ပို၍ သန်မာသည့် တိုက်ခိုက်ရေးသမား ဖြစ်သော်ငြား အမြဲတမ်း ရဲ့ကျင်းယွီကသာ သူမအား ဂရုစိုက်ပေးပြီး ရက်စက်လှသည့် လောကကြီးထံမှ ကာကွယ်ပေးထားခဲ့၏။

သူတို့အား သုံးနှစ်တိုင်တိုင် အတင်းအကျပ် ခွဲခွာစေခြင်းမှာ ရဲ့ကျင်းယွီ၏ နှလုံးသားတစ်ပိုင်းအား ဆွဲဆုတ်လိုက်ခြင်းနှင့်ပင် တူနေပေလိမ့်မည်။ ထို့အပြင် ဤထိတ်လန့်ဖွယ် ကောင်းလှပြီး သွေးစွန်းနေသည့် ရဲတိုက်ကြီးထဲ၌ ညီမဖြစ်သူအား ထားရစ်ရန်ဆိုသည်မှာ လုံးဝ လက်ခံနိုင်စရာ မရှိချေ။ ရဲ့ကျင်းဖုန်းမှာ အလွန်အမင်း အပြစ်ကင်းစင်လွန်းပြီး အလွယ်တကူ ကြောက်ရွံ့တတ်သူ ဖြစ်၏။

မှော်ဆရာမက လှောင်ပြုံး ပြုံးလိုက်သည်။ "ဟက်... မင်းတို့ ငြင်းမယ်ဆိုရင်လည်း ထွက်သွားကြတော့..."

ရဲ့ကျင်းယွီမှာ မည်သို့လုပ်ရမည်ကို မသေချာတော့ဘဲ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ရပ်နေမိ၏။ လန်လင်းသည်လည်း မျက်မှောင်ကြုတ်လိုက်သည်။

ရဲ့ကျင်းဖုန်းက ရုတ်တရက် ရှေ့သို့ ထွက်လာ၏။ "ကောင်းပြီ... ကျွန်မ ရှင့်ကို ကတိပေးတယ်..."

ရဲ့ကျင်းယွီ၏ မျက်နှာမှာ ဖြူရော်သွားရသည်။ "ညီမလေး..."

ရဲ့ကျင်းဖုန်းက သူမအား စူးစိုက်ကြည့်လိုက်သည်။ "အစ်မ... သခင်ကြီးက ကျွန်မတို့ကို ပြုစုပျိုးထောင်ပေးခဲ့တာ... ပြီးတော့ သခင်မလေးကလည်း ကျွန်မတို့ကို မိသားစုဝင်တွေလို ဆက်ဆံပေးခဲ့တယ်။ ဆိုလွန် မိသားစု ပျက်စီးသွားမှာကို ကျွန်မ ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး။ မိသားစုရဲ့ သွေးသားဆက်ခံသူကို ကယ်တင်တာနဲ့ ယှဉ်လိုက်ရင် ကျွန်မရဲ့ သေးငယ်တဲ့ စွန့်လွှတ်အနစ်နာခံမှုက ဘာမှမဟုတ်ပါဘူး..."

ရဲ့ကျင်းယွီ မျက်ရည်ဝဲသွားသည်။ "နင် တကယ်ပဲ ဒါကို လုပ်နိုင်မယ်ဆိုတာ သေချာလို့လား... နင်က ငါ့အနားကနေ တစ်ခါမှ မခွာဖူးဘူးလေ..."

ရဲ့ကျင်းဖုန်းက အားနည်းစွာ ပြုံးပြလိုက်၏။ "ကျွန်မ မကြိုးစားကြည့်ဘဲနဲ့ ဘယ်လိုသိနိုင်မှာလဲ...။ အစ်မက ကျွန်မကို အရမ်းဂရုစိုက်ပေးလွန်းလို့ ကျွန်မက ကလေးလေးတစ်ယောက်လို ဖြစ်နေတုန်းပဲ။ ကျွန်မ အရွယ်ရောက်ရမယ့် အချိန် ရောက်နေပါပြီ..."

ရဲ့ကျင်းယွီမှာ ဝမ်းနည်းစွာဖြင့် သူမ၏ မျက်လုံးများကို မှိတ်လိုက်၏။ ထို့နောက် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ကာ ပြန်ဖွင့်လိုက်သည်။ "ကောင်းပြီ... ငါ သဘောတူတယ်။ ငါ့ညီမ ဒီမှာ မင်းနဲ့အတူတူ သုံးနှစ်နေလိမ့်မယ်။ ဒါပေမဲ့ သူမကို ဆိုးရွားတဲ့ အရာတစ်ခုမှ မလုပ်ခိုင်းဘူးလို့ မင်း ကတိပေးရမယ်..."

လျှို့ဝှက်ဆန်းကြယ်သည့် မှော်ဆရာမက ယုတ်မာစွာ ရယ်မောလိုက်၏။ "သေချာတာပေါ့...။ ကောင်းပြီ... အခု ငါ လုပ်ငန်းစဉ်ကို စတော့မယ်။ ကျန်တဲ့လူတွေ အပြင်ဘက်မှာ စောင့်နေကြ..."

သူတို့ မထွက်သွားခင်မှာပင် မှော်ဆရာမက သေတ္တာတစ်လုံးကို ဖွင့်ကာ ထူးဆန်းသည့် သက်ရှိသတ္တဝါတစ်ကောင်အား ဆွဲထုတ်လိုက်သည်။

ထိုအရာမှာ မျောလွင့်နေသည့် ရေဘောလုံးတစ်လုံးကဲ့သို့ လုံးဝကို ကြည်လင်နေ၏။ အပြင်သို့ ဆွဲထုတ်ခံရချိန်၌ ထိုအရာက ထိတ်လန့်တကြားဖြင့် စူးရှစွာ အော်ဟစ်လိုက်သည်။ အံ့ဩထိတ်လန့်ဖွယ် ကောင်းလှစွာပင် မှော်ဆရာမက မျက်နှာသစ် ဖန်တီးရန်အတွက် ဤသက်ရှိသတ္တဝါကို အသုံးပြုမည် ဖြစ်၏။

ထိုမျှသာ သူတို့ မြင်တွေ့ခွင့် ရလိုက်ခြင်းပင်။ ရဲ့ကျင်းယွီနှင့် လန်လင်းတို့ ဓာတ်ခွဲခန်းထဲမှ ထွက်လာကြပြီး တံခါးကို ပိတ်လိုက်ကြသည်။

**--**--**--**--**--**--**--**

နှစ်နာရီကြာပြီးနောက် လေးလံလှသည့် တံခါးကြီးမှာ တစ်ဖန် ဖြည်းညင်းစွာ ပွင့်လာပြန်၏။

အထဲသို့ လှမ်းကြည့်လိုက်ရာ လန်လင်းတစ်ယောက် ဆိုလွန်၏ အလောင်းကို မြင်လိုက်ရသည်။ လုံးဝကို ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ မျက်နှာ ပျောက်ဆုံးသွားသည်သာမက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အရေခွံများမှာ ဆုတ်ခွာခံထားရခြင်းပင်။

တစ်ချိန်တည်းမှာပင် စားပွဲငယ်လေးတစ်ခုပေါ်၌ မျက်နှာဖုံးသစ်တစ်ခုကို တင်ထား၏။

လန်လင်း မျှော်လင့်ထားသည်နှင့် လုံးဝ ကွာခြားနေသည်။ ဤသည်က လူသေအရေခွံဖြင့် ပြုလုပ်ထားသည့် မျက်နှာဖုံး မဟုတ်ချေ။ ထိုအစား စီးဆင်းနေသော အရည်ကြည်သလင်း ပါးပါးလေးတစ်လွှာနှင့်ပင် တူနေ၏။

လုံးဝ ကြည်လင်နေကာ လူ့မျက်နှာတစ်ခု၏ ပုံစံအတိုင်း အတိအကျ ဖြစ်နေသည်။ မျက်နှာဖုံးကိုယ်တိုင်က အသက်ရှင်နေသေးသည့်အလား မျက်နှာပြင်မှာ အဆက်မပြတ် လှိုင်းများထနေသေး၏။

မှော်ဆရာမက လက်ဟန်ပြလိုက်သည်။ "လှဲအိပ်လိုက်...။ မင်းရဲ့ မျက်နှာကို လဲရမယ်"

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။ အပိုင်း ၇ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters